← Chapters

ဂုဏ်ပြုပါတယ် ဆရာချန်း

Vol. 1 Ch. 59

ဂုဏ်ပြုပါတယ် ဆရာချန်း

Vol. 1 Ch. 59

v

လူအုပ်ကြီး မှင်တက်နေချိန်တွင် ချန်းဖန်သည် စင်ပေါ်၌ မပြောင်းမလဲ ရပ်နေဆဲ ဖြစ်သည်။

လင်းဟူ ခန့်မှန်းသည်မှာ အမှန်ဖြစ်သည်။ ချန်းဖန် အသုံးပြုခဲ့သော သိုင်းပညာရပ်သည်ကား သေမျိုးလောကမှ မဟုတ်ပါချေ။

အစစ်အမှန်သိုင်း သုံးဆယ့်ခြောက်ကွက်သည် အတိတ်ဘဝတွင် ချန်းဖန် နေထိုင်ခဲ့သော အစစ်အမှန် နတ်ဘုရားဂိုဏ်းမှ ချီသန့်စင်ခြင်း အဆင့်၌ ရှိသော တပည့်များ အသုံးပြုသည့် သိုင်းပညာရပ်တစ်ခု ဖြစ်သည်။ အဆင့်နိမ့် သိုင်းပညာရပ် တစ်ခုသာ ဖြစ်သော်လည်း ကမ္ဘာပေါ်ရှိ ဘယ်သိုင်းပညာ ရပ်ထက် မဆိုတော့ အစွမ်းထက်နေသေးသည်။

ကျောက်စိမ်းအရိုး ဖွဲ့စည်းပုံအား အောင်မြင်ပြီးနောက် ချန်းဖန်သည် အစစ်အမှန်သိုင်း သုံးဆယ့်ခြောက်ကွက် အနက်မှ ခုနစ်ကွက်အထိ အသုံးပြုနိုင်နေပြီ ဖြစ်သည်။ ထိုခုနစ်ကွက်ကပင် လဲ့ချန်းကျွယ်အား ရင်ဆိုင်ရန် လုံလောက်ပေသည်။

တစ်စုံတစ်ယောက်သည် ချီသန့်စင်ခြင်းအဆင့် ကတည်းကပင် သုံးဆယ့် ခြောက်ကွက်လုံးအား အသုံးပြုနိုင်ပါက မူလဝိညာဉ် အဆင့်တွင် ရှိသော သာမန် ကျင့်ကြံသူ တစ်ယောက်နှင့် လက်ရည်တူ တိုက်ခိုက်နိုင်ပေသည်။ သို့သော်လည်း ချန်းဖန်သည် ချီသန့်စင်ခြင်း အခြေခံအဆင့်၏ အလယ်ဆင့်တွင်ပင် ရှိနေသေးရာ အစစ်အမှန်သိုင်း သုံးဆယ့်ခြောက်ကွက်လုံးအား အပြည့်အဝ အသုံးချနိုင်ရန် ချီပြည့်စုံအဆင့်သို့  အရင်ဆုံး ရောက်အောင် ကြိုးစားရပေမည်။

ချန်းဖန်က ရှည်မျောမျော စင်မြင့်ဘက်သို့ တစ်ချက် လှမ်းကြည့် လိုက်သည်တွင် ရှင်းကျုံးမှလွဲ၍ ကျန်လူများက မဝံ့မရဲ ခေါင်းငုံ့ထားကြသည်။ ရှင်းကျုံးသည် ထိတ်လန့် တုန်လှုပ်နေရင်းကပဲ အံကြိတ်လျက် ပြောသည်။

"ဆရာချန်း ခင်ဗျား ကျုပ်ကို လွှတ်ပေးမှာလား"

"ခင်ဗျား ဘယ်လိုထင်လဲ"

ချန်းဖန်က မျက်ခုံးပင့်လျက် မေးလိုက်သည်။ မျက်စိတစ်မှိတ် အတွင်းတွင်ပဲ သူက ရှည်မျောမျော စင်မြင့်၏ အစွန်းနားသို့ ပျံသန်း ရောက်ရှိသွားသည်။

ချန်းဖန်သည် ရှင်းကျုံးထံသို့ ဖြည်းညင်းစွာ လျှောက်သွားရင်း ပြောသည်။

"ချူကျိုးမြို့မှာတုန်းက ခင်ဗျားကို ကျွန်တော် အခွင့်အရေးတစ်ခု ပေးခဲ့ပြီးပြီ အဲဒီအခွင့်အရေးကို လွှင့်ပစ်လိုက်တာက ခင်ဗျား ကိုယ်တိုင်ပဲလေ အခု ကျွန်တော် ခင်ဗျားကို ဘာလုပ်သင့်လဲ ပြောကြည့်ပါဦး"

ချန်းဖန် သူ့ထံသို့ တစ်လှမ်း တိုးလာလေလေ ရှင်းကျုံး၏ ခန္ဓာကိုယ်က ကြောက်ရွံ့မှုကြောင့် တုန်ယင်လာလေလေ ဖြစ်သည်။ နောက်ဆုံး ရှင်းကျုံးက သေနတ်တစ်လက်အား ဆွဲထုတ်လိုက်ပြီး ချန်းဖန်၏ ခေါင်းသို့ ချိန်ထားလိုက်သည်။

"ထပ်တိုးမလာနဲ့ ငါမင်းကို ပစ်လိုက်မှာနော်"

"ပစ်လိုက်လေ"

ချန်းဖန်သည် လုံးဝ ရပ်တန့် မသွားခဲ့။

"ငါမင်းကို ပစ်လိုက်တော့မှာနော် ငါတကယ် ပစ်မှာ"

ရှင်းကျုံး၏ အသံက ထစ်ငေါ့နေပြီး သေနတ်ကိုင် လက်ကလည်း တဆတ်ဆတ် တုန်လို့နေသည်။

စတုတ္ထဦးလေးသည် ရှင်းကျုံး၏ အသိဉာဏ်မဲ့သော အပြုအမူကြောင့် ခေါင်းယမ်း လိုက်မိသော်လည်း မသိစိတ်ကတော့ ကျေနပ်နေသည်။ သေနတ်ကဲ့သို့သော လက်နက်များက အခြားသူများအတွက် အလုပ်ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ဆရာချန်းအား လုံးဝ မခြိမ်းခြောက်နိုင်ပေ။

ချန်းဖန်သည်ကား သာမန်ညောင်ည သိုင်းပညာရှင်တစ်ယောက် မဟုတ်‌။ အထွတ်အထိပ် အဆင့် သိုင်းပညာရှင် တစ်ယောက် ဖြစ်သည်။

အကယ်၍ ချန်းဖန်၏ ငယ်လွန်းသော အသက်အရွယ်ကြောင့် အထွတ်အထိပ် ပညာရှင်အဆင့်သို့ မရောက်သေးလျှင်ပင် ဝေးတော့မည် မဟုတ်ပေ။ သေနတ် တစ်လက်ကား သိုင်းပညာ လမ်းစဉ်၏ အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက်အား မခြိမ်းခြောက်နိုင်ပေ။

ရုတ်တရက် ချန်းဖန်က အော်လိုက်သည်။

"ပစ်လိုက်လေ"

ရှင်းကျုံးမှာ အလွန် ထိတ်လန့်သွားပြီ ကြောက်အား လန့်အားနှင့် သေနတ်မောင်းတံအား ဆွဲလိုက်‌လေသည်။

ပရိသတ်များမှာ ကျည်ဆန်လာရာ လမ်းကြောင်း၌ မလှုပ်မယှက် ရပ်နေဆဲဖြစ်သော ချန်းဖန်အား ကြည့်လိုက်မိကြသည်။ သူတို့ထဲမှ အများစုမှာ ခေတ်လူငယ်များ ဖြစ်ကြပြီး သေနတ်ပြီးသော သိုင်းပညာရှင် တစ်ယောက် အကြောင်း တစ်ကြိမ်တစ်ခါမှ မကြားဖူးကြရာ အလွန် ထိတ်လန့် နေကြသည်။

သို့သော်လည်း နောက်ဆက်တွဲ ဖြစ်ပျက်လာခဲ့သော မြင်ကွင်းသည် ၎င်းတို့၏ အတွေးများထဲ၌ တက်တူး ထိုးထားသကဲ့သို့ တစ်သက် မမေ့နိုင်ဖွယ် စွဲမြဲ သွားတော့သည်။

ချန်းဖန်၏ ခန္ဓာကိုယ် တစ်ဝိုက်၌ ဖျော့တော့သော ရွှေရောင် အလင်းလွှာတစ်ခု ဖြစ်ပေါ်လာပြီး ကျည်ဆန်ကို ကာကွယ်လိုက်သည်။ ကျည်ဆန်၏ ရုန်းပြန်အားကြောင့် ရွှေရောင် အလင်းလွှာပေါ်၌ လှိုင်းတွန့်တစ်ခု ဖြစ်ပေါ်လာခဲ့သော်လည်း ကျည်ဆန်ကား အကာအရံအား မဖြတ်ကျော်နိုင်ပါချေ။

"သေနတ်တောင်မှ သူ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူး"

ခေတ်မီ လက်နက်များအား အသုံးပြုလျက် ချန်းဖန်အား အနိုင်ယူရန် ကျိတ်တွေးနေခဲ့သော အချို့မြို့များမှ သူဌေးတစ်စုလည်း ထိုအတွေးအား လက်လျော့လိုက်ရုံသာ တတ်နိုင်ကြသည်။

"အတွင်းအား စွမ်းအင်ကို အသုံးပြုပြီး ခန္ဓာကိုယ်ပြင်ပမှာ အကာအကွယ်တံတိုင်း လုပ်နိုင်တယ် တကယ်ကို အထွတ်အထိပ်အဆင့် ပညာရှင်တွေရဲ့ လုပ်ပုံလုပ်နည်း အတိုင်းပဲ အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက်က သေနတ်တစ်လက်ကို ကြောက်ရွံ့နေစရာ မလိုဘူး"

စတုတ္ထဦးလေးက အခိုင်အမာ ပြောလိုက်သည်။

ကျည်ဆန်သည် ချန်းဖန်၏ အရှေ့ လေထဲ၌ ပေါလောမျောနေသည်။ ချန်းဖန်က အေးစက်စွာ ပြောလိုက်သည်။

"ခင်ဗျား ပစ်ရဲသားပဲ ခင်ဗျားကို အသက်ရှင်ခွင့် ပေးမလို့ပါပဲ ဒါပေမဲ့ အခုတော့ မဟုတ်တော့ဘူး"

"မဟုတ်.. မဟုတ်ဘူး.. ဒါက မတော်တဆပါ"

ရှင်းကျုံး၏ မျက်နှာမှာ အလွန်အမင်း ပျက်ယွင်းသွားပြီး သူ့အသက်အား ချမ်းသာပေးရန် စတင် တောင်းပန်တော့သည်။

ချန်းဖန်သည် လက်တစ်ဖက်အား အနည်းငယ် လှုပ်ရှားလိုက်ပြီး လေထဲတွင် ရပ်တန့်နေသော ကျည်ဆန်အား ရှင်းကျုံးထံသို့ တန်ပြန် ပုတ်ထုတ်လိုက်သည်။ လှုပ်ရှားမှုက အလွန် လျင်မြန်သော်လည်း တိကျသေသပ်သည်။ ကျည်ဆန်ကား ရှင်းကျုံး၏ မျက်ခုံးနှစ်ဖက်ကြား အလယ်တည့်တည့်သို့ စိုက်ဝင်သွားလေသည်။

ရှင်းကျုံး၏ အဖြစ်ဆိုးကို မြင်ရသော် ဆရာဝူသည် ကြောက်ရွံ့မှုအား ဆက်ထိန်း မထားနိုင်တော့ပေ။ ချန်းဖန်၏ ရှေ့၌ အလျင်အမြန် ဒူးထောက်ချလိုက်ပြီး အနူးအညွတ် တောင်းပန်တော့သည်။

"ဆရာချန်း ‌ဆရာချန်း ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ"

ချန်းဖန်သည် ဆရာဝူအား တစ်ချက်ပင် မကြည့်ပေ။ သူက စားပွဲဝိုင်းများတွင် ထိုင်နေကြသော ဉာဏ်များလွန်းလှသည့် မြေခွေးအို သူဌေးကြီးများကိုသာ အကဲခတ်လိုက်သည်။

နောက်ဆုံးတွင်တော့ ရှုအောင်းလည်း မနေသာတော့ဘဲ တိတ်ဆိတ်မှုကို စတင် ဖြိုခွင်းလိုက်သည်။ သူက မတ်တတ် ရပ်လိုက်ကာ ချန်းဖန်အား အလေးအနက် ဂုဏ်ပြုလာသည်။

"ကျေးဇူးအများကြီး တင်ပါတယ် ဆရာချန်း ဒီနေ့ကစပြီး ကျန်းပေ့တိုင်းမှာရှိတဲ့ ဘယ်သူမဆို ဆရာချန်းအတွက် အသင့် တာဝန် ထမ်းဆောင်ပေးပါ့မယ်"

ရှုအောင်း၏ စကားဆုံးသည့်နောက် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ထိပ်ပြောင်ကြီးလျှိုက ရုတ်တရက် ထအော်လိုက်သည်။

"ဂုဏ်ပြုပါတယ် ဆရာချန်း"

"ဆရာချန်း ဆရာချန်း "

သို့နှင့် စားပွဲဝိုင်းတွင် ထိုင်နေသော အခြား သူဌေးကြီးများလည်း တဖြည်းဖြည်း မတ်တတ် ရပ်လာကြပြီး သံပြိုင် ကြွေးကြော် ကြတော့သည်။

ထိုသူဌေးများထဲမှ တချို့မှာ အစပိုင်း၌ အင်တင်တင် ဖြစ်‌နေကြ‌သော်လည်း ချန်းဖန်၏ သေနတ်ပင် တိုးမပေါက်သော စွမ်းရည်များကြောင့် လူငယ်လေး ချန်းဖန်အား အမှန်တကယ် လေးစားမိ သွားကြတော့တာ ဖြစ်သည်။

ကမ္ဘာကြီးက ကျယ်ပြောလှသည်။ သို့သော်လည်း သူတို့က ချန်းဖန်ကဲ့သို့ ထပ်တူ အစွမ်းထက်သော နောက်ထပ် တစ်ယောက်အား ရှာမတွေ့နိုင်တော့မည်ကို စိုးရိမ်မိပါ၏။

မြို့အသီးသီးမှ သူဌေးကြီးများသည် ရှုအောင်း၏ အဆိုပြုချက်အတိုင်း ချန်းဖန်အား ၎င်းတို့၏ ခေါင်းဆောင်အဖြစ် လက်ခံရန် စ‌နိုးစနောင့် ဖြစ်ခြင်း အနည်းငယ်မျှ မခံစားမိကြတော့ပါ။

အလွန် အာဏာရှိလှပါသည် ဟူသော သူဌေးကြီးများက ငယ်ရွယ် ချောမောလှသော လူငယ်လေးအား အရိုအသေ ပေးနေကြသည်ကို မြင်ရသောအခါ ပြိုင်ပွဲဧရိယာ အတွင်းရှိ ပရိတ်များ အားလုံး ပင့်သက်ရှိုက် လိုက်မိကြသည်။ ယနေ့ အဖြစ်အပျက်အား သူတို့၏ တစ်ဘဝလုံး မေ့နိုင်တော့မည် မဟုတ်ပေ။

'သူက တကယ့်လူပဲ'

လူတိုင်း၏ စိတ်ထဲ၌ တူညီသော အတွေးတစ်ခုသာ ရှိကြတော့သည်။

ယနေ့မှ အစပြု၍ ကျန်းပေ့တိုင်း၌ အလွန် လွှမ်းမိုးနိုင်စွမ်း‌ ရှိသော လူငယ်ခေါင်းဆောင် တစ်ယောက် ပေါ်ထွက်လာခဲ့လေပြီ။ ထိုလူငယ်လေး၏ အမည်ကား ချန်းဖန် ဖြစ်သည်။

သိုင်းပညာ တံခွန်စိုက်ပွဲ ပြီးဆုံးပြီးနောက် သူဌေးကြီးများ အပါအဝင် ပရိသတ်များလည်း အသီးသီး အိမ်ပြန်ကြ‌တော့သည်။ အားရှို့က ယန်လီတို့ လူစုနှင့် ဘေးချင်းယှဉ်လျက် ရွာဘက်သို့ ပြန်လည် ထွက်ခွာ လာကြသည်။

တစ်ယောက်ချင်းစီ၏ နှလုံးသားထဲ၌ မတူကွဲပြားသော အတွေးမျိုးစုံနှင့် အားလုံး တိတ်ဆိတ်နေကြသည်။

ယန်လီတို့ လူစုက ချန်းဖန်၏ အစွမ်းထက်မှုကြောင့် အလွန် ထိတ်လန့်ကြရပြီး ချန်းဖန်တစ်ယောက် လက်စား ပြန်လာချေမည်ကို စိုးရွံ့နေကြသည်။

အစ်ကိုကျန်း၏ မျက်နှာက မည်းမှောင်နေပြီး ဤအရှုပ်အထွေး အတွင်း ဆွဲသွင်းခံခဲ့ရခြင်း အတွက် ရှောင်ဝမ့်အား အပြစ်တင်လို့ မဆုံးပေ။

ရှောင်ဝမ့်၏ ရူးကြောင်ကြောင် တွန်းအားပေးမှု ကြောင့်သာ မဟုတ်လျှင် သူသည်လည်း အားရှို့အပေါ် စိတ်နှင့် ပစ်မှားမိမည် မဟုတ်ပေ။

အားရှို့၏ ကောင်‌လေးက မည်သူပဲ ဖြစ်နေပါစေ ကိစ္စမရှိသော်လည်း ယခုကား ဆရာချန်း ဖြစ်နေသည်။ ချန်းဖန် အတွက်မူကား အစ်ကိုကျန်းကဲ့သို့ ခရိုင်အဆင့် စန်းရှိုးအဖွဲ့ဝင် တစ်ယောက်မှာ မပြောပလောက်သော ပိုးမွှားလေး တစ်ကောင်မျှသာ ဖြစ်သည်။

ချန်းဖန်၏ ကောင်မလေးအပေါ် ရမ္မက်လွှမ်းသော မျက်လုံးများနှင့် အကြိမ်ပေါင်းများစွာ ထိကပါး ရိကပါး လုပ်ခဲ့မိသည်ကို ပြန်တွေးမိပြီး ရှောင်ဝမ့်မှာ ထိတ်လန့်လွန်း၍ တဆတ်ဆတ် တုန်ယင် လာရသည်။

ရှောင်ဝမ့်အတွက် နောက်ဆုံး မျှော်လင့်ချက်လေးမှာ ယန်လီနှင့် ရင်းနှီးသော ချန်းဖန်၏ ဝမ်းကွဲအမသာ ရှိတော့သည်။ သူအနေနှင့် တစ်ချိန်လုံး လိုသုံးလိုသာ သဘောထားခဲ့သော ရည်းစားဖြစ်သူ ယန်လီသည် တစ်ချိန်ချိန်၌ ယခုကဲ့သို့ အရေးပါ အရာရောက် လာလိမ့်မည်ဟု ရှောင်ဝမ့်တစ်ယောက် အိပ်မက်ပင် မမက်ခဲ့ဖူးပါချေ။

ယန်လီသည်လည်း ရှောင်ဝမ့်၏ လှည့်ကွက်အား ခန့်မှန်းမိပါ၏။ ရှောင်ဝမ့်သည် အစ်ကိုကျန်းနှင့် ချန်းဖန်၏ ကောင်မလေးအား ချိတ်ဆက်ပေးရန် တစ်ချိန်လုံး ကြိုးစားနေခဲ့သည်။ အကယ်၍ ချန်းဖန်သည် သာမန် အထက်တန်း ကျောင်းသားလေး ဆိုပါက ယန်လီအနေနှင့် ချန်းဖန်နှင့် သူမကြားရှိ ရင်းနှီးမှုအား ဖြတ်တောက် လိုက်ရရုံသာ အဆိုးဆုံး ဖြစ်နိုင်သော်လည်း ကိစ္စတွေကား ထိုမျှ မရိုးရှင်းပေ။ ချန်းဖန်သည် ဆရာချန်း ဖြစ်နေခဲ့သည်။

ချန်းဖန်သည် ရှောင်ဝမ့်နှင့် အစ်ကိုကျန်းတို့၏ အကြံအစည်အား ရိပ်မိနေ၍ သူမတို့အား ခပ်တန်းတန်းသာ ဆက်ဆံခဲ့ခြင်း ဖြစ်ရပေမည်။

ရုတ်တရက် ဝတ်စုံပြည့် ဝတ်ဆင်ထားသော သက်တော်စောင့်များက ယန်လီတို့ လူစုရှေ့၌ ပိတ်ရပ်လာသည်။ ထိုထဲမှ တစ်ယောက်က ပြောသည်။

"ဆရာချန်းက ခင်ဗျားတို့ကို တွေ့ချင်နေတယ်"

ကြောက်ရွံ့မှုကြောင့် ရှောင်ဝမ့်နှင့် အစ်ကိုကျန်းတို့မှာ မြေပြင်ပေါ် လဲကျလုနီးနီးပင်။

ယန်လီသည်လည်း တည်ငြိမ်အောင် ကြိုးစားလိုက်ရပြီး တုံ့ပြန်လိုက်သည်။

"ကျေးဇူးပြုပြီး ကျွန်မတို့ကို သူ့ဆီ ခေါ်သွားပေးပါ"

ချန်းဖန်သည် ခြံဝန်ငယ်လေး တစ်ခုထဲ၌ ထိုင်လို့နေသည်။ သူက ထိုင်ခုံတစ်ခုတွင် သက်သောင့်သက်သာ ဖြစ်ဟန်နှင့် ထိုင်‌လျက်ရှိပြီး လက်ချောင်းများအတွင်း၌ မီးခိုးရောင် ပုံဆောင်ခဲလေးတစ်ခုအား ဆော့ကစားနေသည်။

ချန်းဖန်၏ ဘေးပတ်လည်တွင်ကား ကျန်းပေ့တိုင်းရှိ ထိတ်ထိတ်ကြဲ သူဌေးကြီးများ ရှိနေကြသည်။ ၎င်းတို့က ချန်းဖန်၏ ပေါ့ပေါ့တန်တန် ပြောချင်ရာ လျှောက်ပြောနေသော စကားများအား အလွန် လေးနက်လှသော အမူအရာများနှင့် တလေးတစား နားထောင်နေကြသည်။

ယန်လီတို့လူစုက ခြံဝင်းအတွင်းသို့ တိတ်ဆိတ်စွာ ဝင်သွားကြပြီး အသက်ပင် ရဲရဲ မရှူရဲကြပေ။

ချန်းဖန်သည် ဝင်လာသူများအား တစ်ချက် မော့ကြည့်ပြီးနောက် အေးအေးဆေးဆေးပင် ပြောလာသည်။

"အားရှို့က ကျွန်တော့် ကောင်မလေး မဟုတ်ပေမဲ့ ခင်ဗျားတို့က မိန်းကလေး တစ်ယောက်အပေါ် အလကားသက်သက် အခွင့်အရေးယူဖို့ ကြံစည်ခဲ့တယ် ခင်ဗျားတို့ကို ကျွန်တော် ဘယ်လို အပြစ်ပေး သင့်တယ်လို့ ထင်လဲ"

ရှောင်ဝမ့်နှင့် အစ်ကိုကျန်းတို့မှာ ထိတ်လန့်မှုကြောင့် တသိမ့်သိမ့် တုန်သွားကြသည်။ များများစားစားပင် မတွေးနိုင်တော့ဘဲ နှစ်ယောက်လုံး ချန်းဖန်ရှေ့၌ ဒူးထောက် လိုက်ကြရင်း ချမ်းသာပေးရန် တောင်းပန်ကြတော့သည်။

ယန်လီကလည်း ‌ဝင်တောင်းပန် လာသည်။

"အားလုံးက သူတို့ရဲ့ အမှားပါ ဒီတစ်ကြိမ်လောက် အစ်မမျက်နှာကို ထောက်ထားပြီး သူတို့ကို ခွင့်လွှတ်ပေးပါနော်"

"ခွင့်လွှတ်ပေးရမယ်"

ချန်းဖန်က ပြုံးသည်။

"သေချာတာပေါ့ ဒါပေမဲ့ ဒီနေ့ ဘာတွေ ဖြစ်ပျက်ခဲ့လည်း ဆိုတာ ကျွန်တော့် ဝမ်းကွဲအစ်မကို လုံးဝ ပြန်ပြောမပြရဘူး၊ တကယ်လို့ ပြန်ပြောပြခဲ့မယ်ဆိုရင် အကျိုးဆက်ကို ခံစားရမှာက ခင်ဗျားတင် မဟုတ်ဘဲ ခင်ဗျား မိသားစုပါ ပါဝင်လာလိမ့်မယ်၊ ကျွန်တော်ပြောတာ နားလည်ပါတယ်နော်"

"ကောင်းပါပြီ"

ယန်လီက အလျင်အမြန်ပဲ လက်ခံလိုက်သည်။

ရှောင်ဝမ့်နှင့် အစ်ကိုကျန်းတို့သည်လည်း ယန်လီ့အား ကျေးဇူးတင်စွာ ကြည့်လာကြသည်။

"ကောင်းပြီလေ ခင်ဗျားတို့ သွားလို့ရပြီ"

ချန်းဖန်၏ စကားဆုံးသည်နှင့် အားရှို့မှတစ်ပါး ကျန်လူများအားလုံး အလျင်အမြန် ထွက်ခွာသွား ကြတော့သည်။

"ဆရာချန်း သူတို့ကို ဒီတိုင်းပဲ လွှတ်ပေးလိုက်မှာလား"

ရှုအောင်းက မယုံနိုင်စွာ ဝင်မေးလာသည်။

"သူတို့ကြောင့်နဲ့ ကျွန်တော့်အချိန်တွေကို ဖြုန်းဖို့က .. မတန်ဘူး"

ချန်းဖန်က ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။

အကယ်၍ အားရှို့နေရာတွင် ရှောင်ချုံးသာ ဆိုပါက ချန်းဖန်သည် ထိုလူများ အားလုံးအား တစ်ယောက်မှ အသက်ရှင်ခွင့် ပေးလိမ့်မည် မဟုတ်ပေ။

ယန်လီတို့ ပြဿနာ ပြီးဆုံးသွားတော့ ချန်းဖန်လည်း သူ့အရှေ့တွင် ဒူးထောက်နေဆဲ ဖြစ်သော ဆရာဝူအား ကြည့်လိုက်သည်။

"ဆရာဝူ ခင်ဗျား ပြောနေတာတွေ အားလုံးက အမှန်တွေပါလို့ ကျွန်တော်က ဘယ်လိုလုပ် သိနိုင်ပါ့မလဲ"

"ဆရာချန်းရယ် ကျုပ် ပြောတဲ့အထဲမှာ အလိမ်အညာ တစ်ခွန်း ပါသွားခဲ့ရင်တောင် ကျုပ် ဒီက ပြန်သွားတာနဲ့ ဘတ်စ်ကား တိုက်ပြီး သေပါစေ ပြီးတော့ ကျွန်တော့်ဆရာနဲ့ ဆရာဘိုးဘိုးလည်း အသေဆိုးနဲ့ သေရပါစေ"

ဆရာဝူက ပက်ပက်စက်စက် ကျိန်ဆိုလိုက်သည်။ နားထောင်နေကြ‌သော ကျန်းပေ့တိုင်းမှ သူဌေးကြီးများ၏ မျက်နှာများပင်လျှင် ရှုံ့မဲ့သွားရသည်။

"ကျုပ်တို့ဂိုဏ်းရဲ့ ယင်‌နဂါးရေကန်က တကယ်ကို ယင်ကျောက်တုံးတွေ အများကြီး ထုတ်ပေးနိုင်တာပါ ဒါပေမဲ့ ယင်ဝိညာဉ်ချီတွေက ပြင်းထန်လွန်းလို့ ကျုပ်တို့ဂိုဏ်းရဲ့ မိစ္ဆာထိန်းချုပ်ခြင်း ပညာအတွက် မဟုတ်ရင် ဘယ်နေရာမှာမှ အသုံးမဝင်ဘူး"

"ကောင်းပြီ ဒီ အဖိုးတန်တဲ့ သတင်းအပိုင်းအစလေးကြောင့် ခင်ဗျားကို လွှတ်ပေးလိုက်မယ် "

ချန်းဖန်သည် လက်ချောင်း‌များ အကြား၌ ကစားနေခဲ့သော မီးခိုးရောင် ပုံဆောင်ခဲလေးအား ကြည့်ကာ ပြုံးလိုက်သည်။

"နှင်းတောင် အစီအရင်ကို မြန်မြန် အဆုံးသတ်နိုင်ပါ့မလားလို့ စိုးရိမ်နေခဲ့တာ.. ကြည့်ရတာ အခုတော့ အသုံးဝင်တာတစ်ခု တွေ့ပြီ ထင်ပါရဲ့ ။ ချူကျိုးမြို့ကနေ ခဏလောက်တော့ ခွာမှရမယ်"

ချန်းဖန်သည် တစ်လက်လက် တောက်ပနေသော မျက်လုံးများနှင့် အဝေးတစ်နေရာသို့ ကြည့်နေခဲ့သည်။

***

All Chapters