( အတွင်းချီကို ညီမျှစေတဲ့ ဖျော်ရည်လား?)
Vol. 5 Ch. 66
ယွဲ့ရှုယန်ရဲ့ အမြဲလိုလို အေးစက်ပြီး တည်ငြိမ်သော မျက်နှာတွင် ပြောင်းလဲမှု တစ်ချို့ ဖြစ်လာခဲ့၏။ သူမရဲ့ လက်တွေက အမြန်ဖမ်းဆုတ်ပစ်ချင်တာမို့ အနည်းငယ် တုန်ယင်နေသည်။
သူမက လက်ဖက်ရည် အရမ်း ကြိုက်တဲ့သူလေ။
မက်မွန်လက်ဖက်ရည်လား? နာမည်နဲ့တင် သူမကို အတော်လေး ဆွဲဆောင်နိုင်နေပြီပင်။
ထိုအချိန်မှာ ယွဲ့ရှုယန်က လက်ဖက်ရည် ထားထားသော ရေခဲသေတ္တာဆီ သွားနေပြီး ဟွာဖေးရှုက အာလူးကြော် ထည့်ထားသော စင်ဆီကို သွားလိုက်သည်။
ဟွာဖေးရှု ထုတ်ပိုးပုံကို အသေးစိတ် လေ့လာရင်း သူမရဲ့ ခေါင်းကို စောင်းလိုက်သေး၏။ ဒါကလဲ သူမ အရင်က မမြင်ဖူးတဲ့ ထူးဆန်းတဲ့ ထုတ်ပိုးပုံ နောက်တစ်မျိုးပဲ.. ချောမွေ့ တောက်ပတဲ့ ဒီဇိုင်းကြောင့် မျက်လုံးထဲ တန်းဝင်ရောက် နိုင်သည်။
သူမ တစ်ထုပ်ယူကြည့်လိုက်သည်။
ရှ..
သူမ ခဏရပ်သွားလေ၏။ အထဲက တစ်စုံတစ်ခုက လှုပ်နေတာပင်။ သိချင်တာမို့ သူမ အနည်းငယ် ယမ်းကြည့်လိုက်၏။
အထဲက အပိုင်းသေးသေးလေးတွေ လှုပ်ရှားတာမို့ အသံတစ်ချို့ပင် ထွက်လာသေးသည်။
“ အာလူးကြော်”
အထုတ်ပေါ်က မရင်းနီးတဲ့ နာမည်ကို ဟွာဖေးရှု ဖတ်ကြည့်လိုက်သည်။
“ အငန်အရသာတဲ့လား?”
အာလူးဆိုတာ ဘာမှန်း သူမ မသိပါချေ။ ဒါပေမဲ့ အငန်အရသာတဲ့လား? ဒါကိုတော့ သူမ ကောင်းကောင်းသိသည်။ ဒီတော့ ငန်တဲ့ အစားအသောက်တစ်ခုခု ဖြစ်မှာပဲ။
သိချင်စိတ်ကြောင့် သူမ ကောင်တာဘက်ကို လှည့်ကြည့်လိုက်သည်။
“ သူဋ္ဌေးဟောင် အာလူးကြော် ဆိုတာ ဘာလဲ?”
ကောင်တာကို သုတ်နေတဲ့ ဟောင် က မော့ကြည့်လိုက်သည်။ ထို့နောက်မှာ တစ်ချက် ရယ်လိုက်၏။
‘ ကျင့်ကြံရေးလောကမှာ အာလူးမရှိဘူးနဲ့ တူတယ်?’
သူ ခေါင်းညိတ်လိုက်ပြီး အရှေ့တိုးလိုက်သည်။
“ အာလူးဆိုတာ အသီးအနှံ တစ်မျိုးပဲ။ သူက မြေအောက်က အပင်ရဲ့အမြစ်မှာ ပေါက်တာ”
“ အပြားဆိုတာကတော့”
လေထဲကို လက်တစ်ဖက် မြှောက်လိုက်ရင်း သူ ဆက်ပြောသည်။
“ တစ်စုံတစ်ခုကို ပါးပါးလေး ဖြတ်ထားတာကိုပြောချင်တာ။ ဒီတော့ အာလူးပြားကြော်ဆိုတာ မြေအောက်က ရတဲ့ အာလူးသီးဆိုတဲ့ အသီးအနှံရဲ့ ပါးလွှာတဲ့ အချပ်ပဲ။ အဲ့ဒါကို ကြွတ်လာတဲ့အထိ ဆီပူနဲ့ ကြော်ထားတယ်။ အဲ့ဒီနောက်မှာ အရသာရှိအောင် အပေါ်ကနေ ဆားဖြူးထားတာပဲ”
နားလည်သွားတာကြောင့် ဟွာဖေးရှုရဲ့ မျက်လုံးတွေ လက်သွားသည်။
“ အိုး! ဒီတော့ မြေအောက်မှာ ပေါက်တဲ့ ဂျင်ဆင်းမြစ်လိုပေါ့”
“ ဒါပေမဲ့ ရေပူနဲ့ပွက်အောင် ပြုတ်မဲ့အစား ပါးပါးလေးလှီးပြီး ဆီပူနဲ့ ကြော်ထားတာလား?”
ဟောင် ခေါင်းညိတ်လိုက်သည်။
“ အဲ့ဒီလိုပေါ့”
ဟွာဖေးရှု အိတ်ကို ကြည့်နေရင်း ဒီအာလူးကြော်က သူမကို ဂျင်ဆင်းမြစ် စားသလိုမျိုး အကျိုးများ ပေးနိုင်မလား သိချင်မိသည်။ ထို့နောက်မှာ သူမရဲ့ အကြည့်က ဈေးနှုန်းနေရာကို ရောက်သွားလေ၏။
“ ဝိညာဥ်ကျောက်တုံးငါးတုံး?”
သူမ မျက်မှောင်ကြုတ်လေပြီ။
ဒါက ဆိုင်မှာ ဈေးအကြီးဆုံး ပစ္စည်းပဲ!
သူမ သက်ပြင်းတစ်ချက် ချပြီး သိုလှောင်လက်စွပ်ကို အသာအယာ ပွတ်လိုက်သည်။
“ ငါ့ရဲ့ပိုက်ဆံလေးတွေ.. ငါတို့ အခုထိ အမဲမလိုက်ရသေးတော့ နည်းနေပြီ”
ထို့နောက်မှာ ဟွာဖေးရှုက ရေခဲသေတ္တာနားရှိ မက်မွန်လက်ဖက်ရည်ဗူးကို လက်နှစ်ဖက်နဲ့ ကိုင်ထားတဲ့ ယွဲ့ရှုယန်ကို ကြည့်လိုက်သည်။
“ ငါတို့ဒီကို နေ့တိုင်း.လာနေကြတာ”
“ ဒီပုံနဲ့ဆို ဒီဆိုင်ကြောင့် ငါ မွဲတော့မှာပဲ”
သူမ ပြောသာပြောနေသော်ငြား.အာလူးကြော် ထုတ်ကို မချသေးပါချေ။ ထိုအစား သူမက ပိုပြီးတင်းကျပ်စွာ ကိုင်ထားသေး၏။
ဟွာဖေးရှု ယွဲ့ရှုယန်ရဲ့ အနားကို အသနားခံမှု အပြည့်ပါနေသော မျက်လုံးများနဲ့ လျှောက်သွားလိုက်သည်။
“ မမကြီး..” ဟွာဖေးရှု တိုးတိုးလေး ခေါ်လိုက်လေသည်။
ယွဲ့ရှုယန် သေချာပေါက် ကောင်းကောင်း နားလည်တာပေါ့။
သူမ အားလူးကြော်အိတ်ကို တစ်လှည့်၊ သူမ ညီမရဲ့ စကားပြောနေတဲ့ မျက်လုံးများကို တစ်လှည့် ကြည့်လိုက်သည်။ ထို့နောက်မှာ သက်ပြင်းဖွဖွသာ ချလိုက်တော့သည်။ သူမ လက်မြှောက်ပြီး ဟွာဖေးရှုရဲ့ နဖူးကို ခပ်ဖွဖွ တောက်လိုက်လေ၏။
“ ဒီတစ်ကြိမ်ပဲ”
ဟွာဖေးရှု ပျော်ရွှင်မှုတွေ လှိုက်တက်သွားသည်။ ရှက်ရွံ့မှု တစ်စက် မပြဘဲ ဟွာဖေးရှု လက်နှစ်ဖက်နဲ့ ယွဲ့ရှုယန်ကို ခါးမှဖက်လိုက်၏။
“ ကျေးဇူးပါမမကြီး! မမကြီးက အကောင်းဆုံးပဲ! မမကြီးရဲ့ ကျေးဇူးတွေက သမုဒ္ဒရာလောက် နက်ရှိုင်းပါတယ်!”
ယွဲ့ရှုယန်ရဲ့ မျက်နှာက လုံးဝ မပြောင်းလဲချေ။ ဒါပေမဲ့ မက်မွန်လက်ဖက်ရည်ကို ကိုင်ထားတဲ့ သူမရဲ့ လက်ချောင်းများက ဖျော့တော့စွာ ဗူးကို ခေါက်နေပုံကို ကြည့်တာနဲ့ သူမရဲ့ စိတ်အခြေအနေ ကောင်းနေမှန်း သိနိုင်သည်။
ကောင်မလေးနှစ်ယောက်သည် သူတို့ လိုချင်တဲ့ ပစ္စည်း အသီးသီးကို ယူလိုက်ကြ၏။
တစ်ယောက်ချင်းဆီက ခေါက်ဆွဲတစ်ဗူးဆီလဲ ယူလိုက်ကြသည်။ အမဲသားအရသာ အစပ်တစ်ဗူးနဲ့ ကြက်သားအရသာ အချိုတစ်ဗူးဆီပင်။
ဟွာဖေးရှုကတော့ သံပုရာဆိုဒါနဲ့ အာလူးကြော် တစ်ထုတ်ကိုပါ ယူလိုက်သည်။
ယွဲ့ရှုယန်ကတော့ လက်တစ်ဖက်မှာ မက်မွန် လက်ဖက်ရည်ကို ရတနာတစ်ပါးလို သယ်ဆောင် ထားလေ၏။
ဒီလိုနဲ့ စုစုပေါင်း ဝိညာဥ်ကျောက်တုံး ၁၅ တုံး ပေးလိုက်ရသည်။
ငွေချေပြီးနောက်တွင် ကောင်မလေးနှစ်ယောက်သည် ထိုင်နေကျ ထောင့်လေးကို သွားလိုက်ကြသည်။ ဝယ်လာတဲ့ ပစ္စည်းများကို စားပွဲပေါ် တင်လိုက်ကြရင်း နှစ်ယောက်လုံး စားဖို့ အသင့်ဖြစ်နေပြီပင်။
ခေါက်ဆွဲကျက်ဖို့ သုံးမိနစ် စောင့်နေရချိန်မှာ ဟွာဖေးရှု ဆက် သည်းမခံနိုင်တော့ချေ။
သူမ အမြန်ပဲ အာလူးကြော်ထုတ်ဆီကို လက်လှမ်းလိုက်သည်။ သူမရဲ့လက်တွေက ရေခဲတုံးချွန်တစ်ခုလို ထက်လှသည်။
တစ်ချက်ထဲနဲ့ သူမ အိတ်ကို လွယ်ကူစွာ ဖောက်လိုက်၏။
တစ်ဖက်က ယွဲ့ရှုယန်လဲ မက်မွန်လက်ဖက်ရည်ကို လက်လှမ်းနေပြီ ဖြစ်သည်။ သူမ ခပ်ဖြည်းဖြည်းပဲ နူးညံ့စွာ တစ်ငုံသောက်လိုက်သည်။
‘ဟမ်း’
သူမ အရင်သောက်ဖူးတဲ့ ချိုနေတဲ့ အချိုရည်တွေလိုမဟုတ်ဘဲ ဒီမက်မွန် လက်ဖက်ရည်က ချိုခါးခါးလေးနဲ့ ပါးစပ်ထဲကို ချောမွေ့စွာ ဝင်ရောက်သွားလေ၏။
ကိုလာလို စူးရှမှု မရှိသလို သံပုရာဆိုဒါလိုမျိုး အချဥ်ဓာတ်လဲ မရှိဘူး။
‘ မက်မွန်လက်ဖက်ရည် အနိုင်ရသွားပြီ!’
သူမ ပိုပြီးသောက်လေလေ၊ မက်မွန် လက်ဖက်ရည်ကို ပို အသိအမှတ် ပြုမိလေလေပင်။ ဒီလက်ဖက်ရည်ရဲ့ လန်းဆန်းမှုက တစ်ခြားအချိုရည်တွေနဲ့ မတူညီလှစွာ ကိုယ်ပိုင်ဟန်လေး ရှိသည်။
သူ့ရဲ့ အရသာက အရမ်းလွှမ်းမိုးပြီး မကျန်ခဲ့ဘူး.. သဘာဝအတိုင်း ကျက်သရေရှိရှိနဲ့မို့ တစ်ငုံသောက်လိုက်တိုင်းမှာ သူ့ရဲ့ ထူးကဲတဲ့ အရသာထဲ ပျော်ဝင်သွားနိုင်သည်။
‘ သန့်စင်တယ်..’
အရသာက ချောမွေ့ပြီး လန်းဆန်းဖွယ် ဖြစ်တာမို့ သူမ မနေနိုင်စွာ ပြုံးလိုက်သည်။ ဒီလက်ဖက်ရည်တွင် သူမကို အာရုံစိုက်စေတဲ့ တစ်ခုခု ရှိနေသလိုပဲ။ ပြောရရင် သူမနဲ့ ဟာမိုနီ ကိုက်နေသလိုမျိုး ကိုယ်ထဲကို လိုက်ဖက်စွာ ဝင်ရောက်သွားခဲ့သည်။
တစ်ဗူးလုံး ကုန်သွားပြီးနောက်မှာ သူမ အံ့သြစွာ ခေါင်းအနည်းငယ် ယမ်းလိုက်သည်။ သူမ ဘယ်လောက် အမြန်ကြီး သောက်လိုက်မိမှန်း ကိုယ့်ကိုယ်ကို သတိ မထားမိခဲ့ဘူးပဲ။
‘ ကုန်ပြီလား?’
လက်ဖက်ရည်ရဲ့ ညီမျှတဲ့ခံစားချက်က အခုမှ ပိုရုပ်လုံးကြွလာခဲ့သည်။ လက်ဖက်ရည်ရဲ့ တည်ငြိမ်တဲ့အစွမ်းကို သူမ ခံစားနိုင်နေပြီ။ သူမရဲ့ အတွင်းချီကို တည်ငြိမ်အောင် လုပ်ပေးသွားသလိုမျိုးပဲ။ ကိုယ်အတွင်းက မညီမျှတဲ့ ပရမ်းပတာ အခြေအနေအားလုံးကို ဖြေရှင်းပေးသွားခဲ့သည်။
သူမရဲ့ ကိုယ်ထဲမှာ ကပ်ညှိနေတဲ့ ဖိအားတွေ ပျောက်ကွယ်သွားသည့်နှယ် တစ်ကိုယ်လုံး ပေါ့ပါးလာ၏။
ယွဲ့ရှုယန် ချက်ချင်းပဲ သဘောပေါက် သွားလိုက်သည်။ အတွင်းချီစွမ်းအင် မတည်ငြိမ်တဲ့ ကျင့်ကြံသူတွေနဲ့ ခန္ဓာကိုယ်ကို အကန့်အသတ် ရောက်တဲ့အထိ လေ့ကျင့်တတ်တဲ့ ကျင့်ကြံသူတွေအတွက် ဒီလက်ဖက်ရည်က အသင့်တော်ဆုံးပင်။
ဒါကသူတို့ရဲ့ ကိုယ်တွင်းမှာ ညီမျှမှုကို ဖန်တီးပေးနိုင်ပြီး သူတို့ကို ကူညီပေးနိုင်သည်။
သူမ အနေနဲ့တော့ အရမ်း မလိုအပ်ပါချေ။
ဒါပေမဲ့ သူမ ကြိုက်သည်။ အရသာကို တော်တော်လေး သဘောကျသည်။
‘ မဆိုးပါဘူး’ သူမ လက်ခံလိုက်၏။
ယွဲ့ရှုယန် ထို့နောက်မှာ အကြည့်ပြောင်းလိုက်လေသည်။
သူမ ညီမက အာလူးကြော်နဲ့ တိုက်ပွဲဆင်နွှဲနေတာ တစ်ဝက်လောက် ရောက်နေခဲ့ပြီပင်။
ယုန်တစ်ကောင် ကျွင်းတူးနေတဲ့ အတိုင်း ဟွာဖေးရှုက သူမရဲ့လက်ကို အာလူးကြော် အိတ်ထဲ ဆက်တိုက်နှိုက်နေ၏။ ပါးလွှာတဲ့ အချပ်အနည်းငယ်ကို ယူလိုက်ပြီး တစ်ထိုင်ထဲ ပါးစပ်ထဲ သွင်းလိုက်ပြန်သည်။
ဂျွတ်ဂျွတ်ဂျွတ်!
ယွဲ့ရှုယန် မျက်တောင်ခတ်လိုက်သည်။
ဟွာဖေးရှုရဲ့ နှုတ်ခမ်းထောင့်မှာ ကပ်နေတဲ့ အာလူးကြော် အကြေတွေကို မြင်နိုင်လေ၏။
‘ အဲ့လောက်ကောင်းတယ်လား?’
သူမလဲ တစ်ထုတ်လောက် ယူလိုက်သင့်ပြီလားဟု ယွဲ့ရှုယန် စဥ်းစားနေမိပြီ။