( ကြေးနီရောင် ခေါင်းဖြတ်စက်နဲ့ စာချုပ် ချုပ်ဆိုခြင်း)
Vol. 5 Ch. 70
တစ်ချက်ကြည့်လိုက်တာနဲ့ သာမာန် အလုပ် ခန့်အပ်နေသည့်အတိုင်းပင်။
ဒါပေမဲ့ စာချုပ်ကို ဖတ်နေရင်း သူ ပိုပိုပြီး လက်တွေ့မဆန်သလို ခံစားလာရသည်။
စာချုပ်က မျှတနေသည်။ အရမ်းကို မျှတနေတာပင်။
အလုပ်သမားတစ်ယောက်ရဲ့ အကျိူးခံစားခွင့်များကို ရှင်းလင်းစွာ ဖော်ပြထားသည်။
သင့်တော်တဲ့ အလုပ်ချိန်နဲ့ မျှတတဲ့ အခြေအနေ ရှိသည်။
ဘယ်လို အပြစ်ပေးမှုမျိုးမှ မရှိဘူး။
အဲ့ဒါတွေထက် ဘယ်လို ဂိုဏ်းနဲ့မှ မချည်နှောင်ထားဘူး။
ထျန်းလု မိနစ်အနည်းငယ် အတွင်းမှာ အကုန်လုံးကို ဖတ်လိုက်သည်။
သူ မြင်ရတဲ့အချက်တွေ အကုန်လုံးကို ကြိုက်သည်။
ထိုထဲက တစ်ချက်က သူ့ကို အဆွဲဆောင် နိုင်ဆုံးပဲ။
ကိုယ်ပိုင်အခန်း…
သီးသန့်ခန်းဆိုတဲ့အတွက် ပြီးပြည့်စုံတဲ့ ပုန်းခိုစရာနေရာပဲ။
ဒီတစ်ချက်နဲ့တင် စဥ်းစားဖို့ ထိုက်တန်နေပြီ။
အလကားကျွေးမဲ့ အစားအစာကိုတော့ သူ သိပ် ဂရုမစိုက်ပါချေ။
သူမှ စားသောက်ဖို့ မလိုတော့တာပဲ။
ပြီးတော့ သူ ဆယ်နာရီပဲ စောင့်ပေးဖို့ လိုမှာတဲ့?
ဒါက.. အရမ်းကို ရက်ရောတာပဲ။
ဒီလိုလွယ်တဲ့အလုပ်က လက်ရှိအလုပ် ဈေးကွက်ထက် နှစ်ဆလောက် ကောင်းနေသည်။
သူ မျက်နှာဖုံးအောက်မှ မျက်မှောင်ကြုတ်လိုက်သည်။
ဒါ တစ်ကယ်ကော ဟုတ်ရဲ့လား?
ဒါမှမဟုတ် ဒီတစ်ဆိုင်လုံးက ဒေါင်းယောင်ဆောင်သော ကျီးများဖြစ်နေမလား?
ထျန်းလုရဲ့ မျက်နှာကို မမြင်ရသော်ငြား ထိုလူ ဘာတွေးနေမလဲ ဟောင် သိပါသည်။
ဒီအတွက်လောက်နဲ့ သူ မျက်နှာမြင်ဖို့ မလိုအပ်ဘူး။
ထျန်းလုရဲ့ တွန့်ဆုတ်နေမှုကို အထင်းသား မြင်နေရတာပဲ။
“ စိတ်မပူပါနဲ့”
“ မင်း စာချုပ် ဖတ်ပြီးပြီပဲ။ နှစ်ဖက်လုံးအတွက် မျှတတယ်”
‘မျှတတယ်?’ ထျန်းလု တွေးလိုက်သည်။
ဒါက မျှတတာထက် ပိုတယ်… အရမ်းကောင်းလွန်းလို့ အစစ်မဟုတ်မှာတောင် စိုးနေရတာပဲ- အရမ်းကို အလုပ်သမားကို အခွင့်အရေးပေးနေပုံမျိုးပဲ!
သူ မတတ်နိုင်စွာ အတိတ်ကိုပင် အမှတ်ရမိသွား၏။
ဒီလို ကမ်းလှမ်းမှုမျိုးကိုသာ အရင်က ရခဲ့မယ်ဆိုရင် သူ့ရဲ့လမ်းကြောင်းကနေ လွဲချော်ခဲ့ပါအုံးမလား?
အတိတ်က ရွေးချယ်မှုနဲ့ ပတ်သတ်ပြီး နောင်တရမိတာမျိုး မဟုတ်သော်ငြား ထိုအတွေးကြောင့် သူခဏတော့ မှင်သက် သွားသည်။
နောက်ဆုံးမှာ အသက်ပြင်းပြင်း တစ်ချက် ရှုသွင်းပြီး သူ သဘောတူလိုက်တော့သည်။
“ ငါ”
“ လက်ခံတယ်”
“ ဘယ်လို” “လုပ်”
ထျန်းလု ပြောလို့မပြီးခင်မှာပဲ ဟောင် အမြန် ဖြတ်ပြောလိုက်တော့၏။
‘ဒီကောင် ဒါမျိုးပြောနေလို့ကတော့ လတ်မှတ်ထိုးဖို့အရေး ငါအဖြေရဖို့ စောင့်ရသလို သုံးနှစ်သုံးမိုး ကြာတော့မှာပဲဟ’
“ မင်း စာချုပ်ပေါ်ကို သွေးတစ်စက်လောက် ချလိုက်ပါ။ ဒါဆိုပြီးပြီ”
ထျန်းလု မျက်တောင်ခတ်လိုက်သည်။
“ ကောင်းပြီ”
လက်တစ်ဖက်က စာချုပ်ကိုင်ထားရင်း ထျန်းလု နောက်တစ်ဖက်ကို လှုပ်ရှားလိုက်သည်။ သူ့ရဲ့ လက်ချောင်းက စက်ဝိုင်ပုံ ဓားကောက်ကို ကိုင်လိုက်ကာ သေးငယ်သော ပြတ်ရှရာကို ဖြစ်ပေါ်စေလိုက်၏။
လက်ချောင်းထိပ်တွင် သွေးတွေ စုလာခဲ့သည်။
ထို့နောက်မှာ ထျန်းလုက လက်မကို သုံးပြီး သွေးကို စာချုပ်ရဲ့ အောက်ခြေတည့်တည့်ကို တောက်ထုတ်လိုက်သည်။
“ ပြီးပြီ”
“ ကောင်းတယ်”
ဟောင် အလုပ်ရှုတ်ခံပြီး နာမည် မေးမနေတော့ချေ။
ယွဲ့ရှုယန်နဲ့ ဟွာဖေးရှု ရှိနေတာမို့ သူတို့တွေ ဘယ်သူဘယ်ဝါမှန်း ခန့်မှန်းနိုင်သွားလိမ့်မည်။
ထို့ကြောင့် သူ စနစ်ကို အလိုအလျောက် အချက်အလက်များ ဖြည့်လိုက်ဖို့ရာ ပြောထားပြီးသားပင်။
ထျန်းလုရဲ့ လက်ပေါ်ကနေ စာချုပ်က တစ်ချက်လင်းသွားပြီးနောက်မှာ ဟောင် ရှိရာကို ပျံသွား၏။
ဟောင်ရဲ့ လက်ပေါ်မှာ ရပ်သွားပြီး တစ်ဆိုင်လုံး ထိတ်လန့်မှုကြောင့် အသံတစ်ချက် မထွက်ကြတော့ပေ။
ထိုသုံးယောက်လုံး အံ့အားသင့်သွားကြ၏။
ပျံအောင်လုပ်တာက အရမ်းအံ့သြဖို့ ကောင်းတဲ့အရာမဟုတ်ဘူး။ သူတို့ရဲ့ ဓားတွေနဲ့လဲ အလွယ်တကူ လုပ်လို့ရသည်။
ဒါပေမဲ့အခု.. အခုက မတူဘူး။
ဟောင် ရဲ့ ဆီကနေ ဘယ်လိုအစွမ်းရဲ့ အရိပ်အယောင်တစ်စက်မှ မပြသလို ချီစွမ်းအင်လဲ တစ်စက်တောင် အာရုံခံလို့ မရခဲ့ဘူး။
ဒါက ဒီတိုင်း လင်းပြီးတော့..ပျံသွားတာပဲ!
“ အဲ့ဒါဘာလဲ?”
ထျန်းလု အတွေးတွေ ချက်ချင်း မထိန်းချုပ် နိုင်လိုက်ပေ။
ဟောင် စာချုပ်ပေါ်ကို လက်ဖိလိုက်ကာ အဆုံးသတ်လိုက်လေသည်။
စာလိပ်ရဲ့ လင်းနေမှုက ပိုပြီးကြီးထွားလာကာ အလင်းဖြာထွက်မှုကြီး ဖြစ်ပေါ်ပြီးနောက်မှာ…
ဆွစ်ရ်ှ!
အလင်းက ချက်ချင်းပျောက်သွားပြီး စာချုပ်ပါ ပျောက်ကွယ်သွားသည်။
ထျန်းလု၊ ယွဲ့ရှုယန်နဲ့ ဟွာဖေးရှုတို့ စာချုပ်ရှိခဲ့တဲ့ နေရာကို မမြင်ဖူးသလို စိုက်ကြည့်နေကြရင်း မြင်တွေ့ခဲ့တဲ့ အရာကို မယုံနိုင်ဖြစ်နေသည်။
( ဂုဏ်ယူပါတယ် ပိုင်ရှင်။ ဒုတိယမြောက် ဆိုင်အစောင့်ကို အောင်မြင်စွာ ခန့်အပ်နိုင်သွားပါပြီ။ ထျန်းလုရဲ့ ဝတ်စုံနဲ့ နာမည်ကဒ်ကို ဂိုထောင်ကို ပို့ပေးထားပါ့မယ်။ ဆိုင်ကို ပိုအောင်မြင်အောင် အလုပ်ကြိုးစားကြပါ)
ဟောင် ပျော်ရွှင်စွာပြုံးလိုက်ပြီး ထျန်းလုကို လက်တစ်ဖက် ကမ်းပေးလိုက်သည်။
“ ဆိုင်က ကြိုဆိုပါတယ် လု။ ငါ့အထင် ဒါက မင်းနာမည် ဖြစ်မယ်”
ထျန်းလု ဟောင်ရဲ့ လက်ကို စိုက်ကြည့်နေရင်း တိတ်ဆိတ်စွာ စဥ်းစားနေလေ၏။
ထို့နောက်မှာ သူ လက်ဆွဲနှုတ်ဆက်လိုက်တော့သည်။
“ သူဋ္ဌေး”
ဟောင် ခေါင်းညိတ်လိုက်သည်။
“ ငါက ဟောင် ပါ”
ဟွာဖေးရှုနဲ့ ယွဲ့ရှုယန် ဗလာဖြစ်စွာ မျက်တောင် တဖြတ်ဖြတ် ခတ်လိုက်လေ၏။
သူမတို့ရဲ့ အသိစိတ်က လက်တွေ့မြင်ခဲ့ရတဲ့ ကိစ္စကို ကောင်းမွန်စွာ သဘောမပေါက် နိုင်သေးဘူး။
အစောပိုင်းက တည်ရှိမှုနဲ့တင် သူမတို့ကို ခြောက်လန့်ခဲ့တဲ့သူက…
အခု အလုပ်သမားဖြစ်လာပြီတဲ့လား?
ဒီတိုင်းပဲပေါ့?
ဟောင် သူမတို့ဘက်ကို ခေါင်းလှည့်ကြည့်လိုက်သည်။ သူ ခြေဖျားပါထောက်လိုက်ပြီး အရပ်ပိုရှည်အောင် ကြိုးစားလိုက်သည်။
“ မင်းတို့နှစ်ယောက် ဆိုင်ကို ခဏ ကြည့်ထားပေးမလား? ငါ အမြန် ပြန်ခဲ့ပါ့မယ်”
“ ဈေးဝယ်ဝင်လာရင်လဲ စောင့်နေဖို့သာ ပြောလိုက်ပါ။ ဟုတ်ပြီလား?”
“ သိပြီ သူဋ္ဌေးဟောင်”
“ နားလည်ပါပြီ အကိုကြီး”
ဟောင် ထျန်းလု ဘက်ကို လှည့်လိုက်သည်။
“ ငါ့နောက်ကို အရင်လိုက်ခဲ့ပါ။ မင်းရဲ့ ဝတ်စုံကို ယူရအောင်”
သူတို့တွေ အနောက်ထဲ ဝင်သွားလိုက်ကြ၏။
ဆိုင်ရဲ့ ဂိုထောင်သည် ဆိုင်ထက်တောင် ကြီးမားကာ ကျယ်ပြန့်သည်။
နေရာ အစီအရင်များလား?
ထျန်းလု ခန့်မှန်းမိပြီးသားပင်။ သူ့ရဲ့ သူဋ္ဌေးက သာမာန်သူ မဟုတ်လောက်ဘူး။
‘ သူ့ထက်တောင်မှ ပိုသန်မာနိုင်သေးသည်’
ဂိုထောင်ထဲ ရောက်သောအခါတွင် ဂိုထောင်အလယ်မှာ ကတ်ထူဗူးတစ်ခု ရှိနေ၏။
အထဲက ဝတ်စုံသည် ခူရိုမီနှင့် ပုံစံတူဖြစ်ပြီး.. လူသားတစ်ယောက် အရွယ်ဖြစ်သွားခြင်းသာ ကွာခြားသည်။
ဘေးတွင် မဲပြောင်နေသော ဖိနပ်တစ်ရံပါ ရှိသေးသည်။
ထိပ်ဆုံးတွင် နာမည်ပြားလေးရှိသည်။
“ထျန်းလု”
ထျန်းလု ထိုနေရာတင် ရပ်သွားခဲ့သည်။
ထူးဆန်းတဲ့ ခံစားချက်တစ်ခုက သူ့ထဲကို ဝင်ရောက်လာသည်။
ဒါတွေအကုန်လုံးက အခု သူနဲ့သက်ဆိုင် သွားပြီပေါ့?
သူ့ရဲ့ အတွေးတွေကို ချက်ချင်း တားဆီး လိုက်သည်။
အတွေးလွန်နေလို့ မဖြစ်ဘူး။
အမှန်တော့ သူ ရိုးသားစွာ သဘောကျနေမိလေ၏။
ဘေးမှ ဟောင်ရဲ့ အသံ ထွက်လာခဲ့သည်။
“ ကြိုက်လား? မင်း ဝတ်ကြည့်လို့ရတယ်”
ထျန်းလု မော့ကြည့်လိုက်သည်။
“ ကျေးဇူးတင်ပါတယ်..”
“ သူဋ္ဌေး”
ဟောင် လက်မ ထောင်ပြလိုက်ကာ
“ ငါမင်းကို ဆိုင်ထဲမှာ စောင့်နေမယ်”
ထျန်းလု စစ်သားတစ်ယောက်လို အလေးပြုလိုက်ပြီး အဝတ်လဲဖို့ ပြင်လိုက်တော့သည်။
အချိန်သိပ်မကြာလိုက်ပေ။ သူ လဲပြီးသွားခဲ့ပြီ။
တစ်ခုချင်းဆီက သူ့အတွက် တိုင်းချုပ်ထားသလိုမျိုး ကွက်တိကျလှ၏။ မကျပ်နေသလို မချောင်လဲ မချောင်ဘူး။ ကွက်တိပင်။
သူ့ရဲ့ ညာဘက်တွင် အနက်ရောင် တုတ်ချောင်းကို ချိတ်ထားပြီး စက်ဝိုင်းပုံ အမြွှာဓားကိုတော့ ဘယ်ဘက်တွင် ချိတ်လိုက်သည်။
ထို့နောက်မှာ သူ ဂိုထောင်မှ ထွက်လာခဲ့သည်။
ဆိုင်ရှိ မီးအလင်းများက ဝင်ရောက်လာသူ အပေါ် ဖြာကျနေခဲ့သည်။ ဆိုင်ထဲသို့ လူအသစ် တစ်ယောက်ဝင်လာသလို မိန်းကလေးနှစ်ယောက် ခံစားလိုက်ရသည်။
တူညီတဲ့ သူဖြစ်သော်ငြား တူညီတဲ့ တည်ရှိမှုမျိုး မဟုတ်တော့ဘူး။
သူ့ရဲ့ပုံက ပိုပြီး ရှင်းသန့်ကာ ထက်မြက်ပုံရှိသည်။
အရိပ်ကျနေပုံ လျော့နည်းသွားပြီး ရည်မှန်းချက်ရှိတဲ့သူတဲ့ ပိုတူလာခဲ့သည်။
သူ့ရဲ့ အရှိန်အဝါက မပြောင်းလဲသေးပေ။ လေးလံပြီး ရှိန်ဖို့ကောင်းဆဲပဲ။
ဒါပေမဲ့ အရင်ကလောက် မပြင်းထန်တော့ချေ။
ဟောင် မော့ကြည့်ကာ ပြုံးသွားပြီး
“ ကြည့်လို့ကောင်းတယ် လု”
ထျန်းလု အနည်းငယ် ဦးညွတ်လိုက်ပြီး
“ သူဋ္ဌေး”
“ ငါ”
“အလုပ်”
“လုပ်ချင်တယ်”
ဟောင် ခေါင်းသာ ရမ်းလိုက်တော့သည်။
“ကောင်းပြီ ကောင်းပြီ”
သူ စင်အနားကို သွားပြီး အာလူးကြော် တစ်ထုပ် သွားယူလိုက်သည်။
ထို့နောက်မှာ မက်မွန်လက်ဖက်ရည် တစ်ဗူးပါ ယူလိုက်သည်။
သူ ချောမွေ့စွာ ထျန်းလု ရှိရာကို ပစ်လိုက်၏။
ထျန်းလုကလဲ လက်တစ်ဖက်ထဲနဲ့ ဖမ်းလိုက်သည်။
သူ့ရဲ့ လက်မနဲ့လက်ညိုးက ဗူးကို ဝိုက်လိုက်ချိန်မှာ လက်ညိုးနဲ့ လက်သူကြွယ်ကို သုံးပြီး အာလူးကြော်ထုပ်ကို ဖမ်းလိုက်သည်။
တစ်ချက်တောင် ခက်ခဲဟန်၊ တုန်လှုပ်ဟန် မရှိချေ။
ပြီးပြည့်စုံတဲ့ ပစ္စည်းဖမ်းစကေး ဖြစ်သည်။
ဟောင် အနည်းငယ် လေချွန်လိုက်ပြီး
“ ဒါမှပေါ့”
စာစဉ်ပြီး၏