လျှို့ဝှက်ဆန်းကြယ်သော လူကြီးမင်းရှစ်
Vol. 1 Ch. 64
"ဟမ့် တောသားတွေကများ ငါနဲ့ လာပြိုင်ချင်တယ်ပေါ့"
ကပြားမိန်းကလေးက မျက်နှာကို မော်ချီလိုက်ပြီး ဆရာဝူအား အထင်သေးစွာ တစ်ချက် လှမ်းကြည့် လိုက်သည်။
ထို့နောက် လေလံအိမ်ရှိ အလုပ်သမားများက ထိုသစ်ကိုင်း ထည့်ထားသည့် ဘူးလေးအား ကပြား မိန်းကလေးထံ လာပေးကြသည်။ ထိုမိန်းကလေးက သူမဘေးတွင် ရပ်နေသော သက်လတ်ပိုင်း အရွယ် လူကြီးအား မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"လူကြီးမင်းရှစ် ဒီပစ္စည်းက ရှင်ပြောတဲ့ ထူးဆန်းတဲ့ ကုထုံးအတွက် အသုံးဝင်တာ သေချာပါတယ်နော်"
သက်လတ်ပိုင်း အရွယ် လူကြီး၏ မျက်လုံး မှေးမှေးများက စိတ်လှုပ်ရှားမှုကြောင့် တလက်လက် တောက်ပလို့နေသည်။ သူက သစ်ကိုင်းလေးအား အသေအချာ စစ်ဆေးပြီးနောက် နှမြောတသစွာဖြင့် ညည်းညူ လိုက်သည်။
"နှမြောစရာပဲ ဒီ ထင်းရှူးတစ်ထောင် အဆီအနှစ်က ကုထုံးအတွက် အသုံးဝင်ဖို့ အရမ်းကို နီးစပ်နေပြီ ဒါပေမဲ့ ကြည့်ရတာ ရာစုနှစ် နည်းနည်းလောက် စောပြီး ရိတ်သိမ်းခံ လိုက်ရပုံပဲ"
"ထင်းရှူးတစ်ထောင် အဆီအနှစ်"
ကပြားမိန်းကလေးက ဇဝေဇဝါနှင့် မေးလိုက်သည်။ သူမသည် ထိုကဲ့သော ဆေးမြစ်မျိုးအား တစ်ခါမှ မကြားဖူးခဲ့ပေ။
"ထင်းရှုးတစ်ထောင် အဆီအနှစ် ဆိုတာက ထင်းရှူးပင်တွေရဲ့ အခေါက်ထဲမှာ ရှိတဲ့ အသိဉာဏ်ရှိတဲ့ ဇီဝရုပ် တစ်မျိုးပဲ သူ့ရဲ့ ပုံစံက သစ်ကိုင်းအိုကြီးနဲ့ တူတယ် ကျုပ်တို့ ဂိုဏ်းမှာတော့ လူတိုင်းလိုလို ဒါကို သိကြပေမဲ့ အပြင်လောကမှာတော့ သိတဲ့သူက သိပ်မရှိတော့ဘူး"
လူကြီးမင်းရှစ် ဆိုသူက ပြောသည်။
"ဒါက ကျွန်မတို့ လိုနေတဲ့ပစ္စည်း မဟုတ်ဘူး ဆိုမှတော့ အခု ဘယ်လို လုပ်ရတော့မှာလဲ"
ကပြားမိန်းကလေး၏ မျက်နှာက ပို၍ နက်မှောင်သွားသည်။
ကျိုတင်းမြို့သို့ မလာခင်ကပင် သူမတို့သည် ကျော်ကြားသော တရုတ် တိုင်းရင်းဆေးဆိုင် သုံးဆိုင်သို့ သွားခဲ့သေးသော်လည်း သူမအဘိုး၏ ရောဂါအတွက် သင့်တော်သော ဆေးအား ရှာမတွေ့ခဲ့ပေ။ ကျိုတင်းမြို့ကား သူမအတွက် နောက်ဆုံး မျှော်လင့်ချက် ဖြစ်သည်။ လူကြီးမင်းရှစ်၏ အကြံပေးမှုကြောင့်သာ မဟုတ်ပါက သူမအနေနှင့် ရွတ်တွနေသော သစ်ကိုင်းအိုကြီးအား ယွမ်သန်းသုံးဆယ် ပေး၍ ဝယ်မည် မဟုတ်ပေ။
"ကျွန်မအဘိုးက အများဆုံးမှ သုံးလလောက်ပဲ ခံတော့မှာ ရှယ်ယာရှင်တွေက အခုတည်းက ဘိုးဘိုးရဲ့ ပိုင်ဆိုင်မှုတွေကို မျက်စောင်း ထိုးနေကြပြီ ကျိုတင်းမြို့က ကျွန်မအတွက် နောက်ဆုံး မျှော်လင့်ချက်ပဲ ဒီမှာမှ အသုံးဝင်တာ တစ်ခုခု ရှာမတွေ့ခဲ့ရင် ဘာဆက်လုပ်ရမလဲ ဆိုတာ ကျွန်မ တကယ်ပဲ မသိတော့ဘူး"
ကြောက်ရွံ့မှုနှင့် အားငယ်မှုတို့က ကပြား မိန်းကလေး၏ မျက်လုံးများထဲ ဖြတ်ပြေး သွားကြသည်။
"မစိုးရိမ်ပါနဲ့ အသုံးဝင်တာ တစ်ခုခု ရှာတွေ့လောက်တဲ့ နေရာတစ်ခု ရှိပါသေးတယ်"
လူကြီးမင်းရှစ် ဆိုသူက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
"ဘယ်နေရာလဲ"
မိန်းကလေး၏ မျက်နှာလေးက မျှော်လင့်ချက်တို့ဖြင့် လင်းလက်သွားသည်။
"ကျုပ်တို့ဂိုဏ်းရဲ့ မှတ်တမ်းတွေအရ တည်ထောင်သူ ဘိုးဘေးကြီးက လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က တုန်းတူမြို့ အနီးတစ်ဝိုက်မှာ ထူးခြားဆန်းကြယ်တဲ့ ဆေးမြစ်တစ်ခု တွေ့ခဲ့တယ်လို့ ဆိုထားတယ် ဘိုးဘေးကြီးက အဲဒီ့နေရာကို အမှတ်အသား လုပ်ထားခဲ့ပေမဲ့ ဆေးမြစ်ကိုတော့ ဘယ်သူမှ မထိရသေးဘူး "
လူကြီးမင်းရှစ်က ပြောသည်။
"နောက်ပိုင်း ဘိုးဘေးကြီးက ဟောင်ကောင်ကို ရောက်သွားပြီး အဲဒီ ဆေးမြစ်ကိုလည်း ပြန်မရှာဖြစ်တော့ဘူး"
"တကယ်ပဲလား ဒါဆို ဘာလို့ အခုချက်ချင်း အဲဒီ့ကို သွားမရှာရမှာလဲ"
မိန်းကလေးက စိတ်လှုပ်ရှားစွာနှင့် မေးလိုက်သည်။
"နှစ်ပေါင်း တစ်ရာတောင် ကြာခဲ့ပြီဆိုတော့ တချို့အရာတွေက ပြောင်းလဲသွားခဲ့ပြီ ကျုပ်စိုးရိမ်တာက လွယ်လွယ်ကူကူ ရှာမတွေ့မှာကိုပဲ"
လူကြီးမင်းရှစ်က ခေါင်းယမ်းရင်း ပြောသည်။
"လွန်ခဲ့တဲ့ နှစ်နှစ်ဆယ် လောက်က အဲဒီ့နေရာကို ကျုပ် သွားရှာခဲ့သေးတယ် ဒါပေမဲ့ ဖြစ်နိုင်ချေရှိတဲ့ နေရာတွေကိုပဲ မှတ်သားနိုင်ခဲ့ပြီး ဆက်မရှာနိုင်ခဲ့ဘူး"
"ကျွန်မတို့ အခု ဘာလုပ်သင့်လဲ"
မမလေးကျန့်လည်း နောက်တစ်ကြိမ် ထပ်မံ စိတ်ဓာတ်ကျ သွားရသည်။
နှစ်တစ်ရာ ကြာပြီးသည့်နောက် ထူးခြား ဆန်းကြယ်သော ထိုဆေးမြစ်က မရှိတော့တာလည်း ဖြစ်နိုင်ပေသည်။
ထိုစဉ်မှာပဲ လူကြီးမင်းရှစ်က တစ်စုံတစ်ရာအား တွေးမိသွားဟန်နှင့် မေးလိုက်သည်။
"ခုန ကျုပ်တို့နဲ့ ပြိုင်ပြီး လေလံဆွဲတဲ့ အဘိုးကြီးက တုန်းတူမြို့က မဟုတ်လား"
"ဟုတ်လား"
မမလေးကျန့်လည်း အလျင်အမြန်ပဲ အလုပ်သမား တစ်ယောက်ကို ခေါ်ကာ မေးလိုက်သည်။
ဆရာဝူသည် ကျုံးကျိုးနယ် တစ်ဝိုက်၌ လူသိများသူ ဖြစ်ရာ အလုပ်သမား ကောင်လေးကလည်း ဆရာဝူမှာ တုန်းတူမြို့က ဖြစ်ကြောင်း အတည်ပြုပေးလိုက်သည်။
"အမှန်ပဲ သူက တုန်းတူမြို့က .. လူတွေက သူ့ကို ဆရာဝူလို့ ခေါ်ကြတယ် ပြောကြတာတော့ သူက မှော်အစီအရင်တွေ ပြုလုပ်နိုင်တယ်တဲ့"
မမလေးကျန့်သည် အထင်သေးလှသော အသံအနေအထားနှင့် ပြောလိုက်သည်။
"ဒါတွေကလည်း သူ့ကိုယ်သူ ကျော်ကြားအောင်လို့ လူတွေ အထင်ကြီးအောင် လျှောက်လုပ်နေတာပဲ ဖြစ်မှာပါ"
"ဒါက ကိစ္စမရှိဘူး"
လူကြီးမင်းကျစ်က မတ်တတ်ရပ်ကာ ပြောလိုက်သည်။
"သွားကြစို့ ဆရာဝူနဲ့ သွားတွေ့ကြရအောင်"
မမလေးကျန့်က အံ့ဩသွားသော်လည်း လူကြီးမင်းရှစ် နောက်မှ အလျင်အမြန် လိုက်လာခဲ့သည်။
လေလံပွဲတွင် စိတ်ဝင်စားစရာ ဘာမှ မရှိတော့သောကြောင့် ချန်းဖန်နှင့် ဆရာဝူတို့သည် ပွဲမပြီးခင်ကပင် ပြန်သွားကြသည်။
ဝိညာဉ်ဆေးမြစ်နှင့် လွဲချော်ခဲ့ရသော်လည်း ချန်းဖန်သည် နှစ်သုံးရာ သက်တမ်းရှိသော ဆေးမြစ်တချို့ ရလာခဲ့သည်။ ကျန့်မိသားစုအား ကျေးဇူးတင်ရမလိုပင်။ အပြင်ပိုင်းတွင် ချန်းဖန်၏ အမူအရာက တည်ငြိမ်နေသော်လည်း အတွင်းတွင်တော့ ဒေါသ မီးတောက်လေး တစ်ခုက တောက်လောင်လို့ နေသည်။
ချန်းဖန်အနေနှင့် ဝိညာဉ်ဆေးမြစ်အား အင်အားသုံး၍ လုယူလျှင် ရနိုင်သော်လည်း ကောင်းကင်ဘုံ အရှင်သခင် တစ်ယောက်၏ မာနက ထိုသို့လုပ်ရန် ခွင်မပြုပေ။
"ကျန့်မိသားစုက အကုန်လုံး အရူးတွေပဲ ဒီနေ့ ဆရာချန်း သည်းခံလိုက်လို့သာ သူတို့ ကံကောင်းသွားတယ်မှတ်"
ဆရာဝူသည် ကျန့်မိသားစုအား လက်ရှောင် ပေးလိုက်ရခြင်း အပေါ် မကျေမနပ် ဖြစ်နေဆဲ ဖြစ်သည်။ သူကား လူအများရှေ့တွင် ကလေးမလေး တစ်ယောက်၏ လှောင်ပြောင်ခြင်းအား ခံလိုက်ရသည်။
ဆရာဝူက ချန်းဖန်များ ဒေါသထွက် နေပြီလား ဟူ၍ မျှော်လင့်တကြီး ကြည့်လိုက်သော်လည်း ချန်းဖန်၏ မျက်နှာပေါ်၌ ဘာအမူအရာမှ ဖမ်းဆုပ်မရဘဲ ရေသေကဲ့သို့ တည်ငြိမ်နေဆဲ ဖြစ်သောကြောင့် အနည်းငယ်တော့ စိတ်ပျက်သွားရသည်။
"ရှင် ဘယ်သူ့အကြောင်း ပြောနေတာလဲ"
ထက်ရှသော အသံတစ်ခုက ချန်းဖန်နှင့် ဆရာဝူတို့နောက်မှ ထွက်ပေါ်လာသည်။
ချန်းဖန်တို့လည်း လှည့်ကြည့် လိုက်သည်တွင် သူတို့ထံသို့ လျှောက်လှမ်းလာသော ကပြား မိန်းကလေးအား တွေ့လိုက်ကြရသည်။
"မင်းပဲလား"
ဆရာဝူက စိတ်ပျက်စွာနှင့် မျက်မှောင်ကြီး ကြုတ်ထားလိုက်သည်။
"ဘာလိုချင်လို့လဲ ငါတို့မှာ တခြား လုပ်စရာတွေ ရှိသေးတယ်"
မမလေးကျန့်၏ မျက်နှာက ခက်ထန်သွားပြီး အေးစက်စွာ မေးလိုက်သည်။
"ရှင်က တုန်းတူမြို့က ဝူရှန့်ဟယ်လား"
"ဟုတ်တယ် အဲ့တော့ ဘာဖြစ်လဲ"
ဆရာဝူလည်း မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ပြန်မေးလိုက်သည်။ တစ်စုံတစ်ယောက်က သူ၏ နောက်ကြောင်းအား စုံစမ်းနေခြင်းအပေါ် ဆရာဝူက မနှစ်မြို့ပါ။
ဆရာဝူ၏ မျက်နှာက ပို၍ တည်တင်းသွားကာ အော်လိုက်သည်။
"ထွက်သွားစမ်း ငါအလုပ်ရှုပ်နေတယ်"
မမလေးကျန့်က အလွန် ဒေါသထွက် သွားသော်လည်း သူမက အံကြိတ်လျက် ဒေါသအား ထိန်းလိုက်ရင်း ပြောသည်။
"ရှင့်ကို ကျွန်မအတွက် ပစ္စည်းတစ်ခု ရှာပေးဖို့ တာဝန်ပေးချင်တယ် ကျွန်မရှာမဲ့ ပစ္စည်းက တုန်းတူမြို့နားမှာ ရှိတယ်"
"မင်းက ဘာကိုရှာချင်တာလဲ အုတ်ဂူလား"
ဆရာဝူသည် ထိတ်လန့်မှုကြောင့် ဒူးပင် တုန်သွားသည်။ အမှန်တော့ သူက မလုံမလဲ ဖြစ်သွားခြင်းပင်။ သူတို့ဂိုဏ်း၏ တည်ထောင်သူ ဘိုးဘေးကား သင်္ချိုင်းသူခိုး ဖြစ်ခဲ့ဖူးသည်။ ထို့ပြင် တုန်းတူမြို့၏ မြို့ပြင်တစ်ဝိုက်၌ မရေမတွက်နိုင်သော အမည်မသိ အုတ်ဂူပေါင်း များစွာ ရှိသောကြောင့် ဆရာဝူက ထိုသို့ တွေးလိုက်မိခြင်း ဖြစ်သည်။
"ကျွန်မဘာသာ ဘာပဲရှာရှာ ရှင့်အလုပ် မဟုတ်ဘူး အသေးစိတ်ကို လူကြီးမင်းရှစ်က ရှင်းပြပေးလိမ့်မယ်"
မမလေးကျန့်က သူမနောက်တွင် မတ်တတ်ရပ်နေသော သက်လတ်ပိုင်းအရွယ် လူကြီးအား ညွှန်ပြရင်း ပြောသည်။
ထိုလူကြီးက စက္ကူ ခေါက်ယပ်တောင် တစ်ချောင်းအား ဟန်ပါပါ ကိုင်ထားပြီး မျက်မှန်ပါးပါး တစ်လက် တပ်ထားရာ ပညာရှိတစ်ယောက်နှင့် တူလှသည်။
"ဆရာရှစ် ဟောင်ကောင်က ဖုန်းရွှေပညာရှင်လား"
ဆရာဝူက ပြောလိုက်သည်။
"ဟမ့် ကျုပ်တော့ ကျိုးတောက်ကျီးကိုပဲ ကြားဖူးတယ် ဆရာကျိုးက ဟောင်ကောင်မှာ ဒီလောက် ကျော်ကြားတာ ခင်ဗျားက သူနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ"
မမလေးကျန့်၏ မျက်နှာမှာ နီမြန်းသွားသည်။
ကျိုးတောက်ကျီးကား ဟောင်ကောင်တွင် အကျော်ကြားဆုံး ဆရာများထဲမှ တစ်ယောက်ဖြစ်ကာ သဘာဝကျစွာပင် လူကြီးမင်းရှစ်က ကျိုးတောက်ကျီးနှင့် မယှဉ်နိုင်ပေ။
သူမက တစ်ခုခု ပြန်ပြောရန် ပြင်လိုက်စဉ်မှာပဲ လူကြီးမင်းရှစ်က ရှေ့သို့ ခြေတစ်လှမ်း တိုးလာကာ ပြောလိုက်သည်။
"ကျုပ်က ကျိုးတောက်ကျီးနဲ့ ယှဉ်နိုင်လား မယှဉ်နိုင်ဘူးလား ဆိုတာ မကြာခင် ခင်ဗျား သိလာပါလိမ့်မယ်"
ထို့နောက် လူကြီးမင်းရှစ်က စွမ်းအင်လှိုင်း တစ်ခုအား ဆရာဝူထံသို့ ပစ်လွှတ်လိုက်သည်။
"ကောင်းပြီလေ "
ဆရာဝူကလည်း အလျင်အမြန်ပဲ ရှောင်တိမ်းလိုက်ပြီး မှော်စွမ်းအင်များအား လက်တွင် စုစည်းလိုက်ကာ လူကြီးမင်းရှစ်ထံသို့ ပြန်လည် ပစ်လွှတ်လိုက်သည်။
စွမ်းအင်လှိုင်း နှစ်ခု၏ ရိုက်ခတ်မှုကြောင့် လေဟာနယ်ပင်လျှင် အက်ကွဲသွားဟန် ရသည်။
လူကြီးမင်းရှစ်၏ ခန္ဓာကိုယ်က အနည်းငယ် ယိုင်သွားသော်လည်း သူက အချိန်မီ ထိနိးလိုက်နိုင်သည်။ တစ်ဖက်တွင်တော့ ဆရာဝူမှာ ခြေလှမ်းအနည်းငယ် ဆုတ်ပေးလိုက်ရပြီး မျက်နှာကလည်း ဖြူဖျော့သွားသည်။
"ကျုပ်စွမ်းအားကို မေးခွန်းထုတ်ချင်သေးလား"
လူကြီးမင်းရှစ်က ဖြည်းညင်းစွာ မေးလိုက်သည်။
"ခင်ဗျားတို့က ဘာကို ရှာနေတာလဲ ပြောစရာရှိတာ မြန်မြန်ပြော"
ဆရာဝူက အံ့ကြိတ်၍ မေးလိုက်သည်။
"ကျုပ်က ထူးဆန်းတဲ့ ရေကန်တစ်ခုကို ရှာနေတာ အဲဒီ ရေကန်ရဲ့ နေရာ အတိအကျကို မသိပေမဲ့ တုန်းတူမြို့နားမှာ ရှိတာတော့ သေချာတယ် ရေကန်ထဲက ရေတွေက ဘယ်ရာသီမှာမဆို ရေခဲရေလို အေးနေလေ့ရှိတယ် ရေကန်ရဲ့ အကျယ်က မီတာဒါဇင်ပေါင်း များစွာ ကျယ်တယ်"
လူကြီးမင်းရှစ်က သူရှာလိုသော ရေကန်အကြောင်း ပြောပြနေစဉ်မှာပဲ ဆရာဝူ၏ မျက်နှာကြီးမှာ မည်းမှောင် သွားတော့သည်။
"အဲဒါ ယင်နဂါးရေကန် မဟုတ်ဘူးလား"
လူကြီးမင်းရှစ်၏ မျက်လုံးများမှာ အရောင်တောက်သွားပြီး ချက်ချင်း မေးလာသည်။
"ခင်ဗျားသိတယ်လား အဲ့ရေကန်က ဘယ်နားမှာလဲ"
ဆရာဝူ၏ မျက်နှာကြီးမှာ ဒေါသတို့ လွှမ်းခြုံလာရသည်။ ယင်နဂါးရေကန်သည် သူတို့ ဂိုဏ်း၏ အထွတ်အမြတ်ထားရာ နယ်မြေဖြစ်ပြီး ပြည်သူပိုင် နေရာ မဟုတ်ပေ။
သူက ဒေါသတကြီး ငြင်းဆိုရန် ပြင်လိုက်စဉ်မှာပဲ ချန်းဖန်က ဝင်ပြောလာသည်။
"ခင်ဗျားတို့က ယင်နဂါးရေကန်ကို ဘာကြောင့် ရှာနေတာလဲ"
"ရှာဆိုရင် ရှာလိုက်ပေါ့ ကျန်တာ ရှင်တို့ သိစရာ မလိုဘူး ရှင်တို့ အလုပ် ပြီးတဲ့အခါ ငွေရေးကြေးရေးကို ကျွန်မတို့ဘက်က တွန့်တိုနေမှာ မဟုတ်ဘူး"
မမလေးကျန့်သည် စိတ်ရှည်တော့ဟန် မရဘဲ ပြောလာ၏။
သို့သော သူမအား အံ့ဩသွားစေတာက ခေါင်းယမ်းကာ ပြောလိုက်သော ချန်းဖန်၏ စကားဖြစ်သည်။
"ကျွန်တော်တို့က ပိုက်ဆံမလိုဘူး လေလံပွဲမှာ ခင်ဗျားတို့ နိုင်သွားတဲ့ အမည်မသိ ဆေးမြစ်ကိုပဲ လိုချင်တယ်"
"အတင့်ရဲလိုက်တာ"
မမလေးကျန့်က ချန်းဖန်အား ဒေါသတကြီး ကြည့်လာသည်။
"ကောင်းပြီ ကျုပ်သဘောတူတယ်"
လူကြီးမင်းရှစ်က ဝင်ပြောလိုက်သည်။ မမလေးကျန့်၏ တွေဝေနေသော အမူအရာကို မြင်ရသောအခါ သူက ခေါက်ယပ်တောင်အား ယမ်းရင်း သဘောတူရန် တိုက်တွန်းလိုက်သည်။
ထင်းရှူးတစ်ထောင် အဆီအနှစ်ကား မယုံနိုင်စရာ ကောင်းသော ကုသနိုင်စွမ်း ရှိသော်လည်း မည်သို့ အသုံးချရမည်ကို မသိသော သူများအတွက်မူ အသုံးမဝင်သော သစ်ကိုင်းတစ်ကိုင်းသာ ဖြစ်နေမှာပင်။ လူကြီးမင်းရှစ်က ဆရာဝူတို့နှစ်ယောက် ထိုဆေးမြစ်၏ အသုံးဝင်ပုံအား သိလိမ့်မည်ဟု လုံးဝကို မထင်တာ ဖြစ်သည်။
"ကောင်းပြီ တစ်ပတ်အတွင်း ခင်ဗျားတို့ကို ယင်နဂါးရေကန် ရှိတဲ့နေရာဆီ ခေါ်သွားပေးမယ်"
ချန်းဖန်က ပြောလိုက်သည်။
လူကြီးမင်းရှစ်ကလည်း ပြုံးလိုက်သည်။ သူက မည်သည့် အတွက်ကြောင့် တစ်ပတ်စောင့် ရမည်နည်း ဟုပင် မေးမလာဘဲ မမလေးကျန့်နှင့် အတူ ပြန်လည် ထွက်ခွာသွားတော့သည်။
နှစ်ယောက်လုံး ထွက်သွားပြီ ဆိုတော့မှ ဝူရှန့်ဟယ်က ချန်းဖန်အား စိုးရိမ်တကြီး မေးလာသည်။
"ဘာလို့ သူတို့ကို ကူညီမှာလဲ"
"အဲဒီ လူကြီးမင်းရှစ် ဆိုတဲ့သူက အစွမ်းထက်တဲ့ ကျင့်ကြံသူ တစ်ယောက်ပဲ အနည်းဆုံး ကျုပ်ထက် ပိုအစွမ်းထက်တယ် သူတို့ ခင်ဗျားကို တစ်ခုခု အန္တရာယ် ပြုလိုက်မှာ မကြောက်ဘူးလား"
ချန်းဖန်က နားလည်ရခက်စွာ ပြုံးရင်း စကားဆက်လိုက်သည်။
"မစိုးရိမ်ပါနဲ့ ကျွန်တော့်မှာ အစီအစဉ် ရှိပါတယ်"
ချန်းဖန်၏ အလွန် ယုံကြည်မှု ရှိနေဟန်အား မြင်ရတော့ ဆရာဝူလည်း ရင်ထဲမှ သံသယအား သိမ်းထားလိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။
***