#မင်းတို့လည်ချောင်းကွဲမတတ်အော်နေရင်တောင် ဘယ်သူမှ မင်းတို့ကိုမကယ်တင်နိုင်ဘူး#
Vol. 79 Ch. 1114
လျိုကျိယုရောက်လာခြင်းက ယဲ့ချိုးပိုင်နှင့် ကျန်သောသူများအား နှလုံးသားအောက်ခြေထိပင် ပျော်သွားစေသည်။
ဒီပျော်ရွှင်မှုကို သူတို့မျက်နှာပေါ်တွင်ပင် ထုတ်ဖော်ပြသခဲ့သည်။
သူတို့ပြုံးနေတာကိုမြင်ရသောအခါ အတော်လေးကျေနပ်သွားသဖြင့် လျိုကျိယု သူ့ကိုယ်သူခေါင်းညိတ်ပြလိုက်၏။
သူဒီကလေးတွေကို အလကားတော့ ကူညီခဲ့ခြင်းမဟုတ်။ သူတို့သူ့ကို ဘယ်လိုကျေးဇူးတင်ရမလဲဆိုတာ သိနေဆဲပင်။
မုဖူရှန်းရှေ့တိုးလိုက်သည်။
"လက်ဝှေ့အိတ်.... အာ၊ မဟုတ်ဘူး၊ ဦးလေးလျို၊ ဘာလို့ဒီမှာရှိနေရတာလဲ"
လက်ဝှေ့အိတ်!
....
လျိုကျိယုကြက်သေသေသွားပြီး နားကြားမှားသွားသလားဟုပင် တွေးမိသွားသည်။
လျိုကျိယုကို ဒီစကားလုံးများအား ကျော်လွှားစေရန်အတွက် မုဖူရှန်း အလျင်အမြန် အကြောင်းအရာကို ပြောင်းပစ်သည်။
"ဦးလေးလျို၊ ဒီထဲဘယ်လို၀င်လာတာလဲ၊ ယုတ္တိတန်တန်ပြောရရင် ကြီးကြပ်ရေးဗိမာန်က အပြင်မှာ စစ်ဆေးရေးအမှတ်တွေ အများကြီးထားသင့်တာမလား"
တကယ်တမ်းတွင်လည်း လျိုကျိယု အလျင်အမြန်ဆွဲဆောင်ခံလိုက်ရပြီး ဂုဏ်ယူ၀င့်ကြားစွာ ပြောသည်။
"မင်းဦးလေးလျိုရဲ့ အလုပ်အကိုင်ကို မင်းမေ့သွားပြီလား"
မုဖူရှန်းပြုံးသည်။
"အမှောင်ပိုင်နက်ရဲ့ ကြယ်ငါးပွင့်ကွပ်မျက်သူဆိုတဲ့အတိုင်းပါပဲ၊ ဦးလေးက နတ်သခင်တစ်ယောက်ရဲ့ ရှာဖွေမှုကိုတောင် ရှောင်ရှားနိုင်တယ်"
လျိုကျိယု၏အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ သူ့ကိုယ်ပိုင်လက္ခဏာကို သူမထုတ်ဖော်ရသည့် အကြောင်းရင်းက ဒီနေရာ၌ ရင်းနှီးမနေသည့် မျက်နှာတစ်ခု ရှိနေသောကြောင့်ပင်။
ဒါကိုမြင်သော် မုဖူရှန်းပြုံးသည်။
"မစိုးရိမ်ပါနဲ့၊ ဦးလေးလျို၊ သူတို့ ကောင်းကင်ဘုံတာအို ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီမို့ ဘယ်သူ့ကိုမှ ပြောမှာမဟုတ်ပါဘူး"
ကျန်းချင်းလန်နှာမှုတ်သည်။
စုန့်ရှောင်ကလည်း အမူအရာမကောင်းပေ။
သူတို့ယခုလေးတင်ဖြစ်ပျက်နေခဲ့တာကို တွေးနေသေးသည်မှာ ရှင်းနေသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့ ကောင်းကင်ဘုံတာအိုကျမ်းသစ္စာကျိန်ဆိုသည့် အဆင့်ကိုရောက်ခဲ့သည့်တိုင် အဆုံးတွင် မုဖူရှန်း သူတို့ကိုမယုံသေးပါ။
တစ်ဘက်လူ၏ခြေထောက်အောက်တွင် ရပ်နေရတာက ပုံမှန်ဆိုတာ သူတို့သိသော်လည်း မည်သူမှ ဒီအခြေအနေရပ်အပေါ် ပျော်မည်မဟုတ်။
လျိုကျိယု၏အမူအရာက ပြေလျော့သွားသည်။
"ဒီနေရာကို လာရတဲ့ငါ့ပန်းတိုင်က ရိုးရှင်းပါတယ်၊ နတ်သခင်အဆင့်ဂိုဏ်းခုနှစ်ဂိုဏ်းရဲ့ ပန်းတိုင်နဲ့ အတူတူပါပဲ" လျိုကျိယု၏ အနူအရာက အနည်းငယ်လေးနက်သွားပြီး အသံတိုးကာ ပြောသည်။
"ကြီးကြပ်ရေးဗိမာန်ရဲ့ ဒီစစ်ဆင်ရေးက သေမျိုးနယ်မြေတစ်ခုလုံးအပေါ် ကြီးမားတဲ့ သက်ရောက်မှုတစ်ခုရှိနိုင်တယ်၊ ဒီတော့ အမှောင်သခင် ငါ့ကို ကြီးကြပ်ရေးဗိမာန်ရဲ့ အခြေအနေကို စောင့်ကြည့်ဖို့အတွက် ဒီကို စေလွှတ်ခဲ့တာပဲ"
ဒီအချိန်မှာပင် စုန့်ရှောင်မေးသည်။
"သေမျိုးနယ်မြေကို ကြီးမားတဲ့ သက်ရောက်မှုတစ်ခုရှိတာလား၊ အမှောင်ပိုက်နက် တစ်ခုခုသိထားတာလား"
လျိုကျိယု သူ့ကိုစိတ်ရှုပ်ထွေးစွာ ကြည့်သည်။
စုန့်ရှောင် သူ့ကိုယ်သူမိတ်ဆက်သည်။
"ကျုပ်က ဟောင်တျန်းနတ်ဂိုဏ်းကပါ"
လျိုကျိသဘောပေါက်နားလည်သွားရသည်။ တစ်ချိန်တည်းမှာပင် သူစုန့်ရှောင်အပေါ် သတိလျှော့ချလိုက်သည်။
နတ်သခင်ဟောင်တျန်းက ယခုအချိန်တွင် စီနီယာလုဘက်မှာ ရှိနေတာကို သူသိပါသည်။
လျိုကျိယုခေါင်းခါယမ်းသည်။
"ငါတို့လည်း ဒီအကြောင်းကိုမသိဘူး၊ မဟုတ်ဘူးဆိုရင် သူတို့ငါ့ကို ဒီကို ပို့စရာတောင်မလိုဘူးလေ"
"ငါ့မှာ တာ၀န်နှစ်ခုပဲရှိတယ်၊ ပထမတစ်ခုက ကြီးကြပ်ရေးဗိမာန် ဘာလုပ်နေသလဲဆိုတာ သိရဖို့ပဲ"
"ဒုတိယတစ်ခုကတော့ ကြီးကြပ်ရေးဗိမာန်ရဲ့ လုပ်ဆောင်ချက်တွေက သေမျိုးနယ်မြေအတွက် မကောင်းဘူးဆိုရင် သူတို့ကို တိတ်တဆိတ် ဖျက်ဆီးပစ်ရမယ်"
မု၀မ်အာတခစ်ခစ်ရယ်မောသည်။
"ဦးလေးလျို၊ ကျွန်မတို့မှာ အခုနောက်ထပ်တာ၀န်တစ်ခုရှိနေသေးတယ်"
"ဘာလဲ" လျိုကျိယုဆွံအသွားသည်။
မု၀မ်အာပြုံးလိုက်၏။
"လက်ဝှေ့အိတ်.... အာ၊ မဟုတ်ဘူး၊ ကျွန်မတို့ကို ကာကွယ်ပေးပါ"
လျိုကျိယု၏မျက်နှာက လုံး၀ကို မည်းမှောင်သွားခဲ့သည်။
"မင်း 'လက်ဝှေ့အိတ်' ဆိုတဲ့စကားကို ပြောလိုက်တာလား" ဒီနေရာတွင် လျိုကျိယု မုဖူရှန်းကို ကြည့်လိုက်သည်။
"မင်းလည်းအဲလိုပြောခဲ့တာမလား"
မုဖူရှန်းခေါင်းလှည့်ကာ ပြန်မဖြေဘဲ လေချွန်နေသေးသည်။
လျိုကျိယုရူးသွပ်လုနီးပါးပင်။
စီနီယာလုကို ငါမတိုက်နိုင်တော့ သူငါ့ကို လက်ဝှေ့အိတ်လို့ ခေါ်တာက အဆင်ပြေပါသေးတယ်!
ဒါပေမယ့် ဒီကလေးအုပ်စုကလည်း ငါ့ကို လက်ဝှေ့အိတ်တစ်ခုလို ဆက်ဆံကြတာလား၊ ငါကတကယ်ပဲ ကိရိယာတခုလား!
လျိုကျိယု ဒီကလေးအုပ်စုကို သင်ခန်းစာတစ်ခုသင်ပေးချင်သည်။ သို့သော် ပြန်စဉ်းစားပြီးနောက် သူမသင်ရန် ဆုံးဖြတ်လိုက်၏။
သူတို့ညည်းညူကြသောအခါ စီနီယာလုတွင် ကျင့်ကြံခြင်းနည်းစနစ်အသစ်တစ်ခု သို့မဟုတ် ဆေးလုံးအသစ်တစ်မျိုးကို စမ်းသပ်ရန်အတွက် သူ့ကိုရှာရန် နောက်ထပ် အကြောင်းပြချက်တစ်ခု ရှိလာပေလိမ့်မည်။
"ဒါပေမယ့် ထပ်ပြောရရင် မင်းတို့မှာ သတင်းအချက်အလက်တစ်ခုခုရှိလား"
လျိုကျိယု ကြီးကြပ်ရေးဗိမာန်ကို ရည်ညွှန်းနေခြင်းပင်။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ခေါင်းခါယမ်းကြသည်။
"သူတို့ကောင်းကောင်းပုန်းနေကြတယ်၊ ဘာခြေရာ၊ အရိပ်အယောင်မှ မဖော်ပြခဲ့ပါဘူး"
လျိုကျိယုခေါင်းညိတ်သည်။ ဒါကပုံမှန်သာ။
"ကောင်းပြီ၊ ငါသူတို့ခြေရာတွေကို သွားရှာမယ်၊ မင်းတို့တစ်ခုခုတွေ့တာနဲ့ ငါ့ကိုဆက်သွယ်ဖို့ သတိရပါ"
ထို့နောက် လျိုကျိယုလှည့်ကာ ထွက်သွားလေတော့သည်။
မု၀န်အာ လျိုကျိယု၏ကျောကို ကြည့်ရင်း အော်ဟစ်သည်။
"ကျွန်မတို့အန္တရာယ်ကျလာတာနဲ့ ဦးလေးလျိုကို ဆက်သွယ်ပါမယ်"
လျိုကျိယုရုတ်တရက် တုန်ယင်ကာ မြေပေါ်ကျလုမတတ်ပင် ဖြစ်သွားရသည်။
ဘယ်လိုအပြစ်ကြီးလဲ
.....
လျိုကျိယုထွက်သွားပြီးနောက် ယဲ့ချိုးပိုင်တို့ကလည်း နောက်ထပ်ဘာလုပ်သင့်သလဲဆိုတာ စတင်အတည်ပြုကြသည်။
ရှောင်ဟိုင်ပြောသည်။
"ကျွန်တော်စီနီယာဆီကနေ ဒီရှေးဟောင်းစစ်မြေပြင်ကို အပိုင်းလေးပိုင်းခွဲခြားထားတယ်လို့ ကြားခဲ့တယ်၊ အင်ပါယာလျန်၊ အဇူရာကောင်းကင်၊ ခွန်းလွန်နဲ့ ဘိုးဘေးအင်ပါယာတဲ့၊ ခွန်းလွန်အပျက်အစီးက ခွန်းလွန်အပိုင်းမှာရှိတယ်"
"ဒါပေမယ့် ငါတို့အခုဘယ်မှာဆိုတာတောင် မသိဘူး...." ယဲ့ချိုးပိုင်ခေါင်းခါယမ်းကာ ခါးသီးစွာပြုံးသည်။
ဒီရှေးဟောင်းစစ်မြေပြင်တွင် သူတို့မျက်မမြင်ပမာ ဖြစ်နေပြီဟု ဆို၍ရသည်။
မုဖူရှန်း ဆန်းကြယ်စွာပြုံးရင်း သိုလှောင်လက်စွပ်ထဲကနေ မြေပုံတစ်ခုကို ထုတ်ယူလိုက်၏။
"ဒါကို ကျွန်တော်အရင်ကတည်းက မျှော်လင့်ထားပြီးသားပါ၊ ဒါက ရှေးဟောင်းစစ်မြေပြင်ရဲ့ မြေပုံပဲ"
"နင်ဘယ်ကနေရလာတာလဲ" ဟုန်ရင် အနည်းငယ် အံ့ဩသင့်သွားသည်။
မုဖူရှန်းပြုံးသည်။
"စီနီယာ ကျွန်တော့်ကိုပေးခဲ့တာပါ"
တိတိကျကျဆိုပါက မုဖူရှန်းတောင်းဆိုခဲ့ခြင်းပင်။
"အခုကျွန်တော်တို့ အင်ပါယာလျန်အပိုင်းနဲ့ ခွန်းလွန်အပိုင်းတို့ရဲ့ လမ်းဆုံမှာရှိတယ်၊ ဒီလမ်းကြောင်းကနေ လျှောက်သွားသရွေ့ ခွန်းလွန်အပိုင်းကို ၀င်နိုင်တယ်" မုဖူရှန်း မြေပုံကို လက်ညိုးထိုးပြသည်။
"ခွန်းလွန်အပျက်အစီးရဲ့ ခန့်မှန်းတည်နေရာက ခွန်းလွန်အပိုင်းအရှေ့ပိုင်း၊ ဘိုးဘေးအင်ပါယာအပိုင်း ဆုံမှတ်နေရာမှု ရှိရမယ်"
ဒီနေရာတွင် မုဖူရှန်းရှောင်ဟိုင်ကို ကြည့်လိုက်သည်။
"စီနီယာအစ်ကိုရှောင်ဟိုင်၊ အဲဒီသတင်းစကားကို မှတ်မိသေးလား"
ရှောင်ဟိုင်ခေါင်းညိတ်သည်။
"နေနဲ့လတို့က အပြန်အလန်သက်ရောက်နေကြတယ်၊ လင်းထိန်တဲ့လနှစ်စင်းက ခွန်းလွန်အပျက်အစီးမှာ ပေါ်လာတယ်"
"မှန်တယ်" မုဖူရှန်းအသံတိုးတိုးနှင့်ပြောသည်။
"စီနီယာပြောစကားအရဆိုရင် ခွန်းလွန်အပျက်အစီးပေါ်လာတဲ့နည်းလမ်းက အတော်လေးကြမ်းတမ်းပေမယ့် သူအရိပ်အမြွက်တစ်ခုလည်း ပေးခဲ့တာပဲ"
"ခွန်းလွန်အပိုင်းမှာ လနတ်ကျောက်တောင်နှစ်တောင်ရှိတယ်"
"ဒီလနတ်ကျောက်တောင်က လင်းထိန်တဲ့ လနှစ်စင်းအခြေအနေအတွက် သော့ချက်ဖြစ်လောက်တယ်"
ရှောင်ဟိုင်ခေါင်းညိတ်ရင်း မုဖူရှန်းညွှန်ပြသည့် နေရာနှစ်နေရာကို ကြည့်လိုက်၏။
"အခုသွားကြမလား"
ယဲ့ချိုးပိုင်ပြုံးသည်။
"ငါတို့ဒီအတွက် လာခဲ့ကြတာပဲလေ၊ ဆက်သွားကြတာပေါ့"
ဟုန်ပြုံးလည်းပြုံးသည်။
"ဒါ့အပြင် တခြားဘယ်သွားရမှန်းလည်း မသိဘူးလေ"
သို့သော် မုဖူရှန်းပြောသည်။
"ဒါပေမယ့် ဒီမတိုင်ခင် ပြဿာနာတစ်ခု အရင်ဖြေရှင်းသင့်တယ်"
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ အနည်းငယ်ကြက်သေသေသွားကြ၏။
မုဖူရှန်းပြုံးသည်။
"အခုသူတို့နှစ်ယောက်တည်းပဲရှိတယ်..."
...
ခွန်းလွန်အပိုင်းထဲတွင် ပိုင်ကောင်းကျွင်းနှင့် ရှန်းချောင်ယွမ်တို့ အလျင်အမြန်လျှောက်ရင်း စကားစမြည်ပြောနေကြသည်။
"ကြည့်ရတာ စုန့်စီနဲ့ကျန်တဲ့သူတွေက ဒီလောက်မြန်မြန်မတိုက်ခိုက်လောက်ဘူး" ပိုင်ကောင်းကျွင်း နက်မှောင်သည့် အမူအရာဖြင့်ပြောသည်။
ရှန်းချောင်ယွမ်ခေါင်းညိတ်သည်။
"ဖန်းယန်နဲ့ ကျန်နှစ်ယောက်ရဲ့ အသံလွှင်သလင်းကျောက်စိမ်းတွေကလည်း ပြိုကွဲသွားပြီ၊ ဘာဖြစ်သွားမလဲဆိုတာ ငါတကယ်သိချင်မိတယ်"
"ကြည့်ရတာ ငါတို့ကိုယ့်ကိုကိုယ်ပဲ အားကိုးရတော့မယ့်ပုံပဲ"
"အရင်နတ်ဆိုးသခင်ကို ကိုင်တွယ်ဖို့လိုတယ်၊ နတ်သခင်နဲ့ ကျန်တဲ့သူတွေက သေမင်းအမိန့်ပေးထားတယ်"
"ပြီးတော့ ငါတို့သူ့ကို အသက်ရှင်လျက်ဖမ်းရမယ်...."
ဒီအခိုက်အတန့်မှာပင် သူတို့ဘေးက အသံတစ်သံထွက်လာသည်။
"ဘယ်သူ့ကိုအသက်ရှင်လျက် ဖမ်းချင်တာလဲ"
စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ပိုင်ကောင်းကျွင်းနှင့် ရှန်းချောင်ယွမ်တို့ ဘယ်သူလဲဆိုတာကို မတွေးတောနိုင်ခင်မှာပင် ဒီနေရာကို အတားအဆီးကြီးတစ်ခု လွှမ်းခြုံသွား၏။
သူတို့နှစ်ယောက်ရှေ့တွင် လူတစ်ယောက် အပြုံးနှင့်အတူ ပေါ်လာခဲ့သည်။
လျှပ်စီးကို သူ့လက်နှင့်ထိန်းချုပ်နေတာက မိုးကြိုးနတ်ဘုရားဆင်းသက်လာသည့်အလားပင်။
ပိုင်ကောင်းကျွင်းအံကြိတ်သည်။
"မင်းဘာလို့ဒီမှာရှိနေရတာလဲ"
ရှန်းချောင်ယွမ် လှံကို ထုတ်ယူလိုက်၏။
မုဖူရှန်းပြုံးသည်။
"မင်းတို့ကိုသတ်ဖို့အတွက် ငါရှိနေတာပေါ့၊ ဒါပေမယ့် မင်းတို့ကိုမသတ်ခင် ငါ့မေးခွန်းကို ဖြေစေချင်သေးတယ်"
"အိုး၊ ဟုတ်သားပဲ၊ ဒီအတားအဆီးရဲ့ လုပ်ဆောင်ပုံကို မင်းတို့ကို ငါပြောပြသင့်တာပေါ့"
"မင်းတို့ရဲ့ သတင်းအချက်အလက်တွေနဲ့ အချက်ပြလက္ခဏာတွေအားလုံးကို အတားအဆီးကို ကျော်ဖြတ်ပြီး ဒီနေရာကနေ ထုတ်လွှတ်နိုင်မှာမဟုတ်ဘူး"
"တစ်နည်းပြောရရင်....." မုဖူရှန်းပြုံးသည်။
"မင်းတို့အဆုတ်ကွဲမတတ်အော်မယ်ဆိုရင်တောင် ဘယ်သူမှ မင်းတို့ကို လာကယ်တင်မှာမဟုတ်ဘူး"
အပိုင်း(1115) coming။