← Chapters

စက်ဝန်းသံသရာစည်းတံဆိပ်အပိုင်းအစ

Vol. 98 Ch. 1378

စက်ဝန်းသံသရာစည်းတံဆိပ်အပိုင်းအစ

Vol. 98 Ch. 1378

အခန်း (၁၃၇၈) စက်ဝန်းသံသရာစည်းတံဆိပ်အပိုင်းအစ

အလင်းဖွဲ့စည်းမှုက ရန်ကျောက်ကဲရှေ့သို့ ပျံသန်းလာပြီး အလင်းရောင်ထဲတွင် ပုံသဏ္ဌန်မညီညာသော ကျောက်တုံးတစ်တုံးထွက်ပေါ်လာကာ ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းရှေ့သို့ ရောက်ရှိလာသည်။

ရန်ကျောက်ကဲ လက်ဖြင့်လှမ်းယူလိုက်ရာ ချက်ချင်းပင် လက်ဖဝါးထက်တွင် အနည်းငယ်လေးလံသွားသည်ကို ခံစားလိုက်ရသည်။

သူက စက်ဝန်းသံသရာကောင်းကင်ကျမ်းစာနှင့် အခြား အဆင့်မြင့်သိုင်းပညာရပ်များစွာ ကျင့်ကြံထားပြီး တန်ခိုးစွမ်းအား ကြီးမားသူ ဖြစ်သည်။

သူ၏တန်ခိုးစွမ်းအားဖြင့် မိုင်တစ်သောင်းရှိသော တောင်တန်းများကိုပင် လက်ဖဝါးထက်တွင် အလွယ်တကူ ထမ်းပိုးထားနိုင်သည်။

သို့သော် ယခုတော့ သာမန် မညီညာသည့်ကျောက်တုံးငယ်ကို ကိုင်လိုက်မိသည်နှင့် ရန်ကျောက်ကဲစိတ်ထဲ အနည်းငယ် ပင်ပန်းလာသလိုပင် ခံစားလိုက်ရ၏။

တစ်ချိန်တည်းမှာပင် ကျောက်တုံးထဲ၌ သူ၏သိုင်းပညာနှင့် ဆက်စပ်မှုရှိသော အဓိပ္ပာယ်တစ်ခုပါဝင်နေကြောင်း ရှင်းလင်းစွာ အာရုံခံမိသည်။

ထိုကျောက်တုံးက စက်ဝန်းသံသရာကောင်းကင်ကျမ်းစာနှင့် တူညီသောရင်းမြစ်မှဆင်းသက်လာပြီး အန္တိမအယူအဆများနှင့် ဆက်စပ်နေပုံရသည်။

ရန်ကျောက်ကဲက စက်ဝန်းသံသရာကောင်းကင်ကျမ်းစာကို ကျင့်ကြံထားသူ ဖြစ်သည်။

သူက သိုင်းသူတော်စင်အဆင့်မရောက်ခင်မှာပင် စက်ဝန်းသံသရာကောင်းကင်ကျမ်းစာကို ထိုးထွင်းသိမြင်ခဲ့သူဖြစ်ပြီး အခြားသော အစစ်အမှန်နတ်ဘုရားများထက် သာလွန်ခဲ့သူလည်း ဖြစ်သည်။

ထို့ကြောင့် ဤကျောက်တုံး လက်ထဲသို့ရောက်လာသောအခါ သူ၏ခံစားချက်က အထူးပင်နက်ရှိုင်းလာသည်။

ထိုခဏတွင် သူ့စိတ်ထဲ ရှင်းလင်းသွားသလို ခံစားရပြီး စိတ်အစဉ်က အချိန်ရေစီးကြောင်းကို ပြောင်းပြန်လှည့်လျှက် မဟာကပ်ဘေးကြီးမတိုင်ခင် ကြီးမားကျယ်ပြန့်သည့် အသင်္ချေကမ္ဘာသို့ ရောက်ရှိသွားရုံသာမက ပို၍ရှေးကျသောအတိတ်ဆီသို့ ပြန်လည်ခရီးနှင်နေခဲ့သည်။

အလယ်ခေတ်ကို ကျော်လွန်လျှက် ၊ ရှေးခေတ်ကိုကျော်လွန်လျှက် ၊ အရာအားလုံး၏ မူလအစဖြစ်သော ကနဦးခေတ်ကာလသို့ ရောက်ရှိသွားသည်။

“ဒဏ္ဍာရီအရဆိုရင် စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်က ကမ္ဘာဦးခေတ်က ကျိုးသွားတဲ့ ကောင်းကင်ထောက်နတ်တောင်ရဲ့ ထိပ်ဖျားပိုင်းကကျောက်သားနဲ့ သန့်စင်ပြုလုပ်ထားတယ်လို့ဆိုတယ် ၊ အဲဒီအချက်က တကယ်မှန်တာပဲ”

ရန်ကျောက်ကဲ စိတ်ကိုတည်ငြိမ်စေလျှက် အသက်ရှူသွင်း ရှူထုတ်ပြုလုပ်ပြီးနောက် သူ၏ခန္ဓာကိုယ် အနည်းငယ်တုန်ခါသွားသည်။

သူ၏အခြေအနေကိုကြည့်ပြီး ကောင်းဟန်က လက်ခုပ်တီးကာ ချီးကျူးလိုက်သည်။

“သိပ်ကိုထူးချွန်တဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းပဲ ၊ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ရဲ့ အပိုင်းအစတစ်ခုကို ထိတွေ့လိုက်ရုံနဲ့ စက်ဝန်းသံသရာကောင်းကင်ကျမ်းစာအပေါ် ထိုးထွင်းသိမြင်မှုက ပိုပြီးတိုးတက်လာတယ် ၊ မင်းရောက်နေတဲ့အဆင့်နဲ့ဆိုရင် ဒီတိုးတက်မှုက အရမ်းတန်ဖိုးရှိတယ် ၊ ပြီးတော့ မင်းက ဒီလောက်မြန်မြန်တိုးတက်သွားတယ်ဆိုတော့ ကြည့်ရတာ မင်းစုဆောင်းထားတဲ့ကျင့်ကြံခြင်းတွေက အတော်နက်ရှိုင်းတာပဲ ၊ ပြတင်းတံခါးကိုထိုးဖောက်နိုင်ဖို့ အခွင့်အရေးလေးတစ်ခုလောက်ပဲ လိုအပ်နေခဲ့တာ”

ယခု ရန်ကျောက်ကဲက အခွင့်အ‌ရေးရသည်နှင့် တစ်ခါတည်း အောင်မြင်သွားခဲ့သည်။

ရန်ကျောက်ကဲက...

“နေဝန်းထက်ယံအရှင်သခင်က ချီးကျူးလွန်းနေပါပြီ”

ထို့နောက် ခဏအတွင်းမှာပင် ရန်ကျောက်ကဲ၏ခန္ဓာကိုယ်တုန်ခါမှု ပျောက်ကွယ်သွားပြီး ပုံမှန်အခြေအနေ ပြန်ရောက်သွားကာ ကျောက်တုံးငယ်ကို သိမ်းဆည်းလိုက်သည်။

အနားတွင်ရှိသော ဖန်းယွင်ရှန်းက ရန်ကျောက်ကဲအခြေအနေကိုတွေ့သည်နှင့် ထိုကျောက်တုံးက စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်၏ အပိုင်းအစ အစစ်ဖြစ်ကြောင်း သိရှိလိုက်သည်။

သူမက ဝါဒတောင်တပည့်တစ်ယောက်ဖြစ်လေရာ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ် အပိုင်းအစနှင့်ပတ်သက်သောဒဏ္ဍာရီကို ကြားဖူးထားသည်ပင်။

ထိုကျောက်တုံးအပိုင်းအစကို အစွန်းရောက်ရှစ်ပါးကမ္ဘာရှိ ဝါဒတောင်၏ တည်ထောင်သူဆရာဘိုးဘိုးမှ ရရှိခဲ့သည်။

အတိတ်တစ်ချိန် အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ဝါဒတောင်၏ သိုင်းပညာမူလအစသည် ဤစက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ် အပိုင်းအစမှ ဆင်းသက်လာခြင်း ဖြစ်သည်။

အောက်ဘုံကမ္ဘာတစ်ခုတွင် သိုင်းကျင့်ကြံသူများ၏အမြင့်ဆုံးအဆင့်က ကိုယ်ခွဲပေါင်းစပ်ခြင်းအဆင့်သာလျှင် ရှိသည်။

စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်အပိုင်းအစက သူ၏စွမ်းအားကို ကွယ်ဝှက်ထားတတ်သည်ဖြစ်ရာ ကျင့်ကြံခြင်းအဆင့်မြင့်မားမှသာ ထိုရတနာပစ္စည်း၏ ထူးခြားမှုကို ပိုမိုအာရုံခံနိုင်သည်။ စွမ်းအားမလုံလောက်သူများအဖို့ အာရုံခံနိုင်မှု အကန့်အသတ်ရှိသည်။

မည်သို့ပင်ဖစ်စေ ဤရတနာပစ္စည်းက ဝါဒတောင်အတွက် အတိုင်းအဆမရှိ အကျိုးပြုခဲ့သည်။ အစွန်းရောက်ရှစ်ပါးကမ္ဘာသမိုင်းတွင် အခြားသိုင်းဂိုဏ်းများကြား ဝါဒတောင်ကို ထင်ရှားစေပြီး ထိပ်ဆုံးအထိရောက်စေသည်မှာ ဤရတနာပစ္စည်းကြောင့်ဖြစ်သည်။

သို့သော် နောက်ပိုင်းတွင် ဤရတနာပစ္စည်း ပျောက်ဆုံးသွားခဲ့၏။

ယခုတော့ ကောင်းဟန်က အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ဆင်းလာစဉ် ခြေသွက်လက်သွက်ဖြင့် ခိုးသွားခဲ့ခြင်းဖြစ်ကြောင်း သိရပေပြီ။

ရန်ကျောက်ကဲက စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ် အပိုင်းအစကို သိမ်းဆည်းပြီးနောက် ‌ကောင်းဟန်ကို ကြည့်လိုက်ပြီး...

“စန်းကွမ်းနတ်ရေစင်ကိစ္စကတော့... ခင်ဗျားရဲ့သတင်းမှန်မယ်ဆိုရင် အခြေအနေတွေကို ထိန်းချုပ်လို့ရနိုင်ပါတယ် ၊ ကြိုးစားကြည့်ရင်လည်း မဆိုးပါဘူး ၊ ဒါပေမဲ့ ကျွန်တော်ကတော့ နေဝန်းထက်ယံအရှင်သခင်ကို ကူညီပေးနိုင်ပါ့မလား မသေချာဘူး”

ကောင်းဟန်က ပြုံးလိုက်ရင်း...

“မင်းတို့ ဇနီးမောင်နှံ ကူညီပေးရင် ကိစ္စတစ်ဝက်လောက် လွယ်ကူသွားမှာပါ”

ရန်ကျောက်ကဲက...

“နေဝန်းထက်ယံအရှင်သခင်က ယဉ်ကျေးလွန်းနေပါပြီ”

သူက ဆက်ပြောလိုက်သည်။

“ဒါဖြင့် ဒီ’ရန်’ ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာကို ဆက်သွယ်ဖို့လိုပါတယ် ၊ အဖြူရောင်ကြာပန်းသုခဘုံက ဒြပ်စင်ငါးပါးတောင်အကြောင်းကို ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေကို အသိပေးရပါမယ် ၊ ဒီတော့ နေဝန်းထက်ယံအရှင်သခင် ခဏလောက် စောင့်ပေးစေချင်ပါတယ်”

ကောင်းဟန်က လက်ဟန်တစ်ချက်ပြရင်း...

“လုပ်ပါ... ဒါက လုပ်သင့်တဲ့ကိစ္စပဲ ၊ ကျုပ်လည်း တောင်ပိုင်းချန်စန်းဧကရာဇ်ဆီ အခြေအနေကို သတင်းပို့ရဦးမယ်”

နှစ်ဦးနှစ်ဖက် လုပ်စရာရှိသည်များကို စီစဉ်ပြီးနောက် ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ ကောင်းဟန်နှင့်အတူ ပြင်ပဗလာနယ်ထဲသို့ ခရီးထွက်ခဲ့ကြသည်။

သူတို့ (၃)ယောက် ခရီးထွက်လာစဉ် အချင်းချင်းအကဲခတ်နေခဲ့ကြပြီး အချိန်တိုင်းနီးပါး သံသယများ ထားနေခဲ့ကြသည်။

ရန်ကျောက်ကဲကတော့ ကောင်းဟန်ကို သတိထားနေသည်မှာ ပြောစရာမလိုပေ။

ကောင်းဟန်ကလည်း စကားပြောဆိုရာတွင် အလွန်သတိထားပြီး ရန်ကျောက်ကဲအနေဖြင့် သူ့ထံမှ သတင်းအချက်အလက်များ နှိုက်ထုတ်ရန် ခက်ခဲလွန်းသည်။

သို့သော် ကောင်းဟန်က အဖြူရောင်ကြာပန်းသုခဘုံနှင့် အမတခုံရုံးကြား လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲအကြောင်းကိုတော့ သူတို့နှစ်ယောက်အား စိတ်အားထက်သန်စွာ ပြောပြလေ့ရှိသည်။

“ဆိုတော့... အမတခုံရုံးက ကောင်းကင်နတ်ဘုရားတစ်ပါး ထပ်သေသွားတာလား”

ရန်ကျောက်ကဲက စိတ်ဝင်တစားဖြင့် မေးလိုက်သည်။

ကောင်းဟန်က...

“အမှန်ပဲ...”

သူက ဆက်ပြောလိုက်သည်။

“အခု သူတို့ဘက်မှာ ကောင်းကင်နတ်ဘုရားနဲ့ ထိုက်ရွှီးမူလနတ်ဘုရားတွေ သိသိသာသာ အားနည်းနေပြီ ၊ ပြင်ပတာအိုကျင့်ကြံသူတွေအတွက် အစစ်အမှန်နတ်ဘုရားနဲ့ နက်ရှိုင်းနတ်ဘုရားနေရာတွေကို လူစားထိုးပြီး ပြန်ဖြည့်ဖို့လွယ်ကူပေမယ့် အဲဒီထက်အဆင့်မြင့်တဲ့သူတွေကျတော့ ခက်ခဲသွားပြီ”

ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...

“ဒါပေမဲ့ ရလဒ်တစ်ခုတည်းကို ကြည့်မယ်ဆိုရင်တော့ သူတို့တွေက ကျွန်တော်တို့တွေထက် ကျင့်ကြံခြင်းအဆင့်တက်ဖို့ ပိုပြီးလွယ်ကူပါတယ်လေ”

သူက ဆက်ပြောလိုက်သည်။

“အဖြူရောင်ကြာပန်းသုခဘုံက အမတခုံရုံးရဲ့နယ်မြေ(၈၀၀)ကို သိမ်းပိုက်ထားတယ်ဆိုတော့ အမတခုံရုံးအနေနဲ့ ခုခံကာကွယ်ရမယ့်နယ်မြေတွေ လျော့နည်းသွားတော့ သူတို့ဘက်က လူအင်အားမမျှတာတာက သိပ်မပြင်းထန်တော့ဘူးပေါ့ ၊ ဒီတော့ အချိန်ယူပြီး သူတို့လိုနေတဲ့ လူအင်အားကို ဖြည့်လို့ရနိုင်တယ် ၊ ကြည့်ရတာ သူတို့က တချို့နယ်မြေတွေကို စစ်ရေးဗျူဟာအရ တမင်စွန့်လွှတ်ခဲ့တာ ဖြစ်နိုင်တယ်”

ကောင်းဟန်က ရယ်မောလိုက်ရင်း...

“အဲဒီအချက်က မမှားဘူး ၊ ဒါပေမဲ့ ဆုံးရှုံးသွားတဲ့နယ်မြေတွေကို ပြန်သိမ်းယူဖို့ကတော့ အရမ်းခက်သွားပြီ”

သူက ဆက်ပြောလိုက်သည်။

“အမတခုံရုံးရဲ့ နယ်မြေ(၈၀၀)မှာ ပါဝင်တဲ့ကမ္ဘာတွေက အရေအတွက်အမျိုးမျိုးရှိတယ် ၊ လူဦးရေလည်း သန်းပေါင်းများစွာ နေထိုင်တယ် ၊ ဒါတွေက ပြင်ပတာအိုကျင့်ကြံသူတွေအတွက် ယုံကြည်ခြင်းစွမ်းအားရဖို့ အဓိကရင်းမြစ်တွေပဲ”

“လူတွေကို တခြားနေရာရွှေ့ပြောင်းလို့ရတယ်ဆိုရင်‌တောင် ရင်းမြစ်ပစ္စည်းတွေနဲ့ ရတနာပစ္စည်းတွေကိုတော့ အမြန်ပြောင်းရွှေ့ယူဆောင်သွားဖို့ ခက်ခဲမှာပဲလေ”

“အဖြူရောင်ကြာပန်းသုခဘုံအတွက် လူတွေကိုမထားခဲ့ဘဲ ဖယ်ရှားလိုက်မယ်ဆိုရင်တောင် အမတခုံရုံး နယ်မြေ(၈၀၀)မှာ ရှိနေတဲ့ လူတွေကို ကျန်တဲ့ အမတခုံရုံးနယ်မြေတွေမှာနေထိုင်ဖို့ နေရာချထားပေးရမယ် ၊ အဲဒီလောက် လူဦးရေအများကြီးကို လက်ခံထိန်းသိမ်းဖို့ကလည်း ပြဿနာကြီးတစ်ခုပဲ ၊ သူတို့အတွက် နေထိုင်စရာစီစဉ်ပေးဖို့ကလည်း ပြဿနာတစ်ခုပဲလေ”

ကောင်းဟန်က တည်ငြိမ်စွာဖြင့်...

“အခု အနှစ်(၂၀)ကြာသွားပြီ ၊ အစပိုင်း ဖရိုဖရဲအခြေအနေကလည်း နည်းနည်းငြိမ်သက်သွားပြီလို့ ယူဆရတယ် ၊ အမတခုံရုံးဘက်ကတော့ သူတို့နယ်မြေတွေပြန်သိမ်းဖို့နဲ့ လက်စားချေဖို့ ဆန္ဒတွေပဲ ပိုပြီးပြင်းထန်လာနေတယ် ၊ အမတခုံရုံးရဲ့ ထိပ်တန်းအဆင့်တန်ခိုးစွမ်းအားရှင်တွေရဲ့လမ်းညွှန်မှုနဲ့ သူတို့အနေနဲ့ ပိုပြီးများပြားတဲ့ ယုံကြည်ခြင်းစွမ်းအားတွေကို စုစည်းနိုင်မှာပါပဲ”

“ဒါပေမဲ့ ဒီစွမ်းအားပေါက်ကွဲမှုဖြစ်ပြီးရင် တဖြည်းဖြည်းလျော့ကျပြီး အားနည်းသွားလိမ့်မယ် ၊ နောက်ဆုံး ကုန်ခမ်းသွားလိမ့်မယ် ၊ အချိန်အကြာကြီး သူတို့နယ်မြေတွေကို ပြန်မသိမ်းနိုင်ဘူးဆိုရင် ဒီ ရွှေ့ပြောင်းထားတဲ့ လူတွေက အမတခုံရုံးကို ဘယ်လောက်ပဲ ယုံကြည်ပါစေ တဖြည်းဖြည်း ယိမ်းယိုင်လာမှာပဲ ၊ မကျေနပ်မှုတွေဖြစ်လာသလို သံသယတွေလည်း ဖြစ်လာလိမ့်မယ် ၊ အဲဒီလိုခံစားချက်တွေ စုဝေးတာများလာရင် သူတို့ဒေါသတွေက ပြင်ပရန်သူကိုဦးတည်မှာမဟုတ်ဘဲ ကိုယ့်အတွင်းပိုင်းကိုပဲ မြားဦးလှည့်သွားလိမ့်မယ်”

အခြားတစ်နေရာဆိုပါက လူထု၏ စိတ်နှလုံးယိမ်းယိုင်မှုက ထူးခြားမည် မဟုတ်ပေ။

သို့သော် အမတခုံရုံး သို့မဟုတ် အဖြူရောင်ကြာပန်းသုခဘုံကဲ့သို့ ပြင်ပတာအိုကျင့်ကြံသူကမ္ဘာများတွင် လူထု၏စိတ်နှလုံးကို မရရှိပါက အခြေခံစွမ်းအားယိမ်းယိုင်သည့် ကပ်ဘေးကြီးကို ရင်ဆိုင်ရပေမည်။

လူဦးရေနည်းပါးပါက သက်ရောက်မှုက သေးငယ်ပြီး သိသာမည် မဟုတ်ပေ။ သို့သော် ယခုတစ်ခေါက် အမတခုံရုံး၏ဆုံးရှုံးမှုက အလွန်ကြီးမားခဲ့ပြီး အတွင်းပိုင်းတုံ့ပြန်မှုတစ်ခု ဖြစ်ပေါ်လာပါက လျစ်လျူရှုမရနိုင်သော ကိစ္စဖြစ်လာပေမည်။

အမတခုံရုံးဘက်မှ လူသားတို့အား တရားအလင်းပေးမှုကို အဆက်မပြတ် ထပ်ခါတလဲလဲပြုလုပ်ပြီး အားဖြည့်ပေးမှသာလျှင် ဆုတ်ယုတ်မှုအရှိန်ကို တွန်းလှန်နိုင်ဖွယ်ရှိသည်။

သို့သော် အဖြူရောင်ကြာပန်းသုခဘုံက အမတခုံရုံးအား အနားယူခွင့် ပေးလိုဟန်မရှိပေ။

သူတို့ဘက်မှ မရပ်မနား ထိုးစစ်ဆင်နေပြီး အမတခုံရုံးဘက်မှ လူများသည်လည်း ပြင်ပရန်သူများကို ရင်ဆိုင်တိုက်ခိုက်ရင်း ပင်ပန်းနွမ်းနယ်နေသည်ဖြစ်ရာ အတွင်းပိုင်းပြဿနာများကို အာရုံစိုက်ဖြေရှင်းရန် အချိန်မရနိုင်ပေ။

ရန်ကျောက်ကဲက လက်ခုပ်တစ်ချက်တီးလိုက်ရင်း...

“အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်မှမဟုတ်ဘူး ၊ အမတခုံရုံးက တန်ခိုးစွမ်းအားရှင်တွေလည်း ယုံကြည်ခြင်းစွမ်းအားရဲ့ အကျိုးအမြတ်ကို ခံစားနေကြတာပဲ”

သူက ဆက်ပြောလိုက်သည်။

“ယုံကြည်ခြင်းစွမ်းအား ဆုတ်ယုတ်သွားမယ်ဆိုရင် အမတခုံရုံးက ထိပ်တန်းအဆင့် ကျင့်ကြံသူတွေ အဆင့်ပြုတ်ကျသွားဖို့ မဖြစ်နိုင်ပေမယ့် အနည်းနဲ့အများတော့ ထိခိုက်မှုရှိလာမှာပဲ ၊ ဒါဆို သေဆုံးသွားတဲ့ ထိပ်တန်းတန်ခိုးစွမ်းအားရှင်တွေနေရာကို အစားထိုးဖို့ ပိုတောင်ခက်ခဲလာလိမ့်မယ်”

All Chapters