← Chapters

သိုင်းပညာ တံခွန်စိုက်ပွဲ

Vol. 1 Ch. 51

သိုင်းပညာ တံခွန်စိုက်ပွဲ

Vol. 1 Ch. 51

တနင်္ဂနွေနေ့ မနက်၌ ကျိုးထျန်ဟောက်၏ တန်ဖိုးကြီး ကားလေးက ရေကန်ပတ်လမ်း အတိုင်း မောင်းနှင်လျက် ရှိသည်။

ချန်းဖန်အပြင် ဆရာကော၊ ကျိုးထျန်ဟောက်၊ အားပျောင်နှင့် အခြားသော သက်တော်စောင့် ဆယ်ယောက်ခန့်က ပြိုင်ပွဲ ကျင်းပရာသို့ သွားကြမှာ ဖြစ်သည်။

စုစုပေါင်း ကားက ငါးစီးဖြစ်ကာ ကျိုးထျန်ဟောက်နှင့် ချန်းဖန် လိုက်ပါလာသော ကားအား အားပျောင် ကိုယ်တိုင် မောင်းပေးသည်။

"ကျွန်တော်တို့က တုန်းကျန်းနယ်ကို သွားကြမှာလား"

ချန်းဖန်က မေးလိုက်သည်။

"ဟုတ်တယ် အဲဒီက မြေကွက်တွေက ဈေးကြီးတယ်လေ အဲဒါကြောင့် သိုင်းပညာ တံခွန်စိုက်ပွဲကို နှစ်တိုင်း အဲဒီမှာပဲ ကျင်းပတယ်"

ကျိုးထျန်ဟောက်က ရှင်းပြသည်။

"ကျုပ်တို့ ဟူတုန်းနယ်နဲ့ တုန်းကျန်းနယ်ရဲ့ ကြားထဲမှာ ချင်ရန်ဆိုတဲ့ နယ်မြို့‌သေးသေးလေးတစ်ခု ရှိတယ် အဲဒီနယ်တစ်ဝိုက်က လူတွေက သိုင်းပညာကို အရမ်း မြတ်နိုးကြတယ် နှစ်တိုင်း ဒီလို အချိန်ဆိုရင် သူတို့ ရွာထဲတွေမှာ နပန်းပွဲတွေ ကျင်းပလေ့ရှိကြတယ် တခြားနယ်က နပန်းပွဲကို ပါဝင်ချင်တဲ့သူတွေ၊ ကြည့်ချင်တဲ့ သူတွေကလည်း ရောက်လာကြတဲ့ ဒီအချိန်လောက်ဆို အဲဒီမှာ လူတော်တော် စည်တယ်"

ကျိုးထျန်ဟောက်က ငယ်ရွယ်ခဲ့စဉ်က အချိန်များကို တမ်းတ နေဟန်ရသည်။

"စီးပွားရေး ကိစ္စတွေကို ခဏဘေးဖယ် ထားလိုက်ရင် သိုင်းပညာ တံခွန်စိုက်ပွဲက သိုင်းပညာ လမ်းစဉ်ရဲ့ ဆရာ့ဆရာကြီးတွေ အတွက် ပွဲကြီးတစ်ခုပဲ တုန်းကျန်းနယ်နဲ့ အဝေးကြီးမှာ ရှိတဲ့ တခြားနယ်တွေက လူချမ်းသာတွေကတောင် ပွဲကြည့်ဖို့သက်သက် ရောက်လာ တတ်ကြတယ် တံခွန်စိုက်ပွဲ လုပ်တဲ့ အချိန်တွေဆို လူစည်လွန်းလို့ နယ်ခံတွေရဲ့ စီးပွားရေး အတွက်တောင် အတော် အထောက်အကူ ဖြစ်တယ် နှစ်တွေ ကြာလာတော့ သိုင်းပညာ တံခွန်စိုက်ပွဲက တုန်းကျန်း နယ်ခံတွေအတွက် ပိုက်ဆံရှာရလွယ်တဲ့ ပွဲကြီး ဖြစ်လာပါလေရော"

"နားလည်ပြီ"

ချန်းဖန်က ခေါင်းညိတ် လိုက်သည်။

ချူကျိုးမြို့မှ တုန်းကျန်းနယ် အထိ နှစ်နာရီခန့်သာ ကားမောင်းရသည်။ နယ်နှစ်ခု၏ ကြားရှိ အနားသတ် နေရာသို့ ရောက်လာတော့ ကားပြတင်းပေါက် အပြင်ဘက်မှ ရှုခင်းများက သိသိသာသာ ပြောင်းလဲ သွားသည်။

ချူကျိုးမြို့က ပင်လယ်ကမ်းခြေ ဒေသဖြစ်သော ဟူတုန်းနယ်၏ မြောက်ဘက်တွင် တည်ရှိသည်။ ထို့ကြောင့် ချူကျိုးမြို့၏ စီးပွားရေး အနေအထားမှာ တောင်ဘက်ပိုင်းရှိ မြို့များလောက် မတိုးတက်ပေ။ တုန်းကျန်းနယ် ကတော့ ပိတ်မိနေသော မြေအနေအထား ပတ်ဝန်းကျင်ကြောင့် စီးပွားရေး အနေအထားမှာ ချူကျိုးမြို့ထက်ပင် ဆိုးသေးသည်။

ကျဉ်းမြောင်းသော လမ်းများ၏ ဘေးတစ်ဖက် တစ်ချက်စီတွင် ညစ်ပတ်သော တဲကုပ်များကို တွေ့ရသည်။ ချူကျိုးမြို့ထက် ငါးနှစ်စာလောက် တိုးတက်မှု နောက်ကျ နေသည်ဟု ချန်းဖန်က မှတ်ချက် ချလိုက်သည်။

ချင်ရန် နယ်မြို့‌လေးသည်ကား ချန်းဖန် ငယ်ငယ်က သွားလည်ဖူးခဲ့သော ကျေးလက် ဒေသများနှင့် တူပြီး အချိန်က ဤနေရာတွင် ကွက်၍ ရပ်တန့်နေပုံရကာ နေရာ၏ အပြင်အဆင် ပုံပန်းသဏ္ဌာန် အားလုံးက ၁၉၈၀ခုနှစ်သို့ ပြန်ရောက် သွားသလိုပင် ခံစားရစေသည်။

ချန်းဖန်တို့ ကားတန်းလေးက ချင်ရန်နယ်မြို့‌လေး အတွင်းသို့ ဝင်ရောက် လာပြီးနောက် သုံးထပ် အဆောက်အအုံ တစ်ခု၏ ရှေ့၌ ရပ်တန့်လိုက်ကြသည်။

"သူဌေးကျိုး နောက်ဆုံးတော့ ရောက်လာပြီပဲ"

တစ်စုံတစ်ယောက်က ဝင်ပေါက်တွင် အသင့် ရပ်စောင့်လျက် ကျိုးထျန်ဟောက်အား မျှော်နေပုံရသည်။

"ဆရာချန်း ဆရာကော ဒါက ချင်ရန်နယ်က သူဌေးကျန်းတဲ့"

ကျိုးထျန်ဟောက်က ပျင်းရိပျင်းတွဲ ပုံစံနှင့် အိမ်ပိုင်ရှင် သူဌေးကျန်းအား မိတ်ဆက်ပေးသည်။

"မဟုတ်တာ ကျွန်တော့်ကို သူဌေးတပ်ခေါ်ဖို့ မလိုပါဘူး ရှောင်ကျန်းလို့ ခေါ်ရင် ရပါပြီ"

သူဌေးကျန်း ဆိုသူက အလျင်အမြန် တုံ့ပြန်လာသည်။

ရွာငယ်လေးတစ်ခုမှ နယ်ခံတစ်ယောက် အတွက်မူကား ကျိုးထျန်ဟောက်မှာ မမှန်းဆ နိုင်လောက်အောင် အစွမ်းထက်သူ ဖြစ်နေသည်။ ကျိုးထျန်ဟောက်ထံမှ အရေးပေးမှု သေးသေးလေးက သူဌေးကျန်းအတွက် အိပ်မက်ထဲ၌ပင် ပြုံးနေစေ နိုင်လောက်အောင် ကြီးကျယ်သည်။

"ဒါက ဆရာချန်းလား"

သူဌေးကျန်းက မေးလိုက်သည်။

"ဟုတ်တယ် ဆရာချန်းက တတိယ သခင်ကြီးရဲ့ မိတ်ဆွေပဲ"

ကျိုးထျန်ဟောက်က ဝင်ပြောလိုက်သည်။

စိတ်လှုပ်ရှားမှုက သူဌေးကျန်း၏ မျက်နှာပေါ်၌ ဖြတ်ပြေးသွားပြီး ချန်းဖန်၏ လက်အား လက်နှစ်ဖက်နှင့် တရိုတသေ ဆွဲကာ နှုတ်ဆက် လေသည်။

"ဘုရားရေ တတိယ သခင်ကြီးရဲ့ မိတ်ဆွေတဲ့လား အခုလို တွေ့ရတာ ကျွန်တော် အရမ်းကို ဂုဏ်ယူမိပါတယ်"

ဝေ့မိသားစုသည်ကား တရုတ် တစ်ပြည်လုံးက သိကြသော အိမ်ထောင်စုကြီး တစ်ခုဖြစ်ရာ သူဌေးကျန်းက တတိယ သခင်ကြီးဝေ့၏ မိတ်ဆွေ တစ်ယောက်နှင့် တွေ့ခွင့်ရခြင်းအပေါ် လွန်စွာ ဂုဏ်ယူနေသည်။

ချန်းဖန်မှာ အရမ်း ငယ်သေးသည်ကို မြင်ရတော့ သူဌေးကျန်းက ချန်းဖန်သည် မိသားစုကြီး တစ်ခုမှ သခင်လေး ဖြစ်ရမည်ဟု ထင်မှတ် သွားခဲ့သည်။ မဟုတ်လျှင် ဒီလောက် ငယ်ငယ်ရွယ်ရွယ်နှင့် တတိယ သခင်ကြီး၏ မိတ်ဆွေ မဖြစ်နိုင်ပေ။ ထိုသို့တွေးလိုက်ပြီး သူဌေးကျန်း၏ မျက်နှာပေါ်ရှိ အပြုံးကြီးမှာ ပို၍ အသက်ဝင်လာကာ ချန်းဖန်ကိုလည်း ရိုခိုးဦးချမတတ် ရိုသေနေတော့သည်။

"ဒီတစ်ခေါက်က ဆရာချန်း မင်းတို့ရွာကို လာလည်တာ ပထမဦးဆုံး အကြိမ်ပဲ ဆရာချန်းကို သေချာ ဂရုစိုက်ပါ"

ကျိုးထျန်ဟောက်က ‌မှာလိုက်သည်။

"ကျုပ်ကိုသာ ယုံထားလိုက်ပါ သူဌေးကျိုး"

ကိုယ့်အတွေးနှင့်ကိုယ် ဟုတ်နေသော သူဌေးကျန်းက ရင်ကိုကော့လျက် ယုံကြည်မှု အပြည့်နှင့် ပြောလိုက်သည်။

အားလုံး သုံးထပ် အဆောက်အအုံ အတွင်း ဝင်ခဲ့တော့ ငယ်ရွယ်လှပသော မိန်းကလေးများ၏ ဆီးကြို နှုတ်ဆက်ခြင်းကို ခံလိုက်ရသည်။ ထိုမိန်းကလေးများက ငယ်ရွယ်ကြပြီး မိတ်ကပ် လိမ်းမထားသော မျက်နှာလေးများက ဖြူစင် ဝင်းမွတ် နေကြသည်။

မိန်းကလေးများထဲမှ တစ်ယောက်က ချန်းဖန်၏ ဘေးတွင် ထိုင်လိုက်သည်။ သူမကား အားလုံးထဲတွင် အငယ်ဆုံးနှင့် ဆွဲဆောင်မှု အရှိဆုံးဖြစ်သည်။

စောင့်ဆိုင်း နေကြစဉ်အတွင်း သူမက ချန်းဖန်အား စကားစမြည် ပြောလာသည်။

သူမ၏ အမည်က အားရှို့ ဟူ၍ ဖြစ်ပြီး မွေးချင်း မောင်နှမ များပြားသော မိသားစုတစ်ခုမှ ဆင်းသက် လာသည်။  သူမ၏ မိသားစုက သားသမီးတိုင်းအား တက္ကသိုလ် ထားပေးရန် မတတ်နိုင်သောကြောင့် အထက်တန်းတွင်ပင် ကျောင်းထွက် လိုက်ရသည်။ သို့သော် သူမတွင် လှပသော ရုပ်ရည်လေး ရှိသောကြောင့် အစိုးရ ဟိုတယ်တစ်ခု၌ စားပွဲထိုးမယ် ဖြစ်လာခဲ့သည်။

နေ့လယ်စာ စားပြီးကြသည့်နောက် ချန်းဖန်က ရွာနီးစပ်ချုပ်၌ လှည့်လည် ကြည့်ရှုရန် အကြံပြု လိုက်သည်။

သူဌေးကျန်းက ချင်ရန်နယ်ခံများမှာ အေးစက်စက် နှင့် ဒေါသ ထွက်လွယ်သူများ ဖြစ်ကြောင်း ရှင်းပြရင်း တစ်ယောက်တည်း လမ်းလျှောက် ထွက်မည့်အစား အားရှို့ကိုပါ အဖော်ခေါ်သွားရန် အကြံပြုသည်။ စကားပြောနေရင်းနှင့် သူဌေးကျန်းက အားရှို့အား အဓိပ္ပာယ်ပါသော အကြည့် တစ်ချက်နှင့် လှမ်းကြည့်လိုက်သည်။

အားရှို့က ရှက်သွေးဖြန်းသွားကာ ခေါင်းငုံ့ သွားလေသည်။

သိုင်းပညာ တံခွန်စိုက်ပွဲက ရက်အနည်းငယ် ရှည်ကြာပြီး နောက်ဆုံး နေ့မှသာလျှင် ကျန်းပေ့နယ်မှ အချမ်းသာဆုံးသော စီးပွားရေး လုပ်ငန်းရှင်များ၏ တိုက်ပွဲက စတင်တာ ဖြစ်သည်။ နောက်ဆုံးတွင်တော့ အချမ်းသာဆုံးသော သူကသာလျှင် အား‌အကောင်းဆုံး တိုက်ခိုက်ရေး သမားအား ဖိတ်ခေါ်နိုင်ပြီး အနိုင် ရရှိကြသည်။

တချို့ ချမ်းသာသော အမျိုးသား၊ အမျိုးသမီးများက လုပ်ငန်းရှယ်ယာ ခွဲဝေခြင်းတွင် မပါဝင်လျှင်ပင် ပြိုင်ပွဲအား စိတ်ဝင်စား ကြသောကြောင့် လက်မှတ် ဝယ်ယူကာ လာရောက်ကြည့်ရှု တတ်ကြသည်။

ချန်းဖန်က ရွာလမ်းအတိုင်း လမ်းလျှောက်နေရင်း ခရီးသည်များက သူ့အုပ်စုနှင့်သူ သွားလာ နေကြသည်ကို မြင်ရသည်။ ထိုလူများ၏ ဈေးကြီးသော အဝတ်အစားများနှင့် ဖျော့တော့သော အသားအရေများကို ကြည့်ခြင်းဖြင့် နယ်ခံမဟုတ်ဘဲ မြို့ပေါ်မှ လာသူများဖြစ်ကြောင်း အတတ်သိနိုင်သည်။

လာရောက် လည်ပတ်သူများထဲ၌ လက်ထပ်ပြီးကာစ လူငယ်စုံတွဲများ၊ ကျောင်းသားများ၊ သက်လတ်ပိုင်း လူကြီးနှင့် မိန်းမငယ်လေး စုံတွဲအား ခြံရံထားသော သက်တော်စောင့်များ စသဖြင့် စုံလင်လှသည်။ အားလုံးက သိုင်းပညာ တံခွန်စိုက်ပွဲ အတွက် ရောက်ရှိ လာကြခြင်း ဖြစ်သည်။

"တံခွန်စိုက်ပွဲရဲ့ အချိန်ဇယားက ဘယ်လိုမျိုးလဲ"

ချန်းဖန်က မေးလိုက်သည်။

အားရှို့က ရှက်တတ်သော မိန်းကလေး တစ်ယောက် ဖြစ်ပြီး သူမ အသံလေးကလည်း တိုးညှင်းလှသည်။

"တံခွန်စိုက်ပွဲက ညနေပိုင်းတွေမှာ ကျင်းပတယ် များသော အားဖြင့်တော့ နယ်ခံတွေ နပန်းပွဲ လုပ်တဲ့ စင်ပေါ်မှာပဲ လုပ်လေ့ရှိတယ် တံခွန်စိုက်ပွဲ ပြီးသွားတဲ့အခါ နယ်ခံတွေက မီးပုံပွဲ လုပ်‌ကြတယ် နပန်းပွဲကတော့ အပျော်သဘော လောက်ပါပဲ ဒီတော့ ပေးတဲ့ ဆုတွေကလည်း အရမ်း မမြင့်ဘူး ဒါပေမဲ့ တံခွန်စိုက်ပွဲကတော့ မတူဘူး ဝင်ပြိုင်တဲ့ သူတွေကလည်း သာမန် တိုက်ခိုက်ရေး သမားတွေ မဟုတ်ကြဘူးလေ"

သေချာ ရှင်းပြပြီးနောက် အားရှို့၏ မျက်လုံးလေးများက အနည်းငယ် ရီဝေ သွားခဲ့သည်။

အားရှို့က ငယ်စဉ်ကပင် ရွာသူ တစ်ယောက် မဖြစ်ချင်ခဲ့ဘဲ မြို့သို့ တက်ကာ အလုပ်တစ်ခုလုပ်ပြီး မြို့သား တစ်ယောက်နှင့် လက်ထပ်ချင်ခဲ့သည်။ သို့သော် သူမ၏ အဆင့်များက အရမ်း မကောင်းခဲ့ရာ သူမ မိသားစုက သူမအား ကျောင်းထုတ်ပြီး အစ်ကို ဖြစ်သူကိုသာ တက္ကသိုလ် ဆက်တက် စေခဲ့သည်။

ချန်းဖန်က အားရှို့၏ ရုတ်တရက် တိတ်ဆိတ်သွားမှုအား သတိထားမိသည်။ သို့သော်လည်း သူက ထိုမိန်းကလေးအား ထူးမခြားနားစွာပင် ကြည့်နေလိုက်သည်။

နှစ်ငါးရာခန့် ရှင်သန်ခဲ့ပြီးနောက် ချန်းဖန်က သေမျိုး‌လူသားတို့၏ ဒုက္ခ၊ သုခ ပေါင်းစုံအား အလေးထား၍ လိုက်မခံစားချင်တော့ပေ။ အကယ်၍ သူသာ သာမန် ဆယ့်ခြောက်နှစ်အရွယ် ကောင်လေး တစ်ယောက် ဆိုပါက ထိုမိန်းကလေး၏ ဘဝအတွက် စိတ်မကောင်းခြင်း ကြီးစွာ ခံစားရပြီး ဤရွာလေးမှ ထွက်သွားနိုင်ရန် ကားလက်မှတ်တွေ ဘာတွေပင် ဖြတ်ပေးကောင်း ဖြတ်ပေး နိုင်သေးသည်။

အားရှို့က သတိပြန်ဝင်လာပြီး ပုံမှန်အတိုင်းပင် ချန်းဖန်အား ရွာနီးစပ်ချုပ် တစ်ဝိုက် လိုက်လံ ပြသပေးသည်။

နှစ်ယောက်သား မိန်းလမ်းမပေါ်၌ လမ်းလျှောက် နေကြစဉ်မှာပဲ လမ်း၏ ဆန့်ကျင်ဘက် အခြမ်းမှ လျှောက်လာသော လူတစုအား တွေ့လိုက်ရသည်။

ထိုလူစု၏ ယုံကြည်မှု အပြည့်ရှိသော အမူအရာများကို ကြည့်ရသော် ၎င်းတို့၏ ခေါင်းဆောင်မှာ အင်အားနည်းသူ မဟုတ်ကြောင်း  ခန့်မှန်းနိုင်သည်။ လူစု၏ အလယ်၌ ချန်းဖန်က ရှုအောင်းကို မြင်လိုက်ရသည်။

ထိုလူစုက သူတို့ သွားမည့်လမ်းနှင့် ပိတ်နေလေရာ ချန်းဖန်က ရပ်တန့်လိုက်ရသည်။

ရှုအောင်းကလည်း ချန်းဖန်အား မြင်သွားသည့်နောက် ခေတ္တမျှ ရပ်တန့်သွားပြီး မျက်မှောင်ကုတ်ကာ မေးလိုက်လေသည်။

"မင်းက ဒီကို ဘာလာလုပ်တာလဲ"

***

All Chapters