← Chapters

တံခွန်စိုက်ပွဲ စတင်ခြင်း

Vol. 1 Ch. 53

တံခွန်စိုက်ပွဲ စတင်ခြင်း

Vol. 1 Ch. 53

အစ်ကိုကျန်းက ခရိုင်အဆင့် စန်းရှိုး အသင်းဝင် တစ်ယောက် ဖြစ်ရာ သူ့ပြိုင်ဘက်များအား အလွယ်တကူ အနိုင်ယူနိုင်သည်။ ပြိုင်ဘက် လူငယ်က အစ်ကိုကျန်း၏ ခြေကန်ချက် တစ်ချက်နှင့်တင် ပစ်လဲသွားသည်။ နိုင်ပွဲများ ဆက်လာသည့်နောက် ဘယ်သူကမှ အစ်ကိုကျန်းအား စိန်မခေါ်ကြတော့ပေ။

"ပျင်းစရာ ကောင်းတယ်"

အစ်ကိုကျန်းက ပြိုင်ပွဲ ကျင်းပရာ စင်ပေါ်မှ ဆင်းလာပြီးနောက် ညည်းညူလိုက်သည်။

"မင်းက အရမ်း အားကောင်းလွန်း နေတာကို"

ယန်လီ၏ ကောင်လေးကပါ ဝင်မြှောက်လိုက်သည်။

ယန်လီ့ကောင်လေး၏ အမည်မှာ ရှောင်ဝမ့်ဖြစ်ပြီး ကျင်းမြို့တော်ရှိ ချမ်းသာသော မိသားစုတစ်ခုမှ ဖြစ်သည်။ ထို့ကြောင့် ယန်လီကဲ့သို့ လှပသော မိန်းကလေး တစ်ယောက်နှင့် တွဲနိုင်ခြင်းမှာ မထူးဆန်းပေ။ ရှောင်ဝမ့် ကဲ့သို့ပင် ချမ်းသာသော သူငယ်ချင်းများက အစ်ကိုကျန်း အနားတွင် ဝိုင်းအုံနေကြသည်။

ချမ်းသာသော လူငယ်များက ထုံးစံအတိုင်း လွန်စွာ ပြဿနာ ရှာတတ်ကြသည်။ ထိုလူငယ်များ ဒုက္ခရောက်လာသည့် အချိန်တိုင်း အစ်ကိုကျန်းကို ဖုန်းဆက် လိုက်ရုံသာ။ အစ်ကိုကျန်း ရောက်လာပြီး ခရိုင်အဆင့် စန်းရှိုးအဖွဲ့ဝင် ဖြစ်ကြောင်း ပြောလိုက်ရုံနှင့်တင် တိုက်ခိုက်စရာ မလိုဘဲ ပြဿနာက ငြိမ်းပြီးဖြစ်သည်။ များသောအားဖြင့် လူငယ်အချင်းချင်း ပြဿနာ တက်ကြလျှင် ပါဝင်ကြသူများမှာ ကျောင်းသားများသာ ဖြစ်ကြရာ အစ်ကိုကျန်းကဲ့သို့ ပရော်ဖက်ရှင်နယ် တိုက်ခိုက်ရေးသမား တစ်ယောက်နှင့် မယှဉ်နိုင်ပေ။

အစ်ကိုကျန်း၏ ကာကွယ်မှုကို လိုအပ်သောကြောင့် ရှောင်ဝမ့်တို့ လူစုက အစ်ကိုကျန်းနှင့် ဆက်ဆံရေး ကောင်းရန်သာ ကြိုးစားကြသည်။

ယခုတစ်ခေါက် ချင်ရန်သို့ ခရီးစဉ်ကလည်း အစ်ကိုကျန်းအတွက် ရှောင်ဝမ့်က အထူးတလည် စီစဉ်ပေးထားခြင်း ဖြစ်သည်။ ရှောင်ဝမ့်က သူ့သူငယ်ချင်းများအား ဆွဲဆောင်မှုရှိသော မိန်းကလေးများကို အစ်ကိုကျန်းအတွက် တတ်နိုင်သလောက် များများ ခေါ်လာ ခိုင်းခဲ့သော်လည်း ကံမကောင်းစွာပင် သူတို့အုပ်စုထဲ၌ ယန်လီ့အပြင် အခြား မိန်းကလေး တစ်ယောက်သာ ပါလာခဲ့သည်။ ထိုမိန်းကလေးကလည်း သာမန် ရုပ်ရည်မျှသာ ရှိရာ အစ်ကိုကျန်းက စိတ်မစားပေ။

ထို့ကြောင့် အလွန်လှပသော အားရှို့အား တွေ့လိုက်ရသည့် အချိန်တွင် ရှောင်ဝမ့်က ပျော်ရွှင် သွားခဲ့သည်။ အကယ်၍ အစ်ကိုကျန်းက ထိုမိန်းကလေးအား အလိုမရှိလျှင်ပင် သူက ထိုမိန်းကလေးအား အရယူရန် ဆုံးဖြတ် ထားသည်။

အစ်ကိုကျန်းက အားရှို့အား မြင်ပြီး ကတည်းက မျက်လုံး မခွာတော့ပေ။ ထိုမိန်းကလေးအပေါ် အစ်ကိုကျန်း၏ စိတ်ဝင်စားမှုကို မြင်ရတော့ ရှောင်ဝမ့်က စိတ်ထဲ၌ အစီအစဉ်တချို့ ဆွဲလိုက်ပြီး အစ်ကိုကျန်းအား ပြောလိုက်သည်။

"ဒီမှာလည်း ဘာမှ ထူးထူးခြားခြား ကြည့်စရာ မရှိတော့ဘူး ဆိုတော့ သိုင်းပညာ တံခွန်စိုက်ပွဲ ကျင်းပတဲ့ နေရာကို သွားကြရအောင်"

ရှောင်ဝမ့်က ချန်းဖန်နှင့် အားရှို့အား ကြည့်ကာ ပြောလိုက်သည်။

"ရှောင်ဖန် မင်းတို့ နှစ်ယောက်လုံးက ငယ်သေးတယ် ဒီနယ်တစ်ဝိုက်က အရမ်း အန္တရာယ်များတာ ငါတို့နဲ့အတူ လိုက်ခဲ့ပါလား အစ်ကိုကျန်းရဲ့ ကာကွယ်မှုနဲ့ဆို မင်းတို့ကို ဘယ်သူကမှ လက်ဖျားနဲ့တောင် မထိစေရဘူး"

"ဟုတ်တယ် ရှောင်ဖန်ရဲ့ ငါတို့နဲ့အတူ လိုက်ခဲ့ပါလား ငါသာ နင့်ကို တစ်ယောက်တည်း ထားခဲ့ရင် ကျင်းမြို့တော်ကို ပြန်ရောက်ရင် နင့်အမက ငါ့ကို အပြစ်တင်လို့ ဆုံးမှာ မဟုတ်ဘူး"

ယန်လီကလည်း ရှောင်ဝမ့်စကားကို ဝင်ထောက်ခံသည်။

"မလိုတော့ပါဘူး”

ချန်းဖန်က မျက်မှောင်ကြုတ် လိုက်မိသည်။

သူက ထိုအုပ်စုနှင့် ပတ်သက်၍ မကောင်းသော ခံစားချက်များ ရနေသည်။ ယန်လီမှလွဲ၍ ကျန်လူများမှာ သူနှင့် ပထမဆုံးအကြိမ် တွေ့ဖူးကြခြင်း ဖြစ်ရာ ထိုမျှအထိ ကောင်းပြဖို့ မလိုပေ။

"ဘာကို မလိုရမှာလဲ ငါတို့နဲ့ လိုက်ခဲ့စမ်းပါ ခုန စင်ပေါ်မှာ လူတစ်ယောက် ခေါင်းကွဲသွားတာ မတွေ့ဘူးလား ဒီနေရာက အန္တရာယ် များလွန်းတယ် နင်ငါတို့နဲ့ မလိုက်ခဲ့ဘူးဆိုရင် နင့်အစ်မကို ဖုန်းဆက်ပြီး ပြောလိုက်မှာနော်"

ယန်လီက လုံးဝ လက်လျှော့မည့်ပုံ မရှိချေ။

"အာ..."

ချန်းဖန် ပြောစရာ စကားမရှိ ဖြစ်သွားရသည်။ ယန်လီ့ပုံစံကို ကြည့်ရသည်မှာ ပြောသည့်အတိုင်း လုပ်မည့်ပုံရှိသည်။ အကယ်၍ သူမသာ တကယ်ကြီး ချန်းနဉ်ထံ ဖုန်းဆက်လိုက်ပါက ချန်းဖန် တစ်ယောက် အတန်းတွေပြေးပြီး လျှောက်သွား နေခြင်းအား သူ့အမေ ဝမ့်ရှောင်ယွင် သိသွား ပေလိမ့်မည်။ ထိုပြဿနာကား အလွန်ကြီးပေသည်။

"ကောင်းပါပြီ ကောင်းပါပြီ"

ချန်းဖန်က မတတ်သာတော့ဘဲ လက်ခံ လိုက်ရတော့သည်။ မဟုတ်လျှင်လည်း သူက ဟိုနားသည်နား လျှောက်ကြည့်ဦးမည် ဖြစ်ရာ မည်သူနှင့်ပင် အတူသွားသွား ပြဿနာတော့ မရှိပါချေ။

ဤသို့နှင့် လူခုနစ်ယောက် ပါဝင်သော အုပ်စုတစ်စုက ကားနှစ်စီးနှင့်အတူ ချင်ရန်နယ်မြို့လေး၏ အစွန်အဖျားဘက်သို့ မောင်းခဲ့ကြတော့သည်။

သိုင်းပညာ တံခွန်စိုက်ပွဲ ကျင်းပရာ စင်မြင့်က နပန်းပွဲ ကျင်းပရာ စင်ထက် ပိုကြီးမားရာ ချင်ရန်မြို့ပြင်၌ တည်ဆောက် ထားသည်။

ချန်းဖန်တို့ ရောက်ရှိ သွားသောအခါ ကားအစီးပေါင်း များစွာက ပြိုင်ပွဲကျင်းပမည့် ကွင်းပြင်တွင် ပါကင်ထိုး ထားသည်ကို တွေ့လိုက်ရသည်။ ကွင်းပြင်အတွင်း၌ ရေကန်ငယ်လေးတစ်ခု ရှိပြီး ထိုရေကန်၏ နံဘေးတွင် ကြီးမားသော စက်ဝိုင်းပုံ နံရံတစ်ခုအား ရေစိုခံဖျင်များနှင့် ဆောက်လုပ် ထားသည်။ ပြိုင်ပွဲကျင်းပမည့် စင်က နံရံ အတွင်းဘက်တွင် ဖြစ်သည်။

လူတစ်ယောက် အတွက် လက်မှတ်တစ်စောင်လျှင် ယွမ်တထောင် ကျသင့်ပြီး ငွေသားနှင့်သာ ပေးချေရသည်။

ရှောင်ဝမ့်က အပေါ်ထပ် အင်္ကျီအိတ်ထဲမှ ပိုက်ဆံတစ်ထပ် ထုတ်လိုက်ပြီး ခုနစ်ယောက်လုံး အတွက် လက်မှတ် ဖြတ်လိုက်သည်။ သူက အားရှို့အား မသိမသာ လှမ်းကြည့်လိုက်ရာ ထိုမိန်းကလေး၏ မျက်လုံးများထဲတွင် အားကျလေးစားသည့် အရိပ်အယောင်များ တွေ့လိုက်ရ၍ ကျေနပ် သွားခဲ့သည်။

သူတို့ အားလုံး ရုံတွင်းသို့ ဝင်ခဲ့ကြသည်။ အတွင်းဘက်ရှိ နေရာများတွင် တစ်ဝက်ခန့်မှာ လူများ ပြည့်နေပြီး ဖြစ်သည်။ အနည်းဆုံး လူရာနှင့်ချီ၍ ရှိသည်။ သိုင်းပြိုင်ပွဲ မစတင်ခင် စင်ပေါ်၌ အကသမား၊ အဆိုသမားများက ဖျော်ဖြေ နေကြသည်။

များပြားလှသော စားပွဲထိုးမယ်များက ဘီကီနီများ ဝတ်၍ ပန်းကန်ပြားများ ကိုယ်စီနှင့် လူးလာခေါက်ပြန် လမ်းလျှောက် နေကြသည်။

ပန်းကန်ပြားများပေါ်၌ အဖျော် ယာမကာမျိုးစုံ၊ အသီးမျိုးစုံနှင့် သရေစာမုန့်များ ရှိနေသည်။ တစုံတစ်ယောက်က သောက်စရာ တစ်ခုခု အလိုရှိလျှင် စားပွဲထိုးမယ် တစ်ယောက်အား ခေါ်၍ အကြွေးကတ်နှင့် ငွေရှင်းနိုင်သည်။ သိုင်းပညာ တံခွန်စိုက်ပွဲအား ကြည့်ရှုရန် ရောက်ရှိနေသူ အများစုမှာ စူပါသူဌေးများ ဖြစ်ကြရာ အကြွေးကတ်ဖြင့်သာ ငွေရှင်းကြသည်။

ချန်းဖန်က တစ်ယောက်ချင်းစီအား လိုက်ကြည့်ရင်း ခေါင်းသာ ယမ်းမိသည်။

"တစ်ယောက်ယောက်များ အလှူအတန်းလေး ဘာလေး မလုပ်ချင်ဘူးလား"

ရှောင်ဝမ့်က လောင်းကစား စာရွက်များအား လက်ထဲတွင် ကိုင်ကာ ယမ်းပြရင်း သူ့သူငယ်ချင်းများအား မေးလိုက်သည်။

အစ်ကိုကျန်းက စန်းရှို့ တိုက်ခိုက်ရေးသမား တစ်ယောက်ဘက်မှ ယွမ်တစ်ထောင် လောင်းလိုက်ပြီး ကျန်လူများကလည်း သူတို့ မျက်စိကျရာ တိုက်ခိုက်ရေး သမားများအား အသီးသီး လောင်းလိုက်ကြသည်။

ယခုထက်ထိ လုံးလုံးလျားလျား မလောင်းရသေးသူ ဟူ၍ အားရှို့နှင့် ချန်းဖန်သာ ရှိသည်။

လောင်းကစားကြေးက အနည်းဆုံး ယွမ်တစ်ဆယ်မှ စသည်ကို ကြည့်ရင်း အားရှို့က ခေါင်းလေးယမ်းကာ နောက်ဆုတ် နေလိုက်သည်။ သူမ၏ အမူအရာကြောင့် ရှောင်ဝမ့်က တစ်ချက်ပြုံးကာ ပြောလိုက်သည်။

"စိတ်မပူပါနဲ့ မင်းမှာ ပိုက်ဆံမရှိရင် ကိုယ်ချေးပေးလို့ ရပါတယ် နောက်မှ ပြန်ဆပ်ပေါ့"

ရှောင်ဝမ့်က ချန်းဖန်အား တစ်ချက် လှမ်းကြည့်လိုက်သည်။

ရှောင်ဝမ့်အား အံ့ဩ သွားစေတာက ချန်းဖန်သည် အားရှို့နှင့် သူ့အား အဖက်မလုပ်ရုံသာမက တစ်ချက်မျှပင် လှမ်းကြည့်ခြင်း မရှိဘဲ မပြောင်းလဲသော အမူအရာနှင့် ရှိနေဆဲ ဖြစ်နေတာပင်။

ယန်လီက သိလိုစွာ မေးလိုက်သည်။

"သိုင်းပညာ တံခွန်စိုက်ပွဲ ဆိုတာက တရားမဝင်တဲ့ လှောင်အိမ် တိုက်ပွဲတွေလိုမျိုး မဟုတ်ဘူးလား"

ရှောင်ဝမ့်က ခေါင်းယမ်းသည်။

"လာနောက်နေတာလား ဒီနှစ်ခုက လုံးဝကို မတူတာ လှောင်အိမ် တိုက်ပွဲတွေက ဘာစည်းမျဉ်းမှ မရှိဘူး အနိုင်ရရင် ပေးတဲ့ ဆုကြေးကလည်း အရမ်းများတယ် တံခွန်စိုက်ပွဲက ကျတော့ မတူဘူး သူက လူမြင်ကွင်းမှာပဲ ကျင်းပတယ် တိကျတဲ့ စည်းမျဉ်း စည်းကမ်းတွေ ရှိတယ် စင်ပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် အကြီးအကျယ် ဒဏ်ရာရအောင် လုပ်ခွင့်မရှိဘူး ဒါပေမဲ့ အနိုင်ရသူကို ပေးတဲ့ ဆုကြေးကတော့ မက်လောက်စရာ မရှိဘူး ရူးကြောင်ကြောင်တွေ တွေးမနေစမ်းပါနဲ့ သိုင်းပညာ တံခွန်စိုက်ပွဲနဲ့ လှောင်အိမ် တိုက်ပွဲတွေက ဘယ်နေရာမှ မတူဘူး"

ယန်လီလည်း သူမ၏ အသိဉာဏ်နည်းသော မေးခွန်းကြောင့် ရှက်ရွံ့သွားပြီး ခေါင်းသာ ညိတ်နေတော့သည်။

ခဏကြာပြီးနောက် ပြိုင်ပွဲ၏ ပထမဆုံးအချီ စတင်လေသည်။ ပထမဆုံး ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် နှစ်ယောက်တွင် တစ်ယောက်က နိုင်ငံခြား ဘောက်ဆင်ကို လေ့ကျင့်သူ ဖြစ်ပြီး ကျန်တစ်ယောက်မှာ ကိုယ်တိုင် လေ့လာထားသော သိုင်းပညာကို အသုံးပြုသူ ဖြစ်သည်။ ထိုပြိုင်ပွဲဝင် နှစ်ယောက်၏ ရန်လိုသော အမူအရာများက ပွဲကြည့်ပရိသတ်များ၏ စိတ်အားထက်သန်မှုကို နှိုးဆွပေးနေသည်။

တိုက်ပွဲ စတင်သည်နှင့် ပြိုင်ပွဲဝင်များမှာ ပိုမို ရန်လိုစွာဖြင့် စတင် တိုက်ခိုက်ကြပြီး ကြည့်ရသည်မှာ ရင်ဖိုဖွယ် ကောင်းလှသည်။ တချို့သော ပွဲကြည့် ပရိသတ်များမှာ စိတ်ဓာတ် တက်ကြွလာကြပြီး ရှပ်အင်္ကျီများကို ဝှေ့ယမ်းကာ မိမိတို့ လောင်းထားသော ပြိုင်ပွဲဝင်အား အော်ဟစ် အားပေးနေကြသည်။

တိုက်ပွဲတစ်ခု ပြီးသည့်နှင့် အနိုင်ရရှိသွားသော တိုက်ခိုက်ရေးသမား ဘက်က လောင်းထားသူများ၏ ဝမ်းသာအားရ အော်ဟစ်သံများက ဆူညံ သွားတော့သည်။

"တော်လိုက်တာ အစ်ကိုကျန်း လောင်းထားတဲ့သူပဲ နိုင်သွားပြန်ပြီ"

ရှောင်ဝမ့်က စိတ်လှုပ်ရှားစွာနှင့် ထိုင်ခုံမှ ခုန်ထလိုက်ပြီး လေထဲသို့ လက်သီး တစ်ချက် ခွင်းလိုက်သည်။

အစ်ကိုကျန်းကတော့ ဂုဏ်ယူနေသော အပြုံးတစ်ခုကိုသာ ချိတ်ဆွဲထားသည်။ သူက ပရော်ဖက်ရှင်နယ် တိုက်ခိုက်‌ရေးသမား တစ်ယောက် ဖြစ်ရာ အခြားသော ပြိုင်ပွဲဝင်များ၏ အားသာချက်၊ အားနည်းချက်များအား သာမန်လူများထက် ပို၍ မြင်နိုင်စွမ်း ရှိသည်။

အားရှို့ပင်လျှင် တိုက်ပွဲများကြောင့် စိတ်လှုပ်ရှား လာသည်။

ရှောင်ဝမ့်က အားရှို့အနားသို့ နောက်တစ်ကြိမ် ရောက်လာပြီး မေးပြန်သည်။

"ရှောင်ဖန် အားရှို့ မင်းတို့ မလောင်းကြတော့ဘူးလား အစ်ကိုကျန်း တစ်ယောက်လုံး ရှိနေမှတော့ မင်းတို့ ပိုက်ဆံတွေ လုံးဝ ဆုံးရှုံးမှာ မဟုတ်ဘူး ငါမင်းတို့ကို ချေးထားပေးမယ်လေ နောက်မှ ပြန်ပေးလို့ရတယ်"

"ကောင်း ... ကောင်းပြီလေ"

အားရှို့က တုံ့ဆိုင်းတုံ့ဆိုင်းနှင့် ပြောလိုက်သည်။ သူမက ချန်းဖန်များ တားလေမလား ဟူ၍ တစ်ချက် လှမ်းကြည့် လိုက်သော်လည်း ချန်းဖန်၏ မပြောင်းလဲသော အမူအရာကြောင့် အံကြိတ် လိုက်မိသည်။ ထို့နောက် သူမက ရှောင်ဝမ့်၏ ကမ်းလှမ်းမှုအား လက်ခံ လိုက်လေသည်။

ရှောင်ဝမ့်၏ မျက်လုံးများက အရောင်တစ်ချက် လက်သွားပြီး အစ်ကိုကျန်းအား လှမ်းကြည့် လိုက်သည်။

မိန်းကလေးကား နောက်ဆုံးတော့ ငါးစာကို လာဟပ်ခဲ့ပြီ ဖြစ်သည်။

ချန်းဖန်က ‌ဘာတစ်ခွန်းမှ ဝင်မပြောဘဲ ဘေးလူအဖြစ်သာ ကြည့်နေသည်။ ရှောင်ဝမ့်၏ အကြံအစည်အား ရိပ်မိ‌သော်လည်း သေမျိုးများ၏ အရေးမပါလှသော ကစားကွက်များထဲ ဝင်ပါရန် ချန်းဖန်က အလွန် ပျင်းနေတာ ဖြစ်သည်။

သူကား အဆုံးမရှိသော ရည်မှန်းချက်များနှင့် ကျင့်ကြံသူ စစ်စစ် တစ်ယောက် ဖြစ်သည်။ သို့ဖြစ်၍ မိမိကိုယ်ကို သေမျိုးများနှင့် တန်းညှိကာ တန်ဖိုး မချချင်ပေ။

***

All Chapters