← Chapters

ပစ္စည်းပျောက်လျှင် ကောင်းဟန်ဆီမှာလာရှာပါ

Vol. 98 Ch. 1377

ပစ္စည်းပျောက်လျှင် ကောင်းဟန်ဆီမှာလာရှာပါ

Vol. 98 Ch. 1377

အခန်း (၁၃၇၇) ပစ္စည်းပျောက်လျှင် ကောင်းဟန်ဆီမှာလာရှာပါ

“ခဏလေး... မဟာဂဠုန်မျိုးနွယ်ဆိုရင်...”

ရန်ကျောက်ကဲက မျက်ခုံးများတွန့်ချိုးရင်း ဆိုလိုက်သည်။

“ကျွန်တော်ကြားဖူးတာတော့ အနောက်ဘက်သုခဘုံနဲ့တိုက်ခိုက်နေတဲ့စစ်မြေပြင်မှာ နတ်မိစ္ဆာမျိုးနွယ်တွေကို ဦးဆောင်နေတဲ့သူက အလယ်ခေတ်မှာထင်ရှားခဲ့တဲ့ တိမ်မြူမိုင်တစ်သောင်းဂဠုန်လို့ပြောတယ်”

တိမ်မြူမိုင်တစ်သောင်းဂဠုန်ကို ရွှေအတောင်မဟာဂဠုန်ဟုလည်း ခေါ်ဆိုပြီး အလယ်ခေတ် အနောက်သို့ခရီးသွားမှတ်တမ်းကာလတွင် ထင်ရှားကျော်ကြားခဲ့သော နတ်မိစ္ဆာမျိုးနွယ် မဟာသူတော်စင်တစ်ပါး ဖြစ်သည်။

ထို့နောက် စကြာမုနိဗုဒ္ဓက သူ့ကိုဖမ်းဆီးချုပ်နှောင်ကာ လင်စန်းတောင် ၊ တာ့လေယင်းကျောင်းသို့ ခေါ်ဆောင်သွားပြီး ထိုအချိန်မှစ၍ သူ၏သတင်း ပျောက်ကွယ်သွားခဲ့သည်။

လင်စန်းတောင်မှ စကြာမုနိဗုဒ္ဓ လောကကိုကျော်လွန်သွားပြီးနောက် မီလဲ့ကိုယ်တော်က ဘုရားလောင်းအဖြစ် ထွက်ပေါ်လာသော်လည်း အလယ်ပိုင်းသုခဘုံတွင် တိမ်မြူမိုင်တစ်သောင်းဂဠုန်ကို ထပ်မံမတွေ့ရတော့ချေ။

လွန်ခဲ့သောအနှစ်(၂၀)က နတ်မိစ္ဆာမျိုးနွယ်များ လောကအလယ် ပြန်လည်ထွက်ပေါ်လာပြီး အနောက်ဘက်သုခဘုံနှင့် အကြီးအကျယ် စစ်ပွဲဖြစ်ပွားချိန်ရောက်မှ တိမ်မြူမိုင်တစ်သောင်းဂဠုန်သည်လည်း လူအများရှေ့ ပြန်လည်ပေါ်ထွက်လာခဲ့သည်။

အနောက်ဘက်သုခဘုံနှင့် တိုက်ခိုက်နေသော စစ်မြေပြင်တွင် တိမ်မြူမိုင်တစ်သောင်းဂဠုန်က နတ်မိစ္ဆာမျိုးနွယ်မှ အခြားသောတန်ခိုးစွမ်းအားရှင်များကို ဦးဆောင်ခဲ့သည်။

သူက တန်ခိုးစွမ်းအားကြီးမားလွန်းပြီး မိုးမြေကိုပင် ပြောင်းလဲပစ်နိုင်စွမ်းရှိလေရာ ဗုဒ္ဓဘာသာကျင့်ကြံသူများကို ခေါင်းကိုက်စေခဲ့သည်ပင်။

သူ၏အရှိန်အဟုန်က အလွန်လျှင်မြန်ပြီး အချိန်နှင့်နေရာကိုပင် အရေးမစိုက်သည့်ပမာ ဖြတ်ကျော်နိုင်စွမ်းရှိသည်။

သို့ဖြစ်ရာ ကောင်းကင်နတ်ဘုရားအဆင့် ကြာပလ္လင်ပိုင်ဆိုင်သော ဗုဒ္ဓဘာသာကျင့်ကြံသူများသည်ပင် သူ၏အမြန်နှုန်းကို လိုက်မမီနိုင်ပေ။

ထို့ကြောင့် သူတစ်ယောက်တည်းစွမ်းအားဖြင့် နေရာအနှံ့တွင်ရှိနေသည့်ပမာ စစ်မြေပြင်တစ်ခုလုံးကို ထိန်းထားနိုင်ခဲ့သည်။

အနောက်ဘက်သုခဘုံမှ ဗုဒ္ဓဘာသာကျင့်ကြံသူများမှာ အခြားနတ်မိစ္ဆာများနှင့်တိုက်ခိုက်နေစဉ် တိမ်မြူမိုင်တစ်သောင်းဂဠုန် ရုတ်တရက်တိုက်ခိုက်လာမည်ကို အချိန်မရွေးကာကွယ်ရန် အာရုံစိုက်သတိထားနေကြရသည်။

သို့ဖြစ်ရာ အင်အားချင်းညီမျှသည့်တိုက်ပွဲများတွင်ပင် ခြေချုပ်လက်ချုပ်မိသည့်ပမာ အလွန်အဆင်မပြေ ဖြစ်ကြရသည်။

အထူးသဖြင့် အနောက်ဘက်သုခဘုံကို ခေါင်းကိုက်စေသည်မှာ တန်ခိုးစွမ်းအားကွာဟမှု အလွန်ကြီးမားသဖြင့် သတိထားကာကွယ်သည့်တိုင် အကြောင်းမထူးခြင်း ဖြစ်ပေ၏။

ဤမဟာဂဠုန်က လွတ်လပ်စွာ ဖြတ်ပျံသွားပြီး အတောင်တစ်ချက်ခတ်လိုက်ရုံဖြင့် ဗုဒ္ဓဘာသာကျင့်ကြံသူ သစ္စာတရားသိမြင်ခြင်းအဆင့်နှင့် လိုဟန့်အဆင့်များစွာ သေဆုံးဒဏ်ရာရမှုများ ဖြစ်ပေါ်နိုင်သည်။

အစီအရင်များ ၊ ရတနာပစ္စည်းများ၏အကူအညီဖြင့်သာ သူတို့ကိုယ်သူတို့ တည်ငြိမ်အောင် ထိန်းသိမ်းခဲ့ရသည်။ သို့သော် ထိုသို့ထိန်းသိမ်းလိုက်သည်နှင့် သူတို့၏လှုပ်ရှားမှုများက ထိန်းချုပ်ခံရသလို ဖြစ်သွားသည်။

မခံနိုင်သည့်အဆုံး ဗုဒ္ဓဘာသာတန်ခိုးစွမ်းအားရှင်များ ဝိုင်းဝန်းတိုက်ခိုက်ကြမှသာ တိမ်မြူမိုင်တစ်သောင်းဂဠုန် ကြီးမားသောအရှုံးနှင့် ရင်ဆိုင်ရလုနီးပါးဖြစ်သွားပြီး အနည်းငယ် ငြိမ်သွားခဲ့သည်။

သို့သော် ဝိုင်းဝန်းတိုက်ခိုက်မှုမှ လွတ်အောင်ပြေးနိုင်ခဲ့ခြင်းက သူ၏စွမ်းရည်ထက်မြက်မှုကို ထင်ရှားစွာ ပြသနေသည်။

အခြားသော မဟာဂဠုန်မျိုးနွယ်များသည်လည်း ကျင့်ကြံခြင်းအဆင့် တူညီသူများနှင့်ယှဉ်လျှင် အလွန်လျှင်မြန်ကြသည်ဖြစ်ရာ နေရာအနှံ့မှ ဝင်ရောက်တိုက်ခိုက်နိုင်သဖြင့် အနောက်ဘက်သုခဘုံအား များစွာ ဒုက္ခပေးနိုင်ကြသည်။

ထို့ကြောင့် ဟွေ့အန်းခရီးသည်က စန်းကွမ်းနတ်ရေစင်ကို ယူဆောင်ကာ တောင်ပေါ်မှဆင်းလာပြီး နေရာအနှံ့လှည့်လည်ကာ မဟာဂဠုန်မျိုးနွယ်များအား တစ်ကောင်ပြီးတစ်ကောင် နှိမ်နင်းခဲ့သည်။

ရန်ကျောက်ကဲက မျက်ခုံးများတွန့်ချိုးလျှက် ကောင်းဟန်ကိုကြည့်လိုက်ရင်း...

“ဟွေ့အန်းခရီးသည်က မဟာဂဠုန်မျိုးနွယ်တွေကို ပစ်မှတ်ထားနေတာပေါ့”

သူက ဆက်ပြောသည်။

“ဒီကိစ္စကို တိမ်မြူမိုင်တစ်သောင်းဂဠုန် သိမယ်ဆိုရင် လိုက်ပိုက်ကြည့်မနေလောက်ဘူး”

“ကျွန်တော်တောင် ဒီအချက်ကို စဉ်းစားမိတယ်ဆိုရင် အနောက်ဘက် သူတော်စင်ဘုံက ဗုဒ္ဓဘာသာကျင့်ကြံသူတွေလည်း သေချာပေါက် စဉ်းစားမိမှာပဲ ၊ ကြည့်ရတာ သူတို့က တိမ်မြူမိုင်တစ်သောင်းဂဠုန်ကို နောက်တစ်ကြိမ် ဝိုင်းပြီးတိုက်ခိုက်ဖို့ စီစဉ်ထားတာ ဖြစ်ရမယ် ၊ သူ့ကိုထောင်ဖမ်းဖို့ ဟွေ့အန်းခရီးသည်ကို ငါးစာအဖြစ်အသုံးချတာ ဖြစ်နိုင်တယ်”

အခြေအနေက အပေါ်ယံ တည်ငြိမ်သယောင်ရှိသော်လည်း ဖုံးကွယ်ထားသည့်လှိုင်းတံပိုးများဖြင့် ပြည့်နက်နေသည်။

နတ်မိစ္ဆာမျိုးနွယ်များမှ ကောင်းကင်နတ်ဘုရားအဆင့်ရှိ မဟာသူတော်စင်များနှင့် ဗုဒ္ဓဘာသာမှ တန်ခိုးစွမ်းအားရှင်များအားလုံး ဟွေ့အန်းခရီးသည်ကို အာရုံစိုက်နေကြသည်။

တိမ်မြူမိုင်တစ်သောင်းဂဠုန်မလှုပ်ရှားပါက ဗုဒ္ဓဘာသာ ကျင့်ကြံသူများသည်လည်း လှုပ်ရှားမည် မဟုတ်ပေ။

သို့သော် ဟွေ့အန်းခရီးသည်က အခြားသော မဟာဂဠုန်မျိုးနွယ်များကိုတိုက်ခိုက်ရာတွင် သက်ညှာမှုထားမည် မဟုတ်ပေ။

သို့ပေသိ တစ်ယောက်ယောက်က ဟွေ့အန်းခရီးသည်ကို ပြဿနာထဲသို့ဆွဲထည့်ပြီး နှောက်ယှက်မည်ဆိုပါက ဗုဒ္ဓဘာသာဘက်မှ တန်ခိုးစွမ်းအားရှင်များသည်လည်း ရွေးချယ်စရာမရှိ မူလအစီအစဉ်ကိုဖျက်သိမ်းကာ လက်ရှိရင်ဆိုင်ရသော ပြဿနာကို ဖြေရှင်းရပေမည်။

ရန်ကျောက်ကဲက ကောင်းဟန်ကို စူးစိုက်ကြည့်နေစဉ် ကောင်းဟန်က ခေါင်းညိတ်ရင်း...

“မင်းပြောတာ မမှားပါဘူး ၊ အဲဒီအတိုင်းမှန်ပါတယ်”

သူက ပြုံးလျက် ဆက်ပြောသည်။

“ဒါပေမဲ့... ပြောင်းပြန်ကြည့်မယ်ဆိုရင်တော့ တိမ်မြူမိုင်တစ်သောင်းဂဠုန်လှုပ်ရှားလာမယ်ဆိုရင် ဗုဒ္ဓဘာသာဘက်ကလူတွေ လှုပ်ရှားလာလိမ့်မယ် ၊ ဒါဆို နတ်မိစ္ဆာမျိုးနွယ်ဘက်က တခြား မဟာသူတော်စင်တွေလည်း ငြိမ်နေမှာမဟုတ်ဘူး ၊ ဒါဆို ဟွေ့အန်းခရီးသည်ကို ဘယ်သူမှစိတ်ဝင်စားမှာ မဟုတ်တော့ဘူး ၊ အဲဒီအချိန်က ကျုပ်တို့အတွက် အခွင့်အရေးပဲ”

“သူတို့ဘက်က ဘယ်သူမှမလှုပ်ရှားဘူးဆိုရင်တော့ ကျုပ်တို့တွေ စန်းကွမ်းနတ်ရေစင်ကိုရဖို့ ကံမပါဘူးလို့ပဲ ပြောရမှာပေါ့”

ကောင်းဟန်က အေးဆေးစွာဖြင့်...

“ဘာပဲဖြစ်ဖြစ် ဒီလောကမှာ လူကြံစည်တဲ့အတိုင်း ဖြစ်မလာတာတွေ အများကြီးပါလေ”

ရန်ကျောက်ကဲက...

“မှန်ပါတယ် ၊ ဒါပေမဲ့ နောက်ထပ် ဖြစ်နိုင်ခြေတစ်ခု ရှိသေးတယ်”

သူက ဆက်ပြောလိုက်သည်။

“စန်းကွမ်းနတ်ရေစင်ရဲ့ အံ့သြစရာအသုံးဝင်မှုကို နေဝန်းထက်ယံအရှင်သခင်လည်း သိတယ် ၊ ကျွန်တော်လည်း သိတယ် ၊ ဆိုတော့... အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နဲ့ အမတခုံရုံးကလူတွေရော မသိဘဲနေမတဲ့လား”

“ကြည့်ရတာ ဒီထောင်ချောက်က တိမ်မြူမိုင်တစ်သောင်းဂဠုန်ကို ထောင်ဖမ်းဖိုလား ၊ ကျွန်တော်တို့ကိုထောင်ဖမ်းဖို့လားဆိုတာ မသေချာဘူး”

သူက ကောင်းဟန်၏ မျက်လုံးများကို စူးစိုက်ကြည့်ရင်း...

“အခု အမတခုံရုံးက အဖြူရောင်ကြာပန်းသုခဘုံရဲ့ ဖိနှိပ်မှုအောက်မှာရှိနေတယ် ၊ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်လည်း အချိန်ပေးပြီး တိုက်ပွဲကထွက်မလာနိုင်ဘူး ၊ ဒါပေမဲ့ ကောင်းကင်အမြုတေကျောက်တုံးအပိုင်းအစတွေနဲ့ ပတ်သက်ရင်တော့ ကျွန်တော်တို့ရော သူတို့ရော အလေးအနက်ထားကြတယ်လေ”

ကောင်းဟန်က ရန်ကျောက်ကဲ၏ အကြည့်ကို ရင်ဆိုင်ကြည့်ရင်း သူ၏မျက်ဝန်းများ ပိုမိုတောက်ပလာသည်။  သူ့မျက်ဝန်းထဲတွင် ရန်ကျောက်ကဲအား ချီးကျူးလေးစားသည့်အရိပ်အယောင်များ ဖုံးကွယ်မထားဘဲ ထွက်ပေါ်လာသည်။

ကောင်းဟန်က လက်ခုပ်တစ်ချက်တီးလျှက် ရယ်မောလိုက်ရင်း...

“အရင်ကတော့ ကျုပ်လည်း ဒီကိစ္စအတွက် စိတ်ပူနေခဲ့တာ ၊ ဒါပေမဲ့ အခုတော့ စိတ်ပူစရာမလိုတော့ဘူး”

ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်ရင်း...

“အိုး ဟုတ်လား... အသေးစိတ်ကို ကြားချင်မိပါတယ်”

ကောင်းဟန်က ပြုံးလိုက်ပြီး...

“မကြာခင်က မီလဲ့ကိုယ်တော်ကိုယ်တိုင် အမတခုံရုံးနယ်မြေထဲကို ရောက်လာတယ် ၊ သူ့ရဲ့ဗုဒ္ဓအလင်းတန်းကို အဖြူရောင်ကြာပန်းသုခဘုံက သိမ်းပိုက်ထားတဲ့ အမတခုံရုံးရဲ့နယ်မြေ (၈၀၀)အပေါ်မှာ ထွန်းလင်းစေခဲ့တယ်”

ရန်ကျောက်ကဲ ရုတ်တရက် သဘောပေါက်သွားသည်။

“ဒါဆို အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကိုယ်တိုင် ရှေ့ထွက်မလာနိုင်ဘူးဆိုတဲ့ သဘောပေါ့”

အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကိုယ်တိုင် ထွက်မလှုပ်ရှားနိုင်ခဲ့လျှင် တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် အခြားသော လမ်းမှန်တာအိုဝါဒမှ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများအနေဖြင့် အမတခုံရုံးမှလူများကို ထိန်းချုပ်ကိုင်တွယ်နိုင်မည် ဖြစ်သည်။

သို့သော် အနောက်ဘက်သူတော်စင်ဘုံမှ တန်ခိုးစွမ်းအားရှင်များ စောင့်ကြည့်နေမည်စိုးသောကြောင့် တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် အခြားသူများက အတတ်နိုင်ဆုံး သိုသိုသိပ်သိပ်နေကာ သတိထားကြမည် ဖြစ်သည်။

သို့မှသာ ပိုမိုကျယ်ပြန့်စွာ လှုပ်ရှားနိုင်ပေမည်။

ကောင်းဟန်က ရင်းနှီးဖော်ရွေဟန်ဖြင့်...

“ကျုပ်ကိုယုံပါ ၊ ကျုပ်လုပ်နေတဲ့အလုပ်တွေက တာအိုရောင်းရင်း’ရှောက်’ ၊ တာအိုရောင်းရင်း’ရန်’ တို့နဲ့ အတူတူပါပဲ ၊ ကျုပ်တို့အားလုံး လမ်းမှန်တာအိုဝါဒကို ပြန်လည်ထူထောင်ဖို့ လုပ်ဆောင်နေတာပါ ၊ ဒါပမေဲ့ လုပ်ပုံလုပ်နည်း နည်းနည်းကွဲပြားနေတာပဲရှိတာပါ”

သူက ဆက်ပြောလိုက်သည်။

“ပြောရရင် တာအိုရောင်းရင်း’ကျန်း’ လည်း ကျုပ်တို့နဲ့ ရည်ရွယ်ချက်တူပါတယ် ၊ ဒါပေမဲ့ သူနဲ့ကျတော့ သဘောထားကွဲလွဲမှု အရမ်းကြီးသွားတယ်”

ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...

“ကျွန်တော် မယဉ်မကျေးပြောမိတာ ခွင့်လွှတ်ပေးပါ ၊ တကယ်တော့ နေဝန်းထက်ယံအရှင်သခင်ရဲ့ လုပ်ပုံလုပ်နည်းက ကျွန်တော်တို့သွားနေတဲ့လမ်းနဲ့ မတူညီပါဘူး”

ရေစင်ထက်ယံအရှင်သခင်’ချန်ရွှမ်ကျုန်း’ ၊ ပိုးသားဧကရာဇ်’ဖုယွင်ချီ’ နှင့် ရန်ကျောက်ကဲ၏မိခင် ရွှယ်ချူးချင်တို့သည်လည်း ဤသို့ပင် နက်ရှိုင်းစွာ လက်ခံပေလိမ့်မည်။

“ဒီတော့  စန်းကွမ်းနတ်ရေစင်နဲ့ပတ်သက်ပြီး နေဝန်းထက်ယံအရှင်သခင်ရဲ့သဘောထားက ဘယ်လိုရှိပါသလဲ”

ရန်ကျောက်ကဲ၏ဝေဖန်မှုကို ကောင်းဟန်က လုံးဝအရေးမစိုက်ပေ။

သူက ခင်မင်ရင်းနှီးဟန်ဖြင့် ပြုံးနေဆဲ ဖြစ်သည်။

ရန်ကျောက်ကဲက...

“စန်းကွမ်းနတ်ရေစင်ကိစ္စမပြောခင် ကျွန်တော် နေဝန်းထက်ယံအရှင်သခင်ကို ကိစ္စတစ်ခုလောက် မေးချင်ပါတယ် ၊ ကျေးဇူးပြုပြီး အမှန်အတိုင်းပြောဖို့ မျှော်လင့်ပါတယ်”

သူက ဆက်မေးလိုက်သည်။

“အရင်တုန်းက အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ ကျွန်တော်တို့ဝါတောင်ရဲ့ အခြေခံအုတ်မြစ် ရတနာပစ္စည်းတစ်ခု ရှိခဲ့ပါတယ်”

“အဲဒီရတနာပစ္စည်းက ယွိချင်အဆက်အနွယ် ကွမ်းချန်ထျန်းကျွင်းရဲ့ အဖိုးတန်ရတနာတစ်ခုပါ ၊ ဒဏ္ဍာရီလာ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ရဲ့ ကျိုးပဲ့သွားတဲ့ အပိုင်းအစတစ်ခုလို့ ဆိုနိုင်ပါတယ်”

“ဒါပေမဲ့ နောက်ပိုင်း အဲဒီရတနာပစ္စည်းက ရုတ်တရက် ပျောက်ဆုံးသွားခဲ့တယ် ၊ နေဝန်းထက်ယံအရှင်သခင်က အစွန်းရောက်ရှစ်ပါးကမ္ဘာကို ရောက်ဖူးတယ်ဆိုတော့ အဲဒီရတနာပစ္စည်းနဲ့ပတ်သက်ပြီး သဲလွန်စတစ်ခုခုများ သိနိုင်မလားလို့ပါ”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက ကောင်းဟန်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

ဟုတ်ပေ၏။

ပစ္စည်းပျောက်လျှင် ကောင်းဟန်ဆီမှာ လာရှာပါ။

ဤသည်က ကျိန်းသေမမှန်ကန်နိုင်သော်လည်း ရန်ကျောက်ကဲကတော့ ကောင်းဟန်ကို မေးမြန်းကြည့်ခြင်းက အထိရောက်ဆုံးနည်းလမ်းဟု ထင်မြင်သည်။

နေဝန်းထက်ယံအရှင်သခင်၏မျက်ဝန်းများ မှေးမှိတ်သွားပြီး သူ၏မျက်နှာထက်ရှိအပြုံးက ကျယ်လောင်သည့် ရယ်မောသံအဖြစ်သို့ ပြောင်းလဲသွားသည်။

ရန်ကျောက်ကဲက ပြုံးနေသော်လည်း သူ၏မျက်ဝန်းများက စူးရှထက်မြက်နေသည်။

ကောင်းဟန်၏ရယ်သံ တဖြည်းဖြည်းပျောက်ကွယ်သွားပြီးနောက် သူ၏မျက်နှာအမူအရာက ခံစားချက်ဖြင့် ပြည့်နက်နေကာ မျက်ဝန်းများက တောက်ပနေလေသည်။

သူက...

“အဲဒီတုန်းက အောက်ဘုံကမ္ဘာမှာ အဲဒီရတနာပစ္စည်းကိုတွေ့ခဲ့တာ ၊ ပုလဲတစ်လုံး နွံဖုံးနေတယ်လို့ခံစားမိလို့ ဒီအတိုင်းယူသွားလိုက်တာ ၊ ဒီနေ့လိုကံကြမ္မာနဲ့ကြုံတွေ့ရမယ်လို့ ထင်မထားမိဘူးလေ”

ကောင်းဟန်၏ မျက်ဝန်းများထဲမှ အလင်းရောင် ပျောက်ကွယ်သွားပြီး ပြန်လည်တည်ငြိမ်သွားကာ စကားပြောရင်းပင် လက်တစ်ဖက်ကို ပင့်မြှောက်လိုက်သည်။

အလင်းရောင်ဖွဲ့စည်းမှုတစ်ခု လေထဲတွင် ဖြည်းဖြည်းချင်းလွင့်ပျံလာပြီး ရန်ကျောက်ကဲအရှေ့တွင် ရပ်တန့်သွားလေသည်။

All Chapters