ကျန်းပေ့တိုင်း၌ ကျော်ကြားလာခြင်း
Vol. 1 Ch. 58
"မာယာတစ်ထောင် ပညာရပ်ရဲ့ အစွမ်းက ဘယ်လိုမျိုးလဲဟင်"
မမလေးလုသည် စတုတ္ထဦးလေးအား မေးလိုက်သည်။
"အစွမ်း"
စတုတ္ထဦးလေးက မပီမပြင် ကြိုးစား ပြုံးလိုက်ရသည်။
"အရမ်းကို အစွမ်းထက်တာပေါ့ လဲ့ချန်းကျွယ် အဲဒီပညာကို စပြီး တီထွင်ခဲ့ ကတည်းက ယှဉ်နိုင်တဲ့သူ တစ်ယောက်မှ မရှိခဲ့ဖူးဘူး"
ကောလာဟလများအရ မာယာတစ်ထောင် ပညာရပ်သည် ပေါင်ရာချီလေးသော ပိုလာဝက်ဝံ တစ်ကောင်ကိုပင် အစိတ်စိတ် အမြွှာမြွှာ ပိုင်းပစ်နိုင်သည်ဟု ပြောကြသည်။
"ဒါဆို ဟိုကောင်လေးအတွက် နိုင်ဖို့ အခွင့်အရေး မရှိတော့ဘူးပေါ့"
မမလေးလုသည် စိုးရိမ်စွာဖြင့် မေးလိုက်သည်။
စတုတ္ထဦးလေးလည်း ခေါင်းယမ်းရင်း..။
"လင်းဟူက မာယာတစ်ထောင် ပညာရပ်ကို ထုတ်မသုံးရင်တောင် အဲဒီ ကောင်လေးက နိုင်ဖို့ အခွင့်အရေး မရှိဘူး"
စတုတ္ထဦးလေး၏ အမြင်တွင် လင်းဟူသည် အတွင်းအား ပညာတွင် ပြည့်စုံအဆင့်သို့ ရောက်ရှိနေသူ ဖြစ်ပြီး အထွတ်အထိပ် အဆင့် ပညာရှင်တစ်ယောက် ဖြစ်လာရန် လက်တစ်ကမ်းမျှသာ လိုတော့သည်။ တစ်ဖက်တွင် ချန်းဖန်၏ အသွင်အပြင်သည်ကား နုနုနယ်နယ်နှင့် ဆယ်ကျော်သက် ကောင်လေးတစ်ယောက် မျှသာ ဖြစ်နေသည်။ အကယ်၍ ချန်းဖန်က မှော်ပညာတချို့ တတ်မြောက် ထားလျှင်ပင် အနီးကပ်တိုက်ပွဲ၌ လင်းဟူကဲ့သို့ သိုင်းပညာရှင် တစ်ယောက်အား ယှဉ်နိုင်မည် မဟုတ်ဟု ယူဆနိုင်သည်။
ထို့ကြောင့် စတုတ္ထဦးလေးက ဤတိုက်ပွဲ၌ ရှုံးနိမ့်မည့်သူမှာ ချန်းဖန်သာ ဖြစ်သည်ဟု အခိုင်အမာ ယုံကြည် ထားသည်။
ကျန်းပေ့တိုင်းရှိ သူဌေးတစ်စု၏ အတွေးကလည်း စတုတ္ထ ဦးလေးနှင့် တူညီကြသည်။ လင်းဟူသည် ပြည်ပ၌ပင် ကျော်ကြားသော သိုင်းပညာရှင် တစ်ယောက် ဖြစ်ပြီး ချန်းဖန်သည်ကား သာမန် လူငယ်လေး တစ်ယောက်နှင့်သာ တူနေသည်။
ထိုအချိန်တွင် ချန်းဖန်သည် လက်တစ်ဖက်ကို လေထဲတွင် ဝှေ့ယမ်း လိုက်ကာ သေစေနိုင်သော ချီကြိုးမျှင်များအား ခေါက်ဆွဲဖတ်များ ကဲ့သို့ပင် သူ့ထံသို့ အသာအယာ စုပ်ယူလိုက်သည်။
"မဖြစ်နိုင်ဘူး"
လင်းဟူ၏ မျက်နှာမှာ မည်းမှောင် သွားသည်။
ချီကြိုးမျှင်များသည် အတွင်းအား စွမ်းအင် သက်သက်ဖြင့်သာ ဖွဲ့စည်းထားခြင်း ဖြစ်ပြီး အမှန်တကယ် ရုပ်သဏ္ဌာန် မရှိပေ။ ထို့ကြောင့် ထိုကြိုးမျှင်များအား စုပ်ယူဖို့ ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။
"ကျွန်တော် ပြောပါတယ် တကယ့် သိုင်းပညာဆိုတာကို ခင်ဗျား မမြင်ဖူးလောက်ဘူးလို့"
ချန်းဖန်သည် သူ၏ လက်နှစ်ဖက်အား ရင်ဘတ်ရှေ့၌ ကျင်လည်စွာ လှုပ်ရှားနေရင်း စွမ်းအင် ဘောလုံး တစ်ခုအား စုစည်းလို့နေသည်။
"ဟမ့် မင်းသုံးနေတာက မှော်ပညာ၊ သိုင်းပညာ မဟုတ်ဘူး"
လင်းဟူသည် မာယာတစ်ထောင် ပညာရပ်အား မသုံးတော့ရန် ဆုံးဖြတ်လိုက်ပြီး သူ၏ သိုင်းပညာရပ်များထဲမှ အစွမ်းထက်ဆုံးသော တိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။
ရုတ်တရက် လင်းဟူ၏ ခန္ဓာကိုယ်ကြီးက အားအင်များ ရုန်းကြွလာသကဲ့သို့ ကြီးထွားလာသည်။ သူက မာန်တစ်ချက် သွင်းလိုက်ကာ ကြိုတင် အသိပေးခြင်း မရှိဘဲ ချန်းဖန်အား ခုန်အုပ်လိုက်သည်။ လင်းဟူက သူ့ခန္ဓာကိုယ်ရှိ မပြေမပြစ် ပြောင်းလဲမှုများအား အမှုမထားဘဲ ချန်းဖန်၏ ခေါင်းဆီသို့ ဦးတည်လျက် ပြင်းထန်သော လက်သီးတစ်လုံး ပစ်သွင်းလိုက်လေသည်။
လက်သီးက အလင်းအလျင်နှင့် လေထုအား ထိုးခွဲသွားသည်။ လက်သီးထဲရှိ အတွင်းအား စွမ်းအင် ပါဝင်နှုန်းကား သာမန်လူ တစ်ယောက်အား သေစေနိုင်လောက်သည် အထိ ပြင်းထန်ပေသည်။
ချန်းဖန်က သက်ပြင်းချ လိုက်သည်။ သူက လက်ဝါးနှစ်ဖက်အား ပင့်မြှောက်ကာ လင်းဟူ၏ တိုးဝင်လာသော လက်သီးချက်အား ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
ချန်းဖန်၏ လှုပ်ရှားမှုများက အလွန်ရိုးစင်း သော်လည်း လက်သီးနှင့်လက်ဝါး ရင်ဆိုင် တွေ့သည်တွင် လင်းဟူ၏ မျက်နှာကြီးမှာ ဖြူဖျော့သွားသည်။ ချန်းဖန်၏ လက်ဝါးတွင် ပါဝင်သော ခွန်အား ပမာဏကြောင့် လင်းဟူသည် ထိပ်တိုက် ရင်ဆိုင်မိခြင်း အပေါ် နောင်တကြီးစွာ ရမိသွားသည်။
"သေစမ်း"
လင်းဟူသည် ချန်းဖန်အား ခွန်အားအရာတွင် မယှဉ်နိုင်မှန်း သိသွားသည်နှင့် လက်သီးနှင့် လက်ဝါး ဆုံရာမှ ဖြစ်ပေါ်လာသော တွန်းကန်အားကို အသုံးပြုကာ နောက်ပြန် ဆုတ်လိုက်သည်။
လူတိုင်းက လင်းဟူ နောက်ပြန် ဆုတ်သွားသောကြောင့် အံ့ဩနေကြစဉ်မှာပဲ ချန်းဖန်သည် လက်ဝါးတစ်ဖက်အား ကြမ်းပြင်ပေါ်သို့ ပြင်းထန်သော အားနှင့် ရိုက်ချ လိုက်သည်ကို တွေ့လိုက်ရသည်။
"ဘန်း"
ဥက္ကာပျံများ ကမ္ဘာပေါ်သို့ ပြိုကျလာသကဲ့သို့ ကျယ်လောင် လှသော အသံကြီးက ပြင်းထန်သော အားလှိုင်း တစ်ခုနှင့်အတူ ထွက်ပေါ်လာသည်။
ကမ္ဘာမြေကြီးပင် တုန်ခါသွားသည်။ အားလှိုင်း၏ အရှိန်ကြောင့် ပရိသတ် အများစုမှာ ၎င်းတို့၏ ထိုင်ခုံများမှ ပြုတ်ကျလုမတတ် ဖြစ်သွားကြသည်။ ပြိုင်ပွဲစင်မြင့်ပေါ်၌ ကြီးမားသော အက်ကြောင်းကြီး တစ်ခုက ချန်းဖန်၏ လက်ဝါး ရိုက်ချလိုက်ရာ နေရာမှ အစပြု၍ ဖြစ်ပေါ်လာသည်။
"ဒါက တကယ်ပဲ သိုင်းပညာလား"
လင်းဟူ၊ စတုတ္ထဦးလေးနှင့် ဆရာကုတို့ အားလုံး ကြက်သေ သေနေကြသည်။
မာယာတစ်ထောင် ပညာရပ်ကား လဲ့ချန်းကျွယ်၏ အအောင်မြင်ဆုံးသော ပညာရပ် ဖြစ်သော်လည်း လွယ်ကူစွာ အနိုင်ယူခြင်း ခံလိုက်ရသည်။ ထို့ပြင် ချန်းဖန်သည် မှော်ပညာရှင် တစ်ယောက်သာ ဖြစ်ပြီး သိုင်းပညာရှင် တစ်ယောက် မဟုတ်ပေ။ ထိုမျှ အားကြီး၍ အစွမ်းထက်သော သိုင်းပညာအား ချန်းဖန် တစ်ယောက် မည်သည့်နေရာမှ သင်ယူခဲ့သနည်း။
လင်းဟူ ဒယိမ်းဒယိုင် ဖြစ်သွားသည်။
ဆရာချန်းဆိုသည့် လူငယ်လေးကား မှော်ပညာရှင်တင် မဟုတ်ဘဲ အလွန် အစွမ်းထက်သော သိုင်းပညာရှင် တစ်ယောက်ပါ ဖြစ်နေခဲ့သည်။ ထိုကောင်လေး၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနှင့် အတွင်းအား စွမ်းအင်မှာ သူ့အောက် လုံးဝ မလျော့နည်းပေ။ ဆရာ လဲ့ချန်းကျွယ် ရောက်လာလျှင်ပင် အပြင်းအထန် ကြိုးစားပြီးမှသာ ထိုကောင်လေးအား အနိုင်ယူ လောက်မှာ ဖြစ်သည်။
"ငါဘာလုပ်သင့်လဲ"
လင်းဟူ တွေဝေနေပြီ ဖြစ်သည်။
ချန်းဖန်သည် ရုတ်ခြည်း ဆိုသလို ကြိုးကြာတစ်ကောင် သူ၏ အတောင်ပံများအား ဖြန့်ကြက် လိုက်သည့်အလား လက်မောင်းနှစ်ဖက်ကို ဆန့်တန်းလိုက်သည်။
"ဒုတိယအကွက် - တိမ်လက်ဝါး"
"သေစမ်း တော်လောက်ပြီဟ"
လင်းဟူသည် တိုက်ပွဲဝင် ယုံကြည်ချက်များ အားလုံး ပြိုလဲသွားပြီ ဖြစ်ရာ ထွက်ပြေးရန်သာ ကြိုးစားလိုက်သည်။ သို့သော်လည်း ထွက်ပြေးရန် စိတ်ကူးအား လက်တွေ့ အကောင်အထည် မဖော်ရသေးခင်မှာပဲ ချန်းဖန်က သူ့ရှေ့သို့ ရောက်ရှိလာသည်။ အသက်တစ်ရှိုက်စာ အချိန်အတွင်းမှာပဲ လင်းဟူတစ်ယောက် ချန်းဖန်၏ လက်ထဲသို့ ရောက်ရှိသွားသည်။
"မဖြစ်နိုင်ဘူး"
ကြောက်ရွံ့မှုနှင့် ဒေါသတို့က လင်းဟူ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီး လက်ကျန် အတွင်းအား စွမ်းအင် အားလုံးအား စုစည်းထားသော လက်သီးတစ်ချက်အား ချန်းဖန်ထံသို့ ပစ်သွင်းလိုက်သည်။
ထိုလက်သီးကား လင်းဟူ၏ တစ်သက်တာလုံး ကျင့်ကြံထားခဲ့သမျှသော အတွင်းအား စွမ်းအင်များ ပါဝင်နေပြီး အလွန် ကြီးမားလှသော ကျောက်တုံး တစ်တုံးကိုပင် အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားစေရန် လုံလောက်သည်။
ချန်းဖန်၏ ပြန်လည်ခုခံမှုကား ပျင်းရိနေဟန်ပင် ရသည်။ သူက လက်ချောင်း နှစ်ချောင်းကို အသုံးပြုလျက် လေထုအား ဖြတ်သန်းကာ လျင်မြန်လှသော အရှိန်နှင့် လင်းဟူ၏ ရင်ဘတ်သို့ ထိုးစိုက်လိုက်သည်။
"အား"
လင်းဟူသည် နာကျင်မှုကြောင့် အော်လိုက်မိသည်။ သူက တစ်ကိုယ်လုံး တုန်ယင်နေပြီး မတ်တတ်ရပ် နိုင်ရုံသာ ရှိတော့သည်။ ချန်းဖန်အား ရှုံးနိမ့်မည်ဟု ယူဆထားခဲ့သော လူများအားလုံးမှာ ပင့်သက်ရှိုက် လိုက်မိကြသည်။
လင်းပေါင်၏ ရင်ဘတ်၌ မြင်သာသော ဒဏ်ရာကြီးတစ်ခု ရှိနေပြီး ပွင့်ထွက်နေသော ထိုဒဏ်ရာ မှတစ်ဆင့် အဖြူရောင် နံရိုးများကိုပင် မြင်နေရသည်။
ချန်းဖန်သည် လက်ချောင်းလေး နှစ်ချောင်းအား အသုံးပြုရုံနှင့်တင် ပြိုင်ဘက်အား ဖွတ်ဖွတ်ညက်ညက် ကြေသွားစေသည်။ အကယ်၍ သူသာ လက်သီး သို့မဟုတ် လက်ဝါးအား အသုံးပြုခဲ့ပါက လင်းဟူ တစ်ယောက် သေလူ ဖြစ်နေလောက်ချေပြီ။
လင်းဟူ၏ အသိစိတ်၌ လွတ်မြောက်ရန် အတွေးတစ်ခုသာ ရှိတော့သည်။ သိုင်းပညာ လမ်းစဉ်အား စတင် လျှောက်လမ်းခဲ့သည့် အချိန်ကတည်းက ထိုမျှအထိ အစွမ်းထက်သော ပြိုင်ဘက်နှင့် တစ်ခါမှ မကြုံဖူးခဲ့ပေ။ ချန်းဖန် အသုံးပြုခဲ့သော 'ကောင်းကင်ပြိုတူ၊ တိမ်လက်ဝါး' အစရှိသော သိုင်းပညာများကိုလည်း သူ့အနေနှင့် တစ်ကြိမ်တစ်ခါမျှ မမြင်ဖူး၊ မကြားဖူးခဲ့ပေ။
လင်းဟူသည် လက်ကျန် ခွန်အားလေးအား စုစည်းလိုက်ပြီး ရေကန်ငယ်လေး ရှိရာသို့ ဦးတည်ကာ ပြေးလေတော့သည်။
လင်းဟူ တွေးထားသည်ကား ရိုးရှင်းသည်။ ရေကန်ဆီသို့ ဦးစွာ ရောက်ရှိရန်ပင်။ ချန်းဖန်သည်လည်း ရေပေါ်၌ လမ်းလျှောက်နိုင်လျှင်ပင် ရေပေါ် လမ်းလျှောက်ခြင်းနှင့် တိုက်ခိုက်ခြင်း နှစ်မျိုးလုံးအား တစ်ပြိုင်နက် လုပ်နိုင်မည် မဟုတ်ပေ။ ထိုကြောင့် ရေကန်ငယ်လေးကား လင်းဟူ၏ နောက်ဆုံး မျှော်လင့်ချက် ဖြစ်သည်။
မျက်တောင် တစ်ခတ်စာအတွင်း လင်းဟူတစ်ယောက် ကမ်းခြေသို့ ရောက်ရှိသွားသည်။ ရေမျက်နှာပြင်အား ခြေထောက်နှင့် ထိမိသွားပြီ ဆိုတော့မှ လင်းဟူ စိတ်သက်သာရာရစွာ သက်ပြင်းချ လိုက်မိသည်။ ထိုစဉ်တွင်ပဲ ကျယ်လောင်သော အသံတစ်ခုမှာ သူ၏ အနောက်ဘက်မှ ထွက်ပေါ်လာသည်။
"တတိယအကွက် - ဟင်းလင်းပြင် ဂယက်လှိုင်း"
လူတိုင်း၏ အံ့ဩထိတ်လန့်နေသော မျက်လုံးများ အောက်တွင်ပင် ချန်းဖန်သည် လက်ချောင်းများအား လက်သီးဆုပ်အဖြစ် ပြောင်းလဲလိုက်ပြီး လေဟာနယ် ဟင်းလင်းပြင်ထဲသို့ လက်သီးတစ်ချက် ခွင်းလိုက်သည်။ သူ၏ လှုပ်ရှားဟန်များက ပျင်းရိပျင်းတွဲပင် ဖြစ်နေသေးသည်။
လက်သီးချက်က မည်သည့် အရာကိုမျှ ဦးတည်မနေပေ။ လူတိုင်းက စိတ်ဝင်တစား စောင့်ကြည့် နေကြသော်လည်း ဘာမှ ဆက်ဖြစ်မလာခဲ့။
သို့သော်လည်း စင်မြင့်နှင့် ဝေးကွာလှသော နေရာတွင် ရှိနေသည့် လင်းဟူ၏ ကျောကုန်းမှာ တစ်စုံတစ်ရာ ထိမှန်သွားသကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားပြီး ရင်ဘတ်မှ ပွင့်နေသော ဒဏ်ရာကလည်း သွေးများ ဒလဟော စီးကျလာတော့သည်။ ထို့နောက် ပြူးကျယ်နေသော မျက်လုံးများနှင့် လင်းဟူမှာလည်း သဲသောင်ပြင်ပေါ် ပစ်လဲသွားတော့သည်။
ချန်းဖန်သည် ပြိုင်ဘက်အား မီတာပေါင်း များစွာ အကွာအဝေးကပင် တိုက်ခိုက်နိုင်သည်။
အဖြစ်အပျက်အား မျက်တောင် မခတ်တမ်း စိုက်ကြည့်နေသော လူအုပ်ကြီး၏ ရင်ဘတ်များမှာ ထိတ်လန့်မှုကြောင့် တုန်ခါသွားကြသည်။
"နတ်ဘုရား ခြေလှမ်းတစ်ထောင် လက်သီးသိုင်း"
စတုတ္ထဦးလေးသည် ထိုင်ခုံမှ ခုန်ထလိုက်ကာ ရေရွတ်လိုက်မိသည်။
ထိုလက်သီး သိုင်းသည်ကား အထွတ်အထိပ် အဆင့် ပညာရှင်များ၏ အဓိက သိုင်းကွက်များထဲမှ တစ်ခုဖြစ်သည်။ မာယာတစ်ထောင် ပညာရပ်ဖြစ်စေ၊ ကောင်းကင်ပြိုတူ သိုင်းကွက်ဖြစ်စေ ချန်းဖန် နောက်ဆုံး ထုတ်ဖော်ခဲ့သော လက်သီးသိုင်း၏ စွမ်းအားနှင့် မယှဉ်ပြိုင်နိုင်ပါ။ ထိုလက်သီး သိုင်းသည်ကား ချန်းဖန်၏ ခွန်အား အစစ်အမှန်ကိုလည်း ထင်ဟပ်ပြသနေသည်။
အထွတ်အထိပ်အဆင့် ပညာရှင်များ ကသာလျှင် မီတာပေါင်းများစွာ အကွာက ရန်သူအား သရဲတစ်ကောင်ကဲ့သို့ တိုက်ခိုက် သတ်ဖြတ်နိုင်သည်။
လင်းဟူသည် လဲကျသွားရာမှ ပြန်ထလာနိုင်ရန် ကြိုးစားသော်လည်း သူ့တစ်ကိုယ်လုံးက တုန်ယင်လို့ နေသည်။ သူက ရှုံ့မဲ့မဲ့ ပြုံးကာ မေးလိုက်သည်။
"မင်းသုံးလိုက်တာ ဘာသိုင်းပညာလို့ ခေါ်လဲ"
"အစစ်အမှန်သိုင်း သုံးဆယ့်ခြောက်ကွက်ရဲ့ ပထမဆုံး သုံးကွက်"
ချန်းဖန်က အေးအေးဆေးဆေးပင် ပြောလိုက်သည်။
"ကျွန်တော်က လဲ့ချန်းကျွယ် ကိုယ်တိုင် လာမယ်ထင်လို့ ခုနစ်ကွက်တောင် ပြင်ဆင်ထားတာ အခုတော့ နှမြောစရာပဲ ကျန်တဲ့ လေးကွက်တောင် မသုံးလိုက်ရတော့ဘူး"
"ဟား .. ဟား.. အစစ်အမှန်သိုင်း သုံးဆယ့်ခြောက် ကွက်တဲ့လား အဲဒါက နတ်ဘုရား သိုင်းပညာရပ် ထင်ပါရဲ့"
လင်းဟူ၏ အသံက ယဲ့ယဲ့မျှသာ ကျန်တော့သည်။
"ငါက အစောကြီးတည်းက မှားယွင်းနေခဲ့တာပဲ ဆရာချန်းက သိုင်းပညာမှာပါ ဆရာတဆူ ဖြစ်တယ် ဆိုတာကို လုံးဝ မရိပ်မိခဲ့ဘူး ငါ့ကို အမြင်ကျယ်စေခဲ့လို့ ကျေးဇူးတင်ပါတယ်"
လင်းဟူ၏ အားနည်း ဖျော့တော့နေသော အသံက တိုးဝင်သွားပြီး သဲသောင်ပေါ်သို့ နောက်တစ်ကြိမ် ထပ်မံ လဲကျသွားတော့သည်။ ဒီတစ်ကြိမ်တွင်တော့ လင်းဟူတစ်ယောက် ပြန်ထ မလာနိုင်တော့ပေ။
ကျော်ကြားသော သိုင်းပညာရှင်၊ အောင်မြင်သော စီးပွားရေး လုပ်ငန်းရှင်၊ အကြီးအကဲ လဲ့ချန်းကျွယ်၏ တပည့် 'သေခြင်းတရားရဲ့ ကျားဖြူ လင်းဟူ' ကား နောက်ဆုံး၌ ဆယ်ကျော်သက် လူငယ်လေး၏ အနိုင်ယူခြင်းအား ခံလိုက်ရလေသည်။
ချန်းဖန်က လက်နှစ်ဖက်အား ကျောနောက်တွင် ပြန်ချိတ်လိုက်ရင်း ပရိသတ်များဘက်သို့ လှည့်ကာ မေးလိုက်သည်။
"တစ်ယောက်ယောက်များ ကျွန်တော်နဲ့ ပြိုင်ချင်သေးလား"
ကွင်းပြင်တစ်ခုလုံး အပ်ကျသံမျှ မကြားရတော့ဘဲ တိတ်ဆိတ်ကျသွားသည်။
သူဌေးကြီးများ အပါအဝင် ပရိသတ်များအားလုံး စကားတစ်ခွန်းမျှ မဟကြပေ။
ချန်းဖန်သည် လူအများရှေ့တွင်ပင် လင်းဟူအား ဆယ်မိနစ်အတွင်း အနိုင်ယူပြခဲ့သည်။ လင်းဟူကား မည်မျှပင် အစွမ်းထက်ပါစေ ချန်းဖန်၏ နတ်ဘုရားကဲ့သို့ စွမ်းအင်များနှင့် မယှဉ်သာပေ။
ချန်းဖန်၏ ခွန်အားများက လူသားတစ်ယောက်၏ အကန့်အသတ်ထက်ပင် ကျော်လွန်လို့ နေသည်။
ယန်လီတို့ လူစုသည်လည်း ကြက်သေ သေနေကြသည်။
အားရှို့က သူမ၏ ပါးစပ်လေးအား လက်လေးနှစ်ဖက်ဖြင့် ပိတ်လျက် ပျော်ရွှင်မှု၊ မယုံကြည်နိုင်မှုတို့ ရောပြွမ်းစွာနှင့် ချန်းဖန်အား ကြည့်နေမိသည်။
အစ်ကိုကျန်း၏ မျက်လုံးများထဲ၌ အစောပိုင်းက သူ၏ ရူးနှမ်းသော အတွေးများအပေါ် နောင်တရမှုတို့ ပြည့်နှက်နေသည်။
ရှင်းကျုံးသည်လည်း မျှော်လင့်ချက်တို့ ပျက်သုဉ်းသွားကာ ထိုင်ခုံပေါ်မှ ပြိုလဲကျသွားသည်။ ချန်းဖန်သည် လင်းဟူကိုပင် အနိုင်ယူနိုင်လေရာ မကြာမီ၌ ပြိုင်ပွဲ တစ်ခုလုံးအား လွှမ်းမိုးချုပ်ကိုင် သွားနိုင်တော့မည် ဖြစ်သည်။
ကျေနပ်အားရနေသော အပြုံးကြီးတစ်ခုက ကျိုးထျန်ဟောက်၏ မျက်နှာပေါ်၌ ဖြစ်ပေါ်လာသည်။ နှစ်စဉ်နှစ်တိုင်း သိုင်းပညာ တံခွန်စိုက်ပွဲ၌ ယခုကဲ့သို့သော ကျေနပ်အားရမှုမျိုး မခံစားရသည်မှာ အလွန်ကို ကြာမြင်ခဲ့လေပြီ။
"ဆရာချန်း.. ချန်းဖန်.. ဒီကောင်လေးက ဆရာကု သတိပေးတာကို နားမထောင်တာ မထူးဆန်းတော့ပါဘူး ငါသာ သူ့နေရာမှာ ဆိုရင်လည်း ပိုက်ဆံ၊ အာဏာ ဘယ်တစ်ခုကိုမှ ဂရုစိုက်နေမှာ မဟုတ်ဘူး သူပြောခဲ့သလိုပဲ သူက တကယ့်ကို ဓားတစ်ချက် ယမ်းရုံနဲ့ ပြဿနာ အားလုံးကို ဖြေရှင်းနိုင်စွမ်း ရှိနေခဲ့တယ် ငါမင်းကို မယုံခဲ့မိဘူး အခုတော့ ငါယုံပါပြီ"
ရှုအောင်းသည် ပြိုင်ပွဲစင်မြင့်ပေါ်ရှိ ယုံကြည်မှုအပြည့်နှင့် ချောမောလှသော လူငယ်လေးအား ငေးကြည့်ရင်း ရန်ကွေ့ရေကန်ဘေးတွင် ပြောခဲ့သော စကားများအား အမှတ်ရသွားသည်။
ထိုအချိန်က ချန်းဖန်သည် သည်းမခံနိုင် လောက်အောင် မောက်မာလှသော လူငယ်လေး ဖြစ်သည်ဟု ထင်ခဲ့သော်လည်း ယခုတွင်တော့ သူကိုယ်တိုင်ကသာ တစ်ချိန်လုံး ဟာသ ဖြစ်နေခဲ့တာပင်။
နောက်ဆုံးတွင်တော့ ထိုကောင်လေးအား သူ့လက်အောက်သို့ သိမ်းသွင်းရန် ဟူသော အကြံအစည်ကြီးမှာ မည်မျှ ရူးနှမ်းလှကြောင်း ရှုအောင်းတစ်ယောက် နားလည်သွားခဲ့သည်။
***