← Chapters

ဆရာချန်းက ဘယ်သူလဲ

Vol. 1 Ch. 56

ဆရာချန်းက ဘယ်သူလဲ

Vol. 1 Ch. 56

စုန့်ထောင်သည် သူ့ဆရာထံမှ တပည့်အဖြစ် လက်ခံခြင်း ခံရပြီးကတည်းက ရှေးဟောင်း မွေ့ထိုင်းပညာရပ်ကို အပတ်တကုတ် ကြိုးစား လေ့ကျင့်ခဲ့သည်။ ထိုအချိန်မှစ၍ တိုက်ပွဲတိုင်း အနိုင်ရခဲ့သည်သာ ရှိ၏။ လင်းဟူ၏ ကြောက်စရာ ကောင်းလှသော စွမ်းရည်အား မမြင်ခင်အထိ တစ်စုံတစ်ယောက်က သူ့ထက်ပို၍ အစွမ်းထက် နေလိမ့်မည်ဟု လုံးဝကို မတွေးဖူးခဲ့ချေ။

သို့သော်လည်း စုန့်ထောင်သည် အလျင်အမြန်ပင် ကြောက်ရွံ့မှုကို တွန်းအားအဖြစ်သို့ ပြောင်းလဲလိုက်သည်။ သိုင်းပညာအပေါ် သူ၏ ရူးသွပ်မှုက ဤမျှ အစွမ်းထက်သော ပြိုင်ဘက် တစ်ယောက်နှင့် ရင်ဆိုင်ရခြင်း အတွက် စိတ်အား ထက်သန်မှုများ ဖြစ်ပေါ်စေသည်။

“ကျေးဇူးပြုပြီး”

စုန့်ထောင်သည် တစ်ဖက် ပြိုင်ဘက်အား လက်နှစ်ဖက် ဆုပ်လျက် နှုတ်ဆက်လိုက်သည်။

“ခင်ဗျား အရင်စပါ”

လင်းဟူသည် လက်တစ်ဖက်အား နောက်သို့ ပို့ထားပြီး ကျန်လက် တစ်ဖက်နှင့်သာ တိုက်ကွက် ခင်းလိုက်သည်။

လင်းဟူ၏ အပြုအမူကြောင့် စုန့်ထောင်က ဒေါသ ထွက်သွားရသည်။

“ခင်ဗျားက ကျုပ်ကို လက်တစ်ဖက်တည်းနဲ့ အနိုင်တိုက်နိုင်မယ်လို့ ထင်နေတယ်ပေါ့”

သူ၏ ပြိုင်ဘက်က ထူးဆန်းသော စွမ်းရည်များ ရှိသည်မှာ မှန်သော်ငြား စုန့်ထောင် ကိုယ်တိုင်ကလည်း အရှေ့တောင် အာရှတွင် ပြိုင်ဘက်ကင်း အာမက် ဖြစ်သည်။ မည်သူက မည်သူ့ကို အနိုင်ယူနိုင်မည် ဆိုတာက မကြာမီ အဖြေပေါ်တော့မှာပင်။

စုန့်ထောင်က ရှေးဟောင်း မွေ့ထိုင်းပညာရပ်ကို ထုတ်ဖော်လိုက်သည်။ ရုတ်တရက် သူ၏ အသားအရည်က ကျောက်မီးသွေး အနက်ရောင်သို့ ပြောင်းလဲသွားပြီး ခန္ဓာကိုယ် အရွယ်အစား ကလည်း ကြီးမား၍လာသည်။ မျက်စိတစ်မှိတ် အတွင်းမှာပဲ စုန့်ထောင်သည် အရပ်အမြင့် ခုနစ်ပေခန့် ရှိသော လူသန်ကြီးတစ်ယောက် အဖြစ် ပြောင်းလဲ သွားတော့သည်။

“စွန့်လွှတ်ခြင်း လျှို့ဝှက်ပညာ”

စတုတ္ထဦးလေးက အံ့ဩတကြီး ရေရွတ်လိုက်သည်။

“စုန့်ထောင်ကတော့ ပညာကုန် ထုတ်သုံးနေပြီ ဒီလျှို့ဝှက်ပညာရပ်က လူ့သက်တမ်းကို အသုံးပြုရတဲ့ အတွက် လူတစ်ယောက်ရဲ့ ဘဝမှာ သုံးကြိမ် ဒါမှမဟုတ် လေးကြိမ်‌လောက်ပဲ ထုတ်ဖော်နိုင်တယ် တစ်ကြိမ်အသုံးပြုပြီး တိုင်းမှာလည်း နောက်တစ်ကြိမ် ထပ်ပြီး မတိုက်ခိုက်ခင် လနဲ့ချီပြီး အနားယူဖို့ လိုအပ်တယ်”

မမလေးလုက စကားတခွန်းမှ မဆို။ သူမ၏ မျက်လုံးများက လင်းဟူကိုသာ မမှိတ်မသုန် စိုက်ကြည့်လို့ နေသည်။

စုန့်ထောင်သည် အကြိမ်အနည်းငယ်ခန့် မာန်သွင်း ဟစ်ကြွေးလိုက်ပြီးနောက် လင်းဟူဆီသို့ ခုန်အုပ် လိုက်လေသည်။ အမြန်နှုန်းက သိသိသာသာ လျော့ကျ သွားသောလည်း စုန့်ထောင်၏ လက်သီးတစ်ချက်တွင် ပါဝင်သော ခွန်အားကား မမှန်း‌ဆနိုင် လောက်အောင် များပြားလှသည်။

ကောဝေ့၏ မျက်နှာက ဖြူဖျော့သွားသည်။ ဤမတိုင်ခင် တိုက်ပွဲ၌ စုန့်ထောင်သာ ယခုကဲ့သို့ လျှို့ဝှက်ပညာအား ထုတ်သုံးခဲ့ပါက သူ့အနေနှင့် သုံးကွက်ခန့်ပင် ခံနိုင်မည် မဟုတ်သည်မှာ အသေအချာပါပေ။

ထိုအချိန်တွင် လင်းဟူသည် စင်ပေါ်၌ မတုန်မလှုပ် ရပ်နေဆဲ ဖြစ်သည်။ စုန့်ထောင်၏ လက်သီးက သူနှင့် လက်မအနည်းငယ်သော အကွာသို့ ရောက်သည်အထိ လုံးဝ မလှုပ်ရှားသေး။

ထို့နောက် သူက တိကျသိသပ်သော လက်သီး တစ်ချက်အား အသာအယာ ထုတ်ဖော်လိုက်သည်။

“ခွပ်”

စုန့်ထောင်၏ အားပြင်းလှသော လက်သီးချက် နှစ်ချက်က လင်းဟူ၏ အသာအယာ လက်သီးတစ်ချက်နှင့် အပြင်းအထန် တိုက်မိသွားပြီး စုန့်ထောင်၏ ခန္ဓာကိုယ်ကြီးမှာ အရုပ်တစ်ရုပ်ကဲ့သို့ လေထဲ လွင့်ပျံသွားလေသည်။

ပြိုင်ပွဲကျင်းပရာ ဧရိယာတစ်ခုလုံး တိတ်ဆိတ်သွားပြီး ခုနစ်ပေ အရပ်အမြင့်ရှိသော လူသန်ကြီးအား လက်သီးတစ်ချက်နှင့် အနိုင်ယူလိုက်သော လင်းဟူအား မယုံကြည်နိုင်စွာ ကြည့်နေမိကြသည်။

လင်းဟူက ခေါင်းယမ်းရင်း ပြောလိုက်သည်။

“မင်းက အားနည်းလွန်းတယ် နောက်ထပ် ၁၂နှစ်လောက် လေ့ကျင့်ပြီးတော့မှ ငါနဲ့ ထပ်လာပြိုင်”

လင်းဟူက လက်နှစ်ဖက်လုံးအား ကျောနောက်တွင် ဟန်ပါပါ ချိတ်လိုက်ရင်း သူဌေးတစ်စု ထိုင်နေသော ရှည်မျောမျော စင်မြင့်ဘက်သို့ လှမ်းကြည့်လိုက်သည်။

“ဘယ်သူ ကျုပ်နဲ့ ပြိုင်ချင်သေးလဲ”

ရှည်မျောမျော စင်မြင့်ထက်တွင် ထိုင်နေသော သူဌေး တစ်ယောက်ချင်းစီ၌ တိုက်ခိုက်ရေးသမား ကိုယ်စီ ပါလာကြသော်လည်း ဘယ်သူကမှ စကားတခွန်း မဟရဲကြပေ။

၎င်းတို့၏ တိုက်ခိုက်ရေး သမားများမှာ စုန့်ထောင်ကိုပင် အနိုင်မတိုက်နိုင်ကြရာ စုန့်ထောင်အား လက်သီး တစ်ချက်တည်းနှင့် အနိုင်ယူခဲ့သော လင်းဟူကိုမူကား အိပ်မက်ထဲမှာသာ နိုင်ကောင်း နိုင်ပေလိမ့်မည်။

ထိပ်ပြောင်ကြီးလျှို၏ မျက်နှာပေါ်ရှိ အပြုံးက တောင့်ခဲသွားသည်။ လင်းဟူ သူ့အား သတိထားမိသွားမည် စိုး၍ တွင်းတစ်တွင်း ရှာပြီး ဝင်ပုန်းနေရန်သာ တွေးမိတော့သည်။

မမလေးလုသည်လည်း ယုံကြည်မှုတို့ ပျောက်ဆုံးသွားသည်။ လင်းဟူ ပါဝင်လာမှုက သူမ၏ အစီအစဉ်များအား နှောင့်ယှက်လိုက် သကဲ့သို့ ရှိသည်။ သူမတို့ လုမိသားစုမှ စတုတ္ထဦးလေးပင်လျှင် လင်းဟူအား အနိုင်ရရန် မသေချာပေ။

“ဘယ်သူမှ မရှိတော့ဘူးလား”

လင်းဟူက ရှုအောင်းထံသို့ တစ်ချက်လှမ်းကြည့် လိုက်သည်။ သူသည်သာမက အခြားသော သူဌေးများ အားလုံးကလည်း ရှုအောင်းထံသို့ တစ်ပြိုင်နက်တည်း လှမ်းကြည့်မိကြသည်။

ရှုအာင်းကား ကျန်းပေ့ တစ်တိုင်းလုံးတွင် အာဏာအရှိဆုံးသော လူအဖြစ်ပင် သတ်မှတ်၍ ရသည်။ ထို့အတွက် လင်းဟူအား ရင်ဆိုင်ရာတွင် သူ့အနေနှင့် အခြားသော သူဌေးများရှေ့မှ မားမားမတ်မတ် ရပ်တည်ပေးရန် လိုပေသည်။

ရှုအောင်းက သက်ပြင်းချမိသည်။ သူ တစ်ခုခုလုပ်မှ ရပေတော့မည်။

ထိုသို့အတွေးနှင့် ရှုအောင်းက ဆရာကုအား ခပ်တိုးတိုး မေးလိုက်သည်။

“ဆရာကု ခင်ဗျားသူနဲ့ တိုက်နိုင်မလား”

ဆရာကုက ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး ရှုအောင်းအား လေးလေးနက်နက် အရို‌အသေ ပေးလိုက်သည်။

“သခင်ကြီးရှု နှစ်ပေါင်းများစွာ ကျုပ်ကို ဂရုစိုက် ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ကျုပ်က သင်္ချိုင်းကို ခြေတစ်ဖက် လှမ်းပြီးနေပါပြီ ဘာပဲဖြစ်ဖြစ် သခင်ကြီးရှုအတွက် နောက်ဆုံးတစ်ကြိမ် တိုက်ခိုက်ပေးသွားဖို့ ဆန္ဒရှိပါတယ်”

ရှုအောင်းသည် ဆရာကုအား စိုးရိမ်စွာ ကြည့်လိုက်ရင်း..။

“ကိုယ့်ကိုယ်ကိုယ် အရမ်း ဖိအားမပေးပါနဲ့ ကျုပ်အနေနဲ့ တိုက်ပွဲကို အရှုံးပေးလိုက်လို့ ရသေးတယ်”

ဆရာကုလည်း ဖြည်းညင်းစွာ ခေါင်းညိတ် ပြလိုက်ပြီး စင်မြင့်ပေါ်သို့ ဦးတည်ကာ လျှောက်သွားတော့သည်။ ဆရာကုက ကျောတစ်ဖြောင့်တည်း မတ်မတ်ရပ်ကာ လမ်းလျှောက်နေပြီး တိုက်ပွဲအတွက် အားမာန်အပြည့် ရှိနေပုံမှာ အသက်နှစ်ဆယ်ကျော် လူရွယ်လေး အလားပင်။

ဆရာကု စင်မြင်ပေါ်သို့ လျှောက်လာသည်ကို မြင်ရတော့ လင်းဟူ၏ မျက်နှာပေါ်ရှိ အပြုံးက အငွေ့ပြန်သွားသည်။ သူက ဆရာကုအား သံသယဝင်စွာ အကဲခတ်ပြီးနောက် မျက်ခုံးပင့်လိုက်သည်။

“အတွင်းအား ပညာမှာ ထူးကဲသော အောင်မြင်မှု အဆင့်ကို ရောက်နေတဲ့ လူတစ်ယောက်ပဲ မဆိုးပါဘူး ခင်ဗျားကို ထိုက်တန်တဲ့ ပြိုင်ဘက် တစ်ယောက်လို့တော့ သတ်မှတ်လို့ ရတယ် ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ခင်ဗျား ဒဏ်ရာတစ်ခု ရဖူးတယ် မဟုတ်လား အဲဒီဒဏ်ရာကြောင့် ခင်ဗျားရဲ့ တိုက်ပွဲဝင် စွမ်းရည်က အများကြီး လျော့ကျသွားပြီ အင်း.. ခင်ဗျားရဲ့ လှုပ်ရှားပုံကို ကြည့်ရသလောက် ကုမိသားစုက ဖြစ်မယ်ထင်တယ် ကုရှစ်ထုံကို ခင်ဗျားသိလား”

ဆရာကုက မျက်မှောင်ကြုတ်သွားပြီး ပြန်မေးလိုက်သည်။

“ငါ့မိသားစုကို မင်းဘယ်လို သိတာလဲ”

“ဟား..ဟား.. လွန်ခဲ့တဲ့ ဆယ့်ခုနစ်နှစ်က ကျုပ်ဆရာ ပြည်မကြီးကို ပထမဆုံး ရောက်လာခဲ့တဲ့ အချိန်ကပေါ့ ခင်ဗျားတို့ ကုမိသားစုရဲ့ ကုရှစ်ထုံက ကျုပ်ဆရာ လက်ထဲမှာ ပထမဆုံး အရှုံးပေးခဲ့ရတဲ့ လူပဲ”

လင်းဟူက ဂုဏ်ယူ ဝင့်ကြွားစွာ ပြောလိုက်သည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ဆရာကု၏ မျက်နှာက မည်းမှောင်နေပြီ ဖြစ်သည်။

ကုမိသားစုသည်ကား နှစ်ပေါင်းနှစ်ရာခန့် ရှိပြီဖြစ်သော သိုင်းပညာ မိသားစုကြီးတစ်ခု ဖြစ်သည်။ ကုရှစ်ထုံ ဆိုသူက အတွင်းအား ကျင့်ကြံခြင်းတွင် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သော ကုမိသားစု၏ ဒဏ္ဍာရီ တစ်ယောက်ဆိုလည်း မမှားပေ။ ကုရှစ်ထုံ၏ တစ်သက်တာ၌ တိုက်ပွဲပေါင်း များစွာ ဆင်နွှဲခဲ့ခြင်းတွင် တစ်ပွဲသာ ရှုံးနိမ့်ခဲ့ဖူးသည်။ ထိုတိုက်ပွဲ၌ ကုရှစ်ထုံသည် ဒဏ်ရာ အပြင်းအထန် ရသွားခဲ့ပြီး နောက်တစ်ကြိမ် ဘယ်တော့မှ ထပ်ကာ မတိုက်ခိုက်တော့ပေ။

ဆရာကု၏ အတွင်းစိတ်ထဲ၌ ကြောက်ရွံ့မှုကို စတင် ခံစားလာရပြီ ဖြစ်သည်။ သူက တုန်တုန်ယင်ယင်နှင့် မေးလိုက်သည်။

“မင်းရဲ့ဆရာက ဘယ်သူလဲ”

လင်းဟူက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး မောက်မာစွာနှင့် ဆရာဖြစ်သူ၏ နာမည်ကို ကြေညာလိုက်လေသည်။

“ဟုန်ဂိုဏ်းက လဲ့ချန်းကျွယ်”

လင်းဟူ၏ စကားဆုံးသည်နှင့် များပြားလှသော ပရိသတ်ထုကြီးမှာ ထိတ်လန့်မှုကြောင့် ပွက်လောရိုက် သွားတော့သည်။

လူအများစုက လဲ့ချန်းကျွယ် ဟူသော အမည်ကို မကြားဖူးကြသော်လည်း ဟုန်ဂိုဏ်း သည်ကား ကလေးအစ ခွေးအဆုံး ကြားဖူးနားဝ ရှိသော အမည်နာမ တစ်ခုဖြစ်သည်။ ဟုန်ဂိုဏ်းသည် ပြည်မကြီးမှ ကွယ်ပျောက် သွားခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ရှေးယခင်က သမိုင်းတစ်ခေတ် စိုက်ထူနိုင်ခဲ့‌သော ရှေးဟောင်း ဂိုဏ်းကြီး တစ်ခုအဖြစ် လူတိုင်းက မှတ်မိနေကြသေးသည်။

လူအုပ်ထဲမှ တစ်စုံတစ်ယောက်က တစ်ခုခုကို အမှတ်ရသွားပြီး အလန့်တကြား ထအော်လိုက်လေသည်။

“ဟုန်ဂိုဏ်းက လင်းဟူ ငါ မှတ်မိပြီ သူက 'သေခြင်းရဲ့ ကျားဖြူ လင်းဟူ' ဆိုတဲ့ တစ်ယောက်မလား”

ပရိသတ်များထဲမှ တချို့တဝက်မှာ ပြည်ပ၌ အချိန် အတော်ကြာအောင် နေဖူးကြရာ ဟုန်ဂိုဏ်းအကြောင်း ဗဟုသုတတချို့ ရှိကြသည်။

သေခြင်းရဲ့ ကျားဖြူ  လင်းဟူ..။

ထိုအမည် နာမသည်ကား ပြည်ပ၌ အလွန် ကျော်ကြားပေသည်။ ကောလာဟလများအရ သေခြင်းရဲ့ ကျားဖြူမှာ အာတိတ် ပင်လယ်ကွေ့ တစ်ဝိုက်ရှိ ကုန်တင်သင်္ဘောများ အားလုံးအား ချုပ်ကိုင်ထားပြီး ထိုနားတစ်ဝိုက်မှ ဖြတ်သန်း သွားလာ‌လိုသော သင်္ဘောများသည် သေခြင်း၏ ကျားဖြူအား ဖြတ်သန်းခ ပေးရန်လိုသည်။

သေခြင်းရဲ့ ကျားဖြူသည် ကောင်းရောင်းကောင်းဝယ် ကုမ္ပဏီတစ်ခု အားလည်း ထူထောင်ထားပြီး ထိုကုမ္ပဏီမှာ နိုင်ငံငယ်လေး တစ်ခုစာခန့် ဝင်ငွေ ရှိသည်ဟု ဆိုကြသည်။ ကျန်းပေ့တစ်တိုင်းလုံးရှိ မည်သည့် သူဌေးကြီးကမှ 'သေခြင်းရဲ့ကျားဖြူ' နှင့် ယှဉ်နိုင်မည် မဟုတ်ပါ။

ရှုအောင်းသည်လည်း လင်းဟူမှာ သေခြင်းရဲ့ကျားဖြူ ဖြစ်ကြောင်း သိရှိပြီးကတည်းက လက်ကျန်‌ မျှော်လင့်ချက် အားလုံးအား  စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။

လင်းဟူသည် သိုင်းပညာ တံခွန်စိုက်ပွဲ၏ ပထမဆုအား လိုချင်၍ မဟုတ်ဘဲ အခြားသော ရည်ရွယ်ချက် တစ်ခုဖြင့် ရောက်လာခြင်း ဖြစ်ကြောင်း ရှုအောင်းက ခန့်မှန်းမိသည်။

လက်ရှိ တံခွန်စိုက်ပွဲ၌ ရောက်ရှိနေသော သူဌေးအများစုထက် လင်းဟူက ပို၍ ချမ်းသာသည့်အပြင် ဟုန်ဂိုဏ်း၏ ထောက်ပံ့မှုလည်း ရှိနေသေးသည်။ အကယ်၍ လင်းဟူသာ ကျန်းပေ့တိုင်း၌ အချိန်ကြာမြင့်စွာ နေလိုသည် ဆိုပါက သူ့လက်အောက်သို့ ခိုဝင်ချင်သည့် လူများမှာ ရိုက်သတ်၍ပင် ကုန်မည် မဟုတ်ပေ။

စတုတ္ထဦးလေးက ပင့်သက်ရှိုက်၍ မှတ်ချက် ပေးလိုက်သည်။

“လဲ့ချန်းကျွယ်ရဲ့ တပည့် ဖြစ်နေမှတော့ ဒီလောက် အစွမ်းထက်တာ အံ့ဩစရာ မရှိတော့ပါဘူး”

“လဲ့ချန်းကျွယ်က ဘယ်သူလဲ”

မမလေးလုက နားမလည်နိုင်စွာ မေးလိုက်သည်။

“မမလေးရယ် ဒါတွေကို မှတ်မိနိုင်ဖို့ မမလေးက ငယ်လွန်းပါသေးတယ် လဲ့ချန်းကျွယ် အရမ်း ကျော်ကြားခဲ့တဲ့ အချိန်တုန်းကဆို မမလေးက ဆယ်နှစ်သမီးလောက်ပဲ ရှိဦးမယ်”

စတုတ္ထဦးလေးက မပီမပြင် ပြုံးလိုက်သည်။

“လဲ့ချန်းကျွယ်က ဟုန်ဂိုဏ်း ပြည်မကြီးမှာ တန်ခိုးထွားခဲ့တဲ့ အချိန်တည်းက အရမ်းတော်တဲ့ တိုက်ခိုက်ရေးသမား တစ်ယောက်ပဲ ပြောကြတာတော့ သူက တန်ဒြာနယ်မြေတွေရဲ့ အကြောင်း ဉာဏ်အလင်းတချို့ ရရှိခဲ့ပြီး အရမ်းကို အစွမ်းထက်တဲ့ 'မာယာ တစ်ထောင်' ပညာရပ်ကိုတောင် တီထွင်နိုင်ခဲ့တယ် တဲ့လေ”

(တန်ဒြာ –( ဥရောပ၊ အာရှနှင့် မြောက်အမေရိက တိုက်များ၌ မြောက်ဝင်ရိုးစွန်း ရေခဲပြင်နှင့် သင်ပစ်ပေါက်ရာ ဒေသအကြားရှိ)  အောက်ခြေ မြေဆီလွှာ အမြဲအေးခဲနေသော ဟင်းလင်းပြင်)

စတုတ္ထဦးလေး၏ အသံ၌ပင် ကြောက်ရွံ့ လေးစားခြင်းတို့ ကိန်းဝပ်နေသည်။

“ပြည်မကြီးကို သူစရောက်တဲ့ အချိန်တုန်းက ဆိုရင် သိုင်းပညာရှင် ဆယ့်ခြောက်ဦးကို တစ်ပြိုင်နက်တည်း စိန်ခေါ်ပြီး အနိုင်ယူခဲ့တယ်‌လေ အဲဒီမှာ သူ့နာမည်က အရမ်းကို ကျော်ကြား သွားတော့တာပဲ”

“ဒါကြီးက ရူးလောက်စရာပဲ”

မမလေးလုက ရေရွတ်လိုက်သည်။ သူမ၏ အသိအမြင်တွင် အထွတ်အထိပ် အဆင့် ပညာရှင် တစ်ယောက်ကသာ သိုင်းပညာလမ်းစဉ်၏ အမြင့်ဆုံးဖြစ်သည်ဟု ယူဆထားခဲ့သော်လည်း လဲ့ချန်းကျွယ်၏ ပြည်တွင်း၊ ပြည်ပ ကျော်ကြားပုံများ အရ အထွတ်အထိပ် အဆင့် ပညာရှင်တစ်ယောက်၏ ခွန်အား ထက်ပင် ကျော်နေလောက်သည်မှာ သေချာသလောက် ရှိသည်။

“နောက်ပိုင်း ဘာတွေ ဆက်ဖြစ်သွားတာလဲ”

မမလေးလုက သိချင်စိတ်ကို မထိန်းနိုင်တော့ပဲ မေးလိုက်မိသည်။

“ကံကောင်းစွာနဲ့ပဲ ဆရာသခင် ယဲ့နန်ထျန်းက လဲ့ချန်းကျွယ်ရဲ့ ထင်တိုင်းကြဲမှုတွေကို ရပ်တန့်ပေးခဲ့တယ် သူက လဲ့ချန်းကျွယ်ကို အနိုင်တိုက်ပြီး တရုတ်‌မြေပေါ်ကို ‌ခြေတစ်လှမ်းတောင် မချတော့ပါဘူးလို့ လဲ့ချန်းကျွယ်ကို ကျိန်ဆိုခိုင်းခဲ့တယ်”

“ရန်ကျင်းမြို့က ယဲ့နန်ထျန်းလား”

မမလေးလုက နောက်တစ်ကြိမ် ပင့်သက် ရှိုက်မိပြန်သည်။ ယနေ့အတွက် အံ့ဩစရာ ဖြစ်ရပ်များက မကုန်နိုင်တော့ သကဲ့သို့ပင် ခံစားလိုက်ရသည်။

လဲ့ချန်းကျွယ်ထက် စာလျှင် ယဲ့နန်ထျန်း၏ နာမည်က မမလေးလုအတွက် ပို၍ အကျွမ်းတဝင် ရှိလှသည်။

ယဲ့နန်ထျန်းကား သူ၏ မျိုးဆက် တစ်ခုလုံးတွင် သိုင်းပညာ၌ အထူးချွန်ဆုံး ပါရမီရှင်အဖြစ် သတ်မှတ်ခြင်း ခံထားရသူဖြစ်ပြီး အထွတ်အထိပ် ပညာရှင်အဆင့်ကို ကျော်လွန်ကာ နတ်ဘုရား အဆင့်သို့ပင် ရောက်ရှိနိုင်သူဟူ၍ ဘိုးဘေးများ၏ ခန့်မှန်းခြင်းကို ခံရသူလည်း ဖြစ်သည်။ လုမိသားစုမှ အထွတ်အထိပ်အဆင့် ပညာရှင်ဖြစ်သော မမလေးလု၏ ဖခင်ပင်လျှင် ယဲ့နန်ထျန်းအား လေးလေးစားစား ဆက်ဆံရသည်။

“အမှန်ပဲ လဲ့ချန်းကျွယ်နဲ့ တိုက်ပွဲအပြီးမှာ ဆရာယဲ့ရဲ့ နာမည်က အရမ်းကို ကျော်ကြားသွားခဲ့တယ်”

စတုတ္ထဦးလေးက ခေါင်းညိတ်ရင်း ပြောသည်။

ထိုစဉ်မှာပဲ ပြိုင်ပွဲ စင်မြင့်‌ပေါ်ရှိ တိုက်ပွဲမှာလည်း အဆုံးသတ်သွားပြီ ဖြစ်သည်။

လင်းဟူနှင့် ဆရာကုအကြား ကွာဟမှုမှာ အလွန် များပြားသည့်အပြင် ဆရာကု၏ အသက်အရွယ်နှင့် ဒဏ်ရာဟောင်းကလည်း ရှုံးနိမ့်ရန်အတွက် အကြောင်းပြချက် ကောင်းများ ဖြစ်လာခဲ့သည်။

တိုက်ကွက် ၇ကွက် အတွင်းမှာပင် ဆရာကုမှာ လင်းဟူ၏ လက်ဝါးချက်ကြောင့် လွင့်ပျံထွက်ရသွား၏။

သို့သော်လည်း လင်းဟူသည် သူ၏ခွန်အားအား ထိန်းထားခဲ့သည်။ သူက မြို့အသီးသီးမှ လူသူအင်အား စုဆောင်းရန်အတွက် ဆန္ဒရှိနေပြီး ဆရာကုအား မသတ်လိုသေးပေ။

“တိုက်ပွဲကို ရှေ့ဆက်ချင်သေးလား”

လင်းဟူက ခပ်အေးအေးပင် မေးလိုက်သည်။

ရှုအောင်း၏ မျက်နှာကြီးမှာ ရှုံ့မဲ့နေပြီ ဖြစ်သည်။ သူက ခေါင်းသာ ငုံ့ထားရင်း မတတ်သာပဲ ကြေညာလိုက်ရတော့သည်။

“ကျုပ်တို့ အရှုံးပေးပါတယ်”

“ကောင်းတယ် အရမ်းကောင်းတယ်”

ရှင်းကျုံးက ထိုင်ခုံမှ ခုန်ထလိုက်ပြီး စိတ်လှုပ်ရှားစွာနှင့် အော်လိုက်လေသည်။

ရှုအောင်းကား ကျန်းပေ့ တစ်တိုင်းလုံး၏ နံပါတ်တစ် နေရာတွင် ရှိနေခဲ့သည်မှာ အချိန်ကာလ ကြာမြင့်လှပြီ ဖြစ်သည်။ ယခုကား ပြောင်းလဲချိန် တန်လေပြီ။

လင်းဟူသည် ရှည်မျောမျော စင်မြင့်‌ပေါ်ရှိ မြို့အသီးသီးမှ သူဌေးများ၏ မျက်နှာအား တစ်ယောက်ချင်းစီ လိုက်လံ ကြည့်ရှုလို့ နေသည်။ လူအများစုက လင်းဟူ၏ အကြည့်အား ရင်မဆိုင်ရဲပဲ ခေါင်းငုံ့သွားကြသည်။

'လင်းဟူ သူက လင်းပေါင်ရဲ့ အစ်ကိုပဲ'

'သူ့ညီအတွက် လက်စားလာချေတာပဲ ဖြစ်ရမယ်'

ကျိုးထျန်ဟောက် တစ်ယောက် ကူကယ်ရာမဲ့စွာနှင့် စိတ်ထဲ၌ အော်ဟစ်နေမိသည်။

သို့သော်လည်း လင်းဟူက ကျိုးထျန်ဟောက်အား သာမန်ကာလျှံကာသာ ကြည့်သွားပြီး လုံးဝ အရေးမစိုက်ပေ။ တစ်ယောက်ချင်းစီအား သေချာ လိုက်ကြည့်ပြီး နောက်မှ လင်းဟူက ကြေညာလိုက်သည်။

“ကျုပ်ရဲ့ညီ လင်းပေါင်က ချူကျိုးမြို့မှာ ပျောက်သွားခဲ့တယ် တစ်ယောက်ယောက်က သူ့ကို ဖမ်းဆီးသွားတာ ဆိုရင်တောင် မျှမျှတတ တိုက်ခိုက်ပြီး ဖမ်းသွားတာမှ ဟုတ်ရဲ့လား ဆိုတာကို ကျုပ်အနေနဲ့ စုံစမ်းဖို့လိုတယ် သူက ကျုပ်ရဲ့ညီ ဖြစ်ရုံတင် မကဘူး ဆရာလဲ့ချန်းကျွယ်ရဲ့ တပည့်တစ်ယောက်လည်းပဲ ဖြစ်တယ် တကယ်လို့ ဘယ်တစ်ယောက်ကမှ ကျုပ်ညီ ရှိတဲ့နေရာကို မသိဘူး ဆိုရင်တော့ ကိစ္စ‌တွေက ရှုပ်ထွေးသွားပြီး ကျုပ်ဆရာပါ ပါဝင်လာရလိမ့်မယ်”

လင်းဟူက မျက်လုံးများကို မှေးစင်းကာ လူအုပ်ထဲသို့ ဝေ့ဝဲ ကြည့်လိုက်ရင်း..။

“ဆရာချန်း.. ခင်ဗျား ဒီမှာရှိနေတယ် ဆိုတာ ကျုပ်သိတယ် ခင်ဗျားက ကျုပ်ညီကို အနိုင်ယူခဲ့ပြီး ဆရာ့ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခဲ့တယ် ခင်ဗျားကိုယ်ခင်ဗျား ပြေးလို့ လွတ်မယ်များ ထင်နေလား… ကျုပ် လင်းဟူက ခင်ဗျားအတွက် ဒီနေ့ ဒီကို လာခဲ့တယ် သတ္တရှိရင် လူလုံး ထွက်ပြလိုက်စမ်းပါ”

မည်သူကမှ စကားတခွန်း မဟရဲကြပဲ ကွင်းပြင်တစ်ခုလုံး၌ လင်းပေါင်၏ အသံကသာ ပဲ့တင်ထပ်နေသည်။

'ဆရာချန်းဆိုတာ ဘယ်သူလဲ လင်းဟူကိုတောင် ရန်စရဲရ လောက်အောင် သတ္တိရှိတယ်လား'

လူတိုင်း၏ အတွေးထဲ၌ တူညီသော မေးခွန်းတစ်ခု ဖြစ်ပေါ်လာသည်။

လူအုပ်ထဲရှိ တစ်ယောက်က တီးတိုး ရေရွတ်လိုက်သည်။

“သူပြောတာ ချူကျိုးမြို့က ဆရာချန်းများလား”

လူတိုင်းက မကြာသေးမီကမှ ချူကျိုးမြို့၌ ရေပန်းစားနေခဲ့သော  သတင်းတစ်ပုဒ်အား အမှတ်ရသွားကြသည်။ မိုးကြိုးကိုပင် ဆင့်‌ခေါ်နိုင်လောက်အောင် အစွမ်းထက်သည် ဟူသော ဆရာချန်းအား တွေးမိသွားကြသည်။ သို့သော်လည်း လင်းဟူက ဤမျှ အစွမ်းထက်နေလေရာ ဆရာချန်းအနေနှင့် လူလုံးထွက်ပြပြီး စိန်ခေါ်မှုအား လက်ခံပါ့မလား ဆိုသည့် အချက်ကလည်း စဉ်းစားစရာပင်။

လူအများစုကတော့ ဆရာချန်း ထွက်လာရဲမည်ဟု မထင်ပေ။

“ဆရာချန်းက ကျန်းပေ့တိုင်းကနေ ထွက်ပြေးသွားမှာတောင် ကြောက်မိပါရဲ့”

လင်းဟူသည် စင်မြင့်ပေါ်၌  အလံတိုင် တစ်ခုကဲ့သို့ ဖြောင့်ဖြောင့်တန်းတန်း ရပ်နေပြီး အထင်သေးစွာ ပြောလိုက်၏။

တစ်မိနစ်၊ နှစ်မိနစ်၊ သုံးမိနစ်..။

ဆရာချန်းကား အရိပ်အယောင်မျှပင် ပေါ်မလာသေးပေ။

ကျိုးထျန်ဟောက်၏ ခြေထောက်များမှာ ပျော့ခွေသွားပြီး နောက်ဆုံးသော မျှော်လင့်ချက် လေးမှာလည်း ပျောက်ကွယ် သွားရသည်။

“ဆရာချန်းက ထွက်ပြေးသွားတာ များလား”

ရှုးအောင်းသည်လည်း ခေါင်းယမ်းကာ ညည်းညူလိုက်မိသည်။

“ငါလည်း တကယ်ရူးတာပဲ ဆရာချန်း ထွက်ပေါ်လာပြီး ဒီနေရာက လူတွေ အကုန်လုံးကို ကျဉ်းထဲကျပ်ထဲ အခြေအနေကနေ ကယ်ထုတ်ပေးဖို့ မျှော်လင့် နေခဲ့မိ‌တယ် စိတ်ကူး ယဉ်နေတာကို ရပ်သင့်ပြီ ဆရာချန်း ဆိုတဲ့သူက လူလိမ်တစ်ယောက် ဖြစ်နေမလားပဲ”

ရုတ်တရက် တစ်စုံတစ်ယောက်က ပရိသတ်များကြားမှ မတ်တတ်ရပ် လိုက်ပြီး ဖြည်းညင်းစွာ မေးလိုက်လေသည်။

“ကျွန်တော့်အကြောင်း ပြောနေတာလား”

***

All Chapters