← Chapters

နှစ်ပေါင်းငါးရာ ကြာပြီးနောက် အကြည့်လေးတစ်ချက်

Vol. 1 Ch. 60

နှစ်ပေါင်းငါးရာ ကြာပြီးနောက် အကြည့်လေးတစ်ချက်

Vol. 1 Ch. 60

များပြားလှစွာသော ရတနာပစ္စည်းများ အနက်တွင်တွင်မှ ယင်ကျောက်တုံးများသည် နှင်းတောင် အစီအရင်အတွက် လိုအပ်သော ရေအောက် ကျောက်တုံးများနှင့် နှစ်ချို့ ထင်းရှူးသားများ နေရာတွင် အစားထိုးရန် အသင့်တော်ဆုံး ဖြစ်သည်။ ယင်ကျောက်တုံးများနှင့်သာ ဆိုလျှင် ချန်းဖန်သည် နှင်းတောင် အစီအရင်အား အမြန်ဆုံး အပြီးသတ်ပြီး ချီသန့်စင်မှု အခြေခံအဆင့်၏ အလယ်ဆင့်မှသည် ချီသန့်စင်မှု အလယ်အလတ်အဆင့်သို့ ခုန်ပျံ ရောက်ရှိသွားနိုင်ပြီ ဖြစ်သည်။

ချီသန့်စင်မှု အလယ်အလတ် အဆင့်သည် ရှန်းရှလမ်းစဉ်နှင့် ပတ်သက်သည့် ဉာဏ်အလင်းများ စတင် အလင်းပွင့်သည့် အဆင့်ဖြစ်သည်။

ချန်းဖန်သာ ချီသန့်စင်ခြင်း အလယ်အလတ် အဆင့်သို့ ရောက်ရှိသွားပါက ကမ္ဘာပေါ်ရှိ မည်သည့် အထွတ်အထိပ်အဆင့် ပညာရှင်ကိုမဆို အလွယ်တကူ အနိုင်ယူနိုင်တော့မှာ ဖြစ်သည်။ သူချစ်သော လူများအား ကာကွယ်ပေးနိုင်ရန် လုံလောက်အောင် သန်မာဖို့ ကြိုးစားရပေမည်။

"ခင်ဗျားရဲ့ဂိုဏ်းက ကျုံးကျိုးနယ်က တုန်းတူမြို့မှာနော်"

ချန်းဖန်က ဆရာဝူအား မေးလိုက်သည်။

"ဟုတ်ပါတယ် ဟုတ်ပါတယ်"

ဆရာဝူက အားတက်သရော ပြန်ဖြေသည်။

ချန်းဖန်လည်း ခေါင်းညိတ်ရင်း တွေးလိုက်သည်။ အချိန်က သိပ်မရှိပေ။ ချူကျိုးမြို့ရှိ ကိစ္စတချို့အား အပြီးသတ်ပြီး ကျုံးကျိုးသို့ ထွက်ခွာရပေမည်။

ချန်းဖန် မတ်တတ်ရပ် လိုက်သည်တွင် လူတိုင်းက ကြည့်လာကြ‌သော်လည်း ဘယ်တစ်ယောက်ကမှ ချန်းဖန် သွားမည့် နေရာအား မမေးရဲပေ။

ချန်းဖန် တံခါးပေါက်နားသို့ ရောက်သည့် အချိန်တွင်ပဲ မမလေးလု ဆိုသူ၏ ဆီးကြို နှုတ်ဆက်ခြင်း ခံလိုက်ရသည်။ မမလေးလု၏ နောက်တွင်‌တော့ ဗလတောင့်တောင့် သက်လတ်ပိုင်း အရွယ် လူကြီးတစ်ယောက် ရှိသည်။

"ကျွန်မက လုမိသားစုရဲ့ လုယန်ဝူပါ ဆရာချန်း တွေ့ရတာ ဝမ်းသာပါတယ်"

မမလေးလုသည် ရှေးခေတ်များက အမျိုးသ‌မီး မမလေးများကဲ့သို့ ယဉ်ကျေးစွာနှင့် သူမကိုယ်သူမ မိတ်ဆက်လာသည်။

သို့သော်လည်း ချန်းဖန်၏ အတွေးထဲ၌ ယင်ကျောက်တုံးများ အကြောင်းကိုသာ တွေးနေမိပြီး အခြားတစ်ယောက်နှင့် စကားစမြည် ပြောရင်း အချိန်ဖြုန်းလိုစိတ် မရှိပေ။ ချန်းဖန်က အသိအမှတ်ပြုရုံ ခေါင်းသာ ညိတ်ပြလိုက်ပြီး သူမကို ကျော်ကာ ဆက်လျှောက် သွားလိုက်သည်။

ချန်းဖန်၏ အေးစက်စက် ဆက်ဆံခြင်း ခံလိုက်ရသော လုယန်ဝူမှာ ကြောင်အစွာနှင့် မတ်တတ် ဆက်ရပ်နေမိပြီး အရှက်ရမှုနှင့် စိတ်ရှုပ်ထွေးမှုတို့က သူမမျက်နှာပေါ် နေရာယူထားသည်။ အခြားယောက်ျား တစ်ယောက်၏ ယခုကဲ့သို့ လျစ်လျူရှုခြင်းအား သူမအနေနှင့် ဘယ်တုန်းကမှ မခံဖူးခဲ့ပေ။

သူမ၏ ကျော်ကြားသော မိသားစု မျိုးရိုးကြောင့် အထက်တန်းလွှာမှ သခင်ကြီး၊ သခင်မကြီး များပင်လျှင် လျစ်လျူမရှုရဲကြ။

ထပ်ပြောရလျှင် သူမ၏ ဆွဲ‌ဆောင်မှုရှိသော အလှကြောင့် မိသားစုနောက်ခံ မရှိလျှင်ပင် လူငယ်လေးများ၏ အာရုံစိုက်မှုအား ရရှိရန် အရမ်းကို လွယ်လွန်းခဲ့တာ ဖြစ်သည်။

စတုတ္တဦးလေးက မမလေးလုအား ဖျောင်းဖျလိုက်သည်။

"မမလေး စိတ်ထဲ ထားမနေပါနဲ့ ဆရာချန်းက ဒီလောက်ငယ်တဲ့ အသက်အရွယ်မှာ မမှန်းဆ နိုင်လောက်အောင် အစွမ်းထက် နေပြီလေ သူနဲ့ ရင်းနှီးရဖို့က လွယ်မယ်မထင်ဘူး"

မမလေးလုလည်း အကျိုးသင့် အကြောင်းသင့် တွေးတော ကြည့်ပြီးနောက် သက်ပြင်းချ လိုက်မိသည်။

သူမသည် သိုင်းပညာ မိသားစုကြီး တစ်ခုမှ ဖြစ်သည့်အလျှောက် အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက်၏ လွှမ်းမိုး နိုင်စွမ်းအား အခြားလူများထက် ပိုသိပေသည်။

ယဲ့နန်ထျန်းသည်ကား အကောင်းဆုံး ဥပမာတစ်ခု ဖြစ်သည်။ သူသည် တရုတ်ပြည် မြောက်ပိုင်း တစ်ခုလုံးအား သူ၏ ဦးဆောင်မှု အောက်သို့ သိမ်းသွင်း ထားနိုင်ခဲ့သည်။ ပြောရလျှင် ချန်းဖန်၏ စွမ်းအားသည်လည်း ယဲ့နန်ထျန်းအောက် အများကြီး မလျော့လောက်ပေ။

လူအများစုက ကျည်ဆန်ကို ကာကွယ်ရန် ချန်းဖန် သုံးခဲ့သော အစီအရင်အား အထွတ်အထိပ်အဆင့် ပညာရှင်များ၏ သမာဓိလေးပါး ပညာရပ်နှင့် မှားယွင်းကာ ထင်နေကြောင်း ချန်းဖန်တစ်ယောက် မသိခဲ့ပေ။

ချူကျိုး၊ ယွင်ဝူတောင်.. ။

ကျန်းချူယန်သည် ချန်းဖန် မတ်တတ် ရပ်နေသော တောင်ကမ်းပါးသို့ ‌လျှောက်လာသည်။ ချန်းဖန်က လက်နှစ်ဖက်ကို ကျောနောက်တွင် ချိတ်လျက် ရပ်နေပြီး အဝေးတစ်နေရာမှ မြူနှင်းများနှင့် တိမ်များအား ငေးနေဟန် ရသည်။

ကျန်းချူယန်က ခဏမျှ တုံ့ဆိုင်း‌နေပြီးမှ မေးလိုက်သည်။

"ငါ့ကို တွေ့ချင်တာ ဘာကိစ္စ ရှိလို့လဲ"

"ငါ ချူကျိုးမြို့ကနေ ခဏလောက် ထွက်သွားရမယ် အန်တီထန့်ကို ကိုယ်တိုင် ဖုန်းဆက်ပြောရင် အန်တီက စိတ်ပူပြီး တားမှာစိုးလို့ မင်းကတစ်ဆင့် စကားတချို့ မှာခဲ့ချင်တာပါ"

ချန်းဖန်က ပြောသည်။

"နင်က.. ထွက်သွားမယ်"

ကျန်းချူယန်က အံ့ဩသွားသည်။ သူမ အလျင်အမြန်ပဲ မေးလိုက်သည်။

"ဘယ်ကိုလဲ ဘယ်လောက်ကြာမှာလဲ"

"ကျုံးကျိုးနယ်က တုန်းတူမြို့ကို၊ လေးလလောက် ကြာမယ်"

ချန်းဖန်က ပြောသည်။

ကျန်းချူယန်သည် မီးစသေးသေးလေး တစ်ခု သူမ၏ ရင်ဘတ်အတွင်း လောင်မြိုက်နေသကဲ့သို့ ခံစားနေရသည်။ သူမက အံကြိတ်ရင်း မဝံ့မရဲ ပြောလိုက်သည်။

"တုန်းတူမြို့ကို ဘာသွားလုပ်မှာလဲ ဒါဆို.. နင်က နှစ်သစ်ကူးရက် မတိုင်ခင်အထိ ပြန်မလာဘူးပေါ့"

ထို့နောက် ကျန်းချူယန်၏ အသံက ချက်ချင်း ထက်ရှသွားပြန်သည်။

"နင့်အမေက စာလေ့လာဖို့ ဒီကို ပို့လိုက်တာလေ နင်လုပ်နေတာတွေကိုလည်း ပြန်ကြည့်ဦး ဘားမှာ အလုပ်လုပ်တယ် နှစ်ကုန်ရက်မှာ ခရီးထွက်ဖို့ လုပ်နေပြန်ပြီ လေးလလောက်က ကြာဦးမယ် ဘယ်မှာလဲ နင့်ရဲ့ စာလုပ်ချိန်"

ကျန်းချူယန်က အလွန်ဒေါသ ထွက်နေပုံရသည်။

"ဖေးဖေးအတွက် နင်စာကြိုးစားရမယ်လေ တက္ကသိုလ် ကောင်းကောင်း တစ်ခုတောင်မှ မတက်နိုင်ရင် ဖေးဖေးကို ဘယ်လိုလုပ် ထောက်ပံ့ပေးနိုင်တော့မှာလဲ နင့်ဘဝ တစ်လျှောက်လုံး မမလေးဝေ့ အပေါ်မှာပဲ မှီခိုနေလို့ မရဘူးလေ "

ကျန်းချူယန်၏ မျက်နှာက တစ်ဖန် ပြန်လည် ပျော့ပျောင်း သွားပြန်သည်။ သူမက နူးညံ့လှသော အသံလေးနှင့် နားချသလို ပြောလာသည်။

"မသွားပါနဲ့ ချန်းဖန်ရယ် နော် မရူးမိုက်စမ်းပါနဲ့"

ချန်းဖန်က အသာ ခေါင်းယမ်းသည်။

"သွားရမယ် ငါ့မှာလည်း ငါ့အကြောင်းပြချက်နဲ့ငါ ရှိတယ်"

ထို့နောက် ချန်းဖန်သည် သော့တစ်ချောင်းအား ကျန်းချူယန်ဆီ ကမ်းပေးလိုက်သည်။

"ဒါက ‌တောင်ထိပ်က စံအိမ်ရဲ့သော့ .. အန်တီထန်က အမြဲလိုလို ယွင်ဝူတောင်ပေါ်က စံအိမ်တစ်ခုမှာ နေခွင့်ရဖို့ စိတ်ကူးနေခဲ့တာလေ၊ ငါသွားနေတဲ့ အချိန်အတွင်း ဒီအိမ်က သူမအပိုင်ပဲ၊ ယွင်ဝူတောင်ပေါ်က စံအိမ်မှာ နေခွင့်ရအောင် လုပ်ပေးမယ်လို့ အန်တီထန့်ကို အရင်တုန်းက ပြောခဲ့ဖူးတယ်၊ ဒါက ငါပြောခဲ့တဲ့ အဲဒီ စကားအတွက်ပဲ"

ပြောပြီးသည်နှင့် ချန်းဖန်က လှည့်ထွက် သွားတော့သည်။

"ချန်းဖန် ပြန်လာခဲ့ နင်"

ကျန်းချူယန်က အော်လိုက်သော်လည်း ချန်းဖန်သည် သူမအား လုံးလုံးလျားလျားပင် လျစ်လျစ်ရှု သွားသည်ကို ကြည့်ရင်း ဒေါသများ အလိပ်လိုက် ထွက်လာတော့သည်။

သူမသည် လက်ထဲရှိ သော့အား ကြည့်ကာ ကျိန်ဆဲလိုက်သည်။

"ငါ့ကိုများ အရူးလုပ်ချင်သေးတယ်ပေါ့"

သို့သော်လည်း လက်ထဲတွင် သော့အား ကိုင်ထားရင်း သူမ အနည်းငယ် တုံ့ဆိုင်းနေမိသည်။ ချန်းဖန် လိမ်နေသည်ကို အသေအချာ သိသော်လည်း သူမ၏ မသိစိတ်က တောင်ထိပ်ရှိ စံအိမ်သို့ သွားကာ စမ်းသပ်ကြည့်ရန် တိုက်တွန်းနေခဲ့သည်။

"တောင်ထိပ်ကို တစ်ခေါက်လောက်သွားပြီး စမ်းသပ်ကြည့်သင့်လား"

အကြိမ်ကြိမ် အခါခါ စဉ်းစားပြီးသည့် နောက်တွင်တော့ ကျန်းချူယန် သက်ပြင်းချ လိုက်ကာ သူမလက်ထဲရှိ သော့အား တောင်အောက်သို့ လွှတ်ပစ်လိုက်တော့သည်။

ယွင်ဝူတောင်ပေါ်ရှိ စံအိမ်တစ်လုံးအား အလကား ရရလောက်အောင် သူမသည် နတ်သမီးပုံပြင်ထဲမှ မင်းသမီးလေးလည်း မဟုတ်ခဲ့ပါ။

ထိုအချိန်တွင် တောင်ထိပ်မှ ဆင်းလာခဲ့သော ချန်းဖန်သည်  တောင်ခြေ၌ ရပ်ထား‌သော အနက်ရောင် မာစီးဒီးစ် တစ်စီးထဲသို့ ဝင်လိုက်သည်။

ဆရာဝူသည် ကားအတွင်း၌ ကြိုတင် စောင့်နေခဲ့သည်။ ဆရာဝူက တလေးတစား မေးလာသည်။

"ဆရာချန်း ကျုပ်တို့ တုန်းတူမြို့ကို အခုပဲ သွားတော့မလား"

ချန်းဖန်သည် ကျန်းချူယန်နှင့် လာမတွေ့ခင် ကျန်းထန်ချိုးနှင့် ဝေ့ကျီချင်းတို့အား နှုတ်ဆက်ခဲ့ပြီး ဖြစ်သည်။ အဘိုးကြီး ကျန်းအားလည်း အိုင်ဗွီ အထက်တန်းကျောင်းသို့ သွားကာ သူ့အတွက် ခွင့်တိုင်ပေးရန် မှာခဲ့ပြီး ဖြစ်သည်။ အဘိုးကြီးကျန်းသည် အိုင်ဗွီ အထက်တန်းကျောင်း၏ ရှယ်ယာရှင်များထဲမှ တစ်ယောက်ဖြစ်ရာ ကျောင်းမှ ဆရာများ အနေနှင့် ချန်းဖန်အား ပြဿနာ ရှာကြတော့မည် မဟုတ်ပေ။

"မဟုတ်ဘူး တုန်းတူမြို့ကို မသွားခင် ဝင်စရာ တစ်နေရာ ရှိတယ်"

ချန်းဖန်၏ မျက်လုံးများက အနည်းငယ် ကြေကွဲနေဟန် ရှိပြီး တစ်စုံတစ်ရာကို တမ်းတမ်းတတ လွမ်းဆွတ်နေဟန်လည်း ရသည်။

***

အနက်ရောင် မာစီးဒီးစ်လေးက ကျင်းမြို့တော်ရှိ နိုင်ငံခြား ဘာသာ သင်တန်း တစ်ခုရှေ့သို့ ဆိုက်ရောက်လာသည်။

ချန်းဖန်သည် ကားအတွင်းမှ ထွက်လိုက်ပြီး သင်တန်းကျောင်း၏ ဝင်ပေါက်အနီးရှိ သစ်ပင် တစ်ပင်အောက်တွင် ရပ်ကာ သင်တန်းကျောင်း အတွင်းမှ ထွက်လာကြသော ကျောင်းသူ၊ ကျောင်းသားများအား ကြည့်လို့နေသည်။

ကျောင်းသား၊ ကျောင်းသူများ အားလုံးက ချန်းဖန်နှင့် ရွယ်တူလောက် ရှိကြပြီး လူငယ်ပီပီ တက်ကြွလှသော အမူအရာများနှင့် အချင်းချင်း စနောက်ကာဖြင့် လမ်းလျှောက် လာနေကြသည်။

ခဏမျှ ကြာပြီးနောက် လွန်စွာ ကျက်သရေရှိ၍ ကြော့ရှင်း ရည်မွန်လှသော မိန်းမငယ်လေး တစ်ယောက်သည် ဝင်ပေါက်သို့ လျှောက်လှမ်း လာလေသည်။ သူမကား ဆယ်ခြောက်နှစ်ခန့်သာ ရှိသေးသော်လည်း သူမ၏ အလှမှာမူ အစွမ်းကုန် ဖူးပွင့်တော့မည့် ပန်းပွင့်လေး တစ်ပွင့်ကဲ့သို့ ဖူးအာလျက်ရှိသည်။

ထိုမိန်းကလေး၏ နံဘေး၌ ချောမောသော ကောင်လေးများနှင့် ကောင်မလေးများက ပျားဘုရင်မအား ဝန်းရံနေသော ပျားလုပ်သားများကဲ့သို့ တစ်စုတစ်ရုံး ရှိနေကြသည်။

သူမသည် သစ်ပင်အောက်၌ ရပ်လျက်ရှိသော လူငယ်လေးအား သတိမထားမိပေ။ သူမ၏ အတန်းဖော်များကိုသာ နှုတ်ဆက်လို့ နေသည်။

ထိုစဉ်မှာပဲ ဇိမ်ခံကားတစ်စီးက သင်တန်းကျောင်း ဂိတ်ဝ၌ ရပ်တန့်လာပြီး ချန်းဖန်၏ အိပ်မက်ဆိုးများ၌ပင် တက်တူး ထိုးထားသကဲ့သို့ စွဲမြဲ မှတ်မိနေခဲ့သော လူငယ်တစ်ယောက်က ကားအတွင်းမှ ထွက်ပေါ်လာသည်။

ထိုလူငယ်က သူ့ကားနှင့်အတူ လိုက်ခဲ့ရန် မိန်းကလေးအား ဖိတ်ခေါ်နေဟန် ရသော်လည်း မိန်းကလေးက ကျက်သရေရှိသော အပြုံးလေး တစ်ခုနှင့်သာ ငြင်းဆိုလိုက်သည်။

ထိုလူငယ်နှင့် မိန်းကလေးတို့မှာ စကားအချို့ ရပ်ကာ ပြောပြီးနောက် အသီးသီး လမ်းခွဲသွားကြသည်။ လူငယ်က မိန်းကလေး၏ ငြင်းဆိုမှုအား နည်းနည်းလေးမှ စိတ်ထဲထားပုံ မရပေ။ အခြားသော မိန်းကလေးများ၏ အရူးအမူး စွဲလမ်းနေသော အကြည့်များ အောက်တွင်ပင် ကားအတွင်းသို့ ပြန်ဝင်ကာ ထွက်ခွာသွား‌တော့သည်။

ချန်းဖန်သည် အခြား မည်သူ့ကိုမှ အာရုံစိုက်ခြင်း အလျှင်းမရှိဘဲ မိန်းမငယ်လေး ထွက်ခွာသွားရာ ဘက်သို့သာ နင့်နင့်နဲနဲ ငေးကြည့်လို့နေသည်။

ထိုမိန်းကလေး ကျောင်းအတွင်းမှ ထွက်လာပုံလေး၊ သူငယ်ချင်းများအား လက်ဝှေ့ယမ်း နှုတ်ဆက် နေပုံလေး၊ ကားပေါ်မှ ဆင်းလာသော လူငယ်အား အပြုံးလေး တစ်ခုနှင့် ငြင်းလိုက်ပုံလေးတွေ အားလုံးအား သူက တစ်ခုချင်း လိုက်လံ မှတ်သားနေမိသည်။

ချန်းဖန်သည် မြင်ကွင်းထဲမှ ထိုမိန်းကလေး ပျောက်ကွက် သွားသည်အထိ တိတ်ဆိတ်စွာသာ ငေး၍ ကြည့်နေသည်။

"ဆရာချန်း .. ကျုပ် အဲဒီမိန်းကလေးကို ဖမ်းပေးရမလား"

ချန်းဖန်၏ အမူအရာ တစ်ခုချင်းစီအား မြင်နေရသော ဆရာဝူက မဝံ့မရဲ မေးလိုက်သည်။

ရုတ်တရက် ချန်းဖန်၏ စူးရဲလှသော အကြည့်က သူ့ထံသို့ ရောက်ရှိလာသဖြင့် ဆရာဝူမှာ ခေါင်းအစ ခြေအဆုံး တုန်ယင် သွားရသည်။

"မလိုဘူး"

ချန်းဖန်က အေးစက်စွာ ပြောသည်။ တစ်စုံတစ်ယောက်က သူမအား ဖမ်းဆီးရန် စိတ်ဖြင့် ကြံစည်ခြင်းကိုပင် သူက မနှစ်မြို့နိုင်ပါ။

'ကျွန်တော်က သူ့မျက်နှာလေးကို တွေ့ချင်ရုံပါ'

လည်ချောင်းထဲအထိ လှိုက်တက်လာသော စကားတို့အား ပြန်မျိုချလိုက်ရင်း ချန်းဖန်က ကားရပ်ထားရာသို့ ပြန်လည် ထွက်ခွာလာခဲ့သည်။

"သွားရအောင်"

'ကိုယ် နှစ်ငါးရာလုံးလုံး စောင့်ခဲ့ပြီးမှတော့ နည်းနည်းလောက် ထပ်စောင့်ရတာက ပြဿနာ မရှိပါဘူး နောက်တစ်ခေါက် ကိုယ်တို့ ပြန်တွေ့ကြတဲ့အခါ မင်းကို အဆုံးအထိ ကာကွယ် ပေးနိုင်လောက်အောင် သန်မာလာတော့မှာပါ ကိုယ့်ကိုစောင့်နေ'

ချန်းဖန်သည် နှစ်ပေါင်း ငါးရာကျော် ကြာပြီးသည့်နောက် သူမလေးအား နောက်တစ်ကြိမ် ပြန်မြင်ခွင့်ရခဲ့သည်။ အရာအားလုံး ပြောင်းလဲ သွားလျှင်တောင် သူမြတ်နိုးရသော ထိုမိန်းကလေး၏ အပြုံးလေးကား ယခင်ကကဲ့သို့ မပြောင်းမလဲ လှပ‌နေဆဲ‌ပင်။

***

All Chapters