ရွာထဲ၌ အမှတ်မထင် ဆုံတွေ့ခြင်း
Vol. 1 Ch. 52
"သူဌေးရှု"
ချန်းဖန်က ခေါင်းညိတ် နှုတ်ဆက်ရုံသာ ပြုပြီး ပြန်မဖြေပေ။
ရှုအောင်းက ချန်းဖန်၏ အပြုအမူကြောင့် မကျေမနပ် ဖြစ်သွားသော်လည်း လူမြင်ကွင်း၌ ဖိနှိပ်ရန်လည်း မသင့်တော်။ သူက ရိုးရှင်းစွာပင် ချန်းဖန်အား ပြောလိုက်သည်။
"ဒီည ချင်ရန်ဟိုတယ်မှာ ငါ့ကိုလာရှာ"
ထို့နောက် သူက စကားတစ်ခွန်းမှ မဆိုတော့ဘဲ ချန်းဖန်ဘေးမှ ဖြတ်ကာ ထွက်သွားတော့သည်။
ချန်းဖန်နှင့် အားရှို့က ကျဉ်းမြောင်းသော လမ်း၌ ထိုလူစု ဖြတ်သွားနိုင်ရန် လမ်းဖယ် ပေးလိုက်ကြသည်။ လူစုထဲမှ အများစုက ချန်းဖန်အား စူးစမ်းလိုဟန် ကြည့်လာကြသည်။ တချို့လူများမှာ အတွင်းအား ပညာရှင်များ ဖြစ်ကြသော်လည်း ချန်းဖန်က ဂရုမစိုက်ပေ။
ရှုအောင်းနှင့် ဘေးချင်းယှဉ်ကာ လျှောက်နေသော ဗလတောင့်တောင့်နှင့် လူတစ်ယောက်က မေးလိုက်သည်။
"သခင်ကြီးရှု အဲဒီကလေးက ဘယ်သူလဲ"
"ငါ့ရဲ့ တူဝမ်းကွဲတစ်ယောက်ပါ သူဒီမှာ ဘာလာ လုပ်နေတာလဲ မသိဘူး"
ရှုအောင်းက မျက်နှာ သိပ်မကောင်းသော်လည်း ပြန်ဖြေလိုက်သည်။
"ဟား ... ဟား... သိုင်းပညာ တံခွန်စိုက်ပွဲက ဒီနေ့ခေတ် ကလေးတွေကြားမှာ ရေပန်း စားတယ်လေ"
ထိုလူက ရယ်ကာ ပြောလိုက်သည်။
"ခင်ဗျားတူရဲ့ ဘေးနားက ကောင်မလေးက အတော်မိုက်တယ် ခင်ဗျားတူနဲ့ အတူတူ ရှိနေလို့သာပေါ့ မဟုတ်ရင် အကွက်လေး တစ်ကွက်လောက် ရွှေ့တော့မလို့ပဲ"
ရှုအောင်းက နှာခေါင်းသာ ရှုံ့လိုက်မိသည်။
ထိုဗလတောင့်တောင့် လူကား မြို့တော်မှ သူဌေးတစ်ယောက် ဖြစ်ကာ မိန်းမ လိုက်စားမှုကြောင့် နာမည်ကြီးသည်။ သို့သော်လည်း ရှုအောင်းနှင့်အတူ ရှိနေခြင်းကြောင့် သူက အနည်းငယ် ဆင်ခြင်နေခြင်း ဖြစ်သည်။
'ဒီကောင်က ချူကျိုးမြို့မှာ ကျတော့ ငါ့သမီးနဲ့၊ အခု ချင်ရန်ကိုလည်း ရောက်ရော နောက်ထပ် မိန်းကလေး တစ်ယောက်နဲ့၊ ငါကန်းနေမှပဲ ဒီကောင်ကို ငါ့သမီးနဲ့ စိတ်ချမယ်'
ထိုသို့ အတွေးနှင့် ရှုအောင်း၏ မျက်မှောင်ကြီးက ပို၍ ကျုံ့လာရသည်။ ချန်းဖန်အပေါ် သူ၏ အမြင်မှာ တဖြည်းဖြည်း ယိုယွင်းလာပြီ ဖြစ်သည်။
ထိုလူစု ထွက်သွားတော့မှ အားရှို့က ရင်ဘတ်လေး ဖိလျက် ပြောသည်။
"အဲဒီလူတွေက အရမ်း ကြောက်ဖို့ ကောင်းတာပဲ အထူးသဖြင့် ဗလတောင့်တောင့် ထိပ်ပြောင်ပြောင်နဲ့လူ သူ ကျွန်မကို ကြည့်တဲ့ပုံက ကြောက်စရာကြီး"
သူမက မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း ချန်းဖန်အား မေးသည်။
"အစ်ကိုချန်း ရှင်သူတို့ကို သိတာလား"
"အင်း သူတို့ထဲက ခေါင်းဆောင်ကိုတော့ သိတယ် သူ့နာမည်က ရှုအောင်း "
ချန်းဖန်က ပြောသည်။
"ဟိုင်တုန်းက ရှုအောင်း"
အားရှို့က အကျယ်ကြီး ထအော်လိုက်ရာ လမ်းသွားလမ်းလာ တချို့က လှည့်ကြည့်ကြသည်။ သူမက ချန်းဖန် လက်မောင်းအား ဆွဲကာ လူများနှင့် ဝေးရာသို့ ဆွဲခေါ်လာရင်း အလန့်တကြား မေးလေ၏။
"အစ်ကိုချန်းက ရှုအောင်းကို သိတယ် အာ ... ဟုတ်သားပဲ အစ်ကိုချန်းက သူဌေးကျန်းရဲ့ အထူး ဧည့်သည်တော်ပဲဟာ ရှုအောင်းကိုသိတာ ဘာများ ထူးဆန်းလို့လဲ"
"မင်းလည်း ရှုအောင်းကို သိတာလား"
ချန်းဖန်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
ရွာသူမိန်းကလေး တစ်ယောက်ကပင် ဒီနာမည်ကို သိရလောက်အောင် ရှုအောင်းက ကျော်ကြားသည်လား
"သူဌေးအောင်း အတွက် အလုပ်လုပ်ပေးနေတဲ့ လူတော်တော်များများကို ကျွန်မ သိတယ်"
စကားပြောရင်း အားရှို့က ရွာပြင်နားရှိ ဈေးရုံတစ်ခုသို့ ချန်းဖန်အား ခေါ်ဆောင်လာသည်။ ဈေးရုံက ပွဲကြည့်ပရိသတ်တို့နှင့် ပြည့်နှက်နေသည်။ ရွာသားများ၏ အရေအတွက်နှင့် လာရောက် လည်ပတ်သူများ၏ အရေအတွက်က ညီတူညီမျှပင် ဖြစ်နေသည်။
စတိတ်စင်ကလည်း တော်တော်လေး ကျယ်ဝန်းပြီး ယှဉ်ပြိုင်သူ သုံးယောက်ခန့် ဆံ့သည်။
စင်ပေါ်တွင် ယှဉ်ပြိုင်သူ တချို့က နပန်းလုံးနေကြသည်။ ပွဲကြည့်ပရိသတ်များထံမှ အော်ဟစ် အားပေးသံများကလည်း ဆူညံလို့ နေသည်။
ချန်းဖန်က နပန်းပွဲအား ကြည့်နေရင်းနှင့်ပင် စိတ်ဝင်စားမှု လျော့နည်းလာသည်။ စင်ပေါ်တွင် နပန်းလုံး နေသူများက ခန္ဓာကိုယ်ကိုသာ အားကိုးပြီး မည်သည့် ပညာသားမှ မပါဝင်ပေ။ ထိုနပန်းသမားများက အားပျောင်လောက်ပင် မသန်မာရာ လင်းပေါင်နှင့် ယှဉ်ကြည့်ဖို့က အဝေးကြီးမှာပင်။
ချန်းဖန်လည်း အားရှို့ကို ခေါ်ကာ ပြန်တော့မည့် ဆဲဆဲမှာပဲ လူအုပ်ထဲတွင် ရှိနေသော မိန်းကလေးတစ်စုထံမှ ခေါ်သံတစ်ခုအား ကြားလိုက် ရလေသည်။
"ချန်းဖန်"
ချန်းဖန် ခဏမျှ ရပ်တန့် သွားပြီးနောက် လှည့်ကြည့် လိုက်သည်တွင် ကမ်းခြေများ၌ ဆောင်းသည့် ခပ်ကြီးကြီး ဦးထုပ်မျိုးနှင့် နေကာမျက်မှန်တစ်လက် တပ်ထားသော မိန်းကလေး တစ်ယောက်ကို မြင်လိုက်ရသည်။ သို့သော် ထိုမိန်းကလေးအား သူ မသိပါချေ။
"ကျွန်တော့်ကို သိတာလား"
"ငါက ယန်လီလေ နင့်ဝမ်းကွဲအစ်မရဲ့ အချစ်ဆုံး သူငယ်ချင်းဆိုလည်း ဟုတ်တယ် အခန်းဖော်ဆိုလည်း ဟုတ်တယ်လေ မမှတ်မိဘူးလား"
ထိုမိန်းကလေးက ပြောရင်းနှင့် နေကာမျက်မှန်အား ချွတ်လိုက်သည်တွင် လှပသော မျက်နှာ သေးသေးလေး ထွက်ပေါ် လာသည်။ သူမ၏ အလှကား ချန်ဝမ်အောက် မလျော့ပေ။
"အာ ... အစ်မလီလီ"
နောက်ဆုံးတော့ ချန်းဖန် မှတ်မိသွားခဲ့သည်။
သူမကား ချန်းဖန်၏ ဝမ်းကွဲအစ်မ ချန်းနဉ်၏ အခန်းဖော် ဖြစ်သည်။ ချန်းဖန် ကျင်းမြို့တော်မှ ချန်းနဉ်ဆီသို့ အလည် သွားခဲ့စဉ်က ချန်းနဉ်၏ မိတ်ဆက်ပေးမှုကြောင့် တကြိမ် တွေ့ဖူးကြသည်။ နှစ်ငါးရာခန့် အလွန်က တကြိမ်သာ တွေ့ဖူးသူအား ပြန်လည် မှတ်မိရန် ချန်းဖန် မနည်း စဉ်းစားလိုက်ရသည်။
အစ်မလီလီက ဒီကို ဘာလာ လုပ်တာများလဲ ချန်းဖန်က တွေးလိုက်မိသည်။
ချန်းနဉ်က ချန်းဖန်၏ အဖေဘက်မှ တော်စပ်သော အစ်မဝမ်းကွဲဖြစ်ကာ ကျင်းမြို့တော် တက္ကသိုလ်တွင် တက်ရောက်နေသည်။ ယခုနှစ်ဆိုလျှင် စတုတ္ထနှစ် ဖြစ်လောက်သည်။
ချန်းဖန် အဖေ၏ မိသားစုက အမေဘက်က ဝမ့်မိသားစုကို မမီသော်လည်း ကျင်းမြို့တော်တွင် ဂုဏ်သိက္ခာရှိ မိသားစုကြီး တစ်ခုဖြစ်သည်။
ချန်းမိသားစုက ပညာတတ်မိသားစု ဖြစ်ပြီး ကလေးများ အားလုံးက ပညာရေးတွင် ထူးချွန်ကြသည်။ ချန်းနဉ်အား ဥပမာ ကြည့်လျှင် သူမသည် ထူးချွန်လှသော အဆင့်ရလဒ်များကြောင့် တရုတ်ပြည်၏ ထိပ်ဆုံး တက္ကသိုလ် ဆယ်ခုထဲမှ တစ်ခုတွင် တက်ခွင့် ရခဲ့သည်။ ချန်းဖန် မှတ်မိသလောက် ချန်းနဉ် ဘွဲ့ရပြီးနောက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပေး တစ်ယောက် ဖြစ်လာပြီး ဘဏ္ဍာရေး မန်နေဂျာ တစ်ယောက်နှင့် ဖူးစာဆုံကာ အေးချမ်း သာယာသော မိသားစု ဘဝလေးကို ဖန်တီးနိုင်ခဲ့သည်။ အတိတ်ဘဝက ချန်းဖန်၏ အလဲလဲအကွဲကွဲ ကျရှုံးများနှင့် နှိုင်းယှဉ်ရသော် လုံးဝ ဆန့်ကျင်ဘက်ပင်။
သို့သော်လည်း ထိုအရာများ အားလုံးက အတိတ် သက်သက်သာ။ ယခု ချန်းဖန်က သမိုင်းသစ်တစ်ခုကို ပြန်လည် ဖန်တီးရန် မွေးဖွားလာပြီ ဖြစ်သည်။
"အစ်မလီလီ ဒီမှာ ဘာလာလုပ်တာလဲ"
ယန်လီနှင့် တွေ့ဖူးခဲ့သည်မှာ နှစ်နှစ်ခန့် အကြာက ဖြစ်သော်လည်း သူမက သူ့အား မှတ်မိနေသည်ကို အံ့ဩနေရင်း ချန်းဖန်က မေးလိုက်သည်။
"ဟေး အဲဒါ ငါနင့်ကို မေးရမဲ့ မေးခွန်းပါနော်"
ယန်လီက လက်ပိုက်လိုက်ရင်း ချန်းဖန်အား သေချာ အကဲခတ်ကာ မေးသည်။
"ဒီအချိန်ဆို ကျောင်းတက်နေရမှာ မဟုတ်ဘူးလား ဒီကို ဘယ်သူတွေနဲ့ လာတာလဲ"
"ကျွန်တော့် သူငယ်ချင်းတွေနဲ့ပါ"
ယန်လီ၏ အစ်မကြီး တစ်ယောက်ကဲ့သို့ ဆိုဆုံးမနေသည့် ပုံစံက ချန်းဖန်အား ပြောစရာ စကားမရှိ ဖြစ်စေသည်။ သူက အသက် ငါးရာကျော်ပြီ ဖြစ်သော ကျင့်ကြံသူ တစ်ယောက် ဖြစ်သော်လည်း သာမန်လူများ၏ မျက်လုံးထဲတွင်တော့ ကလေးတစ်ယောက် ဖြစ်နေရသည်။
ယန်လီ၏ ဆူပူနေခြင်းအပေါ် ချန်းဖန် ကသိကအောက် ဖြစ်နေသည်ကို ကြည့်ရင်း အားရှို့က သူမ ပါးစပ်လေးကို လက်နှင့်ကွယ်လျက် တခိခိ ရယ်လိုက်သည်။
"ဒီမိန်းကလေးက ဘယ်သူတုံး ကောင်မလေးလား"
ယန်လီက အားရှို့အား သေချာ ကြည့်မိရင်းမှ ထိုမိန်းကလေး၏ အလှကြောင့် အံ့အားသင့် ရသည်။
အားရှို့က ရိုးရှင်း၍ သာမန်ဆန်သော အဝတ်အစားများကိုသာ ဝတ်ဆင် ထားသော်လည်း သူမ၏ သဘာဝအလှကြောင့် လူအုပ်ထဲတွင် ထင်းထွက်နေသည်။
"မဟုတ်ဘူး"
ချန်းဖန်က ကပျာကယာ ဖြေလိုက်ရ၏။
ချန်းဖန်က ငြင်းသော်လည်း အားရှို့ကမူ ရှက်သွေးဖြာ၍ ခေါင်းငုံ့သွားသည်။
"အိုကေ ... ငါနားလည်ပြီ"
ယန်လီက ချန်းဖန်အား 'ငါသိပါတယ်' ဟူသော အကြည့်တစ်ချက် ပေးလိုက်ရင်း ခေါင်းယမ်းသည်။
"ဒီနေ့ခေတ် ကလေးတွေကတော့ မလွယ်ဘူး ဒီလောက် ငယ်ငယ်လေးနဲ့ ရည်းစား ထားကြရုံတင် မကဘူး အန္တရာယ်များတဲ့ နေရာကိုတောင် အတူတူ ခရီးထွက် လာကြသေးတယ်"
ထို့နောက်တွင် ယန်လီ၏ သူငယ်ချင်းများက ချန်းဖန်တို့ စကားပြောနေရာသို့ ရောက်လာကြသည်။
ထိုလူစုထဲမှ ယန်လီ၏ ချစ်သူဟု ယူဆရသော လူငယ် တစ်ယောက်က မျက်မှောင်ကြုတ်လျက် မေးလာသည်။
"ရှောင်လီ ဒီနှစ်ယောက်က ဘယ်သူတွေလဲ"
ယန်လီ၏ သူငယ်ချင်းအုပ်စုက ယောက်ျားလေး သုံးယောက်နှင့် မိန်းကလေးနှစ်ယောက် စုစုပေါင်း ငါးယောက်ဖြစ်သည်။ ယောက်ျားလေး သုံးယောက်၏ မျက်လုံးများက အားရှို့အား မြင်သည်နှင့် တလက်လက် တောက်ပသွားကြသည်။
"ဒါက ရှောင်ဖန်နဲ့ သူ့ကောင်မလေး"
ယန်လီက မိတ်ဆက်ပေးသည်။
''ရှောင်ဖန်က ငါ့အချစ်ဆုံး သူငယ်ချင်းရဲ့ မောင်ဝမ်းကွဲလေးလေ"
"ဒါဆို သူတို့ကိုပါ ကိုယ်တို့နဲ့အတူ လျှောက်ကြည့်ဖို့ ဘာလို့ မခေါ်တာလဲ"
ပထမ မေးလိုက်သော လူငယ်ကပင် ပြောလာခြင်း ဖြစ်သည်။ စကား အသွားအလာအရ ထိုလူငယ်မှာ ယန်လီ၏ ကောင်လေး ဖြစ်ပုံရသည်။ ထိုလူငယ်က ခေါင်းစ ခြေဆုံး ဈေးကြီးသော အဝတ်အစားများအား စမတ်ကျကျ ဝတ်ဆင်ထားပြီး ခါးရှိ ခါးပတ်တွင် BMW သော့ချိတ်တစ်ခု ချိတ်ထားသည်ကို တွေ့ရသည်။
ယန်လီ့ကောင်လေးက ထပ်ပြောလိုက်သည်။
"တံခွန်စိုက်ပွဲမှာ အစ်ကိုကျန်းလည်း ဝင်ပြိုင်မလို့လေ သူက ခရိုင်အဆင့် စန်းရှိုး အဖွဲ့မှာ အသင်းဝင် တစ်ယောက်လည်း ဟုတ်တယ် ငါလောင်းရဲတယ် အစ်ကိုကျန်းက တခြားပြိုင်ပွဲဝင်တွေကို အသာလေး ကန်ထုတ်နိုင်လိမ့်မယ် ဆိုတာ"
အစ်ကိုကျန်းဆိုသူက ယန်လီ၏ အုပ်စုထဲမှ ယောက်ျားလေးများထဲတွင် အရပ်အရှည်ဆုံး ဖြစ်ပြီး အနက်ရောင် ကိုယ်ကျပ်အင်္ကျီကို ဝတ်ဆင်ထားသည်။ သူ၏ သန်မာသော လက်မောင်း ကြွက်သားများက နှစ်ပေါင်းများစွာ သေချာ လေ့ကျင့်ထားသူ ဖြစ်ကြောင်း ပြသနေသည်။
အစ်ကိုကျန်း ဆိုသူက ခေါင်းယမ်းရင်း ဝင်ပြောသည်။
"ငါက ဒီကို သိုင်းပညာ တံခွန်စိုက်ပွဲအတွက် လာခဲ့တာ၊ နပန်းလုံးဖို့ မဟုတ်ဘူး၊ စင်ပေါ်က နပန်းလုံးနေတဲ့ သူတွေကတော့ သူများ အထင်ကြီးအောင် ဘယ်လိုပဲ လုပ်ပြနေပါစေ သူတို့လောက်ကို ငါက အေးအေးဆေးဆေး အနိုင်ယူနိုင်တယ်"
အစ်ကိုကျန်းက အထင်သေးစွာ ပြောသည်။
တခြား လူများကလည်း အစ်ကိုကျန်း၏ စကားအား ထောက်ခံဟန်ဖြင့် ခေါင်းညိတ် လိုက်ကြသည်။
ချန်းဖန်က အစ်ကိုကျန်း၏ စကားများကို သဘောမကျသော်လည်း ဘာမှတော့ ဝင်မပြောပေ။ အစ်ကိုကျန်း ဆိုသူက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းလှသည်။ စန်းရှိုး ဆိုသည်မှာ ကမ္ဘာပေါ်ရှိ သိုင်းပညာရပ်ပေါင်း များစွာထဲမှ တစ်ခုသာ ဖြစ်သော်လည်း သူက လူတိုင်းကို ကျော်ဖြတ်လျက် အနိုင်ရမည်ဟု တွေးထင်နေသည်။
ယန်လီ့ကောင်လေးက အစ်ကိုကျန်း၏ ပြိုင်ပွဲအား အတူတူသွား၍ အားပေးရန် ချန်းဖန်တို့ကို အတင်းခေါ်လျက် ရှိသည်။
သို့သော်လည်း ထိုသို့ အတင်း ခေါ်နေခြင်းမှာ သူနှင့် ရင်းနှီးလို၍ မဟုတ်ဘဲ အားရှို့ကြောင့်သာ ဖြစ်ကြောင်း ချန်းဖန်သိသည်။
ချန်းဖန်က ဖိတ်ခေါ်မှုအား ငြင်းဆိုသော်လည်း ယန်လီ၏ အတင်းအကြပ် တွယ်ကပ်နေကာ မရမက ဆွဲခေါ်နေမှုကြောင့် ချန်းဖန်မှာ ထိုလူစုနှင့်အတူ ပါသွားရပြန်သည်။
***