Chapters

အပိုင်း (၁)

Vol. 1 Ch. 1

အပိုင်း (၁)

Vol. 1 Ch. 1

နေဝင်ချိန်တွင် အနီရောင် မိုးကုပ်စက်ဝိုင်းက သူ့ခရီးလမ်းဆုံးကို လက်ညှိုးထိုးပြနေသလိုပင်။ မောင်မြင့်စိုး လက်ထဲမှာ ရွာတည်နေရာပြ မြေပုံဟောင်းနှင့် သူ့ဖခင်ထံမှ စာတစ်စောင်။ ထိုစာထဲတွင် စကားတခွန်းတည်းသာ ပါသည်။

"မြင့်စိုး၊ မင်းအတွက် အားလုံးကို အမွေပေးခဲ့တယ်။ ဘာကိုမှ မမေးပါနဲ့။"

မြေလမ်းကြားလေးက ပိုပိုပြီး ကျဉ်းလာသည်။ ရှေ့ဆက်သွားလေလေ သစ်ပင်ကြီးများက ပို၍သိပ်သည်းလာလေလေ။ လက်ပံပင်ကြီးများ၏ အရိပ်က မှောင်စပျိုးနေသောညကို ပိုမိုနက်ရှိုင်းစေသည်။

"မြေပုံအရဆိုရင် ရွာက ဒီလမ်းအဆုံးမှာပဲ..." မြင့်စိုး တီးတိုးရေရွတ်မိသည်။

တောလမ်းကြားမှ ထွက်လာသည့်အခါ ရှေ့တွင် ရွာတစ်ရွာ၏ အရိပ်အယောင်ကို သူမြင်လိုက်ရသည်။ ခန့်မှန်းအားဖြင့် အိမ်ခြေ သုံးဆယ်ခန့်ရှိသောရွာ။ သူ့ဖခင်၏စာမှာ ရေးထားသလို "အမွေ" ဟု ဆိုခဲ့သည့် ရွာဟောင်းကြီးဖြစ်သည်။

ရွာထဲသို့ သူ ဝင်လိုက်သည်နှင့် နက်ရှိုင်းသည့်တိတ်ဆိတ်မှုက သူ့ကို ဆီးကြိုသည်။ အိမ်တွေ၏ပုံစံက အခြေအနေ အမျိုးမျိုးနှင့်။၊ အိမ်တချို့က ပြုပြင်ထိန်းသိမ်းထားဟန်တူသော်လည်း အိမ်တွေထဲတွင် နေထိုင်သူ မည်သူမျှ မရှိ။ တိုက်ခတ်လာသော လေက သူ့ကို အေးစိမ့်စေသည်။

"ဟလို... ဘယ်သူမှ မရှိကြဘူးလား..." မြင့်စိုး အသံထွက် မေးမိသည်။

ပြန်ဖြေသံဘာမှမကြားရဘဲ သူ့အသံကသာ ရွာလမ်းကျဉ်းလေးထဲ ပဲ့တင်ပျောက်ကွယ်သွားသည်။ အိမ်တွေ၏ မီးဖိုခေါင်းတိုင်များမှ မီးခိုးငွေ့များကို တွေ့ရသော်လည်း၊ မီးခိုးလာရာမီးကိုတော့ သူမတွေ့ရ။ အရာအားလုံးက ဆန်းကြယ်လှပေသည်။

စတင်လျှောက်လှမ်းရင်း မြင့်စိုး၏ နှာခေါင်းထဲသို့ အနံ့တစ်ခု ဝင်လာသည်။ ချဉ်စူးစူးလိုအနံ့ တစ်မျိုး။ ကြွက်သေကောင်နံ့လား...? တော်တော်မသက်မသာရှိတဲ့ဆိုးရွားတဲ့ အနံ့က လေထဲမှာ ပျံ့လွင့်နေသည်။

"မီးခိုးတွေက လေထဲမှာလွင့်လို့...အနံ့တွေကလည်း ဘယ်ကမှန်းမသိ... ဘာတွေမှန်းကို မသိဘူး..." သူ တီးတိုးရွေရွတ်မိသည်။

ရွာ၏ အလယ်ဗဟိုဆီ လျှောက်လာရင်း မြင့်စိုး ရုတ်တရက် ရပ်တန့်လိုက်သည်။ သူ့ရှေ့တည့်တည့်မှာတော့ ရှေးဟောင်းပုံစံ အိမ်ကြီးတစ်လုံး၊ သစ်သားအိမ်ကြီး။ ထိုအိမ်ကို မြင်လိုက်သည်နှင့် သူ့စိတ်ထဲတွင် မျှော်လင့်မထားသော အသိတစ်ခု ဝင်လာသည်။ "ငါ့အဖေအိမ်ပဲ..."

ဤအိမ်က သူ့အဖေအိမ်ဖြစ်သည်ကို သူဘာကြောင့်သိနေတာလဲ သူကိုယ်တိုင်ပင် မသိ။ သို့သော် ဤအိမ်ကြီးကို မြင်လိုက်သည်နှင့် သူ့မသိစိတ်က အလိုအလျောက် အဖြေပေးလိုက်ခြင်းပင်။

ရုတ်တရက် အိမ်ကြီးနောက်မှ လှုပ်ရှားမှုတစ်ခုကို သူ့မျက်စိထောင့်စွန်းမှ ဖျတ်ကနဲ မြင်လိုက်ရသည်။ သူ လှည့်ကြည့်လိုက်သော်အခါ ဘာမှမရှိတော့။ သို့သော် ဟိုဘက်အိမ်မှ တံခါးတစ်ချပ်က တကျိကျိ အသံမြည်နေသည်။

"ဘယ်သူလဲ၊ ဟိုဘက်မှာ ဘယ်သူရှိလဲ..."

မြင့်စိုး အိမ်ဘက်ဆီသို့ လျှောက်သွားရင်း အသံတိုးတိုးကြားရသည်။ တစ်စုံတစ်ယောက်က တီးတိုးပြောနေသလိုအသံမျိုးဖြစ်သည်။

အသံလာရာဆီနားစွင့်ပြီး လှမ်းကြည့်လိုက်သောအခါ ထိုအိမ်ရှေ့ ခြံဝင်းတံခါးက ကျိကနဲ အသံ နောက်တချက် ထွက်လာပြန်သည်။

"လေတိုက်လို့လည်း ဖြစ်နိုင်ပါတယ်..." မြင့်စိုး သူ့ကိုယ်သူ အားပေးလိုက်သည်။ သို့သော် တကယ်တမ်းမှာ လေက တိုက်နေခြင်းမရှိ။ ထိုအချက်က ပိုဆိုးစေသည်။

ခြံဝင်းတံခါးကို သူ ထိလိုက်သည်နှင့် သံချေးတက်နေသော သံတံခါးက ပွင့်သွားသည်။ မြင့်စိုး အိမ်ကြီးထဲသို့ ဝင်လိုက်သည်။ ခြံဝင်းထဲရောက်သည်နှင့် ခြေလှမ်းတိုင်းက သူ့ကို ဤနေရာနှင့် ပို၍ အကျွမ်းတဝင် ဖြစ်လာစေသည်။ ရင်းနှီးမှုမရှိသော်လည်း ခံစားမိသော အကျွမ်းဝင်မှုတခုက ရှိနေသည်။ တချိန်က ဤအိမ်တွင် နေဖူးသူတစ်ယောက်လိုခံစားချက်မျိုး။ သို့သော် သူသည် ဤရွာသို့ တစ်ခါမှ မရောက်ဖူးပေ။

မြင့်စိုး အိမ်မကြီးရှေ့ ရောက်သောအခါ တံခါးမကြီးကို ဖွင့်ကြည့်လိုက်သည်။ တံခါးမကြီးက ဂျိမ်းခနဲ အသံနှင့်အတူ ပွင့်သွားသည်။ အတွင်းမှာ မှောင်မိုက်နေသော်လည်း မီးခိုးနံ့က မွှန်နေသည်။

"ဒီအိမ်ကြီးဟာ ငါ့အဖေအိမ်... ဒါငါ့အမွေပဲ..." မြင့်စိုး တီးတိုးပြောလိုက်သည်။

အိမ်တံခါးကို တွန်းဖွင့်ကာ အတွင်းသို့ ဝင်လိုက်ချိန်မှာပင် အဖြူရောင် အရိပ်တစ်ခုကို အိမ်နောက်ဖေးတွင် မြင်လိုက်ရသည်။ ဆံပင်ရှည်ရှည်နှင့် အမျိုးသမီးတဦး၏အရိပ်သဏ္ဍန်မျိုး.....

မြင့်စိုး လှည့်ထွက်ပြီး ပြန်ထွက်တော့မည်ဟု စိတ်ကူးလိုက်သော်လည်း အိမ်ထဲ ခြေတလှမ်း ဝင်ရောက်ပြီးသည်နှင့် တံခါးကြီးက ဂျိန်းခနဲ ပိတ်သွားသည်။

သူရောက်လာပြီဖြစ်ကြောင်း ရွာဟောင်းကြီးသို့ အသိပေးလိုက်သလိုပင်။