လင်းဟူ ရောက်ရှိခြင်း
Vol. 1 Ch. 55
ဆရာကော၏ လက်ဦးမှု မရယူလိုက်သည့် အချက်ကပင် ရှုံးနိမ့်ရသည့် အဓိက အကြောင်းအရင်း ဖြစ်သည်။
ဆရာကောက စုန့်ထောင် အမှားလုပ်မည့် အချိန်ထိ အားတင်း၍ တောင့်ခံ ထားခဲ့သော်လည်း အကျုံးမဝင်ခဲ့ပေ။ လက်ရှစ်ဖက် အာမက် စုန့်ထောင်ကား မျက်စိတစ်မှိတ် အတွင်းမှာတင် လက်းသီးချက် ဆယ့်သုံးချက်၊ ခြေကန်ချက် ခြောက်ချက်၊ တံတောင်တွတ်ချက် ရှစ်ချက်နှင့် ဒူးတိုက်ချက် ခုနစ်ချက်ကို ထုတ်ဖော် နိုင်ခဲ့သည်။ ဆယ့်လေးကြိမ်မြောက် လက်သီးချက်က အလင်း အလျင်နှင့် ဆရာကော၏ ခံစစ်အား ချိုးဖျက်ကာ ရင်ဘတ် တည့်တည့်သို့ ထိမှန်ခဲ့သည်။
"အ"
ဆရာကောက သွေးတစ်ပွက် အန်လိုက်ရပြီး လက်သီးချက်ကြောင့် စင်မြင့်ပေါ်မှ လွင့်ထွက်သွားသည်။
"ဘန်း"
ဆရာကောက စင်မြင့်အောက်ရှိ မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ပြုတ်ကျသွားသည်။
ထို့နောက်တွင် ကောဝေ့၏ ရင်ဘတ်နား တစ်ဝိုက်ရှိ အင်္ကျီစများမှာ စုတ်ပြဲသွားပြီး ရင်ဘတ်ပေါ်၌ လက်သီးရာ တစ်ခုအား တွေ့လိုက်ရသည်။ မြင်မကောင်းသော ထိုလက်သီးရာက ကြည့်ရှုနေသည့် ပရိသတ်အပေါင်းအား ကျောချမ်း သွားစေသည်။
လက်သီး တစ်ချက်တည်းနှင့်ပင် စုန့်ထောင်က ကောဝေ့အား စင်ပေါ်မှ လွင့်ထွက် သွားစေနိုင်သည်။ အကယ်၍ ထိုလက်သီးချက်က ခန္ဓာကိုယ်ပေါ်ရှိ သေစေနိုင်သော တစ်နေရာရာကိုသာ ထိမှန်သွားပါက ယခုအချိန်လောက် ဆိုလျှင် ကောဝေ့တစ်ယောက် သေပြီး ဖြစ်လောက်သည်။
"ငါ အရှုံးပေးတယ်"
နှုတ်ခမ်းထောင့်ရှိ သွေးစများအား သုတ်ရင်း ကောဝေ့က ပြောလိုက်သည်။ သူက ခြေနှစ်ချောင်းပေါ် မတ်မတ် ရပ်နိုင်ရုံသာ ရှိတော့သည်။
ဆရာကော၏ အရှုံးပေးသံကြောင့် စုန့်ထောင်၏ ရန်လိုနေသော မျက်နှာက ငြိမ်သက် သွားသည်။ ထို့နောက် သူက ဆရာကော ဘက်သို့ လှည့်ကာ လက်နှစ်ဖက် ဆုပ်လျက် နှုတ်ဆက်လိုက်ပြီး စင်မြင့်ပေါ်မှ လှည့်ထွက် သွားတော့သည်။
ထိပ်ပြောင်ကြီးလျှိုက ကျိုးထျန်ဟောက်အား လှောင်ပြောင်ဖို့ မစောင့်နိုင်တော့ပေ။
"ဘယ်လိုလဲ အစ်ကိုကျိုး"
"ကောင်းပြီ ငါရှုံးတယ် နောက်နှစ်အထိ မင်းရဲ့ စီးပွားရေးကို ငါလိုက်မပြိုင်ဘူး"
ကျိုးထျန်ဟောက်၏ မျက်နှာက မည်းမှောင်နေပြီး အလွန် စိတ်ညစ်လို့ နေသည်။
"ကောင်းတယ် ကျုပ် သေချာ မှတ်ထားတယ်နော်"
ထိပ်ပြောင်ကြီးလျှိုက ပျော်ရွှင်မှုတို့ ပြည့်နှက်နေပြီး ရယ်လိုက်သည်။ စားပွဲထိုးမလေး တစ်ယောက်က စာချုပ်တခု တင်ထားသော ဗန်းတစ်ဗန်းအား ကျိုးထျန်ဟောက်ထံသို့ ယူလာပေးသည်။ စာချုပ်ပါ အကြောင်းအရာများ ကိုပင် စစ်ဆေးမနေတော့ဘဲ ကျိုးထျန်ဟောက်က လက်မှတ်ထိုး လိုက်ကာ သူ၏ ရှယ်ယာများအား ထိပ်ပြောင်ကြီးလျှိုထံ လွှဲပြောင်း ပေးလိုက်သည်။
ကျိုးထျန်ဟောက်က တွင်းတစ်တွင်း ရှာ၍သာ ဝင်ပုန်း နေလိုက်ချင်တော့သည်။ သူက လွှဲပြောင်းပေးလိုက်ရသော ရှယ်ယာများအား မမှုသော်လည်း ထိုသို့ လွှဲပြောင်း ပေးလိုက်ခြင်းဖြင့် အချက်အချာ ကျသော နေရာတစ်ခု ဆုံးရှုံးသွားခြင်း ကိုတော့ နှမြောလှပေသည်။ လင်းဖူရွာသည် မြို့သုံးမြို့ ဆုံရာတွင် တည်ရှိပြီး အချက်အချာကျသော သယ်ယူပို့ဆောင်ရေး လမ်းဆုံဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း လာရောက် လည်ပတ်သူ များစွာရှိပြီး ဖျော်ဖြေရေး လုပ်ငန်းများ အတွက် အလွန် အကျိုးအမြတ် ရသည်။ ထိုရွာကား ကျိုးထျန်ဟောက်၏ အဓိက ဝင်ငွေ ရရှိရာ နေရာလည်း ဖြစ်သည်။
လင်းဖူရွာတွင် ရှိနေသာ ကုမ္ပဏီများမှ ရှယ်ယာများ ဆုံးရှုံးလိုက်ရခြင်းက ယွမ် ဆယ်သန်းကျော်သော ဆုံးရှုံးမှုနှင့် ညီမျှပေသည်။
ကျိုးထျန်ဟောက်က သူ့စိတ်သူ ပြန်လည် စုစည်း လိုက်ပြီးနောက် သက်တော်စောင့် တစ်ယောက်အား မေးလိုက်သည်။
"ဆရာချန်း ဘယ်မှာလဲ"
"ဆရာချန်းက သူ့သူငယ်ချင်းတွေနဲ့ ခဏ လိုက်သွားပါတယ် ဒီနေရာမှာ ခရီးသွားတွေကလည်း အရမ်းများနေတော့ ကျွန်တော်တို့လည်း ဆရာချန်းကို မရှာနိုင်ဘူး ဖြစ်နေတာ"
အားပျောင်က ဝင်ဖြေလိုက်သည်။
"စိတ်မပူပါနဲ့ ဆရာ ကျွန်တော် ယုံတယ် ဆရာချန်းက သူကတိပေးပြီးသား ကိစ္စတစ်ခုကို ဘယ်တော့မှ ဖျက်မှာ မဟုတ်ဘူး ဆရာချန်းသာ ရောက်လာရင် စုန့်ထောင်ကို အနိုင်ယူနိုင်မှာ လုံးဝ သေချာတယ်"
စောင့်ဆိုင်းရုံက လွဲပြီး တခြား ရွေးချယ်စရာ မရှိသောကြောင့် ကျိုးထျန်ဟောက်က ခေါင်းသာ ညိတ်လိုက်မိသည်။
သူက ဆရာချန်းအား အရေးပေါ် အခြေအနေ အတွက်သာ ဖိတ်ထားခဲ့ခြင်း ဖြစ်ပြီး ဆရာကောကိုသာ တိုက်ခိုက် စေခဲ့သည်။ သို့သော်လည်း သူ၏ ပြိုင်ဘက်များက ယခင်နှစ်များထက် ပိုမို အစွမ်းထက်သော တိုက်ခိုက်ရေး သမားများအား ခေါ်လာလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။ ဆရာကောကား ပထမအချီတွင်ပင် ရှုံးနိမ့်သွားခဲ့ရပြီ ဖြစ်သည်။
ထိပ်ပြောင်းကြီးလျှို အပြင် အခြားသော သူများကလည်း သူ့အား စိန်ခေါ်လာဦးမည်ကို ကျိုးထျန်ဟောက်က သိနေသည်။
သူက ချူကျိုးမြို့အား ကိုယ်စားပြုသော စားပွဲတွင် ထိုင်နေခြင်းဖြစ်ရာ ချူကျိုးမြို့ကို ဦးတည်သော စိန်ခေါ်မှု အားလုံးအား လက်ခံရန်လိုပြီး ရှုံးနိမ့်မှုကိုလည်း ခံနိုင်ရည် ရှိရပေမည်။
ကျိုးထျန်ဟောက် ထင်သည့် အတိုင်းပင် သိပ်မကြာခင်မှာပဲ အခြားသော မြို့များမှ အုပ်စုများကလည်း ကျိုးထျန်ဟောက်အား စိန်ခေါ်လာကြသည်။ ဆရာကောကား ဒဏ်ရာရထားပြီး ဆရာချန်းက ပျောက်နေသည်။ သို့ဖြစ်၍ တိုက်ခိုက်မည့်သူက အားပျောင် တစ်ယောက်သာလျှင် ရှိတော့သည်။ သို့သော်လည်း အားပျောင်အား ပြိုင်ပွဲစင်မြင့်ပေါ် တင်လိုက်ခြင်းက ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းနှင့် အတူတူပင် ဖြစ်ကြောင်း ကျိုးထျန်ဟောက်က နားလည်ထားသည်။
တစ်ဖက်တွင်လည်း ယှဉ်ပြိုင်မည့်သူ မရှိပါက စိန်ခေါ်လာသူများအား အရှုံးပေးကာ ရှယ်ယာများကို လက်လွှတ် ရတော့မလို ဖြစ်နေ၏။
'စောင့်နေကြစမ်းပါ ဆရာချန်း ရောက်လာတဲ့ အခါကျရင် မင်းတို့အားလုံး တန်ရာတန်ကြေး ပြန်ပေးရမယ်'
ကျိုးထျန်ဟောက်က သူ၏ ပြိုင်ဘက်များအား စိတ်ထဲမှနေ၍ ကျိန်ဆဲနေမိသည်။
ချူကျိုးမြို့ဘက်မှ ယှဉ်ပြိုင်မည့်သူ မရှိသဖြင့် အခြားသော မြို့များက ချူကျိုးမြို့ကို လျစ်လျူရှု လိုက်ကြပြီး 'သန့်ရှင်းရေကြည်မြို့'အား ဦးတည်ကာ တိုက်ခိုက် နေကြတော့သည်။
အစိမ်းရောင် ဝတ်စုံနှင့် မိန်းကလေးက ခပ်တိုးတိုး မေးလိုက်သည်။
"စတုတ္ထဦးလေး … ကောဝေ့က အတွင်းအားပညာမှာ စဦးအဆင့်ထိ အောင်မြင်ထားတာ မဟုတ်ဘူးလား ဘာလို့ မွေ့ထိုင်း ဖိုက်တာ တစ်ယောက်ကိုတောင်မှ မယှဉ်နိုင်ရတာလဲ"
"မမလေး စုန့်ထောင်က သာမန် မွေ့ထိုင်း ဖိုက်တာလေး မဟုတ်ဘူး"
ထိုမိန်းကလေး၏ နောက်တွင် ရပ်နေသော သက်လတ်ပိုင်း အရွယ် လူကြီးတယောက်က တလက်လက် တောက်ပနေသော မျက်လုံးများနှင့် ပြောလိုက်သည်။
"သူ့ရဲ့ ခွန်အားနဲ့ အမြန်နှုန်းက သာမန် လူတစ်ယောက်ထက် ကျော်လွန်နေတယ် သူက ရှေးဟောင်း မွေ့ထိုင်း ပညာရပ်ကို လေ့ကျင့်ခဲ့တာ ဖြစ်နိုင်တယ် ရှေးဟောင်း မွေ့ထိုင်း ဂိုဏ်းတွေမှာ လူ့ခန္ဓာကိုယ်ရဲ့ ခွန်အားကို တိုးမြှင့် လှုံ့ဆော်ပေးနိုင်တဲ့ ပညာ တစ်မျိုးရှိတယ် သူတို့ဂိုဏ်းရဲ့ အထူးချွန်ဆုံးနဲ့ အနီးစပ်ဆုံး တပည့်တွေကိုမှ သင်ပေးတဲ့ ပညာမျိုးပေါ့ အဲဒီ ပညာကို လေ့ကျင့်ကြတဲ့ သူတွေက အတွင်းအား ပညာရှင်တွေထက် အားမနည်းကြဘူးလေ အစွမ်းအထက်ဆုံး ရှေးဟောင်း မွေ့ထိုင်း ပညာရှင်တစ်ယောက်ရဲ့ စွမ်းအားက အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက်နဲ့ ညီမျှတယ်လို့တောင် ပြောလို့ရတယ် ဒါပေမဲ့ အဲဒီလိုလူက ရှားလွန်းပါတယ် ပြောရရင် စုန့်ထောင်ရဲ့ ခွန်အားက ကောဝေ့နဲ့ သိပ်မကွာလှဘူး ကောဝေ့က ပြိုင်ဘက်ကို လျှော့တွက်ခဲ့လို့သာ ရှုံးခဲ့ရတာ"
"သူက ဦးလေးနဲ့ ယှဉ်မယ် ဆိုရင်ရော ဘယ်လိုလဲ"
မိန်းကလေးက သိလိုစွာ မေးလိုက်သည်။
"ဟား… ဟား.."
သက်လတ်ပိုင်း အရွယ် လူကြီးက ရယ်လိုက်သည်။
"ပြိုင်ပွဲဝင်တွေ အကုန်လုံးထဲမှာ ကုမိသားစုက အဘိုးကြီး တစ်ယောက်ပဲ ဦးလေးရဲ့ ပြိုင်ဘက်ဖြစ်ဖို့ ထိုက်တန်တယ် မွေ့ထိုင်း ပညာရှင်လောက် ကတော့လား ဆယ်ကွက်အတွင်း အနိုင်ယူနိုင်တယ်"
သက်လတ်ပိုင်း အရွယ် လူကြီးက ယုံကြည်မှုရှိစွာနှင့် ပြောလိုက်သည်။
မိန်းကလေးကလည်း ခေါင်းညိတ်ရင်း တွေးလိုက်သည်။
'ဒီလိုသာဆို အားလုံးက ငါ့ရဲ့ ထိန်းချုပ်မှု အောက်မှာပဲ ရှိနေသေးတယ်'
"ဦးလေးဝူက ကျွန်မတို့ မိသားစုကို ယုံယုံကြည်ကြည်နဲ့ ဖိတ်လာမှတော့ ကျွန်မတို့အနေနဲ့ သိက္ခာ မကျရအောင် ကြိုးစားဖို့တော့ လိုလိမ့်မယ် ဒါပေမဲ့လည်း ကျန်းပေ့တိုင်း တစ်ခုလုံးမှာ နံပါတ်တစ် နေရာကို ယူဖို့ ဆိုတာက အရမ်းကြီး ခက်ခဲနေတာမျိုး တော့လည်း မဟုတ်ပါဘူး"
"အမှန်ပဲ ဦးလေးတို့ လုမိသားစုက သိုင်းပညာနဲ့ ပတ်သက်ပြီး နက်နဲတဲ့ အရင်းအမြစ်တွေ ရှိနေတာပဲ ဘယ်သာမန် တိုက်ခိုက်ရေး သမားကမှ ဦးလေးတို့နဲ့ မယှဉ်နိုင်ဘူး"
စတုတ္ထဦးလေးကလည်း ဝင်ရောက် ထောက်ခံလိုက်သည်။
"ကုမိသားစုက အဘိုးကြီးကလည်း ရှေးကျတဲ့ သိုင်းပညာ မိသားစုကြီး တစ်ခုကနေ ဆင်းသက် လာခဲ့တာပဲ ဒါပေမဲ့ သူငယ်ငယ်တုန်းက အရမ်းပြင်းထန်တဲ့ ဒဏ်ရာတခု ရခဲ့ဖူးတယ် တကယ်လို့ ဦးလေးသာ သူနဲ့ တိုက်ခိုက်ရရင် ဒီအချက်ကို အခွင့်ကောင်း ယူလို့ရတယ်"
ထိုအချိန်တွင်ပဲ ရှုအောင်းနှင့် ဆရာကုတို့ကလည်း အကြိတ်အနယ် ဆွေးနွေး နေကြသည်။
အသက်အရွယ်ကြောင့် ဆရာကု၏ မျက်နှာပေါ်၌ အရေးအကြောင်း တချို့ ရှိနေပြီး သူ့အသံက အနည်းငယ် အက်ကွဲလို့ နေသည်။
"စိတ်ချပါ သခင်ကြီးရှု စုန့်ထောင်က ကျုပ်နဲ့ မယှဉ်နိုင်ပါဘူး"
"ကောင်းပြီလေ ဒါဆိုလည်း ကျုပ် စိတ်ချပါပြီ"
ရှုအောင်းက ခေါင်းညိတ် လိုက်သည်။
ဆရာကုက မမလေးလုဆိုသူနှင့် သူမ၏ အနောက်တွင် ရပ်နေသော သက်လတ်ပိုင်း အရွယ် လူကြီးအား လှမ်းကြည့် လိုက်မိသည်။ သူက ထိုလူများအား တွေ့ဖူးသလိုလို ရှိသော်လည်း မည်သည့် အချိန်က မည်သည့်နေရာတွင် တွေ့ဖူးခဲ့ကြောင်း မမှတ်မိတော့ပေ။
တစ်နာရီခန့် အချိန် အတောအတွင်း၌ စုန့်ထောင်က ငါးပွဲဆက်တိုက် အနိုင်ရထားသည်။ ရှုအောင်းနှင့် မမလေးလုတို့မှ လွဲ၍ ကျန်သူဌေးများက စုန့်ထောင်၏ ခွန်အားကြောင့် အလွန် ထိတ်လန့် နေကြသည်။
ထိပ်ပြောင်ကြီးလျှိုက မောက်မာသော အပြုံးတခုအား ချိတ်ဆွဲထားပြီး နောက်ထပ် ပစ်မှတ်အား ရှာဖွေနေသည်။
သူဌေးအားလုံးက ရှုအောင်းအား မျက်နှာငယ်လေးများဖြင့် လှမ်းကြည့် လိုက်ကြသည်။
ရှုအောင်းကလည်း ထိပ်ပြောင်ကြီးလျှို၏ အပြုအမူအား မကျေမနပ် ဖြစ်သွားသည့် အတွက် ဆရာကုအား စင်မြင့်ပေါ်တက်ရန် ပြောတော့မည့် ဆဲဆဲတွင်ပဲ အထင်သေးစွာ ပြက်ရယ်ပြုလိုက်သော အသံတစ်သံအား ကြားလိုက်ရသည်။
"ဟမ့် ထိုင်းကလာတဲ့ ငတုံးတစ်ကောင်ကို ဘယ်သူကမှ မတားနိုင် ကြတော့ဘူးပေါ့ ရှက်စရာပဲ"
အားလုံးက အသံလာရာသို့ ကြည့်လိုက် မိကြသည်တွင် ရှင်းကျုံးအား တွေ့လိုက်ကြရသည်။ အထင်သေးမှု၊ စိတ်ကြီး ဝင်နေမှုတို့က သူ၏ မျက်နှာ တစ်ပြင်လုံးတွင် ထင်ဟပ်နေသည်။
ရှင်းကျုံး၏ စကားများကြောင့် ထိပ်ပြောင်ကြီးလျှိုက ဒေါသ ထွက်သွားပြီး အော်လိုက်သည်။
"ရှင်းကျုံး သေချင်နေပြီလား အရမ်း သေချင်နေရင်လည်း မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"
စကားပြောနေရင်းနှင့် ထိပ်ပြောင်ကြီးလျှိုက ရှင်းကျုံး၏ ဘေးပတ်ဝန်းကျင်အား အကဲခတ် လိုက်ကာ အထင်သေးသော အပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် ဖြစ်တည် လာသည်။
"မင်း ခေါ်လာသမျှလူက ဒါအကုန်ပဲလား ပြည်ပကနေ ဖိတ်ထားတယ် ဆိုတဲ့ ပညာရှင်ကရော ဘယ်မှာလဲ စုန့်ထောင်ကို ကြောက်လို့ ပြေးပြီလား"
'ရှင်းကျုံး ဖိတ်ထားတဲ့ ပြည်ပက ပညာရှင် ဆိုတာက ဘယ်မှာလဲ အခုထိလည်း ပေါ်မလာဘူး'
လူတိုင်း၏ အတွေးများထဲ၌ တူညီသော မေးခွန်းတခု ဖြစ်ပေါ်လာသည်။
ရှင်းကျုံးကလည်း ထိပ်ပြောင်ကြီးလျှို၏ စကားများကြောင့် ဒေါသထွက်သွားကာ ပြန်အော် လိုက်သည်။
"မင်းကများ သခင်ကြီးဟူကို ရှုံ့ချရဲတယ် အဲဒီအတွက် မင်း ပြန်ပေးဆပ်ရမယ် သခင်ကြီးဟူ ရောက်လာတဲ့ အခါကျရင် မင်းရဲ့ မျက်နှာ ဘယ်လို ဖြစ်သွားမလဲ မြင်ချင်သေးတယ်"
ထို့နောက်တွင် ရှင်းကျုံးက မတ်တတ်ရပ်လိုက်ပြီး ကွင်းပြင်အတွင်းရှိ ရေကန်ငယ်လေး ဘက်သို့ ဦးတည်ကာ အရိုအသေ ပေးလိုက်ရင်း အော်လိုက်လေသည်။
"သခင်ကြီးဟူကို ကြိုဆိုပါတယ်"
ရှင်းကျုံး၏ သက်တော်စောင့်များ ကလည်း တညီတညွတ်တည်း သံပြိုင် အော်လိုက် ကြလေသည်။
"သခင်ကြီးဟူကို ကြိုဆိုပါတယ်"
အဖြစ်အပျက်ကြောင့် အခြားလူများ အားလုံးက ဆွံ့အ သွားကြရသည်။ ရေကန်ငယ်လေးထဲ၌ သက်ရှိလူတစ်ယောက် မဆိုထားနှင့်။ လှေတစ်စီးပင် မမြင်ရချေ။
ရုတ်တရက် ချန်းဖန်က ပင့်သက် ရှိုက်လိုက်မိပြီး တလက်လက် တောက်ပလာသော ရေကန် မျက်နှာပြင်သို့ မမှိတ်မသုန် စိုက်ကြည့်နေရင်း ပြုံးလိုက်မိသည်။
"စိတ်ဝင်စားစရာပဲ ကြည့်ရတာ ကမ္ဘာပေါ်က ကျင့်ကြံသူတွေကို နည်းနည်း လျှော့တွက်မိသွားပုံပဲ"
ဆရာကုနှင့် စတုတ္ထဦးလေးတို့လည်း ထိုင်နေရာမှ ဝုန်းခနဲ ထလိုက်မိကာ ရေကန် မျက်နှာပြင်အား မယုံကြည်နိုင်စွာ ကြည့်နေမိတော့သည်။
"ဆရာကု ဘာဖြစ်လို့လဲ"
"စတုတ္ထဦးလေး ဘာဖြစ်လို့လဲ"
ရှုအောင်းနှင့် မမလေးလုတို့က တစ်ပြိုင်နက်တည်း လိုလိုပင် မေးလိုက်မိကြသည်။
စတုတ္ထဦးလေးက စကားတခွန်းမှ မပြောနိုင်ဘဲ ရှိသည်။ ဆရာကု၏ မျက်နှာကတော့ မည်းမှောင်နေပြီ ဖြစ်သည်။
"သခင်ကြီးရှု ကျုပ်တို့တော့ ဒုက္ခရောက်ပြီ ထင်တယ်"
ရှုအောင်းက ဆရာကု၏ စကားကြောင့် အံ့ဩနေဆဲတွင် ရေကန်ဘက်မှ ရုတ်ရုတ်သဲသဲ အသံများကြောင့် လှည့်ကြည့် လိုက်မိသည်။ ထို့နောက် မြင်လိုက်ရသော အရာကြောင့် သူ့တစ်ကိုယ်လုံး တောင့်ခဲ သွားရတော့၏။
ငြိမ်သက်နေသော ကန်ရေပြင်ပေါ်၌ အဖြူရောင် အလင်းလှိုင်းတစ်ခုက ကမ်းခြေမှသည် ပြိုင်ပွဲ စင်မြင့်ထက်သို့ ဦးတည်၍ လာနေသည်။ ထိုအလင်းလှိုင်းက ပြိုင်ဘက်ကင်းလှသော အရှိန်နှင့် ပြေးလွှားလို့ နေသည်။ တဖြည်းဖြည်း နီးကပ်လာတော့မှ ရှုအောင်းမှာ ကန်ရေပြင်ပေါ်တွင် ပြေးလွှားနေသော လူတယောက်၏ ပုံရိပ်အား အသေအချာ မြင်လိုက်ရလေသည်။
"အဲဒါက... လူသားလား"
တစ်စုံတစ်ယောက်က တုန်ယင်နေသော အသံနှင့် ရေရွတ် လိုက်သည်။
လူတစ်ယောက်က ရေပေါ်မှာ လမ်းလျှောက် နိုင်ရုံတင် မကဘဲ စပိဘုတ်ထက်တောင် မြန်အောင် သွားနိုင်တယ်တဲ့လား။
ပရိသတ်ထဲရှိ သာမန်လူများမှာ ရူးလောက်စရာ မြင်ကွင်းကြီးကြောင့် သတိမကပ် နိုင်သေးဘဲ ကြောင်အ နေကြသည်။
"ရေပေါ်မှာ လမ်းလျှောက်တယ် ဘုရားရေ... အတွင်းအား ပြည့်စုံအဆင့်ကို ရောက်နေတဲ့ ပညာရှင် တစ်ယောက်ပဲ "
ရေပေါ်၌ လမ်းလျှောက် နိုင်သူများသည် အတွင်းအား အဆင့်၏ အဆင့်ခွဲသုံးခုတွင် နောက်ဆုံး အဆင့်ဖြစ်သော ပြည့်စုံအဆင့်သို့ ရောက်ရှိနေသူများ ဖြစ်ပြီး အထွတ်အထိပ်အဆင့် ပညာရှင်တစ်ယောက် ဖြစ်လာရန် ခြေတစ်လှမ်းသာ လိုတော့သည်။
ရှင်းကျုံး၏ နှုတ်ခမ်းများက ဂုဏ်ယူမှုကြောင့် ကွေးညွတ်သွားသည်။ သူက နောက်တစ်ကြိမ် လေးလေးနက်နက် အရိုအသေ ပေးလိုက်ပြီး ကျယ်လောင်စွာ အော်လိုက်သည်။
"သခင်ကြီးဟူကို ကြိုဆိုပါတယ်"
လူတိုင်း၏ မယုံကြည်နိုင် ဖြစ်နေသော အကြည့်များ အောက်တွင်ပင် လင်းဟူက ရေပေါ် ခြေတစ်ချက် ဆောင့်လိုက်ပြီး လေထဲ၌ ပျံဝဲကာ ပြိုင်ပွဲကျင်းပရာ စင်မြင့်ပေါ်သို့ ရောက်ရှိ လာသည်။ သူက လက်နှစ်ဖက်အား နောက်သို့ ပစ်လိုက်ပြီး စုန့်ထောင်အား တည့်တည့် ကြည့်ကာ မေးလိုက်သည်။
"မင်းက ငါ့ပြိုင်ဘက်လား"
စုန့်ထောင်၏ မျက်နှာက ချက်ချင်းပင် ဖြူဖျော့ သွားသည်။
စင်မြင့်ပေါ်တွင် ယှဉ်ပြိုင်ခဲ့ဖူးသည့် တစ်လျှောက်လုံး ဤတကြိမ်၌ ကြောက်ရွံ့မှု ဟူသော အရာအား စတင် ခံစားလိုက်ရသည်။
***