← Chapters

လက်သီးနှင့် ဖြေရှင်းခြင်း

Vol. 1 Ch. 57

လက်သီးနှင့် ဖြေရှင်းခြင်း

Vol. 1 Ch. 57

လူတိုင်းက ချန်းဖန်အား ကြည့်လိုက်မိကြသည်။

"မင်းရူးနေလား။ ပြန်ထိုင်"

ရှောင်ဝမ့်က အလန့်တကြားနှင့် အော်လိုက်သည်။

"ကျန်းပေ့ တစ်တိုင်းလုံးမှာ ရှိတဲ့ သူဌေးကြီးတွေတောင် စကားတစ်ခွန်းမှ မပြောရဲတာကို မမြင်ဘူးလား၊ ကိုယ့်သေတွင်း ကိုယ်တူးနေတာလား"

ချန်းဖန်သာ လင်းဟူအား သွားရှုပ်ခဲ့ပါက ချန်းဖန် တစ်ယောက်တည်း သာမက ချန်းဖန်နှင့်အတူ ထိုင်နေခဲ့သော သူတို့အုပ်စုပါ ဒုက္ခရောက်သွားမည်ကို ရှောင်ဝမ့်က ကြောက်နေခဲ့ခြင်း ဖြစ်သည်။

ယန်လီနှင့် အခြားသော မိန်းကလေးများမှာလည်း ထိတ်လန့် သွားကြသည်။ ချန်းဖန်အား ပြန်ထိုင်ရန် အတင်းဆွဲချလျှင်ပင် မမီနိုင်တော့။ စင်‌ပေါ်မှ လင်းဟူက သူမတို့ဘက်သို့ လှည့်ကြည့်နေပြီ ဖြစ်သည်။

လင်းဟူ၏ သတ်ဖြတ်လိုသော အရိပ်အငွေ့များ ဖြာထွက်နေ‌သည့် မျက်လုံးများကြောင့် ရှောင်ဝမ့်တို့ လူစုမှာ ချွေးစေးများ ပျံလာကြသည်။ သူတို့သည် အလိုအလျောက် ဝပ်နေအောင် ခေါင်းများ ငုံ့လိုက်မိကြပြီး လက်ချောင်းလေး တစ်ချောင်းမျှပင် မလှုပ်ရဲတော့ချေ။

ရုတ်တရက် ချန်းဖန်၏ အနီးတစ်ဝိုက်တွင် ထိုင်နေကြသော လူများအားလုံးမှာ အလိုလို ဝေးရာသို့ ရွှေ့သွားကြလေ၏။ ဘယ်သူကမှ ချန်းဖန်နှင့် မသိလို၊ မပတ်သက်လိုကြသည့် အလား။

အစ်ကိုကျန်းက အရင်ဆုံး ကပျာကယာ မတ်တတ် ရပ်လိုက်ပြီး ချန်းဖန်နှင့် အဝေးဆုံးသို့ ပြောင်းရွေ့ လိုက်သည်။

အလျင်အမြန်ပဲ ချန်းဖန်သည် ပြိုင်ပွဲ ဧရိယာ တစ်ခုလုံး၏ အာရုံစိုက်စရာ ဖြစ်လာခဲ့ပြီး လူတိုင်းက သူ့အား နားမလည်နိုင်စွာ ကြည့်နေကြသည်။

အားရှို့ တစ်ယောက်သာလျှင် ချန်းဖန်ဘေး၌ ကျန်‌နေခဲ့‌တော့သည်။ ငယ်စဉ် ကတည်းက ခိုကိုးရာမဲ့ ကြီးပြင်းခဲ့ရသော အားရှို့က ကြင်နာတတ်သော နှလုံးသား တစ်ခုရှိပြီး ချန်းဖန်အား တစ်ယောက်တည်း ထားခဲ့ကာ ကိုယ်လွတ် မရုန်းလိုပေ။

အားရှို့က သနားစဖွယ် မျက်နှာလေးနှင့် ချန်းဖန်၏ အင်္ကျီစအား ဆွဲကာ တီးတိုး ပြောလိုက်သည်။

"အစ်ကိုချန်း ပြန်ထိုင်လိုက်ပါနော် ညီမ တောင်းပန်ပါတယ် စင်ပေါ်က အဲဒီလူက အရမ်း ကြောက်ဖို့ကောင်းတယ်"

"မကြောက်ပါနဲ့ ကျွန်တော် သူ့ကို ကိုင်တွယ်နိုင်ပါတယ်"

ချန်းဖန်က သူ၏မူပိုင် နွေးထွေးသော အပြုံးတစ်ခုနှင့် စိုးရိမ်နေသော မိန်းမငယ်လေးအား နှစ်သိမ့်လိုက်သည်။

ထို့နောက် ချန်းဖန်သည် မိန်းမငယ်‌လေး၏ ခေါင်းအား ခပ်ဖွဖွ တစ်ချက် ပုတ်ပေးလိုက်ကာ ပြောသည်။

"အခုလို အချိန်မှာတောင် ကျွန်တော့်ဘက်က ရပ်တည်ပေးတဲ့ အတွက် ကျေးဇူးပါ အနာဂတ်မှာ အားရှို့အတွက် အခွင့်အရေးကောင်း တစ်ခုကို ကျွန်တော် ပြန်ပြီး ဖန်တီးပေးမယ် ဒါ ကျွန်တော့်ကတိပဲ"

ထိုစကားများ၏ အဓိပ္ပာယ်အား နားမလည်နိုင် ဖြစ်နေသော အားရှို့အား ရှင်းပြ မနေ‌တော့ဘဲ ချန်းဖန်သည် သူ့အင်္ကျီစပေါ်ရှိ အားရှို့၏ လက်လေးအား အသာအယာ ဖယ်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို နောက်သို့ပစ်လျက် ပြိုင်ပွဲစင်မြင့် ရှိရာသို့ အေးအေးလူလူ လမ်းလျှောက် သွား‌လေသည်။

အားရှို့က လူအုပ်ကြားထဲ၌ တစ်ယောက်တည်း ချန်ထားခဲ့ခြင်း ခံရသည်။ ချန်းဖန်၏ ကျောပြင်က တဖြည်းဖြည်း ဝေး၍ သွားသော်လည်း ချောမောလှသော ထိုလူငယ်လေး၏ နွေးထွေးသော အပြုံးလေးက သူမ အတွေးထဲ တဝဲလည်လည် ကျန်ရစ်နေခဲ့သည်။ မဖော်ပြနိုင်သော နောင်တနှင့် အပြစ်ရှိသလို ခံစားချက်တို့က သူမနှလုံးသားထဲ တိုးထွက်လာပြီး မျက်ရည်များက သူမ၏ မျက်လုံးလှလှလေး များထဲမှ အဆက်မပြတ် စီးကျလာတော့သည်။

ချန်းဖန်က ပြိုင်ပွဲစင်မြင့်ဆီသို့ ဆက်လျှောက်နေဆဲ ဖြစ်ပြီး လူအုပ်ကြီးက ချန်းဖန်အတွက် လမ်းဖွင့်ပေးကြသည်။

လူအများက ခေါင်းမာစွာနှင့် ရှေ့ဆက်လျှောက် လာသော ချန်းဖန်အား စိတ်ဝင်တစား စောင့်ကြည့် နေကြသည်။ လူအုပ်ထဲမှ သနားတတ်သော လူတစ်ယောက်က ဝင်ပြောလာသည်။

"ကောင်ငယ်လေး။ သူက ဆရာချန်းကို ရှာနေတာကွ မင်းကို မဟုတ်ဘူး ရပ်လိုက်စမ်းပါ"

လူတိုင်း၏ အထင်တွင် ဆရာချန်း ဆိုသူက ဆရာဝူကဲ့သို့ပင် အသက်လေးဆယ် အရွယ်ခန့် ရှိမည်ဟု တွက်ထားကြသည်။ ချန်းဖန်သည်ကား ဆယ်ခုနစ်နှစ်မျှပင် ရှိနေသေးရာ ဘယ်သူကမှ ချန်းဖန်သည် ဆရာချန်းဖြစ်ကြောင်း မယုံကြည်နိုင်ကြပေ။

ချန်းဖန်သည် နှုတ်ခမ်းတစ်ဖက် တွန့်ရုံ ပြုံးလိုက်ပြီး စကားတစ်ခွန်းမှ မဆိုဘဲ စင်မြင့် ရှိရာသို့ စိမ်ပြေနပြေ ဆက်လျှောက်လို့နေသည်။

ချန်းဖန်က အလွန် သာမန်ဆန်စွာပင် ပြိုင်ပွဲစင်မြင့်ထက်သို့ လမ်းလျှောက်၍ တက်လာလေရာ ယခင်ပြိုင်ပွဲများက ပြိုင်ပွဲဝင်များ၏ ဆရာကျကျ ပေါ်ထွက်လာမှုများနှင့် နှိုင်းယှဉ်ရသော် အထင်ကြီးစရာ တစ်ကွက် မရှိပေ။

ရှုအောင်းသည် စင်မြင့်ပေါ်သို့ တရွေ့ရွေ့ တက်လာသော လူငယ်လေးအား ကြည့်နေရင်း အလွန် ရင်းနှီးနေသလို ခံစားလိုက်ရသည်။ ထိုလူငယ်လေးမှာ ချန်းဖန်ဖြစ်ကြောင်း အသေအချာ မြင်လိုက်ရသည်တွင် ရှုအောင်း တစ်ယောက် မေးရိုး ပြုတ်ကျမတတ် အံ့ဩသွားရ‌တော့သည်။

ရှုအောင်းသည် ချန်းဖန်ဆိုသော ကောင်လေး၏ အလိုလိုနေရင်း မောက်မာနေမှုအား သဘောမကျသော်လည်း သူ၏ တစ်ဦးတည်းသော သမီးလေး ရှုယုံဖေးက ထိုအကောင်အား အရူးအမူး စွဲလမ်းနေခြင်းကား ခက်လှပေသည်။ ရှုယုံဖေး၏ ဖခင်အနေနှင့် သူက ထိုကောင်လေး စိတ်ထင်ရာ လုပ်နေသည်အား လွှတ်မထားနိုင်ချေ။

လင်းဟူ၏ နာမည်ပြောင်ကား 'သေခြင်းရဲ့ ကျားဖြူ လင်းဟူ' ဖြစ်သည်။ ချန်းဖန်ကဲ့သို့ တူညီသော အမှားအား လူဘယ်နှယောက်ခန့်က ကံမကောင်းစွာနှင့် ကျူးလွန်ခဲ့ပြီး ထိုလူများ၏ သွေးကား လင်းဟူ၏ လက်၌ မရေမတွက် နိုင်အောင် စွန်းထင်းခဲ့ပြီး ဖြစ်သည်ကို ထိုကောင်လေးက သိမှ သိပါလေစ။

"မင်း ဒီမှာ ဘာလာလုပ်နေတာလဲ စင်ပေါ်က မြန်မြန် ပြန်ဆင်းတော့"

ရှုအောင်းသည် စိတ်မထိန်းနိုင်တော့ဘဲ ချန်းဖန်အား လှမ်းအော်လိုက်သည်။

"သူက ကျွန်တော့်ကို ရှာနေတာ"

ချန်းဖန်က အေးအေးဆေးဆေးပင် ပြောလိုက်သည်။

ရှုအောင်းသည် ခေါင်းမာလှသော ထိုကောင်လေးအား စင်ပေါ်တက်၍ တစ်ချက်လောက် ဆွဲထိုး လိုက်ချင်စိတ်များပင် ပေါက်လာရသည်။ သူက ဒေါသကြောင့် ဆဲမိလုနီးနီးပင်။

"သူက ဆရာချန်းကို ရှာနေတာကွ မင်းမဟုတ်ဘူး မျိုးရိုးနာမည်က 'ချန်း' ဖြစ်ရုံနဲ့ ဆရာချန်း ဖြစ်သွားပြီလို့ ထင်နေတာလား ဟမ်"

လူအများစုကဲ့သို့ပင် ရှု‌အောင်းသည်လည်း ငယ်ရွယ်သော ဆယ်ကျော်သက်လေး ချန်းဖန်နှင့် သူစိတ်ကူးထားခဲ့သော ဆရာချန်းဆိုသူ နှစ်ယောက်အကြား ဆက်စပ်မှု တစ်ခုတလေပင် ရှာမရချေ။

ချန်းဖန်သည် လူတိုင်းနီးပါး၏ မယုံကြည်နိုင် ဖြစ်နေ‌သော အကြည့်များကြောင့် ဘာပြောရမှန်းမသိ ဖြစ်သွားပြီး မျက်တောင် ပုတ်ခတ် ပုတ်ခတ်လုပ်မိသွားသည်။

"ဟုတ်တယ်လေ ကျွန်တော်က ဆရာချန်းလေ"

ရှုအောင်းက ချန်းဖန်၏ ဖြစ်နိုင်ချေ မရှိသော စကားများကြောင့် ဒယိမ်းဒယိုင်ပင် ဖြစ်သွားခဲ့သည်။ သူကား လူစကား နားမလည်သော သစ်တုံးတစ်တုံးအား စကားပြော နေမိသကဲ့သို့ ခံစားလိုက်မိသည်။

ဆရာကုသည်လည်း ပြိုင်ပွဲစင်မြင့်ပေါ်သို့ ကုပ်ကပ် တက်လာပြီး ချန်းဖန်အား ဆွဲခေါ်လေသည်။

"လာစမ်းပါ ကောင်လေး မင်းက ငါ့ကိုတောင် မယှဉ်နိုင်တာ လင်းဟူကိုဆို ပိုဆိုးသေးတယ် လင်းဟူက အရမ်း အားကောင်းတဲ့ အတွင်းအား ပညာရှင် တစ်ယောက်ပဲ မင်းလို မောက်မာနေတဲ့ ကလေးကို ညှာနေမယ် ထင်လို့လား "

ပြောရင်း ဆိုရင်းနှင့်ပင် ဆရာကုက ချန်းဖန်အား စင်ပေါ်မှ ဆင်းရန် အတင်း ဆွဲခေါ်နေလေသည်။

လင်းဟူသည် စင်မြင့်ပေါ်၌ လက်ပိုက်လျက် ရပ်နေရင်း ချန်းဖန်အား ဇဝေဇဝါ ကြည့်လို့နေသည်။

သူ၏ အတွေ့အကြုံအရ ထိုလူငယ်လေးမှာ သိုင်းပညာ သင်တန်းကျောင်းရှိ လေ့ကျင့်‌ရေး ကွင်းသို့ပင် တစ်ကြိမ်တစ်ခါမျှ မသွားဖူးကြောင်း သိသာလှသည်။

ထိုကောင်လေးကား သာမန် သက်တော်စောင့်များနှင့်ပင် ယှဉ်နိုင်မည့်ပုံ မရှိရာ လင်းပေါင်နှင့်  ယှဉ်နိုင်ရန်ကား ‌အဝေးကြီးမှာပင်။ ထပ်ပြောရလျှင် အတွင်းအား ပညာရှင်များသည် အတွင်းအား စဦးအဆင့်သို့ ရောက်ရှိရန်ပင် နှစ်ပေါင်းများစွာ လေ့ကျင့်ရန် လိုအပ်ရာ အစွမ်းထက်သော အတွင်းအား ပညာရှင် တစ်ယောက်သည် အနည်းဆုံး ဆရာကု၏ အသက်အရွယ်ခန့် ရှိသင့်ပေသည်။

"ထားလိုက်တော့ သူက ငါ့ကို စိန်ခေါ်ရဲတယ် ဆိုမှတော့ နမူနာ သင်ခန်းစာလေး တစ်ခုတော့ ပေးရသေးတာပေါ့ တစ်စုံတစ်ယောက်က ငါ့ကို ဆန့်ကျင်လာရင် နောက်ဆက်တွဲ အနေနဲ့ ဘယ်လို ခံစားရမလဲ ဆိုတာ အားလုံးသိအောင် ပြပေးလိုက်မယ်"

လင်းဟူ၏ မျက်လုံးများက နက်မှောင်သွားပြီး အေးစက်စက် ပြောသည်။

ရှည်မျောမျော စင်မြင့်ပေါ်ရှိ သူဌေးတစ်စုက ငယ်ရွယ်လွန်းသေးသော ချန်းဖန်အား သနားကရုဏာ သက်စွာ ‌သက်ပြင်းချမိ ကြသည်။

မမလေးလုက ခပ်တိုးတိုး ပြောလိုက်သည်။

"စတုတ္ထဦးလေး သူ့ကို ကယ်လို့ မရတော့ဘူးလား မျက်စိရှေ့တင် ကလေးတစ်ယောက် သေရတော့မှာကို ဒီတိုင်း ထိုင်ကြည့် နေရမှာလား"

စတုတ္ထဦးလေးလည်း ကူကယ်ရာမဲ့စွာ ခေါင်းသာ ယမ်းမိသည်။

"သူ့ကိုကယ်လို့ ကောင်းတာဘာမှ ဖြစ်မလာဘူး လင်းဟူက ကျန်းပေ့မှာ အခြေစိုက်ဖို့ ပြင်ဆင်နေပုံပဲ တကယ်လို့ ဦးလေးတို့က ဟိုကောင်လေးဘက်က ရပ်တည် ပေးလိုက်မယ် ဆိုရင် လင်းဟူ ပထမဆုံး ပစ်မှတ်ထားလာမဲ့ မြို့က ဦးလေးတို့မြို့ ဖြစ်သွားလိမ့်မယ်"

မမလေးလု၏ မျက်လုံးများက အရောင်မှိန်သွားပြီး ကူကယ်ရာမဲ့စွာ သက်ပြင်းချနေရုံသာ တတ်နိုင်တော့သည်။

ပရိသတ် အများစုမှာ စိတ်ချဉ်ချဉ်နှင့် တူညီသော အတွေး တစ်ခုကိုသာ တွေးလိုက်မိကြသည်။

'ဒီလောက် ခေါင်းမာနေတဲ့ ကောင်လေး သေချင်လည်း သေပါစေတော့'

ရုတ်တရက် လင်းဟူက ပြောလိုက်သည်။

"ငါက ဆရာချန်းကို ရှာနေတာ မျိုးရိုးနာမည် ချန်းရှိတဲ့ လူတိုင်းကို ရှာနေတာ မဟုတ်ဘူး ဒါပေမဲ့ မင်းက တိုက်ခိုက်ချင်တယ် ဆိုရင်လည်း ကိစ္စတော့ မရှိပါဘူး တစ်ခုတော့ ကြိုသတိပေးထားမယ် မင်း အနာခံနိုင်မှ ရမယ်"

ချန်းဖန်သည် မတုန်မလှုပ် မျက်နှာနှင့် ရှိနေဆဲ ဖြစ်ပြီး နှာခေါင်းကို တစ်ချက် ပွတ်လိုက်ကာ ပြောလေသည်။

"တကယ်လို့ ခင်ဗျားက ခင်ဗျားညီကို အနိုင်ယူသွားတဲ့ ဆရာချန်းကို ရှာနေတာဆိုရင် အခု ခင်ဗျားရှေ့မှာ ရှိနေတဲ့သူက အဲဒီ ဆရာချန်းပဲ"

လူတိုင်းသည် ကြားလိုက်ရသော စကားကြောင့် ရှောခ့်ရသွားကြသည်။

"ဘာပြောတာ သူက ဆရာချန်း ဟုတ်လား"

ရှည်မျောမျော စင်မြင့်ပေါ်ရှိ သူဌေးကြီး တစ်စုလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ လင်းဟူပင်လျှင် ခဏမျှ ကြက်သေ သေသွားသည်။

ချန်းဖန်သည် တည်တည်ငြိမ်ငြိမ်ပင် စကားဆက် လိုက်သည်။

"ခင်ဗျားရဲ့ညီ လင်းပေါင်က တော်တော် ရယ်ရတဲ့လူ ကျွန်တော့်မှာတော့ တစ်ကွက်လောက်ပဲ တိုက်ရသေးတယ် သူက အမြီးကုပ်နေပြီ အဲ့ဒါနဲ့ပဲ ကျွန်တော်လည်း သူ့ကို အခြားတစ်ယောက်ဆီ လွှဲပေးလိုက် ရတော့တာပဲ"

လင်းဟူ၏ ဒေါသထွက်နေသော မျက်နှာကြီးအား ချန်းဖန်က လုံးလုံးလျားလျားပင် လျစ်လျူရှု ထားသည်။

"ကျွန်တော်ထင်တာ လဲ့ချန်းကျွယ် ကိုယ်တိုင် သူ့တပည့်အတွက် လက်စား လာချေမယ်ပေါ့ အဲဒါနဲ့ ဒီရက်ပိုင်း နည်းနည်းပါးပါးတောင် ပြင်ဆင်ထားသေးတယ် အခု ရောက်လာတဲ့သူက ခင်ဗျား ဖြစ်နေတော့ ကျွန်တော် ပြင်ဆင် ထားတာတွေတောင် အလကား ဖြစ်ကုန်ရပြီ ဒါပေမဲ့လည်း ခင်းဗျားက ရေပေါ် လမ်းလျှောက်နိုင်တယ် ဆိုတော့ ဆိုးတော့မဆိုးပါဘူးလေ"

ချန်းဖန်သည် လင်းဟူ၏ ရေပေါ် လမ်းလျှောက်သည့် နည်းစနစ်အကြောင်း အချိန်ယူ လေ့လာနေခဲ့တာ ဖြစ်သည်။ ထို့ကြောင့် လင်းဟူ၏ စိန်ခေါ်မှုအား တုံ့ပြန်ရန် အချိန်ကြာ နေခဲ့တာပင်။

လင်းဟူ အသုံးပြုခဲ့သော ရေပေါ်‌ လမ်းလျှောက်သည့် နည်းစနစ်အား ပထမဆုံး အမြင်၌ ချန်းဖန်ကိုယ်တိုင်ပင် အထင်ကြီးမိ သွားသော်လည်း သေချာ လေ့လာပြီးသည့် နောက်တွင်တော့ ထိုနည်းစနစ်မှာ မျက်စိအမြင်အား လှည့်စားရုံလောက်သာ ဖြစ်ပြီး လက်တွေ့တွင်တော့ အသုံးမဝင်ပေ။

နောက်ဆုံး၌ သတိလက်လွတ် ဖြစ်နေသော ကျိုးထျန်ဟောက် တစ်ယောက် အသိဝင်လာပြီ ဖြစ်သည်။

"ဆရာချန်း နောက်ဆုံးတော့ ရောက်လာပြီပဲ လင်းဟူဆိုတဲ့ ကောင်ကို ကျန်းပေ့ တတိုင်းလုံးရဲ့ ကိုယ်စား မှတ်လောက် သားလောက်အောင် သင်ခန်းစာ ပေးပေးပါ ဆရာချန်း"

အစပိုင်းတွင် ပရိသတ်များက ကြားလိုက်ရသည်ကို မယုံနိုင်ကြသော်လည်း တဖြည်းဖြည်းနှင့် ချန်းဖန်မှာ အမှန်ပင် ဆရာချန်း ဖြစ်ကြောင်း နားလည် သွားကြသည်။

ရှုအောင်းသည် အလွန်အမင်း အံ့ဩ ထိတ်လန့်သွားပြီး ချန်းဖန်အား မယုံနိုင်စွာ စိုက်ကြည့် နေမိသည်။

"ချန်း.. ချန်းဖန်က ဆရာချန်း ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ရှုအောင်းသည် ချန်းဖန်၏ နောက်ကြောင်းအား အသေးစိတ် အားလုံး စုံစမ်း ထားခဲ့သော်လည်း ထိုကောင်လေးသည် သိုင်းပညာ မတောက်တစ်ခေါက် တတ်သည် ဆိုတာကလွဲလျှင် ထူးထူးခြားခြား ဘာမှ မတွေ့ခဲ့ရပေ။

လင်းပေါင်၏ ခွန်အားက လင်းဟူနှင့် မတိမ်းမယိမ်း လောက်သာ ရှိနိုင်ပြီး အစွမ်းမနည်းသည်ကို ရှုအောင်းအနေနှင့် သေချာနားလည်သည်။ လင်းပေါင်အား အသာအယာ အနိုင်ယူနိုင်ခဲ့သော ချန်းဖန်ကား မည်မျှအထိ အစွမ်းထက်မည်ကို တွေးကြည့်နိုင်သည်။

ယန်လီနှင့် သူငယ်ချင်းတစ်စုက ပါးစပ် အဟောင်းသားဖြင့် မတ်တတ်ရပ်လိုက်မိကြပြီး အံ့ဩရလွန်း၍ စကားတစ်ခွန်းမျှ မပြောနိုင်ကြပေ။

ရုတ်တရက် အားရှို့က တစ်စုံတစ်ခုကို သတိရသွားသည်။

"သူဌေးကျန်းက အစ်ကိုချန်းကို ဆရာချန်းလို့ ခေါ်တာ မထူးဆန်းတော့ပါဘူး လက်စသတ်တော့ အစ်ကိုချန်းက တကယ့် ဆရာချန်း ဖြစ်နေခဲ့တာပဲ"

"ဒီတော့ အဲဒီ့လူက မင်းပေါ့"

လင်းဟူသည် တီးတိုး ရေရွတ်လိုက်ပြီးနောက် ချန်းဖန်အား ပေါက်ထွက်မတတ် စိုက်ကြည့်ကာ အော်လိုက်လေသည်။

"မင်းဘာသာ ဘယ်သူပဲဖြစ်ဖြစ် သောက်ဂရု စိုက်စရာ အကြောင်းကို မရှိဘူး မင်းက ငါ့ညီကို အနိုင်ယူပြီး ငါတို့ဂိုဏ်းကိုများ အရှက်ခွဲရဲတယ် ဒီနေ့ ငါ့ညီအတွက် မင်းကို ငါကိုယ်တိုင် လက်စားချေမယ်"

လင်းဟူ စကားဆုံးသည်နှင့် အဖြူရောင် မြူနှင်းများက သူ၏ အနီးတစ်ဝိုက်၌ စတင် ‌ဖြစ်ပေါ်လာသည်။ လင်းဟူက လက်နှစ်ဖက်အား လေထဲသို့ ဆန့်တန်းကာ အလွန် လျင်မြန်လှသော အရှိန်နှင့် တစ်စုံတစ်ရာအား မြူနှင်းများပေါ်၌ ရေးဆွဲလိုက်သည်တွင် အကောင်အထည်မဲ့သော မြူနှင်းများက မရေမတွက်နိုင်သော အပ်ချည်မျှင်များ အဖြစ် ပြောင်းလဲသွားသည်။

ပါးလျသော အပ်ချည်မျှင်များက လင်းဟူ၏ ခန္ဓာကိုယ်အနီး၌ လှည့်လည်နေကြသည်။ ထိုအပ်ချည်မျှင်လေးများက မည်သည့် သတ္တုကိုမဆို အလွယ်တကူ ပိုင်းဖြတ် နိုင်လောက်အောင် ချွန်မြပြီး တစ်စုံ တစ်ယောက်၏ ခန္ဓာကိုယ်ကိုသာ ထိမှန်သွားပါက ထိုလူမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားလောက်ပေသည်။

စတုတ္ထဦးလေး၏ အမူအရာက လေးနက်သွားသည်။

"အတွင်းအားစွမ်းအင်ကို ခန္ဓာကိုယ်ပြင်ပကို ထုတ်ပြီး ချီကြိုးမျှင် ဖန်တီးတာ.. ဒါက ဟုန်ဂိုဏ်းရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ 'မာယာတစ်ထောင်' ပညာရပ်ပဲ"

ချန်းဖန်က အူလှိုက်သည်းလှိုက် ရယ်လိုက်ရင်း ပြောသည်။

"ခင်ဗျားက အတွင်းအား ပြည့်စုံအဆင့်မှာပဲ ရှိသေးတာဆိုတော့ သီအိုရီအရဆိုရင် ချီကြိုးမျှင်တွေ ဖန်တီးနိုင်ဦးမှာ မဟုတ်ဘူး ဒီတော့ ဒီပညာရပ်က ခင်ဗျားတို့ ဂိုဏ်းရဲ့ လျှို့ဝှက်ပညာရပ်ပဲ ဖြစ်ရမယ်"

ချန်းဖန်သည် ကျောနောက်တွင် ချိတ်ထားခဲ့သော လက်နှစ်ဖက်အား ဖြေလိုက်သည်။ ရုတ်တရက် သူ၏ မျက်နှာက အရယ်အပြုံး မရှိတော့ဘဲ လေးနက်သွားသည်။

"ကောင်းပြီလေ ဒီလိုဆိုမှတော့ ကျွန်တော်ကလည်း တကယ့် သိုင်းပညာ စစ်စစ်တစ်ခုက ဘယ်လောက် စွမ်းလဲဆိုတာ ပြရသေးတာပေါ့"

ချန်းဖန်သည် လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး လေဟာနယ်ထဲမှ တစ်စုံတစ်ရာအား အခိုင်အမာ ဆုပ်ကိုင်လိုက်သည့်နှယ် လက်ချောင်းများအား တွန့်ကွေးလိုက်သည်။

"အစစ်အမှန်သိုင်း သုံးဆယ့်ခြောက်ကွက်"

"ပထမအကွက်- ကောင်းကင်ပြိုတူ"

***

All Chapters