စန်းကွမ်းနတ်ရေစင်
Vol. 98 Ch. 1375
အခန်း (၁၃၇၅) စန်းကွမ်းနတ်ရေစင်
“ကျေးဇူးပြုပြီး အသေးစိတ်ပြောပြပေးပါဦး”
နေဝန်းထက်ယံအရှင်သခင်’ကောင်းဟန်’ က စကားနှင့်အတူ ရန်ကျောက်ကဲအား ‘ကျေးဇူးပြု၍’ ဆိုသည့်သဘောဖြင့် လက်ဟန်တစ်ချက်ပြလိုက်သည်။
ရန်ကျောက်ကဲက...
“ဒြပ်စင်ငါးပါးတောင်အောက်မှာ ချီထျန်းမဟာသူတော်စင်ကို ဖိနှိပ်ထားတဲ့သူက လောကကိုကျော်လွန်သွားပြီဖြစ်တဲ့ လင်စန်းတောင်က တထာဓတဿဗုဒ္ဓကိုယ်တိုင်ပါပဲ ၊ ပြီးတော့ သူက အော်မီတော်ဖော်ဗုဒ္ဓနဲ့ တန်းတူရပ်တည်ခဲ့တဲ့ ရှေးခေတ်ကာလ အနောက်ဒေသက ဒုတိယဘိုးဘိုး တာအိုဆရာ’ကျူးထီ’ လည်းဖြစ်တယ်”
ကောင်းဟန်က ရန်ကျောက်ကဲကို လှမ်းကြည့်ရင်း...
“ဒါဆို ရှေးခေတ်ကာလ အနောက်ဒေသက ဒုတိယဘိုးဘိုး တာအိုဆရာ’ကျူးထီ’က ချီထျန်းမဟာသူတော်စင်ရဲ့ဆရာဖြစ်တဲ့ ဗောဓိဘိုးဘိုးနဲ့အတူတူပဲ ၊ သူကပဲ စကြာမုနိဗုဒ္ဓအဖြစ်နဲ့ လောကကို ကျော်လွန်သွားခဲ့တာပေါ့”
ရန်ကျောက်ကဲက ကောင်းဟန်၏ တောက်ပသောအကြည့်များကို တည်ငြိမ်စွာပင် အကြည့်ချင်းဖလှယ်လိုက်ရင်း...
“အမှန်ပဲ... အဲဒီ(၃)ယောက်ရဲ့ဖြစ်တည်မှုက တစ်ခုတည်းပါပဲ”
“တာအိုဆရာ’ကျူးထီ’...”
ကောင်းဟန် ခေါင်းကိုမော့လိုက်ပြီး အတွေးထဲလွင့်မျောသွားလေသည်။
သူက ဆက်ပြီးရေရွတ်လိုက်သည်။
“ဒီကိစ္စက မေးခွန်းထုတ်စရာပြဿနာတစ်ခုအတွက် အဖြေဖြစ်လာပြီပေါ့”
ဤကမ္ဘာတွင် များပြားလှစွာသော ရှေးဟောင်းခေတ် လျှို့ဝှက်ဆန်းကျယ်မှုများ ရှိနေခဲ့ပြီး ထင်ရှားကျော်ကြားသူများစွာမှာ ကောင်းကင်နတ်ဘုရားအဆင့်ထက်သာလွန်သော တည်ရှိမှုများဖြင့် ဆက်စပ်နေကြသည်။
ဥပမာ - ရှေးခေတ်အချိန်တွင် လောကကိုကျော်လွန်သွားသည့် တောက်တယ်ထျန်းကျွင်းက အလယ်ခေတ်တွင် ထိုက်စန့်လောင်ကျွင်းအဖြစ် ပြန်လည်ထွက်ပေါ်လာခဲ့သည်။
အချိန်ကာလကွာဟမှုက အလွန်ပင် ကြီးမားလွန်းသည်။
တစ်ချိန်က သြဇာကြီးမားခဲ့သည့် တာအိုဝါဒ၏ ‘စန်းချင်း(၃)ပါး ဆရာဘိုးဘိုးများ ၊ အနောက်ဒေသမှ ဒုတိယဘိုးဘိုး ၊ နတ်ဆိုးများ၏မူလအစဖြစ်သော ‘ယွမ်စီကောင်းကင်နတ်ဆိုး’ ၊ ထိုသူများနှင့် တန်းတူထင်ရှားခဲ့သော ရှေးခေတ်ဧကရာဇ်(၃)ပါး...။
သူတို့ အသက်ရှင်လျက် ရှိနေသေးသည်လား။
ထို့ပြင် လင်စန်းတောင်မှ စကြာမုနိဗုဒ္ဓ၏ မူလအစက မည်သည့်နေရာမှ ဆင်းသက်လာသည်လဲ။
ပထမဆုံးကြားရသည်နှင့် ဤမေးခွန်းများက အဓိပ္ပါယ်မရှိဟု ထင်စရာရှိသည်။
သို့သော် ဤမေးခွန်းများက တစ်ချိန်က လူအများကို အတော်လေးစိတ်ရှုပ်ထွေးစေခဲ့သော မေးခွန်းများ ဖြစ်သည်။
အထူးသဖြင့် ရှေးခေတ်ကာလပြီးဆုံးသည့်နောက် အလယ်ခေတ်သို့ရောက်ရှိပြီး အလယ်ပိုင်းသုခဘုံ ထွက်ပေါ်လာချိန်တွင် ဖြစ်သည်။
အကြောင်းရင်းက ရိုးရှင်းသည်။
အလယ်ပိုင်းသုခဘုံရှိ အနောက်ဘက် လင်စန်းတောင် တာ့လေယင်းကျော်းတော်၏ အရှင်သခင် “စကြာမုနိဗုဒ္ဓ” ထွက်ပေါ်မလာခင်က ဤလောကတွင် ကောင်းကင်နတ်ဘုရားအဆင့်ထက်သာလွန်သော တန်ခိုးစွမ်းအားရှင်များအားလုံးက မွေးရာပါ ဖြစ်တည်လာသူများ ဖြစ်ကြသည်။
သူတို့က မိုးမြေဖန်ဆင်းခြင်းမပြုမီ မူလပရမ်းပတာကာလကတည်းက မွေးဖွားလာသူများ ဖြစ်ကြ၏။
တာအိုဝါဒမှ စန်းချင်း(၃)ပါး ဆရာဘိုးဘိုးများ ၊ ရှေးခေတ်ဧကရာဇ်(၃)ပါး ၊ အနောက်ဒေသမှ ဒုတိယဘိုးဘိုးနှင့် ဘိုးဘေးမဟာနတ်ဆိုး (၆)ပါး...။
သူတို့အားလုံးက ချွင်းချက်မရှိကြပေ။
ကနဦးကောင်းကင်မတိုင်ခင်က တန်ခိုးစွမ်းအားကြီးမားသည့် သက်ရှိများစွာရှိကြသော်လည်း အများစုက ကောင်းကင်နတ်ဘုရားအဆင့်ထက် မကျော်လွန်ကြပေ။
သို့သော် ကောင်းကင်နတ်ဘုရားအဆင့်ထက် ကျော်လွန်သူများအားလုံးကတော့ မွေးရာပါ ဖြစ်တည်လာသူများသာဖြစ်သည်။
သူတို့က လောကနိယာမတရားများကို အုပ်စိုးပြီး မိုးမြေကိုဖွင့်လှစ်ခဲ့ကြသည်။ လောကကိုဖန်ဆင်းပြီး နှောင်းပိုင်းကောင်းကင်မှ သက်ရှိများကို ဖန်ဆင်းခြင်းအကြောင်း သင်ပြပေးကြသည်။
နတ်ဘုရားအဆင့် ကျင့်ကြံသူများအောက်တွင် သေမျိုးလူသားများသာလျှင် ရှိသည်။
နတ်ဘုရားအဆင့်တွင် အဆင့်(၄)ဆင့် ရှိသည်။
ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရား ၊ ငြိမ်သက်ခြင်းအဆင့်ရှိ နက်ရှိုင်းနတ်ဘုရား ၊ ထိုက်ရွှီးမူလနတ်ဘုရား ၊ ကောင်းကင်နတ်ဘုရား__ တို့ ဖြစ်သည်။
“ကောင်းကင်နတ်ဘုရား” အဆင့်ကို ကျော်လွန်သွားလျှင် နတ်ဘုရားအဆင့်ကို ကျော်လွန်သွားပြီဟု ဆိုနိုင်သည်။
နတ်ဘုရားအဆင့်ကို ကျော်လွန်သွားပါက အလွန်နက်နဲသည့်အဆင့်သို့ရောက်ရှိသွားပြီး ထိုသူများကို စကားလုံးဖြင့် ဖော်ပြရန် ခက်ခဲသည်။
“တာအို” ဆိုသည့် စကားတစ်လုံးဖြင့်သာလျှင် ထိုသူများကို အဓိပ္ပါယ်သတ်မှတ်နိုင်တော့သည်။
ထို့ကြောင့် နတ်ဘုရားအဆင့်ကို ကျော်လွန်သွားပါက “တာအိုအဆင့်” ဟု ခေါ်ဆိုကြသည်။
ထို့ကြောင့် ‘ကောင်းကင်နတ်ဘုရား’ အဆင့်ကိုကျော်လွန်သွားသူများကို ပုံမှန်အားဖြင့် “တာအိုအဓိပတိ” ဟု ခေါ်ဆိုလေ့ ရှိကြသည်။
“တာအိုအဓိပတိ” များအားလုံးက ကနဦးကောင်းကင်မတိုင်မီ မွေးဖွားလာသူများ ဖြစ်ကြသည်။
သို့သော် အလယ်ပိုင်းသုခဘုံ ၊ လင်စန်းတောင်မှ တထာဂတဿဗုဒ္ဓကတော့ ချွင်းချက် ဖြစ်၏။
သို့သော် အလယ်ခေတ်တွင် ထိုက်စန့်လောင်ကျွင်းထွက်ပေါ်လာသကဲ့သို့ပင် လင်စန်းတောင်မှ စကြာမုနိဗုဒ္ဓက နှောင်းပိုင်းကောင်းကင်ကာလတွင် ‘တာအိုအဆင့်’ ရောက်ရှိခဲ့ခြင်း ရှိ မရှိ အငြင်းပွားမှုများ အမြဲရှိနေခဲ့သည်။
ယေဘူယျပြောရလျှင် ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုကြသည့် အဆို (၃)မျိုး ရှိသည်။
ပထမအဆိုမှာ...
စကြာမုနိဗုဒ္ဓက နှောင်းပိုင်းကောင်းကင်ကာလမှ လူသားတစ်ယောက်ဖြစ်သော်လည်း ဗုဒ္ဓဖြစ်လာရန် အလားအလာရှိသူ ဖြစ်သည်။
သူက ယခင် ဗုဒ္ဓများ၏လမ်းညွှန်မှုဖြင့် ဗုဒ္ဓဘာသာသို့ ဝင်ရောက်ခဲ့ပြီး ကျင့်ကြံခြင်းတွင် အာရုံစိုက်ခဲ့သည်။
သူ၏ ထိုးထွင်းသိမြင်မှုအရ ‘တာအိုအဆင့်’ သို့ရောက်ရှိခဲ့ပြီး ကနဦးကောင်းကင်ကာလနောက်ပိုင်း ပထမဆုံး ‘တာအိုအဓိပတိ’ ဖြစ်လာခဲ့သည်။
ဤသည်က အလယ်ပိုင်းသုခဘုံ၏ ကြေညာချက်ဖြစ်သလို လူသိများသော အယူအဆလည်း ဖြစ်သည်။
ဒုတိယအဆိုက ခန့်မှန်းချက် တစ်ခုသာ ဖြစ်သည်။
ကောင်းကင်နတ်ဘုရားအဆင့်ရှိ ကျင့်ကြံသူတစ်ယောက် အလွန်စွမ်းအားမြင့်မားလာပြီး ‘တာအိုအဓိပတိ’ အဖြစ် အဆင့်တက်ရောက်သွားသည်ဟူ၍ ဖြစ်သည်။
လောင်ကျီဟွာဟူနှင့် သောပေါင်ရူလိုင် ဒဏ္ဍာရီများမှာ ဤသို့သော အယူအဆမှ ပေါ်ထွက်လာခြင်းဖြစ်သည်။
တတိယခန့်မှန်းချက်ကတော့ ပိုပြီး ရဲရင့်သည့်ခန့်မှန်းချက် ဖြစ်သည်။
ကနဦးကောင်းကင်မှ ‘တာအိုအဓိပတိ’ တစ်ပါးက စကြာမုနိဗုဒ္ဓအဖြစ် အသွင်ပြောင်းထားခြင်းဖြစ်သည်ဟူ၏။
တာအိုအဆင့် တန်ခိုးစွမ်းအားရှင်များဆိုသည်က အခြားသူများအတွက် ခန့်မှန်းရခက်သည် ၊ ဖော်ပြရန်ခက်ခဲသည် ၊ မှန်းဆရန်လည်း ခက်ပေသည်။
သူတို့ မည်သည့်အရာများကြံစည်နေသလဲဆိုသည်ကို အခြားသော ‘တာအိုအဓိပတိ’ များမှလွဲပြီး မည်သူမှ ခန့်မှန်းမရနိုင်ပေ။
အတိတ်တစ်ချိန်က အချို့သော တာအိုအဆင့် တန်ခိုးစွမ်းအားရှင်များက တကယ်ပင် ခြေရာခံရန်ခက်ခဲပြီး သူတို့ မည်သည့်နေရာရောက်ရှိနေကြောင်း မည်သူမှ မသိရှိကြပေ။
ရှေးခေတ်ကာလ အနောက်ဒေသမှ ဒုတိယဘိုးဘိုး တာအိုဆရာ’ကျူးထီ’ ကဲ့သို့ ပုဂ္ဂိုလ်များသည်လည်း ပြန်လည်ထွက်ပေါ်လာခြင်း မရှိတော့ပေ။
ထို့ကြောင့် လူအများကြား အမျိုးမျိုးသောမှန်းဆချက်များ ပေါ်ထွက်လာခြင်း ဖြစ်၏။
သို့သော် ထိုအချိန်တုန်းကတော့ ထိုသို့သောမှန်းဆချက်များကို လူအနည်းငယ်သာလျှင် ယုံကြည်ကြသည်။
“အခု ကြည့်ရတာတော့... သတ္တိရှိရှိခန့်မှန်းလိုက်တာက အမှန်နဲ့နီးစပ်တယ်လို့ပြောရတော့မှာပဲ”
ကောင်းဟန်က ချီးကျူးသလိုလို ညည်းညူသလိုလို ပြောလိုက်သည်။
“တကယ်လို့ ချီထျန်းမဟာသူတော်စင် ပြောတာတွေအားလုံး အမှန်ဖြစ်ခဲ့ရင်... တကယ်ကိုအံ့ဩစရာပါပဲ”
ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်လိုက်ရင်း...
“အဲဒါ အမှန်ဟုတ် မဟုတ်တော့ ကျွန်တော်လည်း အာမမခံနိုင်ဘူး”
သူက ဆက်ပြောလိုက်သည်။
"တောင်ပိုင်းချန်စန်းဧကရာဇ်က ကျွန်တော့်ကို ဒြပ်စင်ငါးပါးတောင်က အဖြစ်အပျက်ကိုစုံစမ်းခိုင်းတာ အောင်မြင်သွားပါပြီ ၊ နေဝန်းထက်ယံအရှင်သခင်က ဧကရာဇ်ဆီပြန်ပြီး အစီရင်ခံပေးစေချင်ပါတယ်”
ကောင်းဟန်က...
"မျှော်လင့်ထားတာထက်ပိုပြီး အောင်မြင်ခဲ့ပါတယ် ၊ မင်း ပင်ပန်းသွားရပြီ”
သူက ရန်ကျောက်ကဲကို ခြေဆုံးခေါင်းဆုံး တစ်ချက်အကဲခတ်ရင်း...
“မင်း ပြန်ရောက်ရင် တာအိုရောင်းရင်း’ချန်’ နဲ့ ပိုးသားဧကရာဇ်ကို ကျုပ်ဘက်က တောင်းပန်တဲ့အကြောင်း ပြောပေးစေချင်ပါတယ်”
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...
“ကျွန်တော် စကားပါးပေးလို့ ရပါတယ်”
သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ချန်ရွှမ်ကျုန်းနဲ့ ဖုယွင်ချီက ခင်ဗျားကို ခွင့်လွှတ်မှာလားဆိုတာတော့ အာမခံလို့မရဘူး”
ကောင်းဟန်က ခေါင်းညိတ်ပြီးရယ်မောလိုက်သည်။
ထို့နောက် သူက...
“ပြောရင် ချီထျန်းမဟာသူတော်စင်ရဲ့အခြေအနေက... အခြေခံသဘောတရားကွဲပြားပေမယ့် ပိုးသားဧကရာဇ်ဖြစ်သွားပုံနဲ့ အတော်လေးဆင်တူတယ် ၊ ဒါပေမဲ့ ပိုးသားဧကရာဇ်နဲ့ပတ်သက်ပြီး ကျုပ်မှာ အစီအစဉ်ရှိပြီးသားမို့ စိုးရိမ်စရာတော့ မရှိပါဘူး”
ရန်ကျောက်ကဲကလည်း သူ့ကိုကြည့်ပြီး ပြုံးလိုက်သည်။
“မဟာကပ်ဘေးကြီးမတိုင်ခင်က ထိုက်ချင်အဆက်အနွယ်တွေထဲမှာ ပျံ့နှံ့ခဲ့တဲ့ ‘ခံစားချက်မျိုးကွဲ’ ကျင့်စဉ်ကို ပြောချင်တာလား”
ကောင်းဟန်က ခေါင်းကိုအနည်းငယ်စောင်းရင်း သူ့ကိုကြည့်လိုက်ပြီး...
“အိုး... မင်းလည်း ပိုးသားဧကရာဇ်နဲ့ တွေ့ပြီးပြီထင်တယ်”
ရန်ကျောက်ကဲက အေးဆေးစွာဖြင့်...
"တွေ့ပြီးပြီလို့တော့ မဆိုနိုင်ဘူး... ဒါပေမယ့် အကြံတစ်ခုတော့ ရှိတယ် ၊ ဒီတော့ နေဝန်းထက်ယံအရှင်သခင်လည်း အရမ်းစိုးရိမ်စရာ မလိုပါဘူး”
ကောင်းဟန်က ရယ်မောလိုက်ရင်း...
“ဒါဖြင့် ကောင်းတာပေါ့ ကောင်းတာပေါ့”
သူက တည်ငြိမ်စွာဖြင့်...
“တာအိုယောင်းရင်း’ချန်’ ရဲ့ ကိစ္စက ငရဲကိုးထပ်နဲ့ ပတ်သက်နေတယ် ၊ ဒီတော့ အခုချိန်မှာ ဘာမှမပြောသင့်သေးဘူး ၊ ဒါပေမဲ့ မိတ်ဆွေလေး’ရှဲ့’နဲ့ မိတ်ဆွေလေး’ချူး’ တို့ရဲ့သဲလွန်စကို ကျုပ်ရထားပြီးပြီ ၊ သတင်းသေချာပြီဆိုတာနဲ့ ကျုပ် တာအိုရောင်းရင်း’ချန်’ ကို အကြောင်းကြားပါ့မယ်”
ရန်ကျောက်ကဲက ကောင်းဟန်အား လက်နှစ်ဖက်ဆုပ် အရိုအသေပြုလိုက်ပြီး...
“ကျွန်တော် သတင်းပို့ပေးပါ့မယ် ၊ နေဝန်းထက်ယံအရှင်သခင် ဂရုစိုက်ပေးတာ ကျေးဇူးတင်ပါတယ်”
ကောင်းဟန်က ခေါင်းညိတ်ရင်း...
“ဒါနဲ့ နောက်ထပ်ကိစ္စတစ်ခုရှိသေးတယ် ၊ မင်းတို့နှစ်ယောက်လုံး စိတ်ဝင်စားမလားတော့ မသိဘူး”
သူ့အကြည့်က ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ထံသို့ ဖြတ်သန်းသွားသည်။
“မင်းတို့နှစ်ယောက် စန်းကွမ်းနတ်ရေစင်အကြောင်း သိတယ်မလား”
ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး ခေါင်းညိတ်လိုက်ကြသည်။
“သိပါတယ်”
“စန်းကွမ်းနတ်ရေစင်” ဆိုသည်က ရှေးဟောင်းကျမ်းဂန်များတွင် ယွိချင်ဘိုးဘေး ‘ယွမ်စီထျန်းကျွင်း’ ပိုင်ဆိုင်သည့် နတ်ရေစင်တစ်မျိုး ဖြစ်သည်။
ထိုရေစင်ကို ရတနာရောင်စဉ်ရှစ်ပါးဖန်ပုလင်းထဲတွင် သိမ်းဆည်းထားပြီး ၎င်း၏ အံ့ဖွယ်အစွမ်းသတ္တိများက အကန့်အသတ်မရှိပေ။
အထူးသဖြင့် ဖုံးကွယ်ရာတွင် ထူးချွန်ပြီး ဟန်ချက်ပျက်မှု လုံးဝမရှိပေ။
သို့သော် ဤရတနာပစ္စည်း ပျောက်ကွယ်သွားပြီမှာ ကြာပြီဖြစ်သည်။ အချိန်ကြာမြင့်စွာ အရိပ်အယောင်ပေါ်မလာတော့ဘဲ သတင်းအစအနလည်း ပြတ်တောက်သွားခဲ့သည်။
ကောင်းဟန်က...
“အခု အဲဒီရတနာ ပြန်လည်ထွက်ပေါ်လာပြီ”
သူက ဆက်ပြောလိုက်သည်။
“အဲဒီပစ္စည်းက အခု အနောက်ဘက်သုခဘုံက ကိုယ်တော်တစ်ပါးဆီမှာ ရောက်နေတယ် ၊ နတ်မိစ္ဆာမျိုးနွယ်တွေနဲ့တိုက်ခိုက်တုန်းက သူ ထုတ်သုံးတာ တွေ့လိုက်တယ်”
ရန်ကျောက်ကဲ မျက်ခုံးတစ်ချက်ပင့်လိုက်ရင်း...
“နေဝန်းထက်ယံအရှင်သခင် ဆိုလိုတာက အဲဒီလူဆီကရတနာပစ္စည်းကိုယူဖို့ ကြံစည်နေတာလား”
ကောင်းဟန်က သိမ်မွေ့စွာ ပြုံးရင်း...
“ဂရုတစိုက် စီစဉ်မယ်ဆိုရင် အခွင့်အရေးမရဘူးဆိုတာ မဖြစ်နိုင်ဘူး”
သူက ဆက်ပြောသည်။
“ဒီရတနာပစ္စည်းက တခြားအရာတွေကို ဖုံးကွယ်တဲ့နေရာမှာ အရမ်းထူးချွန်တယ် ၊ စန်းကွမ်းနတ်ရေစင်ရှိနေမယ်ဆိုရင် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နဲ့ ပြင်ပတာအိုကျင့်ကြံသူတွေ ကောင်းကင်အမြုတေကျောက်တုံးအပိုင်းအစကိုရှာဖို့ ပိုပြီးခက်ခဲသွားလိမ့်မယ်”
ကောင်းဟန်က မည်သည့်အရာကိုမှ ဖုံးကွယ်ထားခြင်း မရှိပေ။
သူ၏စကားကိုကြည့်ခြင်းအားဖြင့် ကောင်းကင်အမြုတေကျောက်တုံးအပိုင်းအစများ ပြိုကွဲသွားပြီးနောက် ‘စစ်ခုန်ချင်း’ များအဖြစ် ပြောင်းလဲသွားခဲ့လေရာ ၊ ထို စစ်ခုန်ချင်းအများစုမှာ ကောင်းဟန်လက်ထဲသို့ ရောက်ရှိနေကြောင်း ဝန်ခံလိုက်ခြင်းသာ ဖြစ်၏။
ကောင်းဟန်က ပြုံးလိုက်ရင်း...
“ဒီရတနာပစ္စည်းက မင်းတို့အတွက်လည်း အသုံးဝင်မှာသေချာတယ် ၊ အတူတူ ကြိုးစားကြည့်ကြမယ်လေ ၊ ဘယ်လိုလဲ”