အဆင့်နိမ့် ဝိညာဉ်ဆေးမြစ်
Vol. 1 Ch. 63
ကျန့်မိသားစု ဟူသော မျိုးရိုးနာမည်ကိုသာ ထုတ်ဖော် ပြောခဲ့သော်လည်း ဟောင်ကောင်နှင့် ချူကျိုးမြို့ကား တူညီသော အနေအထားများ မဟုတ်ကြပါ။
ကျန့်မိသားစု ကောင်းစားခဲ့ချိန်များက Forbes စာရင်းတွင် ထိပ်ဆုံးဆယ်ဦးထဲ၌ အပါအဝင် ဖြစ်ခဲ့သည်။ လက်ရှိ အနေအထားတွင်လည်း ထိပ်ဆုံး ဆယ့်သုံး၊ ဆယ့်လေး နေရာများ၌ ရှိနေသေးတာပင်။ ကျုံးကျိုး တစ်နယ်လုံးရှိ အချမ်းသာဆုံး လူပင်လျှင် ဟောင်ကောင် ကျန့်မိသားစုနှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပါ။
[Forbes – တစ်ကမ္ဘာလုံးရှိ အချမ်းသာဆုံး သူများကို ဖော်ပြသော မဂ္ဂဇင်း။]
၁၉၈၀၊ ၁၉၉၀ ခုနစ်များက ဆိုလျှင် ကျန့်မိသားစုသည် ဗဟိုနိုင်ငံရေးဗျူရိုသို့ပင် တိုက်ရိုက် စကားပြောနိုင်သည်အထိ တန်ခိုးထွားခဲ့ကြသည်။ အကယ်၍ ကျန့်မိသားစု ခေါင်းဆောင်သာ ကျုံးကျိုးနယ်သို့ လာရောက်ပါက ဒေသဆိုင်ရာ အစိုးရကိုယ်တိုင် တလေးတစား ကြိုဆိုရမှာ ဖြစ်သည်။
ဆရာဝူသည် အကူအညီ တောင်းသောအားဖြင့် ချန်းဖန်အား လှမ်းကြည့်လိုက်သည်။ ချန်းဖန်က ထိုမိန်းကလေး၏ စကားအား အရှင်း မကြားလိုက်သကဲ့သို့ မပြောင်းမလဲ ရှိနေသေးသည်ကို တွေ့ရတော့ ဆရာဝူလည်း နောက်သို့ ခြေတစ်လှမ်း ပြန်ဆုတ်နေလိုက်သည်။
အာရှသွေးတဝက်၊ လူဖြူသွေးတစ်ဝက်နှင့် ကပြားမိန်းကလေးက နှာခေါင်းရှုံ့ရင်း ခြံဝင်းအတွင်း ဝင်ရောက်လာသည်။
ကျုံးကျိုးမြို့ရှိ မည်သည့် သူဌေး၊ သူကြွယ်ကမှ ဆရာဝူဘက်က မရပ်တည်ပေးရဲချေ။ သူတို့အားလုံး၏ စုပေါင်း အင်အားကပင် မမလေးကျန့်နှင့် မယှဉ်နိုင်သည်ကို အားလုံး နားလည်ကြသည်။
"ဟောင်ကောင်က ကျန့်မိသားစု"
ချန်းဖန်သည် ထိုမိသားစု အကြောင်း မှတ်မိရန် အချိန်ယူ စဉ်းစားလိုက်ရသည်။
ကျန့်မိသားစုသည် ပြည်တွင်း၊ ပြည်ပတွင် ကျော်ကြားသော မိသားစုကြီး တစ်ခုဖြစ်သည်။ ချန်းဖန်က အတိတ်ဘဝ မှတ်ဉာဏ်များအား ပြန်လည် တူးဆွကြည့် လိုက်တော့ ကျန့်မိသားစုမှ ထိုအဘိုးကြီးသည် ယခုနှစ်တွင်ပင် ဆုံးပါးသွားကြောင်း မှတ်မိလိုက်သည်။ ချန်းဖန်၏ အတိတ်ဘဝက ထိုနာရေး သတင်းမှာ သတင်းစာများထဲ၌ပင် ပါလာပြီး အတော်လေး ဟိုးလေး တကျော်ကျော် ဖြစ်ခဲ့တာပင်။
"အဲတာကြောင့် သူတို့ မိသားစုက တန်ဖိုးကြီး ဆေးမြစ်တွေ အကုန်လုံးကို ဝယ်နေတာ မထူးဆန်းတော့ပါဘူး"
ချန်းဖန်က ခေါင်းယမ်းရင်း ရေရွတ်လိုက်သည်။
အသက်ရှစ်ဆယ်ခန့် ရှိပြီဖြစ်သော အဘိုးကြီးကျန့်သည် အတွင်း ကလီစာများအထိ ပျက်စီးနေပြီး ခေတ်မီ ဆေးဝါးများနှင့်ပင် မကုသနိုင်တော့ပေ။ မည်မျှ အဖိုးတန်သော ရှေးဟောင်း ဆေးမြစ်များနှင့် ကုသပါစေ သက်တမ်း အနည်းငယ်အား ယာယီ ဆွဲဆန့်နိုင်ရုံကလွဲပြီး အကျိုးထူးမည် မဟုတ်။
ကျင့်ကြံသူ တစ်ယောက် အနေနှင့် အဘိုးကြီးကျန့်အတွက် အသင့်တော်ဆုံးသော ဆေးလုံးမှာ သက်ရှည်ဆေးလုံး ဖြစ်ကြောင်း ချန်းဖန် သိသည်။ ကံမကောင်းစွာနှင့် ထိုဆေးလုံး ဖော်စပ်ရန် ပါဝင်ပစ္စည်းများက အဆင်သင့် ရှိမနေခဲ့ပေ။ မဟုတ်ပါက ချန်းဖန်သည် ဆေးဖော်စပ်ပြီး ကျန့်မိသားစုထံမှ ငွေအမြောက်အမြား တောင်းယူနိုင်မှာ ဖြစ်သည်။ နှမြောစရာ ကောင်းလှချေသည်။
"ဆရာချန်း .. အထဲဘက်ကို သွားကြရအောင်"
ဆရာဝူက ခပ်တိုးတိုး ပြောလာသည်။
"အင်း"
ချန်းဖန်လည်း ခေါင်းညိတ်လိုက်သည်။
လျှို့ဝှက်လေလံပွဲ ဖြစ်သည့် အလျောက် ဤနေရာတွင် ရောင်း၊ဝယ် ရသည်က အနည်းငယ်တော့ ဖိအားများ၏။ လေလံပွဲ ကျင်းပသူနှင့် ရောင်းသူ နှစ်ဦးလုံးက ပစ္စည်း၏ စစ်မှန်မှုအတွက် အာမခံချက် မပေးကြရာ အလိမ်ခံရပါက ဝယ်သူ ညံ့၍သာ ဖြစ်သည်။
ပထမဆုံး လေလံတင်သည့် ပစ္စည်းမှာ နှစ်ပေါင်း တစ်ရာ့သုံးဆယ် သက်တမ်းရှိသည့် တောင်ပေါ် ဂျင်စင်းတစ်ခု ဖြစ်သည်။
ထိုဂျင်စင်းက ၁၂၇ ဂရမ် အလေးချိန် ရှိပြီး ကြမ်းခင်းဈေးမှာ ယွမ်သုံးသန်း ဖြစ်သည်။ ကပြား မိန်းကလေးက ယွမ်ခုနစ်သန်းပေးပြီး လေလံအောင် သွားသည်။
"ငွေတွင်းကြီး ရှိနေပုံပဲ"
လူအများစုက တီးတိုး ညည်းညူ လိုက်ကြသည်။
လေလံပွဲ စကတည်းက ရောင်းသမျှ ပစ္စည်းများ အားလုံးနီးပါးအား ထိုမိန်းကလေးကပင် ဈေးကြီးပေး၍ ဝယ်သွားသည်။ ကြာလာတော့ အခြား လေလံဆွဲသူများမှာ သူမနှင့် ဈေးပြိုင် မပေးရဲကြတော့။ သူဌေးအများစုမှာ ဟန်ပြ ပွဲတက်လာကြခြင်း ဖြစ်ပြီး အသေးအမွှား ပစ္စည်းလေးလောက်သာ ဝယ်ကြခြင်းဖြစ်ရာ ယေဘုယျအားဖြင့် သူမနှင့် ထိပ်တိုက် မတွေ့ရန်သာ ရှောင်ကြသည်။
ချန်းဖန်သည် နှစ်ကိုးဆယ် သက်တမ်းရှိသော ဆေးမြစ်တစ်ခုသာ ရထားပြီး ကျန်သည့် ဆေးမြစ် အားလုံးအား ထိုမိန်းကလေးကသာ သိမ်းကြုံး ဝယ်သွားသည်။
"နောက်ထပ် လေလံတင်မဲ့ ပစ္စည်းကတော့ သုံးသပ်မှု နည်းနည်း လိုပါလိမ့်မယ် ကြိုတင်ပြီး သတိပေးပါတယ်နော် ဝယ်သူတွေအနေနဲ့ သတိထားပြီး ဝယ်ကြပါ"
လေလံပွဲ အစီအစဉ်မှူးက ကြေညာသည်။ ထို့နောက် ငွေလင်ပန်းလေး တစ်ခုအား ထုတ်ယူလာပြီး အုပ်ထားသော အနက်ရောင် ပိတ်စလေးအား ဖယ်လိုက်သည်တွင် ဖုထစ် ရှုံ့တွနေသော သစ်ကိုင်းတစ်ခုအား တွေ့လိုက်ကြရသည်။
"ဘာကြီးလဲ"
"အဲဒါကြီးက ဆေးမြစ်ရော ဟုတ်ရဲ့လား"
"မြင်ဖူးသလိုပဲ"
ဧည့်သည်အများစုက မျက်မှောင်များ ကြုတ်လိုက်မိကြပြီး လင်ပန်းပေါ်ရှိ ပစ္စည်းအား သေချာ စူးစမ်းနေကြသည်။
"အာ"
ချန်းဖန် ပင့်သက်ရှိုက် လိုက်မိသည်။
"ဆရာချန်း အဲဒါက ဘာလဲဆိုတာ သိတာလား"
ဝူရှန့်ဟယ်က မေးလိုက်သည်။
"အမှန်တော့ မသိပါဘူး"
ချန်းဖန် ခေါင်းယမ်းရင်း ရှင်းပြလိုက်သည်။
"ဒါပေမဲ့ အဲဒီ့ပစ္စည်းထဲမှာ အားကောင်းတဲ့ ချီစွမ်းအင်တွေ ရှိနေတာ အာရုံခံမိလိုက်တယ် သေချာတာကတော့ အဲဒီပစ္စည်းက နှစ်တစ်ရာ ဂျင်စင်းထက် ဆယ်ဆ ပိုအဖိုးတန်တယ် ကြည့်ရတာ ဝိညာဉ်စွမ်းအားကို ဖြည့်တင်းပေးနိုင်တဲ့ ဆေးမြစ်နဲ့လည်း တူတယ် အဆင့်နိမ့် ဝိညာဉ်ဆေးမြစ် ဖြစ်လောက်တယ်"
"အဆင့်နိမ့် ဝိညာဉ်ဆေးမြစ်"
ဆရာဝူသည် အံ့ဩလွန်း၍ ဘာပြောရမှန်းပင် မသိ ဖြစ်သွားသည်။
"အမှန်ပဲ"
ချန်းဖန်သည် စကားပြောရန် စိတ်လိုလက်ရ ရှိနေသောကြောင့် ဝိညာဉ်ဆေးမြစ်များ အကြောင်း ဆရာဝူအား ဆက်ရှင်းပြ လိုက်သည်။
"ဝိညာဉ်ချီ လုံလုံလောက်လောက် ရှိနေတဲ့ ဘယ်အရာကိုမဆို ဝိညာဉ်ဆေးမြစ်လို့ ခေါ်နိုင်တယ် ရှားပါးတဲ့ ဆေးမြစ်တွေပဲ ဖြစ်ဖြစ်၊ လမ်းဘေးက မြက်ပင်လေး တစ်ပင်ပဲဖြစ်ဖြစ်ပေါ့ ဝိညာဉ်ဆေးမြစ်တွေက အစွမ်းထက်တဲ့ ဝိညာဉ်ဆေးလုံးတွေ ဖော်စပ်တဲ့နေရာမှာ အသုံးဝင်တယ်"
"ဒါပေမဲ့ ဝိညာဉ်ဆေးမြစ်တွေက ကမ္ဘာပေါ်မှာ အရမ်းကို ရှားပါးသွားပြီ အများစုက တောင်ပေါ်ဒေသတွေရဲ့ အတွင်းဘက်ပိုင်းမှာပဲ ရှိကြတော့တယ်"
"ပုံမှန်ဆေးမြစ် တစ်ခုက ဝိညာဉ်ဆေးမြစ် ဖြစ်လာဖို့ ချီစွမ်းအင်တွေကို နှစ်တစ်ထောင်လောက် စုပ်ယူဖို့လိုတယ် ဒါပေမဲ့ ဒီသစ်ကိုင်းကတော့ နှစ်ငါးရာ သက်တမ်းလောက်ပဲ ရှိဦးမယ် ဝိညာဉ် ဆေးမြစ်တစ်ဝက် ဖြစ်နေပြီ အဲဒါကြောင့် အဆင့်နိမ့် ဝိညာဉ်ဆေးမြစ်လို့ ခေါ်လို့ရတယ်"
ဆရာဝူသည် ချန်းဖန် ပြောပြသမျှ ဗဟုသုတများအား အသေအချာ အာရုံစိုက်ကာ နားထောင်နေပြီး ဖြစ်နိုင်လျှင် စာရွက်တစ်ရွက်နှင့် ဘောပင်တစ်ချောင်းလောက် ထုတ်ကာ ရေးမှတ်ထားချင် နေသည်။
ဝိညာဉ်ဆေးမြစ် ဆိုသည့်အရာအား ဆရာဝူက တစ်ခါမှ မကြားဖူးခဲ့ပေ။ တရုတ်ဆေးဟောင်း ဆေးပင်များအကြောင်း သူသိသမျှမှာ သက်တမ်းနှင့် အကျိုးသက်ရောက်မှု တချို့သာ ဖြစ်သည်။
"အဲဒါက တကယ့် ဝိညာဉ်ဆေးမြစ် တစ်ခုရဲ့ တစ်ဝက်လောက်ပဲ အစွမ်းထက်တယ် ဆိုပေမဲ့လည်း ကျွန်တော်သာ ရခဲ့ရင် အဆင့်နိမ့် ဝိညာဉ်ဆေးလုံးတွေ ဖော်စပ်လို့ ရသေးတယ်"
ဆရာဝူသည် ချန်းဖန်၏ စကားကြောင့် အလွန် အူမြူးသွားပြီး ချန်းဖန် စိတ်ပြောင်းသွားမှာ စိုးသည့်အလား အလျင်အမြန် မေးလိုက်သည်။
"ဒါဆို ကျုပ်တို့ အဲဒီ ဆေးမြစ်ကို လေလံဆွဲကြမယ် မလား"
"သေချာတာပေါ"
ချန်းဖန်က ခေါင်းညိတ်ရင်း ပြန်ဖြေသည်။
သာမန်ဟုသာ ထင်ရသော ထိုသစ်ကိုင်း အပိုင်းအစလေးက လွန်စွာ များပြားသော ဝိညာဉ်ချီများ ပါဝင်နေသည်။ အကယ်၍ ဤတစ်ကြိမ်တွင် လက်လွှတ်လိုက်ရပါက ဆယ်စုနှစ် တစ်ခု ကြာလျှင်ပင် နောက်ထပ် တူညီသော ဆေးမြစ်တစ်ခု ရှာတွေ့မည် မဟုတ်ပေ။ ထိုမျှ ရခဲသော အခွင့်အရေးအား ချန်းဖန်က သေချာပါက် လက်လွှတ်ခံမည် မဟုတ်ပေ။
"အရမ်းကောင်းတယ်"
ဆရာဝူ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် တလက်လက် တောက်ပလို့နေသည်။ လေလံဆွဲခြင်းသာ အောင်မြင်ခဲ့ပါက ချန်းဖန် ဆေးဖော်စပ်သည့် အချိန်၌ ပညာယူခွင့် ရမည်ကို တွေးမိကာ ဆရာဝူတစ်ယောက် လေလံဆွဲရန် မစောင့်နိုင်တော့ပေ။
ဆရာဝူ အတွက်ပင်လျှင် ဆေးဖော်စပ်ခြင်းကား အလွန် အလှမ်းဝေးလှသော ပညာရပ်တစ်ခု ဖြစ်သည်။ လေ့လာခွင့်ရမည့် မဟာ အခွင့်အရေးကြီး တစ်ခုက လက်တစ်ကမ်းတွင် ရှိနေရာ ဆရာဝူတစ်ယောက် အလွန် စိတ်လှုပ်ရှားမိသည်မှာလည်း မထူးဆန်းပေ။
အချို့သော တိုင်းရင်းဆေး သင်တန်း ကျောင်းများ၌ ရှေးဟောင်း ဆေးဖော်စပ်ခြင်း နည်းလမ်းများအား မှတ်တမ်းတင် ထားသည်များ ရှိသော်လည်း နှစ်ပေါင်းများစွာ ကြာလာသည် နှင့်အမျှ မှတ်တမ်းများက မပြည့်စုံကြတော့။ ယနေ့ ခေတ်ကြီးတွင် ခေတ်မီနည်းပညာများ မည်မျှ တိုးတက် လာပါစေ တိုင်းရင်းဆေး ဖော်စပ်ခြင်း၌မူ ရှေးဟောင်း နည်းစနစ်များနှင့် လုံးဝ မယှဉ်သာပေ။
"ဒီ အမည်မသိ ဆေးမြစ်ကိုတော့ ကြမ်းခင်ဈေး ယွမ်ငါးသန်း သတ်မှတ်ထားပါတယ်"
လေလံပွဲ အစီအစဉ်မှူးက ကြေညာ လိုက်သည်တွင် ခြံဝင်းတစ်ခုလုံး အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ် သွားတော့သည်။
ခြံဝင်း အတွင်းရှိ မည်သည့် ဧည့်သည်ကမှ မဆင်းရဲကြသော်လည်း ယွမ်ငါးသန်းဟူသော ပမာဏမှာ ဘာမှန်းပင် မသိရသေးသည့် ဆေးမြစ် တစ်ခုအပေါ် သုံးစွဲရန်ကား များလွန်းလှသည်။
"ယွမ်ငါးသန်းနဲ့ ငါးသိန်း"
ဆရာဝူက တံဆိပ်ပြားအား မြှောက်ရင်း ဈေးခေါ်လိုက်သည်။
ပထမဦးဆုံး ဈေးခေါ်သူမှာ ဆရာဝူ ဖြစ်ကြောင်း တွေ့လိုက်ရသည့်အခါ အခြားသော ဧည့်သည်များက ထို ဘာမှန်းမသိသည့် သစ်ကိုင်းမှာ ဆေးဘက်ဝင်ပစ္စည်း မဟုတ်ဘဲ မှော်အစီအရင် ပြုလုပ်ရာတွင် အသုံးဝင်သော ပစ္စည်း ဖြစ်နိုင်သည် ဟူ၍ ထင်မှတ်သွားကြသည်။
ထိုသို့သော အတွေးနှင့် လူနည်းစု လောက်ကသာ ဈေးပြိုင်ပေးလာကြသည်။
လေလံပွဲ အစီအရင်မှူးပင်လျှင် ဤပစ္စည်းအား ဈေးဖြတ်ရန် တွေးလိုက်သည့် အချိန်တွင်ပဲ ကြည်လင် ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်။
"ယွမ်ဆယ်သန်း"
ကပြားမိန်းကလေးက ပြောလိုက်တာ ဖြစ်သည်။
ဧည့်သည် အများစုသည် ထိုမိန်းကလေး၏ အဆမတန် ဈေးခေါ်လိုက်မှုကြောင့် မှင်တက်သွားကြသည်။ ဆရာဝူသည် တစ်ကြိမ် ဈေးခေါ်လျှင် ယွမ်တသန်းသာ တိုးပေးသော်လည်း ထိုမိန်းကလေးကတော့ တစ်ကြိမ်တည်းနှင့် ယွမ်ဆယ်သန်း တန်းပေးလိုက်သည်။
ယွမ်ဆယ်သန်း ဟူသော ပမာဏကြောင့် ဆရာဝူ၏ စိတ်အား ထက်သန်မှုလေးပင် ကြက်ပျောက် ငှက်ပျောက် ပျောက်သွားရသည်။ သူ့တဘဝလုံး ခက်ခက်ခဲခဲ စုဆောင်းခဲ့ရသော ငွေပမာဏသည်ပင် ယွမ်သန်း နှစ်ဆယ်ခန့်သာ ရှိသည်။ ဆရာဝူက အကူအညီ ရလိုရငြား ချန်းဖန်ထံ လှမ်းကြည့်လိုက်သည်။
ချန်းဖန်လည်း မျက်မှောင်ကြုတ်ကာ တွေးလိုက်မိသည်။
သူ့တွင် စုစုပေါင်း ယွမ်သန်းခြောက်ဆယ်ကျော် ရှိခဲ့သော်လည်း နှင်းတောင် အစီအရင်အတွက် လိုအပ်သော ပစ္စည်းတချို့လည်း ဝယ်ခဲ့သေးရာ သူ၏ ဘဏ်အကောင့်ထဲတွင် ယွမ်သန်း ငါးဆယ်ကျော်သာ ရှိတော့သည်။
ခဏကြာပြီးနောက် ချန်းဖန်က ပြောသည်။
"ကျွန်တော် နောက်ဆုံး ပေးနိုင်တဲ့ ဈေးက သန်းသုံးဆယ်ပဲ"
"ဟုတ်ကဲ့"
ဆရာဝူလည်း အံကြိတ်လိုက်ပြီး လေလံ စစ်ပွဲအား ပြန်လည် စတင်လိုက်သည်။
"နှစ်ဆယ့် တသန်း"
"သန်းသုံးဆယ်"
ကပြား မိန်းကလေးသည် ပျင်းရိပျင်းတွဲဟန်ဖြင့် တံဆိပ်ပြားကို မြှောက်ကာ ဈေးခေါ်လိုက်ပြီး ဆရာဝူတို့ဘက်သို့ ခပ်စောင်းစောင်း တစ်ချက် လှမ်းကြည့်လာသည်။
လူတိုင်းသည် ရုတ်တရက် ပြင်းထန်သွားသော အခြေအနေကြောင့် ပြောစရာစကား မဲ့သွားကြရသည်။
ကျန့်မိသားစု၏ နောက်ခံ တောင့်တင်းပုံနှင့် ဆိုလျှင် ထိုမိန်းကလေးအနေနှင့် ယွမ်ဆယ်သန်းမျှ တိုးပေးခြင်းက မထူးဆန်းပေ။ သူမအတွက် ပိုက်ဆံ ဆိုသည့် အရာက ကိန်းဂဏန်းများထက် ပိုပုံ မရပေ။
ချန်းဖန် ပေးနိုင်သော ဈေးအကန့်အသတ်သို့ ရောက်ရှိသွားသောကြောင့် ဆရာဝူလည်း စိတ်ပျက်လက်ပျက်နှင့် ထိုင်ခုံတွင် ပြန်ထိုင်ကာ ပြောလိုက်သည်။
"ဆရာချန်း အဲဒီ ကပြားမက တကယ် အနှောင့်အယှက်ပဲ ကျုပ်တို့ သူ့ကို.."
ဆရာဝူက လက်ညှိုး တစ်ချောင်းအား လည်ပင်းပေါ်တွင် ကန့်လန့်ဖြတ် တင်ပြရင်း အကြံပေးလာသည်။
"အဲ့လောက် မလိုပါဘူး"
ချန်းဖန်က တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။
ဝိညာဉ်ဆေးမြစ်အား ဆုံးရှုံး လိုက်ရသော်လည်း ကျန့်မိသားစုက ထိုအရာအား မည်သည့်အကြောင်းကြောင့် ဈေးပြိုင်ပေးလာရသည်ကို ချန်းဖန် စဉ်းစားနေခြင်း ဖြစ်သည်။
ကျန့်မိသားစုဝင်များသည် အရူးမဟုတ်ပေ။ အကျိုးအမြတ် မရှိသော အရာတစ်ခုအတွက် ယွမ်သန်းသုံးဆယ် ရင်းနှီးမည် မဟုတ်ပေ။
"မဟုတ်မှလွဲရော သူတို့ကလည်း အဆင့်နိမ့် ဝိညာဉ်ဆေးမြစ်ကို သိနေတာလား"
ထိုသို့အတွေးနှင့် ချန်းဖန်၏ မျက်လုံးများ အရောင်လက်သွားသည်။
***