← Chapters

ရက်စက်တဲ့သူအတွက် ရက်စက်မှုနဲ့ပဲ ထိုက်တန်တယ်

Vol. 01 Ch. 16

ရက်စက်တဲ့သူအတွက် ရက်စက်မှုနဲ့ပဲ ထိုက်တန်တယ်

Vol. 01 Ch. 16

“မင်းက ငါ့ဆီကနေ လျော်ကြေးတောင်းနေတယ်ဟုတ်လား။ ရူးနေလား ဟေ့ကောင်” ထန်ရှု၏တိုက်ပွဲဝင်စွမ်းရည်ကို ကြည့်ပြီး အံ့အားသင့်နေသော်လည်း ဘလက်သုံးသည် သူ့အား ကြောက်ရွံ့နေခြင်းမရှိချေ။ သို့သော်လည်း ဖြစ်ပွားခဲ့သော အခြေအနေတစ်ခုလုံးကို ကြည့်ပြီး ဘလက်သုံး၏မျက်နှာထက်တွင် အမျိုးအမည်မဖော်ပြနိုင်သော အပြုံးတစ်ချက် ပေါ်ထွက်လာခဲ့သည်။

တိုက်ပွဲတွင် ထန်ရှုသည် သူ၏စွမ်းရည်အချို့ကို ပြသခဲ့သော်လည်း သာမန်လူတစ်ယောက်ဖြစ်သည့် ဘလက်သုံး၏အမြင်တွင် ထန်ရှုသည် တိုက်ခိုက်မှုအနည်းငယ်တတ်မြောက်ထားသော ချာတိတ်လေးတစ်ယောက်သာဖြစ်သည်။

“ငါက မင်းတို့ဆိုင်ကို ဖျက်ဆီးတယ်။ အပြန်အလှန်အနေနဲ့ မင်းက ငါ့လူတွေကို ဆော်ထားတာပဲလေ။ ဘာလဲ မင်းတို့ဆိုင်က ငါ့လူတွေထက် တန်ကြေးရှိနေတယ်ထင်နေတာလား။” ဘလက်သုံးသည် ထန်ရှုဆီသို့ တစ်လှမ်းချင်း လှမ်းလာပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ဘလက်… ကျွန်မသားလေးက ငယ်ပါသေးတယ်။ ကျွန်မ ရှင့်ကို တောင်းပန်ပါတယ်။ ကျွန်မတို့ကို ခွင့်လွှတ်ပေးပါ။” ဘလက်သုံး၏မျက်ဝန်းထဲမှ ရက်စက်မည့်အကြည့်များကို တွေ့လိုက်ရသော စုလင်းယွမ်သည် မတ်တတ်ရပ်ကာ ထန်ရှုအား ကြက်မကြီးမှ ကြက်ကလေးများအား ရင်အုပ်အောက်တွင် ထားကာ ကာကွယ်သကဲ့သို့ သူမ၏ကိုယ်လုံးလေးဖြင့် ကာကွယ်ရင်း ပြောလိုက်သည်။

“ငယ်လွန်းတယ်ဟုတ်လား။ ဒီစကားကို ခုချိန် ပြောချိန်သေးတာလား။ နင်က ငါတို့ကို ငအတွေများထင်နေလား ဟမ်။” ဘလက်သုံးသည် စုလင်းယွမ်အား ဘေးဘက်သို့ တွန်းရန်အကြံဖြင့် ထိမိလုနီးပါး ဖြစ်သွားသည်။

ဘလက်၏လက်သည် စုလင်းယွမ်အား ထိလုနီးပါးချိန်တွင် ထန်ရှုသည် သူ၏မိခင်အား ဆွဲဖက်လိုက်ပြီး နူးညံ့သောအသံဖြင့်  “ အမေ… ဒါ အဆင်ပြေပါတယ်။ သားကို ဖြေရှင်းခွင့်ပြုပါ။ အမေ ဘေးဖယ်နေလိုက်နော်။”

ထန်ရှုသည် မိခင်အား ပြောကာ သူမ၏လက်ကို ကိုင်လိုက်ပြီး ရှန်းမန်အမှတ်နေရာအား လက်မဖြင့် ညင်သာစွာ ဖိလိုက်သည်။

ရှန်းမန်အမှတ်နေရာအား ဖိနှိပ်ပါက လူတစ်ယောက်အား နှစ်ခြိုက်စွာ အိပ်မောကျစေသည်။ စုလင်းယွမ်သည် ဘလက်၏စိတ်အနှောင့်အယှက်ပေးမှုကြောင့် တစ်လကျော်ခန့် ပူပန်သောကများဖြင့် ဖိစီးနေရသဖြင့် ညဘက်တွင် ကောင်းမွန်စွာ အိပ်မပျော်နိုင်ဘဲ အိပ်ရေးပျက်ခဲ့ရသည်များ ရှိသည်။ ထို့ကြောင့် ထန်ရှု ဖိလိုက်သောအခါ စုလင်းယွမ်သည် နှစ်ခြိုက်စွာ အိပ်မောကျသွားတော့သည်။ အိပ်မောကျသွားချိန်တွင် သူမ၏ ကြုတ်ထားသောမျက်ခုံးများ ပြေလျော့သွားပြီး အေးချမ်းချိုသာသည့်အပြုံးတစ်ပွင့် သူမ၏မျက်နှာထက်တွင် ပေါ်လာသည်။

“မင်း.. မင်း..” စုလင်းယွမ် အိပ်မောကျသွားအောင် ထန်ရှုလုပ်လိုက်သည်ကိုကြည့်ပြီး ဘလက်သုံး၏မျက်လုံးအစုံ ပြူးကျယ်သွားသလို ပါးစပ်အဟောင်းသားဖြစ်သွားရသည့်အပြင် ပြောစရာစကားပင်မဲ့ခဲ့ရချေသည်။

ထန်ရှု စုလင်းယွမ်အား ပြုလုပ်လိုက်သောအကွက်သည် သူ၏လူ၆ယောက်အား တိုက်ခိုက်လိုက်နိုင်သောအဖြစ်အပျက်ထက် သူ့အား ပိုမို အံ့အားသင့်စေသည်။

ဖိအားများစွာကြောင့် အိပ်မပျော်နိုင်ဖြစ်နေရှာသော စုလင်းယွမ်အား ထန်ရှု အချိန်တစ်မိနစ်ပင် မယူလိုက်ရဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေသည်။ သည်စွမ်းဆောင်နိုင်မှုအား ကြည့်ပြီး ဘလက်သုံး၏အပြုံးများ လွင့်စင်ပျောက်ကွယ်သွားရသည်။

“ကျွန်တော့်အမေ အိပ်မောကျသွားပြီဆိုတော့ လျော်ကြေးအကြောင်း ကျွန်တော်တို့ ဆက်ပြောကြရအောင်။ ဒီဟာကို ခင်ဗျား ဘယ်လိုရှင်းမယ်စဉ်းစားထားလဲ။” ထန်ရှု သူ့အပြုအမူအား လစ်လျူရှုထားပြီး မေးလိုက်သည်။

“ရှင်းပေးရမယ်။” ရိုးရှင်းသောထိချက်လေးတစ်ခုဖြင့် သူ၏မိခင်အား အိပ်ပျော်စေနိုင်သော ထန်ရှုအား ဘလက်သုံး ကြောက်ရွံ့နေပြီဖြစ်သည်။ လျော်ကြေးတစ်စုံတစ်ရာမပေးဘဲ သည်အဖြစ်အပျက်မှ ရုန်းထွက်နိုင်ခြင်းမရှိကြောင်း သူ ခံစားမိနေသောကြောင့် ထန်ရှုနှင့် ညှိနှိုင်းရန် ဆုံးဖြတ်ချက်ချလိုက်ပြီးပင်ဖြစ်သည်။

“ခင်ဗျား စဉ်းစားလေ။ လုံလောက်တဲ့ပမာဏမဟုတ်ဘူးဆိုရင် နောက်ထပ် သတိပေးချက်တစ်ခုထပ်ပေးဖို့ ကျွန်တော် ဝန်လေးနေမှာမဟုတ်ဘူး။” အေးစက်သောအကြည့်တို့ဖြင့် ထန်ရှုသည် လက်ကို တဖျောက်ဖျောက်ချိုးကာ ပြောလိုက်သည်။

“မင်း” ထန်ရှု၏ရင့်သီးသောအပြုအမူကြောင့် ဘလက်သုံး ဒေါသထွက်သွားရသည်။

ထန်ရှုအား အချိန်တန်ကြာအောင် စိုက်ကြည့်ပြီးနောက် ဘလက်သုံးသည် ဒေါသနှင့် ရယ်မောလိုက်သည်။ သူသည် ထန်ရှု၏မျက်နှာအား လက်ညှိုးထိုးကာ ပြောလိုက်သည်။

“ချာတိတ်… မင်းက ဘောပဲ။ ကွန်ဖူးအကွက်လေးအနည်းအပါးတတ်ထားရုံနဲ့ ကြောက်စရာမလိုဘူးလို့ ထင်နေတာလား။ ငါ ဒီမြေအောက်လောကမှာ မင်း မမွေးခင်ကတည်းက ကျင်လည်နေခဲ့တာကွ။”

“ငါ မင်းကို အစကတော့ ခွင့်လွှတ်ပေးဖို့ပဲ။ ငါတို့တွေ အပေါင်းအသင်း လုပ်လို့ရနိုင်တယ်ဆိုပြီး။ မင်းက ဒီလို မလေးမစားလုပ်မှတော့ ငါ့ကို ရက်စက်တယ်လို့ မဆိုနဲ့။” ပြောရင်းဖြင့် ဘလက်သုံး၏လက်ထဲတွင် ဓားပျံတစ်ချောင်း ပေါ်လာပြီး သူ၏မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ပေါ်ထွက်လာသည်။

ဓားပျံအား လေထဲတွင် တရွှီးရွှီးမြည်အောင် လှပစွာဆော့ကစားလျက် ဘလက်သုံးသည် မခိုးမခန့်ဖြင့် ထန်ရှုအား ကြည့်နေသည်။ အမှန်တကယ်တွင် ဓားပျံအား လူကို သေစေနိုင်သည့်လက်နက်အဖြစ် အသုံးပြုသည်မှာ နည်းပါးသည်။ သိုင်းပညာရှင်များသည် ထိုအစား ဓားရှည်၊ ဓားတို၊ ဓားမြှောင်၊ ဆေဘာနှင့် ပုဆိန်တို့ကို အသုံးပြုရသည်ကို ပိုမိုနှစ်သက်သည်။

သို့သော်လည်း ဘလက်သုံးသည် ဓားပျံအား အသုံးပြုရသည်ကို နှစ်သက်သဖြင့် ကိုင်ဆောင်လာခဲ့သည်မှာ အနှစ်နှစ်ဆယ်ကျော်ပင် ရှိပြီဖြစ်သောကြောင့် သူ့တွင် များစွာ စုဆောင်းမိနေပြီဖြစ်ပြီး လူကို သေစေနိုင်လောက်သည့်အထိ အသုံးပြုနိုင်ပြီဖြစ်သည်။

ဘလက်သုံး၏ရက်စက်သောအကြည့်အောက်တွင် ထန်ရှုသည် တဖြည်းဖြည်း နောက်ဆုတ်လာခဲ့သည်။ မီးဖိုချောင်သည် အလွန်ကျဉ်းမြောင်းသောကြောင့် ခြေလှမ်း၆လှမ်းခန့် ဆုတ်ပြီးသောအချိန်တွင် ထန်ရှုသည် နံရံနှင့်ကျော ကပ်မိနေပြီဖြစ်သည်။

“ကောင်လေး.. မင်းက အပြင်မှာပြောနေကြတဲ့ ကောလဟတွေလို မဟုတ်ဘဲ ပုံမှန်ဖြစ်နေပြီလို့ ငါထင်တယ်။ ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိတဲ့ လူတစ်ယောက်လို့ ငါယုံတယ်။ မင်းအမေကို ငါနဲ့အတူနေဖို့ ပြောပေးမယ်ဆိုရင် မင်းတို့သားအမိနှစ်ယောက်ကို ငါ စောင့်ရှောက်လို့ရတာပေါ့။” ကျဉ်းထဲကြပ်ထဲရောက်နေသော ထန်ရှုကို ကြည့်ကာ အကျပ်ကိုင်လိုက်သည်။

“ဒီလိုစကားတွေ ပြောမှတော့ ဘယ်သူမှ ခင်ဗျားကို မကယ်နိုင်တော့ပြီပဲ။”  ထန်ရှု သက်ပြင်းချလိုက်ပြီး သူ၏ခြေထောက်အား ပေါ့ပါးစွာ ရွေ့လျားလိုက်သည်။ မြေပြင်ပေါ်မှ ဆံပင်အစိမ်းနှင့်လူအား ဘလက်သုံးဆီ ရှေးရှူပြီး မြှောက်တက်သွားအောင် ကန်လိုက်သည်။

ဘလက်သုံးသည် ဓားပျံနှင့် လှမ်းတွက်လိုက်ချိန်တွင် သူ့ဆီ မည်သည့်အရာ ပစ်လိုက်သည်ကို သိလိုက်သောကြောင့် တိုက်ခိုက်မှုအား ရုတ်သိမ်းရန် ကြိုးစားလိုက်ရပြီး ထိုအစား ဝဲလွင့်လာသောလူအား ဆီးဖမ်းရန် ကြိုးစားလိုက်သည်။ သို့မဟုတ်ပါက သူ့လူသည် ဒဏ်ရာပြင်းထန်စွာ ရရှိသွားမည်ဖြစ်သည်။

ရိုးရှင်းစွာ လူကို ဆီးဖမ်းရန်တွေးပြီး ဘလက်သုံး စိတ်သက်သာရာရသွားသည်။ သို့သော် ထိုဝဲလွင့်လာသော

ခန္ဓာကိုယ်၏အရှိန်နှင့် ပြင်းအားအား မြင်တွေ့ရသောအခါ ဘလက်သုံး၏မျက်နှာသည် ဖြူဖျော့သွားတော့သည်။

မခန့်မှန်းနိုင်လောက်သောအရှိန်ဖြင့် ဝဲပျံလာသော ခန္ဓာကိုယ်၏အရှိန်သည် အရှိန်အဟုန်ပြင်းစွာ ခုတ်မောင်းလာသောမီးရထားကြီးတစ်စင်းကဲ့သို့ သူ့အား တိုက်ချသွားပြီး လေထဲသို့ လွင့်တက်သွားစေသည်။

အရိုးကျိုးသံများအား ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ ဆံပင်အစိမ်းနှင့်လူ၏ ခန္ဓာကိုယ်သည် ဘလက်သုံးအားတိုက်မိပြီးနောက် ရပ်တန့်မသွားဘဲ နှစ်ဦးစလုံး အကွာအဝေးတော်တော်ဆီသို့ လွင့်ထွက်သွားစေသည်။ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်အား ပစ်လိုက်ခြင်းပင်ဖြစ်သည်။

“ထလိုက်စမ်း။ ခုချိန်မှာ ခင်ဗျားတို့မထနိုင်သလို ဟန်ဆောင်နေရင် တစ်သက်လုံး ခင်ဗျားတို့ မရပ်နိုင်တော့ဘူးမှတ်။” ထန်ရှု ခြိမ်းခြောက်လိုက်သည်။ ဘလက်သုံးအား ထန်ရှု ကန်ထည့်လိုက်ပြီးနောက် ကြောက်ရွံ့အံအားသင့်စွာဖြင့် ကြမ်းပေါ်တွင် ကပ်နေသော အခြားလူမိုက်၅ယောက်အား ကြည့်လိုက်သည်။ ထန်ရှုပြောပြီးသည်နှင့်တခဏအတွင်း သူတို့အားလုံး ချက်ချင်း ရပ်လိုက်ကြသည်။

သို့ရာတွင် ထန်ရှု၏ ဘလက်သုံးနှင့် ဆံပင်အစိမ်းနှင့်လူအား မတ်တတ်ရပ်ခိုင်းနေသည်ကို နားထောင်မည့်အစား မီးဖိုချောင်တံခါးပေါက်ဝဆီသို့ အပြေးအလွှားပြေးသွားပြီး လွတ်မြောက်ရန် ကြိုးပမ်းအားထုတ်ကြလေသည်။

“လွတ်ချင်တယ်ဟုတ်လား။ ဟဟပဲ ရမယ်ကိုယ့်လူတို့။”  ထန်ရှု အော်ပြောလိုက်ပြီး သူ၏လက်အား လျင်မြန်စွာ လှုပ်ရှားလိုက်ရာ ဝါးတူ၅ချောင်းသည် ထိုလူ၅ယောက်၏ပေါင်များအား ထိုးစိုက်သွားပြီး “အား”ဟု အော်ကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။

နှစ်ထောင်ပေါင်းများစွာ အင်မော်တယ်ကမ္ဘာတွင် လွှမ်းမိုးနိုင်ခဲ့သူပီပီ ထန်ရှုသည် ကမ္ဘာပေါ်သို့ ပြန်ရောက်နေစဉ်ပင်လျှင် လွှမ်းမိုးနိုင်သောအော်ရာရှိနေသေးသည်။ ကျောင်းတွင် တစ်လခန့် ကိုယ်တိုင်ရှာဖွေကျင့်ကြံခဲ့ရသော်လည်း သူ့တွင် ပျော့ညံ့သောအရိုးများမရှိဘဲ လွှမ်းမိုးနိုင်သော အရည်အသွေးရှိပေသည်။ ထိုလူမိုက်၅ယောက်အား မျက်နှာချင်းဆိုင် ကြည့်လိုက်ရင်း ထန်ရှုသည် အင်မော်တယ်ကမ္ဘာသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။

“ဆက်ပြီးအော်နေဦးမယ်ဆိုရင် နောက်တစ်ကြိမ်ကျ ကျွန်တော့လက်ထဲက တူတွေက ပေါင်တွေမဟုတ်တော့ဘဲ ခင်ဗျားတို့ဦးနှောက်ကို ဖောက်သွားလိမ့်မယ်။ ကျွန်တော့ကို လုပ်စေချင်တာလား။” လူမိုက်၅ယောက်၏သနားစရာအဖြစ်အပျက်ကို ဂရုမစိုက်ဘဲ  ထန်ရှု ပြောလိုက်သည်။

ထန်ရှုစကားကို ကြားပြီး ထိုညည်းတွားသံများ ချက်ချင်း ရပ်တန့်သွားသည်။ သူတို့၏မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုနှင့် နာကျင်မှုအား အထင်းသား တွေ့မြင်နေရသည်။

သည်လိုလူစားများသည် အသက်ကြီးသောသူများနှင့် အားနည်းသူများကိုသာ ခြောက်လှန့်ကြသော်လည်း သူတို့သည် သွေးသံရဲရဲများကို တစ်ခါမျှ မမြင်ဖူးကြချေ။ သူတို့သည် အားနွဲ့သောအမျိုးသမီးနှင့် မှတ်ဉာဏ်ထိခိုက်ထားသည့်ကျောင်းသားသာရှိသည်ဟူသော စားသောက်ဆိုင်ငယ်လေး၏နောက်ခံကို သိသောကြောင့်သာ လာပြီး အနိုင်ကျင့်ရဲကြခြင်းဖြစ်သည်။

တုတ်ချောင်းလေးတစ်ချောင်းက ကျိုးဖျက်သွားလောက်အောင် မာနိုင်လိမ့်မည်ဟုပင် ယောင်၍ပင် မတွေးမိချေ။

ထန်ရှု၏အကြည့်အောက်တွင် ထိုလူ၅ယောက်သည် ဘလက်သုံးနှင့် ဆံပင်အစိမ်းနှင့်လူဆီသို့ တွားသွားသွားလိုက်သည်။ နာကျင်မှုကို ခံစားနေရစဉ်အတွင်း သူတို့ ချက်ချင်းနိုးထစေရန် ရေများ ဖျန်းပက်ခြင်းခံလိုက်ရသည်။

“သွား.. အဲ့ဒီသူတောင်းစားလေးကို ရိုက်။ သူသေသွားရင် ငါ တာဝန်ယူမယ်။” မျက်စိနှစ်လုံး ပွင့်လျှင်ပွင့်ချင်း ဘလက်သုံး စတင်အော်ဟစ်လိုက်သည်။

သူ့ထံမှ ထိုစကားများ ထွက်လာသည်နှင့် ဖြောင်းကနဲ အသံအား ကြားလိုက်ရပြီး သူ အလွန်အမင်း နာကျင်သွားသည်။ ပါးစပ်ထဲမှ မာကျောသောအရာများနှင့်အတူ ငန်ကျိကျိအရသာထွက်လာသည်ကို သူခံစားလိုက်ရသည်။ ဘလက်သုံးသည် သူ၏နှုတ်ခမ်းအား ထိကြည့်လိုက်သောအခါ သူ၏လက်ချောင်းများ နီရဲသွားပြီး ထိုမာကျောသော အပိုင်းအစများသည် သူ၏သွားများဖြစ်သည်ကို တွေ့လိုက်ရသည်။

ကူကယ်ရာမဲ့ခြင်း၊ ဒေါသထွက်ခြင်း၊ မုန်းတီးခြင်း၊ စိတ်ပျက်လက်ပျက်ဖြစ်ရခြင်းစသော ခံစားမှုမျိုးစုံတို့အား တစ်ပြိုင်နက်တည်းမှာပင် သူ ခံစားလိုက်ရသည်။

“ငါ အရိုက်ခံလိုက်ရတာလား။”

“သူ့ကို  တစ်ချက်မှ ပြန်မတိုက်လိုက်ရဘဲ ငါ အရိုက်ခံလိုက်ရတာလား။”

All Chapters