ဆေးမြစ် လေလံပွဲ
Vol. 1 Ch. 62
လူသုံးယောက် အုပ်စုသည် ကျိုတင်းမြို့ထဲသို့ ဝင်လိုက်သည်နှင့် လတ်ဆတ်သော တရုတ် တိုင်းရင်းဆေး အနံ့များနှင့် သင်းပျံ့နေသော လေထုကို ရှူရှိုက်မိသည်။
"ဆရာချန်း.. ဘယ်လို ဆေးအမျိုးအစားမျိုးကို လိုချင်တာများလဲ ဂျင်စင်း၊ ဟွမ်ချီ၊ လင်ကျစ်မှို၊ ရွှယ်လျန်၊ တုန်းချွမ် ဒါမှမဟုတ် ယွီကျူး ဒီမှာက အားလုံးရတယ်"
"ဘယ်လို ဆေးအမျိုးအစားပဲဖြစ်ဖြစ် ကိစ္စမရှိဘူး နှစ်ချို့ဆေးမြစ်တွေ လိုချင်တယ် သက်တမ်းရင့်လေ ကောင်းလေပဲ"
ချန်းဖန်က တွေးဆဆနှင့် ပြောလိုက်သည်။ သူသည် ဆေးမြစ်များအား တိုက်ရိုက် အသုံးပြုမည် မဟုတ်ပေ။ ထိုဆေးမြစ်များ အတွင်း၌ သိုလှောင်ထားသော ချီစွမ်းအင်ကိုသာ စုပ်ယူမည် ဖြစ်ရာ ဆေးအမျိုးအစားထက် သက်တမ်းက ပို၍ အရေးကြီးပေသည်။
ချန်းဖန်၏ အဖြေကြောင့် ဆရာဝူပင် အံ့ဩသွားသည်။ တရုတ် တိုင်းရင်းဆေးပညာ အရဆိုလျှင် ဆေးမြစ်များအား သဟဇာတ ဖြစ်စွာ ပေါင်းစပ် အသုံးပြုခြင်းက ပိုမို ထိရောက်သည်။ ဥပမာ- ဂျင်စင်းမြစ်သည် နှစ်ပေါင်း တစ်ထောင် သက်တမ်း ရှိလျှင်ပင် အခြားသော ပါဝင်ပစ္စည်းများ မရှိဘဲ ဆေးကောင်းတစ်ဖုံ ဖြစ်မလာနိုင်ပေ။ အသုံးမဝင်သော နှစ်တစ်ထောင် ဂျင်စင်းမြစ်သာ ဖြစ်နေပေလိမ့်မည်။ ချန်းဖန်က တရုတ် တိုင်းရင်းဆေးပညာ၏ အစဉ်အလာနှင့် ဆန့်ကျင်စွာ ပြောနေသော်လည်း ဝူရှန့်ဟယ် သံသယ မဝင်ရဲပေ။ ချန်းဖန် ပြောသည့်အတိုင်း လိုက်နာရန်သာ ဆုံးဖြတ်လိုက်သည်။
"ဒီနားတစ်ဝိုက်က ဆိုင်ဟောင်းတွေမှာ ရှာကြည့်ရင် သက်တမ်းရင့်တဲ့ ဆေးမြစ်တချို့ ရနိုင်မယ် ထင်တယ် "
ဝူ့ရှန့်ဟယ်က ခဏမျှ တွေးပြီးနောက် ပြောသည်။
"ကျုပ်နောက်က နောက်ခဲ့ပါ ဆရာချန်း"
ချန်းဖန်တို့သုံးယောက်တွင် ဝူရှန့်ဟယ် တစ်ယောက်သာ ကျိုတင်းမြို့နှင့် ကျွမ်းဝင်သူ ဖြစ်ရာ သဘာဝကျစွာပင် ဆေးဆိုင်များအကြောင်း ဝူရှန့်ဟယ်က ပိုသိပေသည်။
မကြာမီ ဆိုင်အရှေ့ဘက်အား ခမ်းနားစွာ ပြင်ဆင်ထားသော ဆိုင်ကြီးတစ်ဆိုင် ရှေ့သို့ ရောက်ရှိလာသည်။
ထိုဆိုင်၏ အမည်မှာ 'ဆေးပေါင်းတစ်ရာပြခန်း' ဟူ၍ ဖြစ်သည်။
"ကျိုတင်းမြို့မှာ ကုန်သည်တွေ အများကြီး ဝင်ထွက် သွားလာနေကြတယ် ဆိုပေမဲ့ စီးပွားရေး လုပ်ငန်းကို ချုပ်ကိုင်ထားတာက အဓိက မိသားစုကြီးတွေပဲ 'ဆေးပေါင်း တစ်ရာပြခန်း'က အဲဒီ့ မိသားစုကြီးတွေထဲက တစ်စု ပိုင်တာလေ နှစ်ပေါင်း သုံးရာနီးပါး သက်တမ်းရှိပြီ တရုတ်ပြည်ရဲ့ ရှေးအကျဆုံး ဆိုင်ကြီးတွေထဲက တစ်ဆိုင်ပေါ့"
သုံးယောက်သား ဆိုင်အတွင်းသို့ ဝင်ခဲ့ကြသည်။ အဝင်ဝ၌ ဝန်ဆောင်မှု ပေးနေသော အရောင်း ဝန်ထမ်းလေးများက နှုတ်ဆက် လာကြသည်။
"မင်းတို့ ပြခန်းရဲ့ အဓိက ဆေးဖော်စပ်သူနဲ့ တွေ့ချင်တယ်"
ဆရာဝူသည် ခပ်ပြတ်ပြတ် ဝင့်ကြွားစွာ ပြောလိုက်သည်။ သူ၏ လေသံမှာ ချန်းဖန်အား စကားပြောသည့် လေသံနှင့် မိုးနဲ့မြေလို ကွာခြားလှသည်။
"ဒီက လူကြီးမင်းက ဘယ်သူလဲဆိုတာ သိခွင့်ရှိမလား ခင်ဗျာ"
အရောင်း ဝန်ထမ်းလေးက သတိနှင့် မေးလာသည်။
ဆေးပေါင်း တစ်ရာပြခန်း ကဲ့သို့သော အဆင့်မြင့်သည့် နေရာများ၌ အာဏာ အရှိဆုံးသူမှာ အရောင်း မန်နေဂျာများ မဟုတ်ဘဲ အဓိက ဆေးဝါး ဖော်စပ်သူများ ဖြစ်ကြသည်။ ၎င်းတို့အား တရုတ် တိုင်းရင်းဆေး ဆရာများ အဖြစ်လည်း သတ်မှတ်ထားကြပြီး တိုင်းရင်းဆေး အရောင်းဆိုင်များ၌ လွန်စွာ အရေးပါ အရာရောက်သူများ ဖြစ်ကြသည်။
"ငါ့နာမည်က ဝူရှန့်ဟယ်"
ဆရာဝူက ရင်ကော့လျက် ဂုဏ်ယူစွာ ပြောလိုက်သည်။
"ကောင်းပါပြီ ခဏလေး စောင့်ပေးပါ"
အရောင်း ဝန်ထမ်းလေးက ယဉ်ကျေးစွာ ပြောပြီးနောက် အဓိက ဆေးဖော်စပ်သူအား အကြောင်းကြားရန် ဆိုင်အနောက်ဘက်သို့ ဝင်သွားလေသည်။
ချန်းဖန်နှင့် ဆရာဝူတို့က ဆိုင်၏ စောင့်ဆိုင်း ဧရိယာ၌ ထိုင်စောင့်နေကြစဉ် ဝန်ထမ်းတစ်ယောက်က အရည်အသွေးမြင့် လက်ဖက်ရည် တစ်ယောက် တစ်ခွက်စီ လာချပေးသွားသည်။ ကြာကြာ မစောင့်လိုက်ရပေ။ ဆိုင်အနောက်ဘက်မှ သုတ်သီးသုတ်ပျာ လျှောက်လာသော ခြေသံများအား ကြားလိုက်ရသည်။ နှင်းကဲ့သို့ ဖြူဖွေးနေသော မုတ်ဆိတ်များနှင့် အသက် ခြောက်ဆယ်အရွယ် အဘိုးကြီး တစ်ယောက်သည် စောင့်ဆိုင်း ဧရိယာဘက်သို့ လျှောက်လှမ်း လာနေသည်။
"အိုက်ယား တကယ်ကို ဆရာဝူပါလား မလာခင် ကျုပ်ကို ကြိုပြောတာ မဟုတ်ဘူး အခုတော့ အားနာစရာတွေ ဖြစ်ကုန်ရပြီ "
ထိုအဘိုးကြီးက တလေးတစား ပြောလာသည်။
အားရှို့နှင့် အရောင်းဝန်ထမ်း ကောင်လေး၏ မျက်လုံးများထဲရှိ အံ့ဩရိပ်များအား မြင်လိုက် ရသောကြောင့် ဂုဏ်ယူနေသော အပြုံးကြီးတစ်ခုက ဆရာဝူ၏ မျက်နှာပေါ်တွင် ဖြစ်တည်လာသည်။
ဝူရှန့်ဟယ်က တွေးလိုက်သည်။ သူသည် ကျန်းပေ့တိုင်း၌ ဘာမှ မဟုတ်လျှင်ပင် ကျုံးကျိုးနယ် တစ်ဝိုက်တွင်မူကား ကျော်ကြားသော ဆရာတဆူ ဖြစ်နေသေးတာပင်။
ချန်းဖန်က ဝူရှန့်ဟယ်အား တစ်ချက် လှမ်းကြည့် လိုက်သည်တွင် ဝူရှန့်ဟယ်၏ မျက်နှာပေါ်ရှိ အပြုံးကြီးမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး လာရင်းကိစ္စအား သတိရသွားသည်။ ဝူရှန့်ဟယ်လည်း အလျင်အမြန်ပင် လိုရင်းအား မေးလိုက်လေသည်။
"ကျုပ်ရဲ့.. မိတ်ဆွေလေးက သက်တမ်းရင့် ဆေးမြစ်တချို့ ဝယ်ချင်နေလို့ အဲဒါ ခင်ဗျားမှာများ ရောင်းစရာ တချို့တလေ ရှိမလားလို့ပါ"
"အာ.."
မုတ်ဆိတ်ဖြူ အဘိုးကြီးက ခဏမျှ တိတ်ဆိတ်သွားပြီး တုံ့ဆိုင်းစွာ ပြောလိုက်သည်။
"တောင်းပန်ပါတယ် ဒီရက်ပိုင်း အတွင်းလေးမှာပဲ အမျိုးသမီးငယ်လေး တစ်ယောက်က ကျုပ်တို့ တစ်မြို့လုံးမှာ ရှိသမျှ တန်ဖိုးကြီး ဆေးမြစ်တွေ အကုန်လုံးကို ဝယ်သွားတယ်လေ အခု ကျုပ်မှာ သက်တမ်းရင့် ဆေးမြစ်ဆိုလို့ နှစ်ငါးဆယ် ဂျင်စင်းပဲ ရှိတော့တယ် နှစ်တစ်ရာ သက်တမ်းရှိတဲ့ ဘာဆေးမြစ်မှကို မရှိတော့ဘူး"
"အဲဒီ မိန်းကလေးက အားလုံးကို သိမ်းကြုံး ဝယ်သွားတယ်လား"
ဆရာဝူပင်လျှင် အံ့အားသင့် သွားသည်။
ဆေးလောကတွင် သက်တမ်း တစ်ရာကျော်သော ဂျင်စင်းမြစ်များအား ဂရမ်ဖြင့် ရောင်းချသည်။ တစ်ဂရမ်လျှင် ယွမ်တယောင်း ကျသင့်သည် ဆိုဦးတော့။ ဂျင်စင်းမြစ် တစ်မြစ်တည်းကိုပင် ယွမ်သန်းနှင့်ချီ၍ ပေးရမှာ ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က ကျိုတင်း တစ်မြို့လုံးတွင် ရှိသော တန်ဖိုးကြီး ဆေးမြစ်အားလုံးအား ဝယ်ယူလိုသည် ဆိုပါက မမှန်းဆ လောက်အောင် များပြားသော ငွေပမာဏကို သုံးရမည် ဖြစ်သည်။
"ကောလာဟလတွေ အရတော့ အဲဒီ မိန်းကလေးက ဟောင်ကောင်က မိသားစုကြီးတစ်ခုက လာတယ်လို့ ပြောကြတယ် ဒါပေမဲ့ အဲဒါက ကောလာဟလ သက်သက်ပါပဲ"
မုတ်ဆိတ်ဖြူ အဘိုးကြီးက ခေါင်းယမ်းရင်း ပြောသည်။
ဆရာဝူလည်း ခဏမျှ တိတ်ဆိတ်သွားပြီး ချန်းဖန်အား ကူကယ်ရာမဲ့စွာ ကြည့်လာသည်။
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း ဝင်မေးလိုက်သည်။
"ဒီမြို့ထဲမှာ သက်တမ်းရင့် ဆေးမြစ်တွေ ရှာလို့ရမဲ့နေရာ တစ်နေရာမှ မရှိတော့ဘူးလား"
"အင်း ဟုတ်တယ် မရှိတော့.. အဲ "
ရုတ်တရက် မုတ်ဆိတ်ဖြူ အဘိုးကြီးက တစ်စုံတစ်ရာအား သတိရသွားကာ ဆရာဝူထံ လှမ်းကြည့်လိုက်သည်။
"ဆရာဝူ.. ခင်ဗျား လေလံပွဲအကြောင်း ကြားပြီးပြီလား"
"တန်ဖိုးကြီး ဆေးမြစ် လေလံပွဲ ဆိုတာလား ကျုပ်က အဲဒါကို သတင်းမှားကြီးလို့ ထင်နေတာ"
ဆရာဝူက ဇဝေဇဝါနှင့် ပြန်မေးလိုက်သည်။
"အဲဒါက သတင်းအမှန်ပါ လေလံပွဲက သုံးလေးလကို တစ်ကြိမ်လောက် လုပ်တယ်လေ။ ကံကောင်းရင်တော့ အဲဒီမှာ တကယ်ရှားတဲ့ ဆေးမြစ်တွေ တွေ့နိုင်တယ် များသောအားဖြင့်တော့ လေလံတင်တဲ့ ဆေးမြစ်တွေက တကယ့်ရှယ်တွေ ချည်းပါပဲ။ လေလံပွဲ လုပ်မဲ့ သူဌေးတွေက ဆေးဆိုင်တွေမှာ မတင်ခင်၊ ဈေးကွက်ထဲကို မရောက်ခင်မှာဘဲ ကြားထဲကနေ ပစ္စည်းကောင်းတွေကို ဖြတ်ဝယ်ထားကြတယ်လေ။ ဒါပေမဲ့ တစ်ခုရှိတာက လေလံပွဲက အဖိတ်ခံရတဲ့ သူတွေပဲ သွားလို့ရပြီး ငွေသားနဲ့ပဲ ပိုက်ဆံရှင်းရတယ်"
ဆေးမြစ်လေလံပွဲများက မကြာခဏ ကျင်းပတတ်သော်လည်း လျှို့ဝှက်စွာ ကျင်းပသဖြင့် အထက်တန်းလွှာမှ အာဏာရှိ ပုဂ္ဂိုလ်များသာ ဖိတ်ကြားခြင်း ခံရသည်။
"လေလံပွဲက ဘယ်အချိန် စမှာလဲ"
ထိုလေလံပွဲကား လျှို့ဝှက် ကျင်းပသည်ဖြစ်စေ ဘာဖြစ်စေ ချန်းဖန်က ဂရုမစိုက်ပေ။ သူ၏ ရည်ရွယ်ချက်မှာ အဖိုးတန် ဆေးမြစ်တချို့ ရှာရန် ဖြစ်ပြီး ကျန်သည့် ကိစ္စများအား အများကြီး တွေးမနေနိုင်ပါ။
"နောက်သုံးရက်နေရင် 'ကြည်လင်သောရေကန်' စံအိမ်မှာ"
မုတ်ဆိတ်ဖြူ အဘိုးကြီးက ဖြေလိုက်သည်။
"အရမ်းကောင်းတယ်"
ချန်းဖန် မတ်တတ် ရပ်လိုက်သောကြောင့် ဆရာဝူလည်း လိုက်ပါ မတ်တတ်ရပ် လိုက်သည်။ ထို့နောက် မုတ်ဆိတ်ဖြူ အဘိုးကြီးအား နှုတ်ဆက်ပြီး သုံးယောက်သား ဆေးပေါင်း တစ်ရာပြခန်းမှ ပြန်လည် ထွက်ခွာလာခဲ့တော့သည်။
ဆေးပေါင်း တစ်ရာပြခန်းမှ ထွက်ခွာလာပြီးနောက် ဟိုတယ်တစ်ခု ရှာဖွေပြီး သုံးရက်တာ စတည်းချ လိုက်ကြသည်။
သုံးရက်ကြာပြီးနောက်..။
ချန်းဖန်တို့လူစုသည် တက္ကစီတစ်စီး ငှားပြီး 'ကြည်လင်သော ရေကန်' စံအိမ်သို့ ရောက်ရှိသွားကြသည်။ စံအိမ်ကား အစောင့်အကြပ် ထူထဲစွာ ချထားပြီး ဝင်ပေါက်၌ ဝတ်စုံပြည့်နှင့် သက်တော်စောင့်တစ်စုက ဧည့်သည်များအား စစ်ဆေးနေသည်။
"စိတ်မရှိပါနဲ့ ဒါက သီးသန့် လေလံပွဲဖြစ်လို့ ဖိတ်စာမပါရင် ကျေးဇူးပြုပြီး လှည့်ပြန်သွားပေးပါ"
သက်တော်စောင့်များထဲမှ တစ်ယောက်က ချန်းဖန်တို့အား သတိပေးခြင်းတဝက်၊ ခြိမ်းခြောက်ခြင်း တစ်ဝက်နှင့် ပြောလာသည်။
"ငါတို့မှာ ဖိတ်စာ မရှိတော့ရော ဘာဖြစ်လဲ"
ဆရာဝူက ခပ်အေးအေးပင် တုံ့ပြန်လိုက်သည်။
"တုန်းတူမြို့က ဝူရှန့်ဟယ် လာလည်တယ်လို့သာ မင်းသူဌေးကို သွားပြောလိုက်စမ်းပါ"
ဆရာဝူ၏ သာမန်မဟုတ်သော ယုံကြည်ချက် အပြည့်နှင့် ပုံစံကြောင့် သက်တော်စောင့်မှာ အနည်းငယ် တွေဝေသွားသည်။
ရုတ်တရုတ် အနက်ရောင် မာစီးဒီးစ်တစ်စီးက ဝင်ပေါက်တွင် ရပ်လာပြီး ကားပေါ်မှ ဆင်းလာသော သက်လတ်ပိုင်းအရွယ် ခပ်ဝဝလူကြီးက ဆရာဝူအား လှမ်းမြင်သွားသည်။
"ဆရာဝူပါလား ဘယ်လေတိုက်လို့ ရောက်လာတာများလဲ ကျုပ်ကခင်ဗျားကို ဟူတုန်းနယ်မှာလို့ ထင်နေခဲ့တာဗျ"
"ဟား.. ဟား.. ခင်ဗျားကိုး သူဌေးဟူ"
သူဌေးဟူ၏ စကားကြောင့် ချင်ရန်မြို့လေး၌ ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးမိသွားပြီး ဆရာဝူတစ်ယောက် မျက်နှာရှုံ့မဲ့သွားရသည်။ သူက အလျင်အမြန်ပဲ ခေါင်းစဉ်ပြောင်းလိုက်သည်။
"ခင်ဗျား လေလံပွဲကို လာတာလား အတော်ပဲဗျာ ကျုပ်တို့မှာ အထဲဝင်ဖို့ ဖိတ်စာ လိုနေတာလေ"
"မဟုတ်တာ ဘာလို့ ဖိတ်စာလိုရမှာလဲ ကျုပ်နောက်ကသာ လိုက်ခဲ့စမ်းပါ ဒါပေမဲ့ ဆေးမြစ် ဝယ်တဲ့နေရာမှာတော့ ကျုပ်ကို နည်းနည်းပါးပါး အကြံပေးပေါ့ဗျာ"
သူဌေးဟူက ရယ်ရင်း ပြောလိုက်သည်။
လေလံပွဲသည် ပိုင်ရှင် တစ်ဦးချင်းစီထံမှ လာသော ပစ္စများအား ပြန်လည် ရောင်းချပေးခြင်း ဖြစ်ရာ ပစ္စများ၏ အရည်အသွေးနှင့် ပတ်သက်၍ တာဝန်ယူခြင်း မရှိပေ။ 'မိမိဝယ်ယူလိုသော ပစ္စည်း ကောင်းမကောင်း စစ်ကြည့်ရန်မှာ ဝယ်သူ၏ တာဝန်သာ ဖြစ်ကြောင်း' ဥပဒေသအား ကျင့်သုံးသည်။ ဆရာဝူက ထူးချွန်သော တရုတ် တိုင်းရင်းဆေးဆရာ တစ်ယောက် မဟုတ်သော်လည်း ကျုံးကျိုး နယ်အတွင်းရှိ ဘယ်သူကမှ ဆရာဝူအား လိမ်မရောင်းရဲသည်ကတော့ အသေအချာပင် ဖြစ်သည်။
လုံခြုံရေးများက ချန်းဖန်တို့အုပ်စုအား တားဆီးခြင်း မရှိတော့ဘဲ ဝင်ခွင့်ပေးလိုက်သည်။
ဝင်ပေါက် ဂိတ်ဝအား ကျော်လွန် လာသည်နှင့် စံအိမ်မှာ အတော်ပင် ကြီးကြောင်း သိလိုက်ရသည်။ အတွင်း၌ အမျိုးသမီး လမ်းညွှန် တစ်ယောက်က အသင့်စောင့်နေပြီး ထိုအမျိုးသမီး၏ လမ်းညွှန်မှုနှင့် ဧည့်ခန်းပေါင်း များစွာအား ဖြတ်ကျော်ပြီးမှသာ တိတ်ဆိတ်သော ခြံဝင်းတစ်ခု အတွင်း ရောက်ရှိလာသည်။
ခြံဝင်းအတွင်း၌ ကောင်းမွန်စွာ ဝတ်စားထားသော ဧည့်သည် အများအပြား ရောက်ရှိနေကြသည်။ ထိုလူတို့၏ လေယူလေသိမ်းများအား နားထောင်ခြင်းဖြင့် ၎င်းတို့မှာ တရုတ်ပြည်၏ ဒေသအသီးသီးမှ စုဝေး ရောက်ရှိလာကြခြင်း ဖြစ်ကြောင်း သိနိုင်သည်။
"ဆရာဝူကို ဒီမှာတွေ့ရတာ ဝမ်းသာစရာပဲ"
"ဟိုင်း ဆရာဝူ"
"ဒီတလော ဘာတွေ လုပ်နေလဲ ဆရာဝူ"
ချန်းဖန်တို့လူစု ခြံဝင်းအတွင်းသို့ ဝင်သွားသည် ဆိုလျှင်ပဲ များပြားလှသော လူများက ဆရာဝူအား သူငယ်ချင်းဟောင်း တစ်ယောက်ကဲ့သို့ တရင်းတနှီး နှုတ်ဆက် လာကြသည်။
အချို့လူများက ဆရာဝူနှင့် မရင်းနှီး သေးသော်လည်း မိတ်ဖွဲ့လိုဟန်နှင့် အနီးတွင် ဝိုင်းအုံနေကြသည်။ မည်သို့ပင်ဆိုစေ ဆရာဝူကား တုန်းတူနယ်၏ ကျော်ကြားသော ဆရာတဆူ ဖြစ်နေဆဲပင်။
ရုတ်တရက် အေးစက်စက် နှာခေါင်းရှုံ့သံ တစ်ခုအား ကြားလိုက်ကြရသည်။
"ဟမ့် ဆရာဝူတဲ့လား လူလိမ်ဝူလို့ပဲ ခေါ်သင့်တယ်"
ဝူရှန့်ဟယ်၏ မျက်နှာက ခက်ထန်သွားပြီး ပြောလိုက်သူထံ ချက်ချင်း လှည့်ကြည့်လိုက်သည်။
ထိုစကားအား ပြောလိုက်သူကား တန်ဖိုးကြီး အဝတ်အစားများအား ဝတ်ဆင်ထားသော မိန်းကလေး တစ်ယောက် ဖြစ်သည်။ သူမသည် အရပ်အမောင်း မြင့်မြင့်နှင့် ကျောက်တုံးကို ထွင်းထုထားသကဲ့သို့ အေးစက်စက် တည်တင်းသော မျက်နှာမျိုး ရှိကာ အာရှတိုက်သားနှင့် အနောက်တိုင်းသား စပ်ထားသော ကပြားတစ်ယောက်နှင့် အလွန်တူသည်။ ထိုမိန်းကလေးက ဆရာဝူအား အထင်သေးစွာ စိုက်ကြည့်လျက် ရှိသည်။
"ဒါက ဟောင်ကောင်က လာတဲ့ မမလေးကျန့်ပဲ"
သူဌေးဟူက လေသံမျှနှင့် ရှင်းပြလာသည်။
"ဒီရက်ပိုင်းအတွင်း တစ်မြို့လုံးမှာ ရှိတဲ့ ရှားပါးဆေးမြစ်တွေ အကုန်လုံး ဝယ်သွားတဲ့ သူပေါ့ ကောလဟာတွေ အရတော့ သူ့ရဲ့အဖေက သေလုနီးပါး ဖြစ်နေလို့ သူ့အဖေရဲ့ အသက်ကို ဆွဲဆန့်နိုင်ဖို့အတွက် အစွမ်းထက် ဆေးဝါးတွေ လိုအပ်နေတာတဲ့လေ"
"ဟောင်ကောင်က ကျန့်မိသားစု"
ဆရာဝူက တအံ့တဩနှင့် ပင့်သက်ရှိုက်လိုက်မိသည်။
***