← Chapters

အနောက်ဘက် အရပ်သို့

Vol. 1 Ch. 61

အနောက်ဘက် အရပ်သို့

Vol. 1 Ch. 61

ကျုံးကျိုးနယ်သို့ သွားသည့် လမ်းတစ်လျှောက်တွင် ဟိုင်းဝေး ဘတ်စ်ကား တစ်စီး မောင်းနှင်နေသည်။ ကားပေါ်၌ အမျိုးသား နှစ်ဦးနှင့် မိန်းကလေး တစ်ယောက်တို့ စကားစမြည် ပြောလျက် ရှိကြသည်။

အမျိုးသား နှစ်ယောက်အနက် တစ်ယောက်မှာ ဖျတ်လတ် တက်ကြွသော အသွင်အပြင်နှင့် အဘိုးကြီး တစ်ယောက် ဖြစ်ပြီး ကျန်တစ်ယောက်မှာ စူးရှသော မျက်လုံးတစ်စုံ ရှိသည့် အလွန် ချောမောသော ကောင်လေး တစ်ယောက်တို့ ဖြစ်ကြသည်။ ထိုနှစ်ယောက်၏ ဘေးတွင်တော့ ငယ်ရွယ်သော မိန်းကလေး တစ်ယောက်လည်း ရှိနေသည်။

ထိုလူများကား အခြားမဟုတ်။ ချန်းဖန်နှင့် သူ၏ နောက်လိုက် နောက်ပါများ ဖြစ်ကြသည်။

ကျိုးထျန်ဟောက်သည် ချန်းဖန်အား လိုက်ပို့ပေးခွင့် ရရန် တောင်းဆိုခဲ့သော်လည်း ချန်းဖန်က ငြင်းပယ်ခဲ့သည်။ ချန်းဖန်သည် အလျင်လိုနေခြင်း မဟုတ်သောကြောင့် ရှုခင်းများအား ခံစားရင်း ဘတ်စ်ကားဖြင့် သွားရန်သာ ရွေးချယ်ခဲ့သည်။ ဘတ်စ်ကားကား နှေးကွေးစွာသာ မောင်းနှင်လာရာ သုံးရက်ရှိပြီ ဖြစ်သော်လည်း ကျုံးကျိုးနယ်၏ နယ်နိမိတ်စည်း အစပ်သို့ ကျော်သည်ဆိုရုံသာ ရှိသေးသည်။

ချန်းဖန်တို့ နှင့်အတူ လိုက်ပါလာသော မိန်းကလေးမှာ အားရှို့ဖြစ်သည်။ ချန်းဖန်သည် သူမအား ထွက်ခွာသွားရန် အကြိမ်ပေါင်းများစွာ ပြောသော်လည်း ထိုအချိန်တိုင်း သူမ၏ သနားစရာ ကောင်းသော မျက်လုံး ရွှဲလေးများက ငိုတော့မလို ဖြစ်သွားတတ်ပြီး ချန်းဖန်အနားတွင် တွယ်ကပ်နေဆဲ ဖြစ်သည်။

ဆရာဝူပင် အားရှို့အား သနားသွားပြီး ခရီးစဉ်သို့ လိုက်ပါခွင့်ပြုရန် ချန်းဖန်ထံ တောင်းဆို ပေးခဲ့သည်။ ချန်းဖန်က ဘာမှမပြောဘဲ ဆိတ်ဆိတ်သာ နေခဲ့သောကြောင့် ဆရာဝူက ချန်းဖန် လက်ခံသည်ဟု ယူဆခဲ့ခြင်းပင်။

သို့သော်လည်း မကြာမီ အချိန်အတွင်း၌ သူမသည် ဤခရီးစဉ်‌၌ အပိုလူ မဟုတ်ကြောင်း အားရှို့က သက်သေပြခဲ့သည်။

ရထားလက်မှတ်ဝယ်ခြင်း၊ ဟိုတယ် ဘွတ်ကင်လုပ်ခြင်း၊ လမ်းမသိသည့်အခါ မေးမြန်းခြင်း စသည့် အသေးအမွှား ကိစ္စအားလုံးအား ချန်းဖန်ပင် ခိုင်းစရာ မလိုဘဲ အားရှို့က တာဝန်ယူ လုပ်ကိုင်ပေးသည်။

ချန်းဖန်သည် ပြုံးနေသော ဆရာဝူအား  ကြည့်လိုက်သည်။

ဆရာဝူ၏ အမည်ရင်းမှာ ဝူရှန့်ဟယ် ဖြစ်သည်။

ချန်းဖန် သူ့အား ကြည့်နေသည်ကို မြင်ရသောအခါ ဆရာဝူ၏ ပြုံးလက်စ အပြုံးမှာ နေရာတွင်ပင် အေးခဲသွားရသည်။

"ဘာလို့ ကျုပ်ကို အဲ့လိုကြီး ကြည့်နေတာလဲ ကျုပ်သိသမျှ အားလုံး ပြောပြပြီးသွားပြီလေ"

"တကယ်လား"

ချန်းဖန်သည် အင်္ကျီအိတ် အတွင်းရှိ မီးခိုးရောင် ပုံဆောင်ခဲလေးအား ထုတ်ယူလိုက်သည်။

"ယင်နဂါးရေကန်မှာ တကယ်ပဲ ဘာတွေ ဖြစ်ပျက်‌နေတာလဲ ကျွန်တော့်ကို အရူးလုပ်ဖို့ မကြိုးစားပါနဲ့။ ယင်ကျောက်တုံးတွေရဲ့ အကြောင်းကို ခင်ဗျားသိတာထက် ကျွန်တော် ပိုသိတယ်"

ယင်ကျောက်တုံးများသည် ယင်ချီ သိပ်သည်းစွာ စုပြုံနေသော နေရာမျိုးတွင်သာ ဖြစ်ပေါ်လာလေ့ရှိသည်။

ထိုသို့သော နေရာမျိုးကား ယင်ချီဖြင့် အဓိက ကျင့်ကြံသော သက်ရှိများအတွက် ကောင်းကင်ဘုံသဖွယ် ဖြစ်သည်။ အလေးအမြတ်ထားရာ နယ်မြေ ဟူ၍ သတ်မှတ်လျှင်ပင် လွန်မည်မဟုတ်။ ကမ္ဘာပေါ်၌ ချီဓာတ်များက ခြောက်သွေ့နေကြပြီ ဖြစ်ရာ ထိုကဲ့သို့ နယ်မြေမျိုးသည် စိမ်းလန်းစိုပြည်သော အိုအေစစ်ကဲ့သို့ ဖြစ်နေပေလိမ့်မည်။

စကြဝဠာရှိ သက်ရှိတိုင်းသည် ဝိညာဉ်ချီ တစ်မျိုးတည်းဖြင့်သာ ကျင့်ကြံကြသည် မဟုတ်။ တချို့က စိတ်အစွဲဖြင့် ချီကျောက်တုံး၊ ယန်ချီ၊ ယင်ချီ၊ ယုတ်စွအဆုံး မကောင်းဆိုးဝါး ချီများနှင့် ကျင့်ကြံသူများပင် ရှိကြ၏။

အကယ်၍ ဆရာဝူတို့ ဂိုဏ်း၌ ထိုကဲ့သို့သော နယ်မြေမျိုး ရှိနေပါက ဆရာဝူ၏ ကျင့်ကြံဆင့်မှာ ယခုထက်မက မြင့်နေသင့်ပေသည်။

ဆရာဝူ၏ မျက်နှာပေါ်ရှိ အပြုံးမှာ အငွေ့ပျံသွားပြီး တုန်ယင်နေသော အသံနှင့် မေးလာသည်။

"ဆရာချန်း .. အဲဒီနေရာအကြောင်း သိထားပြီးတာလား"

"ဘာကို သိရမှာလဲ"

ချန်းဖန်၏ မျက်နှာက အပြောင်းအလဲမရှိ တည်ငြိမ်နေဆဲပင်။

နောက်ဆုံးတော့ လူအိုကြီးဝူသည် ချန်းဖန်အား ဆက်မလိမ်ရဲတော့ပေ။

"အဲဒီရေကန်က ကျုပ်တို့ ဂိုဏ်းမှာ တကယ်ကို ရှိပါတယ် ကျုပ်တို့ဂိုဏ်းရဲ့ နာမည်က ယင်မိစ္ဆာဂိုဏ်းပါ ကျုပ်တို့ ဂိုဏ်းရဲ့ တည်ထောင်သူက ဟန်မင်းဆက် ကတည်းက ရှိခဲ့တဲ့ သင်္ချိုင်း သူခိုးအဖွဲ့ရဲ့ ခေါင်းဆောင်ကြီးပေါ့.. ချင်မင်းဆက် အုပ်စိုးနေတဲ့ ခေတ်ရဲ့ တစ်နေ့မှာ ‌ခေါင်းဆောင်ကြီးက ထန်‌မင်းဆက်ခေတ်က ရှေးဟောင်း အုတ်ဂူကြီးတစ်ခုကို တူးဖော်ရင်းနဲ့ ရတနာတစ်ခု ရခဲ့တယ် အဲဒီရတနာက ရှေးဟောင်း ထန်မိသားစုရဲ့ လျှို့ဝှက် ကျင့်စဉ်တစ်ခုပဲ အဲ့ဒါနဲ့ ခေါင်းဆောင်ကြီးကလည်း စိတ်ဝင်စားသွားပြီး ကျင့်စဉ်ထဲမှာ ပြောထားတဲ့အတိုင်း သေချာ လေ့ကျင့်တော့တာပေါ့ နောက်ပိုင်း နှစ်နည်းနည်း ကြာတဲ့ နောက်မှာတော့ သူက ကိုယ်ပိုင် ဂိုဏ်းတစ်ခုကို တည်ထောင်နိုင်ခဲ့တယ်လေ"

"ကျုပ်က တည်ထောင်သူ ဘိုဘေးကြီးရဲ့ မျိုးဆက် သုံးခုမြောက် တပည့်ဆိုပါတော့ ကျုပ်မှာ ဂိုဏ်းတူ ညီအစ်ကို နှစ်‌ယောက် ရှိသေးတယ် ကျုပ်တို့ သုံးယောက်ရဲ့ အစွမ်းကတော့ အတူတူလောက်ပဲ ကျုပ်တို့ ဆရာကတော့ ကွယ်လွန်သွားတာ ကြာပါပြီ ဆရာ ကွယ်လွန် သွားကတည်းက ကျုပ်တို့ ညီအကို သုံးယောက်ကပဲ ဂိုဏ်းကို အုပ်ချုပ် လာခဲ့ကြတယ်"

"ယင်နဂါးရေကန်ကတော့ တည်ထောင်သူ ဘိုးဘေးကြီး ရှာတွေ့ခဲ့တာပါ ဘိုးဘေးကြီးက အဲဒီရေကန်ဟာ ယင်ချီတွေနဲ့ သိပ်သည်း ပြည့်နှက်နေပြီး ကျင့်ကြံခြင်း အတွက် အကျိုးရှိတယ်ဆိုတာ သိပြီးတဲ့နောက် အချိန်အကြာကြီး ရေကန်နားမှာ နေပြီး ကျင့်ကြံတော့တာပဲ .. အဲ ကပ်ဘေးကြီး ဖြစ်မလာခင် အထိပေါ့"

ဆရာဝူ၏ မျက်နှာသည် ပြောနေရင်းနှင့်ပင် ကြောက်ရွံမှုတို့ လွှမ်းခြုံလာသည်။

"ဘယ်လို ကပ်ဘေးမျိုးလဲဟင်"

အားရှို့သည် သိချင်စိတ်အား မထိန်းနိုင်တော့ဘဲ ဝင်မေးလိုက်မိသည်။

"ကျုပ်တို့ ဘိုးဘေးကြီး သတိမထား လိုက်မိတာက ရေကန်ထဲမှာ မကောင်းဆိုးဝါးကြီး တစ်ကောင် ရှိနေတယ် ဆိုတာပဲ"

ဆရာဝူသည် တုန်ယင်လာမှုအား ကြိုးစားထိန်းရင်း ဆက်ပြောသည်။

"အဲဒီ မကောင်းဆိုးဝါးကြီးက မြွေတစ်ပိုင်း ရေနဂါးတစ်ပိုင်းကြီး သူ့ရဲ့ ပါးစပ် အကြီးကြီးက ယင်ချီတွေနဲ့ အငြိုးအာဃာတက ဖြစ်ပေါ်လာတဲ့ ချီတွေကို မှုတ်ထုတ်ပြီး တိုက်ခိုက်နိုင်တယ် ဘိုးဘေးကြီးက အဲဒီ မကောင်းဆိုးဝါးကြီးနဲ့ အစွမ်းကုန် တိုက်ခိုက်ခဲ့ပါသေးတယ် နောက်ဆုံးတော့ ဒဏ်ရာ အပြင်းအထန်ရပြီး အသက်ဆုံးပါး သွားတော့တာပဲ"

"တစ်ခု ကံကောင်းသွားတာက မကောင်းဆိုးဝါးကြီးက ရေအောက်မှာပဲ နေပြီး အပေါ်ကို တက်လာချင်ပုံ မရဘူးလေ ဒါပေမဲ့ ကျုပ်တို့ ဆရာ မဆုံးခင်က ကျုပ်တို့ ညီအကို သုံးယောက်ကို ‌ရေကန်ဆီ အခြေအနေ စုံစမ်းဖို့ လွှတ်သေးတယ် အဲဒီတုန်းက ‌မကောင်းဆိုးဝါးကြီး ရေပေါ်တက်လာတဲ့ အချိန်နဲ့ တိုးပြီး ကျုပ်တို့ သုံးယောက်မှာ ပြန်တိုက်ခိုက်ဖို့ မပြောနဲ့ ယင်ကျောက်တုံး တချို့ကို ကမန်းကတန်းယူပြီး ထွက်ပြေးခဲ့ရတော့တာပဲ"

ဝူရှန့်ဟယ်သည် ဖြစ်ကြောင်း ကုန်စင်အား အသေအချာ ရှင်းပြပြီးနောက် ချန်းဖန်အား မဝံ့မရဲ ကြည့်လာသည်။

"ကျုပ်.. ဆရာချန်းကို ရည်ရွယ်ချက်ရှိရှိ လိမ်တာ မဟုတ်ရပါဘူး ကျုပ်ပြောရင် ဆရာချန်း မယုံမှာစိုးလို့ အမှန်အတိုင်း မပြောခဲ့မိတာပါ မကောင်းဆိုးဝါးကြီးက ရေနဂါးနဲ့ နည်းနည်း ဆင်တာကြောင့် ဘိုးဘေးကြီးက ရေကန်ကို ယင်နဂါးရေကန်လို့ ခေါ်စေခဲ့တယ် ကျုပ်တို့ဆရာကတော့ မကောင်းဆိုးဝါးကြီးကို သေချာ အနီးကပ် မြင်ဖူးတယ် ပြောတယ် ဘာပဲဖြစ်ဖြစ် အဲဒီ မကောင်းဆိုးဝါးကြီး ရှိနေတာ ကျုပ်တို့ဂိုဏ်းရဲ့ မျိုးဆက်နှစ်ဆက် ရှိပြီဆိုတော့ အနည်းဆုံး အဲ့ကောင်ကြီးရဲ့ သက်တမ်းက နှစ်တစ်ရာ ကျော်လောက်ပြီ"

"တကယ်ကြီးလား"

အားရှို့က မယုံကြည်နိုင်စွာနှင့် ပင့်သက်ရှိုက်မိသည်။

ချန်းဖန်နှင့် လင်းဟူတို့သည် တိုက်ခိုက်ရေး၌ အလွန် အစွမ်းထက်သည် ဆိုသော်လည်း လက်ခံ၍ရသော အနေအထား အတွင်းတွင် ရှိနေ‌သေးသည်။ သို့သော် နှစ်တစ်ရာကျော် သက်တမ်းရှိသော ရေနဂါးကြီး ဆိုသည်ကတော့ သာမန်လူများအတွက် ဒဏ္ဍာရီ ဆန်လွန်းလှပေသည်။

"အဲ့ဒါက ရေနဂါး မဟုတ်ဘူး ယင်မြွေ"

ချန်းဖန်က ဝင်ပြောလိုက်သည်။

"တကယ့် ရေနဂါးစစ်စစ်တွေက ဆန္ဒရှိရင် လေနဲ့မိုးကိုတောင် ဆင့်ခေါ်နိုင်တယ် ယင်မြွေလေးတွေကတော့ အစွမ်းနည်းနည်း ရလာဖို့ကိုတောင် နှစ်ငါးရာလောက် ကျင့်ကြံယူရတယ်"

"ဆရာချန်း .. အဲဒီ မကောင်းဆိုးဝါး အကြောင်း သိတယ်လား"

ဝူရှန့်ဟယ်က အံ့ဩသွားရသည်။

"သေချာတာပေါ့ အဲဒါက မြွေလေး တစ်ကောင်ပါပဲ"

ချန်းဖန်က အေးအေးဆေးဆေးပင် ပြောလိုက်သည်။

ဝူရှန့်ဟယ် ပြောပြသည့် အတိုင်း ဆိုလျှင် ထိုယင်မြွေမှာ ၁၂မီတာခန့် ရှည်ပြီး ယင်ချီနှင့် အငြိုး အာဃာတချီများကို မှုတ်ထုတ် တိုက်ခိုက်နိုင်သည်။ အနည်းဆုံး ထိုယင်မြွေ၏ ကျင့်ကြံဆင့်မှာ ချီသန့်စင်ခြင်း အလယ်အလတ် အဆင့်တွင် ရှိသော ကျင့်ကြံသူတစ်ယောက်နှင့် ညီမျှလောက်ပေသည်။

သို့သော်လည်း အသိဉာဏ်နည်းသော အဆင့်နိမ့် မိစ္ဆာများသည် ကျင့်ကြံသူစစ်စစ် တစ်ယောက်နှင့် ကျင့်ကြံဆင့်ခြင်း တူနေလျှင်ပင် အစွမ်းထက်မှုက မနှိုင်းယှဉ်သာပေ။

ထိုမိစ္ဆာများသည် တိုက်ခိုက်ရန်သာ သိပြီး ကျင့်ကြံသူ တစ်ယောက်ကတော့ မှော်ရတနာများ၊ မှော်အစီအရင်များ၏ အကူအညီကိုလည်း ယူနိုင်သေးသည်။

'ဘာပဲဖြစ်ဖြစ် ငါက အခုမှ ချီသန့်စင်ခြင်း အခြေခံအဆင့်ရဲ့ အလယ်ဆင့်မှာပဲ ရှိနေသေးတာ အခုချိန်မှာ ယင်မြွေနဲ့ တိုက်ခိုက်ဖို့က ငါ့အတွက် စိန်ခေါ်မှုကြီးပဲ'

ထိုသို့အတွေးနှင့် ချန်းဖန် မျက်မှောင်ကြုတ် လိုက်မိသည်။

'ငါ့အနေနဲ့ ချီသန့်စင့်ခြင်း အခြေခံအဆင့်ရဲ့ နောက်ဆုံး အဆင့်ကို ရောက်တဲ့အထိ စောင့်သင့်တယ် အဲဒါမှ ချီသန့်စင်ခြင်း အလယ်အလတ်အဆင့်က မှော်ပညာ တချို့ကိုလည်း ယူသုံးနိုင်မယ် မဟုတ်ရင်တော့ ကျောက်စိမ်းအဆောင်ရဲ့ အစွမ်းကို မြှင့်တင်မှပဲ ရမယ်'

နောက်ဆုံးတွင်တော့ ချန်းဖန်သည် တုန်းတူမြို့သို့ ခရီးစဉ်အား ခေတ္တရပ်တန့်ပြီး ကျောက်စိမ်း အဆောင်ကိုသာ အရင် အဆင့်မြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။

သူက ဝူရှန့်ဟယ်ကို မေးလိုက်သည်။

"ဒီနားမှာ ကျင့်ကြံခြင်း အတွက် သင့်လျော်တဲ့ တစ်နေရာရာ မရှိဘူးလား ကျွန်တော့်ရဲ့ တိုးတက်မှုအတွက် ဆေးမြစ် တချို့ လိုနေလို့"

"ကျင့်ကြံခြင်းအတွက် ဆေးမြစ်"

ဝူရှန့်ဟယ်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် သူ့ပေါင်သူရိုက်ကာ အော်လိုက်လေသည်။

"ဟုတ်သားပဲ ကျိုတင်းမြို့မှာ ‌ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ ရောင်းတဲ့ အကြီးဆုံး ဈေးကြီးတစ်ခု ရှိတယ်"

"ဟုတ်လား"

ချန်းဖန်၏ မျက်လုံးတို့က စိတ်ဝင်စားမှုကြောင့် အရောင် တောက်သွားသည်။

ချန်းဖန်သည် ကျိုတင်းမြို့အကြောင်း ယခင်ကတည်းက ကြားဖူးခဲ့သည်။ ကျိုတင်းမြို့သည် တရုတ်ရှေးဟောင်း ဆေးမြစ်၊ ဆေးဘက်ဝင်ပစ္စည်းများ ဖြန့်ဖြူး ရောင်းချခြင်းကြောင့် ကျော်ကြားသည်။

ချန်းဖန်သည် ကျင့်ကြံခြင်းအပေါ် အကျိုး သက်ရောက်မှု ကောင်းကောင်းရှိသော ဆေးမြစ်များအား ရှာဖွေနေခဲ့‌သော်လည်း ချူကျိုးကဲ့သို့ မြို့ငယ်လေး၌ ရရှိနိုင်သော ဆေးမြစ်များကား အကန့်အသတ်နှင့် ရှိပေသည်။

အမှန်တကယ် အရည်အသွေး ကောင်းသော ဆေးမြစ်များသာ ရှာဖွေ တွေ့ရှိခဲ့ပါက ချန်းဖန်သည် သူ၏ ကျင့်ကြံခြင်းအဆင့်အား ကျိန်းသေ မြှင့်တင်နိုင်မည် ဖြစ်ကြောင်း ယုံကြည်မှု ရှိပေသည်။

ချန်းဖန်သည် ဆေးမြစ် ရှာဖွေရင်း ကျောက်စိမ်း အဆောင်ရှိ မိုးကြိုးပညာရပ်အား အဆင့်မြှင့်တင်ရန် အားကောင်းသော မှော်အစီအရင် တချို့ကိုလည်း စဉ်းစားချိန် ရပေသည်။

***

All Chapters