သူဌေးများ စုစည်းခြင်း
Vol. 1 Ch. 54
ပထမဆုံး အကြိမ် အားရှို့ လောင်းလိုက်သည့် ပြိုင်ပွဲဝင်က အနိုင် ရရှိသွားခဲ့သည်။ အားရှို့က ငွေပမာဏ အများကြီးအား အနိုင်ရလိုက်၍ ပြောမပြတတ်အောင် ပျော်ရွှင် သွားသည်။ သူမက အစ်ကိုကျန်းနှင့် ရှောင်ဝမ့်အား စိတ်လှုပ်ရှားစွာ လှမ်းကြည့် လိုက်သည်။
"ညီလေးချန်း ဘာလို့ လာမလောင်းတာလဲ ပျော်ဖို့ ကောင်းနေပြီကို"
ရှောင်ဝမ့်က ယန်လီ့အား လက်တစ်ဖက်က ဖက်ထားရင်း အေးစက်စက်ပြုံး၍ လှမ်းမေး လိုက်သည်။ အားရှို့က သူမဘာသာ ငါးစာ လာဟပ်သည့် အချိန်ကစပြီး ချန်းဖန်သည် ရှောင်ဝမ့်အတွက် အရေး မပါတော့ပေ။ သူက ထိုမိန်းကလေး အတွက်သာ ချန်းဖန်အား အဖွဲ့ထဲသို့ ဖိတ်ခဲ့ခြင်း ဖြစ်သည်။
စိတ်လှုပ်ရှားမှုများက အားရှို့၏ မျက်နှာထက်၌ ပေါ်နေသော်လည်း သူမ၏ စိတ်ကတော့ ရှင်းလင်း နေသေးသည်။ သူမက ခပ်တိုးတိုး ပြောလိုက်သည်။
"အစ်ကိုချန်းက အရမ်းမြင့်တဲ့ အဆင့်အတန်း တစ်ခုကို ပိုင်ဆိုင်ထားတဲ့ သူပဲ ဒီလို အလောင်းအစား သေးသေးလေးတွေကို ဘယ်စိတ်ဝင်စားပါ့မလဲ"
"အရမ်းမြင့်တဲ့ အဆင့်အတန်း တစ်ခုကို ပိုင်ဆိုင်ထားတယ် သူကလေ"
ရှောင်ဝမ့်က လှောင်ရယ်ရန် ပြင်လိုက်သော်လည်း အားရှို့၏ မျက်လုံးများထဲက လေးနက်မှုကို မြင်ရတော့ တွန့်သွားခဲ့သည်။ ထိုကိစ္စအား ဆက်မပြောတော့ရန် ဆုံးဖြတ်လိုက်ပြီး ရှောင်ဝမ့်က ငြိမ်နေလိုက်သည်။
နောက်ရက်များ အတွင်း ရှောင်ဝမ့်က ချန်းဖန်၊ အားရှို့တို့နှင့်အတူ ရွာအနီးနား တစ်ဝိုက်သို့ လျှောက်သွား နေကြပြီး ညဘက်တွင်တော့ တံခွန်စိုက်ပွဲ ကျင်းပရာ နေရာသို့ ပြန်လာကာ အလောင်းအစား လုပ်ကြသည်။ အားရှို့က ရှောင်ဝမ့်ထံမှ ပိုက်ဆံ အများအပြား ချေးခဲ့သော်လည်း သူမ နိုင်သော ပိုက်ဆံက ပို၍များသည်။ တစ်ပွဲပြီးတစ်ပွဲ အနိုင်များ ဆက်လာတော့ အားရှို့က အရဲမကိုးတော့ပေ။ အချိန်အများစု၌ ချန်းဖန်ဘေးတွင်သာ ကော်လို ကပ်နေပြီး တစ်ပွဲ၊နှစ်ပွဲသာ ဝင်လောင်းသည်။ အားရှို့အား ချဉ်းကပ်ရသည်မှာ ခက်ခဲလာတော့ ရှောင်ဝမ့်က ချန်းဖန်အပေါ် အမြင်မကြည်တော့ပေ။ ချန်းဖန်အား ဤလူစုထဲမှ ပထုတ်ရန် ကြံစည် နေတော့သည်။
ချန်းဖန်သည် ပြိုင်ပွဲများအား လုံးဝ စိတ်မဝင်စားပေ။ ကစားပွဲက အစတွင်သာ ရှိသေးရာ ပြိုင်ပွဲဝင်များကလည်း စိတ်လှုပ်ရှားစရာ ကောင်းလောက်အောင် အစွမ်းမထက်ကြဟု သူက ယူဆသည်။
တဖြည်းဖြည်းနှင့် သိုင်းပညာ တံခွန်စိုက်ပွဲ၏ နောက်ဆုံးနေ့ကား ရောက်ရှိလာပြီ ဖြစ်သည်။
ချန်းဖန်က နေ့လယ်ပိုင်း ကတည်းကပင် ကွင်းပြင် အတွင်းသို့ ရောက်ရှိနေသည်။ ကွင်းပြင်၏ အပြင်အဆင်များက ယခင်နေ့များနှင့် မတူညီဘဲ ကွဲပြားနေသည်။ ခြံဝင်း ခတ်ထားခြင်းများ မရှိတော့ဘဲ နံရံကိုပါ ဖြိုချထားကာ ပြိုင်ပွဲကျင်းပရာ စင်၏ ဘေးဘက်၌ ရှည်မျောမျော စင်မြင့်သစ်တစ်ခု ပြုလုပ်ထားသည်။
ထိုရှည်မျောမျော စင်မြင့်၏ ဘေးဘက်၌ ဗလတောင့်တောင့်နှင့် ဖြုံလောက်စရာ ကောင်းသော သက်တော်စောင့်များက စီတန်း စောင့်နေကြသည်။
ပွဲကြည့် ပရိသက်များကလည်း သက်ဆိုင်ရာ ထိုင်ခုံများတွင် အသီးသီး တိတ်ဆိတ်စွာ ထိုင်နေကြသည်။
ယနေ့ကား ကျန်းပေ့တိုင်း ဒေသကြီး တစ်ခုလုံးတွင်ရှိသော အချမ်းသာတကာ့ အချမ်းသာဆုံး သူဌေးများအား တစ်စုတစ်စည်းတည်း မြင်ရမည့်နေ့ ဖြစ်သည်။ ထိုသူဌေးများအတွက် သိုင်းပညာ တံခွန်စိုက်ပွဲသည်ကား နှစ်စဉ်နှစ်တိုင်း တက်ရောက်ရသော ညီလာခံတစ်ခု ကဲ့သို့ပင် ဖြစ်နေသည်။
"သူတို့ လာနေပြီ"
လူတစ်စုက ရှည်မျောမျော စင်မြင့်တစ်လျှောက် လျှောက်လာသည်ကို မြင်ရသော် ပရိသတ်များထံမှ တီးတိုး ပြောသံများ ထွက်ပေါ်လာသည်။
"ဒီတစ်ယောက်က ငါ့ရဲ့ဇာတိ ထျန်းဟယ်မြို့က သူဌေးရှင်းကျုံးပဲ"
"ဟာ ... ထိပ်ပြောင်ကြီးလျှိုလည်း ပါတယ်ဟ"
"နေပါဦး ငါ ကျိုးထျန်ဟောက်ကိုပဲ တွေ့ပါလား တတိယ သခင်ကြီးဝေ့ကရော မပါဘူးလား"
စီးပွားရေး လုပ်ငန်းရှင်တစု ပေါ်လာတိုင်း တီးတိုး တီးတိုး စကားသံများက တစ်ကြိမ် ထွက်ပေါ်လာသည်။ တချို့အသံများက အားကျသံများနှင့် ဖြစ်ပြီး တချို့ အသံများကတော့ မနာလိုသံများနှင့် ဖြစ်ကြသည်။
"ဘယ်လိုဖြစ်လို့ ကျန်းကျိုးမြို့က သခင်ကြီးဝူက သူ့အစား မိန်းကလေး တစ်ယောက်ကို လွှတ်လိုက်ရတာလဲ"
ကျန်းကျိုးမြို့မှ လာရောက် ကြည့်ရှုသော ပရိသတ်များက အချင်းချင်း မေးလိုက်ကြသည်။
ခဏမျှ ကြာပြီးနောက် နောက်ဆုံးသော သူဌေးကြီးက စင်မြင့်ပေါ်တွင် ထွက်ပေါ်လာခဲ့သည်။
ပြိုင်ပွဲကျင်းပရာ ဧရိယာ တစ်ခုလုံးက ရိုသေ လေးစားသောအားဖြင့် တိတ်ဆိတ်သွားကြပြီး ပညာတတ်ဆန်သော အရိပ်အငွေ့များနှင့် သက်လတ်ပိုင်းအရွယ် လူကြီးကိုသာ ကြည့်နေမိကြသည်။
"ကျန်းပေ့တစ်တိုင်းလုံးရဲ့ စစ်မှန်တဲ့ အရှင်သခင်"
"ဟိုင်တုန်းက ရှုအောင်း"
စင်မြင့်ပေါ်ရှိ သူဌေးများ အားလုံးထဲတွင် သံသဃ ရှိစရာ မလိုလောက်အောင်ပင် ရှုအောင်းကား အင်အား အကြီးဆုံး ဖြစ်သည်။
ရှုအောင်းသည် ကျန်းပေ့တစ်တိုင်းလုံးရှိ အကြီးဆုံးမြို့အား ထိန်းချုပ် နိုင်ရုံသာမက ပြည်သူပိုင် ကုမ္ပဏီတွင်လည်း အများဆုံး ရှယ်ယာ ပမာဏကို ပိုင်ဆိုင်သည်။ ထိုကုမ္ပဏီကား ယွမ်ဘီလီယံပေါင်း များစွာ တန်လေသည်။
အခြားသော စီးပွားရေး လုပ်ငန်းရှင်များက နောက်ဆုံးမှ ရောက်ရှိလာသော ရှုအောင်းကိုကြည့်၍ နှာခေါင်းရှုံ့လိုက်ကြသည်။
ရှုအောင်းက ဘေးပတ်ဝန်းကျင်ရှိ မနာလို ဝန်တိုနေသူ တစ်စုအား လျစ်လျူရှုလိုက်ပြီး စင်မြင့်ပေါ်ရှိ စားပွဲ၏ အလယ်ခုံတွင် ထိုင်လိုက်သည်။ ရှုအောင်းနှင့်အတူ လိုက်ပါလာသော ဆရာကုက နှာခေါင်းရှုံ့နေသော ရှင်းကျုံးအား အေးစက်စက် တစ်ချက် လှမ်းကြည့်လိုက်သည်။
ထို့နောက် ဆရာကုက ရှင်းကျုံး၏ သက်တော်စောင့်များအား အကဲခတ် လိုက်သည်တွင် လူပြောများနေသော နိုင်ငံခြားမှ သိုင်းပညာရှင် ဆိုသူအား မတွေ့ရဘဲ ဆရာဝူ တစ်ယောက်ကိုသာလျှင် တွေ့ရသည်။
'ရယ်နိုင်တုန်းတော့ ရယ်ထားဦးပေါ့ကွာ'
ဆရာကုက အတွေးထဲတွင် ကြုံးဝါးလိုက်သည်။
အားလုံး ထိုင်ခုံအသီးသီး၌ နေရာယူပြီးကြသည်တွင် ထိပ်ပြောင်ကြီးလျှိုက သူဌေးအုပ်စုထဲ၌ တစ်ယောက်တည်း ဖြစ်နေသော မိန်းကလေးအား လှမ်းကြည့်ရင်း ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။
"ကျန်းကျိုးမြို့မှာ ဘယ်သူမှ မရှိတော့လို့ နုနုနယ်နယ် မိန်းကလေး တစ်ယောက်ကို ဒီနေရာကို ပို့လိုက်တယ်တဲ့လား"
ကျန်းကျိုးမြို့မှ သခင်ကြီးဝူအား ကိုယ်စားပြု၍ လာရောက်သူမှာ အင်္ကျီအစိမ်းရောင်နှင့် မိန်းကလေး တစ်ယောက် ဖြစ်သည်။
သူမကား မူးမေ့လဲသွားရလောက်အောင် မလှပသော်လည်း နန်းဆန်၍ သန့်စင်သော အလှမျိုးကို ပိုင်ဆိုင်သူဖြစ်သည်။ သူမက အစိမ်းရောင် ချီပေါင် ဝတ်စုံအား ပန်းထိုးထားသည့် ဖိနပ်ပါးတစ်စုံနှင့် လိုက်ဖက်စွာ တွဲဖက် ဝတ်ဆင်ထားသည်။ နှင်းနုရောင် ဖြူဖွေးသော လက်ကောက်ဝတ် သွယ်သွယ်လေး၌ ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော လက်ကောက်ပါးပါးလေး တစုံကိုသာ ရိုးရှင်းစွာ ဝတ်ဆင်ထားသည်။ ပြိုင်ဘက်ကင်းသော ရှေးကျကျ ပြင်ဆင်ထားပုံက သူမအား ရှေးခေတ်ပုံပြင်ထဲမှ ခုန်ထွက်လာသော မင်းသမီးတစ်ပါးအလား ထင်မှတ်ရစေသည်။
ထိုမိန်းကလေးက ထိပ်ပြောင်ကြီးလျှိုအား တစ်ချက်ပင် စောင်းမကြည့်သော်လည်း သက်တော်စောင့် တစ်ယောက်က ဒေါသတကြီးနှင့် ရှေ့သို့ တက်လာသည်။
"နှစ်ဖက်စလုံး စိတ်လျှော့ကြပါ သခင်ကြီးဝူက ဒီရက်ပိုင်း သိပ်နေမကောင်း တာကြောင့် သူ့အစား မမလေးလုက လာပေးတာပါ သခင်ကြီးဝူက ကျုပ်ကို ဒီအကြောင်း ကြိုပြီး အသိပေး ထားပြီးသားပါ"
ရှုအောင်းက ဖြည်းညင်းစွာ ဝင်ရှင်းပြလာသည်။
ထိပ်ပြောင်ကြီးလျှိုက သိပ်မကျေနပ် သော်လည်း ဘာမှတော့ ထပ်ပြောမလာတော့။
ရှေ့ထွက်လာသည့် သက်တော်စောင့်က မမလေးလုအား တစ်ချက် လှမ်းကြည့် လိုက်သည်တွင် မမလေးလုက နောက်ပြန်ဆုတ် ဆိုသည့်သဘော လက်ဝှေ့ယမ်း ပြလိုက်သည်။
လူတိုင်းက ရှုအောင်း ပိုင်ဆိုင်ထားသော အာဏာအား အံ့ဩကြရသည်။ စားပွဲဝိုင်းရှိ ဘယ်သူကမှ ရှုအောင်းအား အတိအလင်း ဆန့်ကျင်ရဲကြပုံ မပေါ်ပေ။
"တရုတ်ပြည်ရဲ့ အစွန်အဖျား မြို့လေးမှာ အနယ်နယ် အရပ်ရပ်က လူတွေကို အခုလို တစ်စုတစ်စည်းတည်း တွေ့ရတဲ့အတွက် ဝမ်းသာမိပါတယ် အားလုံးပဲ သိကြတဲ့အတိုင်း ဒီနေ့ကတော့ ကျန်းပေ့တိုင်းရဲ့ မြို့အသီးသီးမှာ ရှိကြတဲ့ လူကြီးလူကောင်းတွေ စုစည်းကြတဲ့ နေ့လေး ဖြစ်ပါတယ် ကျုပ်တို့က အစဉ်အဆက် လုပ်ထုံး လုပ်နည်းတွေ အတိုင်းပဲ တိုက်ခိုက်ကြပြီး နောက်နှစ်အတွက် ရှယ်ယာတွေကို ခွဲဝေကြမှာ ဖြစ်တယ် စင်မြင့်ပေါ်မှာ ကိုယ်ကြိုက်တဲ့သူကို ရွေးချယ်ပြီး လွတ်လွတ် လပ်လပ် တိုက်ခိုက်ခွင့် ရှိပေမဲ့ စင်ပေါ်က ပြန်ဆင်း လာပြီးတဲ့နောက် တစ်စုံတစ်ယောက်က ပြဿနာ ရှာလာတာမျိုး ကိုတော့ လုံးဝ ခွင့်မပြုပါဘူး"
ရှုအောင်းက ထိုင်ခုံတွင် ထိုင်နေလျက်ကပင် အခိုင်အမာ ကြေညာလိုက်သည်။ သူ စကားပြောနေစဉ် အတွင်း မည်သူကမှ ဖြတ်မပြောရဲကြပေ။
ရှုအောင်း၏ စကားဆုံးသည့်နောက် ပထမဆုံး စကားစလာသူမှာ ထိပ်ပြောင်ကြီးလျှို ဖြစ်သည်။
"ကျိုးထျန်ဟောက် မင်းရဲ့ အကာအကွယ် ဒိုင်းကြီးကိုလည်း မတွေ့ပါလားကွ တတိယ သခင်ကြီးဝေ့လေ ဟမ့် ဝေ့အိမ်တော်ရဲ့ မျက်နှာကြောင့် ငါမင်းကို အကြိမ်ပေါင်း များစွာ လွှတ်ထား ပေးပြီးသွားပြီ ဒီနေ့တော့ လွယ်မယ် မထင်နဲ့"
ထိပ်ပြောင်းကြီးလျှိုက လက်တစ်ဖက် ဝှေ့ယမ်းလိုက်သည်တွင် အသားအရေ ညိုမှောင်မှောင် ရှိသော လူငယ်တစ်ယောက်က ရှေ့သို့ ထွက်လာပြီး သိုင်းပြိုင်ပွဲ စင်မြင့်ပေါ်သို့ တစ်လှမ်းချင်း တက်သွားလေသည်။
ထိုလူက စင်မြင့်နှင့် ခြေဆယ်လှမ်း အကွာသို့ ရောက်သောအခါ ရပ်လိုက်ပြီး မာန်တစ်ချက် သွင်းလျက် ခုန်လိုက်လေရာ စင်မြင့်၏ အကာအရံတန်းအား လွတ်လွတ် ကျွတ်ကျွတ် ကျော်သွားပြီး စင်မြင့်ပေါ်၌ အလှလှပပ ကျသွားလေ၏။ ချူကျိုးမြို့အား ကိုယ်စားပြု၍ လာရောက် ယှဉ်ပြိုင်သူများ ဘက်သို့ လှည့်ကာ ထိုလူ၏ နှုတ်ခမ်းများက အထင်သေးဟန်ဖြင့် ကွေးညွတ် သွားသည်။
ကျိုးထျန်ဟောက်၏ မျက်နှာက မည်းမှောင်သွားပြီး ဒေါသကြောင့် ထိုင်ခုံလက်ရန်းအား ကျစ်နေအောင် ဆုပ်ထားမိသည်။
ထိပ်ပြောင်ကြီးလျှိုက 'သန့်ရှင်းရေကြည်မြို့'မှ ဖြစ်ပြီး 'သန့်ရှင်းရေကြည်မြို့' နှင့် ချူကျိုးမြို့က အမြဲလိုလို အပြိုင်အဆိုင် ပြင်းထန်သော မြို့နှစ်မြို့ ဖြစ်သည်။ ထိပ်ပြောင်ကြီးလျှိုက ကျိုးထျန်ဟောက်၏ အကြီးမားဆုံး ပြိုင်ဘက်များထဲမှ တစ်ယောက်ဆိုလည်း မမှားပေ။
"ဆရာကော စင်ပေါ်က တစ်ယောက်ကို ခင်ဗျား ကိုင်တွယ်နိုင်မလား"
ကျိုးထျန်ဟောက်က စင်မြင်ပေါ်ရှိ ယုံကြည်မှု ပြင်းထန်နေသော လူငယ်ကို ကြည့်ကာ မေးလိုက်သည်။
"သူက မွေ့ထိုင်းလောကက ချန်ပီယံ တစ်ယောက်ပဲ အသက် ငယ်ငယ်လေးတည်းက ပြင်းထန်တဲ့ လေ့ကျင့်ရေးတွေ ဆင်းခဲ့တာ၊ သူတို့ရဲ့ လက်သီး သက်သက်နဲ့ ကျောက်တုံးတွေကို ထိုးရတဲ့ လေ့ကျင့်ခန်းတွေတောင် ပါတယ် လက်သီးတစ်ခုလုံးမှာ ရှိသမျှ အရိုးတွေ မကျိုးမချင်း မရပ်မနား ထိုးကြရတယ် အဲဒီလို ခက်ခဲ ကြမ်းတမ်းတဲ့ လေ့ကျင့်ခန်းတွေ ပြီးတဲ့နောက်မှာ သူတို့ရဲ့ လက်သီးတွေက သံလို မာသွားကြတော့တာပဲ"
ကောဝေ့က စင်ပေါ်ရှိ လူငယ်အား အသေအချာ လေ့လာလို့ နေသည်။ ခဏကြာပြီးမှ သူက ယုံကြည်မှု ရှိစွာ ပြောလိုက်သည်။
"တကယ်လို့ သူက ရှေးဟောင်း မွေ့ထိုင်းပညာကို လေ့ကျင့်ခဲ့တာသာ မဟုတ်ရင် ကျုပ် သူ့ကို နိုင်လောက်ပါတယ်"
ထို့နောက်တွင် ဆရာကောက ခြေတစ်ချက် ဆောင့်လိုက်ပြီး လေပေါ်တွင် ပျံဝဲကာ ပြိုင်ပွဲ စင်မြင့်ပေါ်သို့ ရောက်ရှိသွားသည်။
ဆရာကော၏ ဆရာကျကျ ထွက်ပေါ်လာမှုက ပရိသတ်များထံမှ အားပေးသံ ဆူဆူညံညံများ ထွက်ပေါ်လာစေသည်။
ဆရာကော၏ ပြိုင်ဘက်မှာ တရုတ်လူမျိုး မဟုတ်ပေ။ တစ်ဖက်တွင်တော့ ဆရာကောက တရုတ်စစ်စစ် ဖြစ်ပြီး တရုတ်ရိုးရာ ကွန်ဖူးဝတ်စုံကို ဆင်မြန်းထားသဖြင့် ပရိသတ်အများစုက ဆရာကောဘက်မှ လောင်းကြေးများ စုပုံထပ်လိုက်ကြသည်။
"ကျေးဇူးပြုပြီး"
အသားအရေ ညိုမှောင်မှောင်ရှိသော လူငယ်၏ တရုတ်အသံထွက်က အနည်းငယ် ထူးဆန်းနေသော်လည်း နားမလည် နိုင်သည်တော့ မဟုတ်။
ပဏာမ နှုတ်ဆက်ခြင်းများ ပြီးသည့်နောက် လူငယ်က အားပြင်းသော လက်သီးတစ်ချက်နှင့် အတူ ဆရာကောအား လျင်မြန်စွာ ခုန်အုပ်လိုက်သည်။
ထိုလူငယ်၏ တိုက်ကွက်က လျင်မြန်ရုံသာမက ခါးနှင့် လက်မောင်းရှိ အားများအား အပြည့်အဝ သုံးထားပြီး အားပြင်းလှသည်။ သူ၏ လက်သီးက မမှန်းဆ နိုင်လောက်သော အရှိန်နှင့် လေထုအား ထိုးခွဲသွားသည်။ ပရိသတ်များ၏ နှလုံးက ထိတ်လန့်စွာ ခုန်သွားပြီး ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ် သွားသည်။
ဆရာကောက အတွင်းအား ပညာတွင် စဦးအဆင့်အထိ အောင်မြင်ထားသော သိုင်းပညာရှင် တစ်ယောက် ဖြစ်သည်။ သို့သော်လည်း သူက ရုတ်တရက် ဆန်သော တိုက်ခိုက်မှုကြောင့် ထိတ်လန့်သွားပြီး ပြိုင်ဘက်၏ လက်သီးချက်ကို ကာကွယ်ရန် လက်နှစ်ဖက်လုံးအား တစ်ပြိုင်နက်တည်း ဆန့်ထုတ်လိုက်ရသည်။
ပထမဆုံး လက်သီးချက်က ပိတ်ဆို့ ခံလိုက်ရသည့်နောက် မွေ့ထိုင်းဖိုက်တာက ပိုမို အားပြင်းသော တိုက်ခိုက်မှုများနှင့် ထိုးစစ်ဆင်လာသည်။ အဘက်ဘက်က တိုက်ခိုက်လာမှုများကြောင့် ဆရာကောက အလိုလိုပင် ခံစစ်အနေအထားသို့ ရောက်ရှိသွားပြီး ခြေတလှမ်း ချော်ရုံနှင့် ရှုံးနိမ့် သွားနိုင်သည့် အနေအထားသို့ ရောက်ရှိသွားသည်။
ပြိုင်ဘက်၏ စွမ်းအင်အား ကိုယ်တိုင် ကြုံတွေ့ရသည်တွင် ဆရာကော၏ နှလုံးသားမှာ နစ်မြုပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူကား မွေ့ထိုင်းဆရာတစ်ဆူနှင့် တည့်တည့်ကြီး လာဆုံနေခဲ့ခြင်းပင်။
ဆရာကောက ခံစစ်ကိုသာ လုံအောင် ကာကွယ်နေရပြီး ပြန်လည် တိုက်ခိုက်ရန်ပင် အခွင့်အရေး မရှိပေ။ ကံကောင်း ထောက်မစွာနှင့် သူ့ပြိုင်ဘက်က အမှားတစ်ခုခု လုပ်လိုက်မှသာလျှင် သူ့အနေနှင့် ထိုးစစ် ဆင်နိုင်ပေမည်။
လူမျိုးခြား လူငယ်၏ ဖိအားပေးမှုကြောင့် ဆရာကောမှာ စင်မြင့်ထောင့်သို့ တဖြည်းဖြည်း ရွှေ့ပေး နေရသည်ကို ကြည့်ရင်း ပရိသတ်များမှာ ပင့်သက် ရှိုက်မိကြသည်။
ထိပ်ပြောင်းကြီးလျှိုက မောက်မာစွာ ပြုံး၍ ပြောလိုက်သည်။
"ဆရာစုန့်ထောင်က ငယ်သေးပေမဲ့ အရှေ့တောင်အာရှရဲ့ မွေ့ထိုင်း ဆရာတွေထဲမှာ အတော်ဆုံးထဲက တစ်ယောက်ပဲ မွေ့ထိုင်း လောကမှာတော့ သူ့ကို 'လက်ရှစ်ဖက် အာမက်'လို့ ခေါ်ကြတယ်"
အခြားသော သူဌေးကြီးများက ထိပ်ပြောင်ကြီးလျှို၏ စကားကြောင့် မျက်မှောင်ကြုတ် မိကြသည်။
'အာမက်'ဟူသော အခေါ်အဝေါ်ကား တရုတ်ပြည်တွင်ထက် အရှေ့တောင် အာရှတွင် ပို၍ အသုံးများသည်။ အရှေ့တောင် အာရှရှိ ဗုဒ္ဓ သင်တန်းကျောင်းများတွင် 'အာမက်' ဟူသော စကားလုံးက အဆုံးစွန်သော အနေအထားအထိ အစွမ်းထက်သော လူသား ဟူ၍ အဓိပ္ပာယ်ရသည်။ မည်သို့ပင်ဆိုစေ တစ်စုံတစ်ယောက်က 'အာမက်' ဟူသော ဘွဲ့အမည်မျိုး ရရှိရန် မလွယ်ကူသည် ကတော့ အသေအချာပါပင်။
စင်ပေါ်တွင်တော့ လူငယ်က သူ၏ ခြေ၊လက်များအား အလင်း အလျင်နှုန်းနှင့် လှုပ်ရှားနေသည်။ သူက လက်သီး၊ ခြေထောက်၊ တံတောင်၊ ဒူး ခန္ဓာကိုယ် အစိတ်အပိုင်း မျိုးစုံကို အသုံးချကာ တိုက်ခိုက်နေပြီး သူ၏ တစ်ကိုယ်လုံးက ရွေ့လျားနိုင်သော စက်တစ်လုံးကဲ့သို့ပင် မြန်ဆန်လွန်း လှသည်။
'လက်ရှစ်ဖက် အာမက်'ဟူသော ဘွဲ့အမည်ကား မထူးဆန်းတော့ပါချေ။
လူတိုင်း၏ မျက်နှာများက အလေးအနက် ဖြစ်သွားကြသည်။
အစ်ကိုကျန်းပင်လျှင် မျက်နှာတည် သွားသည်။ သူက ခရိုင်အဆင့် စန်းရှိုး အသင်း၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သော်လည်း စင်မြင့်ပေါ်ရှိ မွေ့ထိုင်း ဖိုက်တာနှင့်တော့ လုံးဝကို မယှဉ်သာပါချေ။
အစ်ကိုကျန်းက ဆရာကော၏ လှုပ်ရှားမှုများအား အကဲခတ်နေရင်း သူသာ ဆရာကော နေရာတွင် ဆိုလျှင် စုန့်ထောင်၏ လက်သီး တစ်ချက်ကိုပင် ခုခံနိုင်မည် မဟုတ်ကြောင်း လက်ခံလိုက်ရသည်။
ကောဝေ့ ရှုံးတော့မည့်ကို သိနေသဖြင့် ချန်းဖန်လည်း မျက်မှောင်ကြုတ် လိုက်မိသည်။
ချန်းဖန် ခန့်မှန်းသည့် အတိုင်းပင် မိနစ်အနည်းငယ် ကြာပြီးနောက် ကော့ဝေ့တစ်ယောက် တဖက်လူ၏ အနိုင်ယူခြင်းကို ခံလိုက်ရလေသည်။
***