တာအိုသည် ဘယ်တော့မှ လွယ်လွယ်နှင့် မထွက်ပေါ်တတ်
Vol. 1 Ch. 65
ထို့နောက် ချန်းဖန်သည် တစ်ပတ်တာနေရန် အိမ်တစ်လုံး ငှားရမ်းခဲ့သည်။ ဝိညာဉ်ဆေးမြစ်အား ရပြီးနောက် ချန်းဖန် ထွက်ပြေးမည်ကို ဆရာရှစ်က မစိုးရိမ်သော်လည်း မမလေးကျန့်ကမူ ချမ်းဖန်တို့ အိမ်ရှေ့၌ သက်တော်စောင့် များစွာကို စောင့်ကြပ်စေကာ ချန်းဖန်တို့၏ လှုပ်ရှားမှု မှန်သမျှအား စောင့်ကြည့်စေသည်။
မမလေးကျန့်၏ အပြုအမူအား ချန်းဖန်က အရေးလုပ် မနေပေ။ ဝိညာဉ်ဆေးမြစ်အား ရပြီးကတည်းက ချန်းဖန်သည် စွမ်းအင်စုစည်းခြင်း ဆေးလုံးများအား ဖော်စပ်နေခဲ့သည်။
စွမ်းအင်စုစည်းခြင်း ဆေးလုံးကား သက်ရှည်ဆေးနှင့် တူညီသော အကျိုးသက်ရောက်မှု ရှိသည့်အပြင် ကျင့်ကြံသူများ၏ ချီစွမ်းအင်ကိုပါ တိုးမြှင့်ပေးနိုင်သည်။
ကျင့်ကြံသူများသည် မူလဝိညာဉ် အဆင့်သို့ မရောက်သေးခင်၌ ရှင်သန် နေထိုင်နိုင်ရန် ပြင်ပအစားအစာ များအား မှီခိုရန် လိုအပ်သည်။ ထိုအစားအစာများထဲတွင် ပါဝင်သော မသန့်စင်မှု တချို့က ကျင့်ကြံခြင်း လမ်းစဉ်၌ အဟန့်အတား ဖြစ်လာစေနိုင်သည်။
ထို့ကြောင့် ကျင့်ကြံခြင်း ဂိုဏ်းအများစု၌ ပြင်ပ အစားအစာများ၏ နေရာတွင် ဝိညာဉ်ဆေးလုံးများ အစားထိုး၍ စားလေ့ ရှိကြသည်။ ဝိညာဉ် ဆေးလုံးများသည် နေ့စဉ် လိုအပ်သော အာဟာရ ပမာဏအား ဖြည့်တင်း ပေးနိုင်သည် သာမက ကျင့်ကြံရာတွင်လည်း အထောက်အကူ ပြုသည်။
ဝိညာဉ်ဆေးလုံး တစ်လုံးသာ စားထားပါက ဆယ်ရက်ခန့် ရေမသောက်ဘဲ နေနိုင်ရုံသာမက ပြင်ပ အစားအစာများ စားရန်လည်း မလိုအပ်ပေ။ ဝိညာဉ်ဆေးလုံးများသာ အလုံအလောက် ရှိနေလျှင် ပြင်းထန်သော တိုက်ပွဲတစ်ခု၌ ခန္ဓာကိုယ်၏ လျော့နည်းသွားသော စွမ်းအင်များအား လျင်မြန်စွာ ပြန်လည် ဖြည့်တင်းနိုင်မည် ဖြစ်သည်။
ကျိုတင်းမြို့၏ ဆေးဖက်ဝင် ပစ္စည်းများ ပေါများမှုကြောင့် ချန်းဖန်သည် ဆေးလုံး အများအပြားအား လျင်မြန်စွာ ဖော်စပ်နိုင်ခဲ့သည်။
ချန်းဖန်သည် ဤရက်ပိုင်း အတွင်း၌ စွမ်းအင်စုစည်း ဆေးလုံး တစ်ရာကျော် ဖော်စပ်နိုင်ခဲ့သည်။ ထိုပမာဏကား ကျင့်ကြံသူ တစ်ယောက်အတွက် နှစ်နှစ်ခန့် သုံးရန် လုံလောက်ပေသည်။
"ဒီ ဆေးလုံး ပမာဏနဲ့ဆိုရင် အာကာသ သန့်စင် မွမ်းမံခြင်း ကျင့်စဉ်ရဲ့ ပဉ္စမအဆင့်ကို ရောက်ဖို့ ပိုပြီး ယုံကြည်မှု ရှိသွားပြီ"
ချန်းဖန်က ကြိုးစားမှု၏ ရလဒ်ကိုကြည့်ရင်း အလွန် ကျေနပ်လို့နေသည်။
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ခုနစ်ရက်လုံးလုံး ချန်းဖန်သည် အိမ်ထဲမှ အိမ်ပြင်မထွက်ဘဲ ဆေးဖော်စပ်ခြင်းတွင်သာ အာရုံစိုက်ထားခဲ့သည်။
ခုနစ်ရက်မြောက်သော ညတွင်တော့ ဆေးလုံး ဖော်စပ်ခြင်းအား အဆုံးသတ်နိုင်ခဲ့သည်။
ချန်းဖန်သည် တစ်ပတ်လုံးတွင် ပထမဆုံးအကြိမ် အခန်း အပြင်သို့ ထွက်လာခဲ့ပြီး ခြံဝင်း အနောက်ဘက်ရှိ ကုလားထိုင် တစ်ခုတွင် ထိုင်ကာ ကိုယ်တိုင် ပြင်ဆင်ထားသော လက်ဖက်ရည် တစ်ခွက်အား အရသာခံ၍ သောက်နေလိုက်သည်။
ချန်းဖန်က ဆေးဖော်စပ်ရာတွင် ပိုလျှံသော ဆေးမြစ် အကြွင်းအကျန် တချို့အား လက်ဖက်ရည်ထဲတွင် ထည့်ဖျော်ထားရာ လက်ဖက်ရည်၏ အနံ့မှာ လွန်စွာ သင်းပျံ့လို့နေပြီး လူတကာအား သွားရည် ကျစေသည်။ ဆရာဝူသည် ချန်းဖန်၏ အနောက်၌ မတ်တတ်ရပ်နေရင်း ချန်းဖန်လက်ထဲရှိ လက်ဖက်ရည်ခွက်အား မကြာမကြာ လှမ်းကြည့်ကာ တံတွေး မျိုချနေရသည်။
ဆရာဝူသည် ချီစွမ်းအင် ရှားပါးချို့တဲ့သော ကမ္ဘာပေါ်၌ ကြီးပြင်းခဲ့ရသူ ဖြစ်သည့် အလျောက် လက်ဖက်ရည်ခွက် အတွင်းရှိ သင်းပျံ့လှသော ချီစွမ်းအင်းလှိုင်းများ၏ ဆွဲဆောင်မှုအား ခံနေရသည်မှာ လွန်တော့ မလွန်ပါချေ။
"အားရှို့ ပုန်းမနေနဲ့တော့ ထွက်လာခဲ့လေ"
ချန်းဖန်က ခပ်ဖြည်းဖြည်း ပြောလိုက်သည်။
ချန်းဖန်၏ စကား ဆုံးသည်နှင့် အိမ်မကြီး၏ အနောက်ဘက် တံခါးအကွယ်မှ သေးသွယ်သော ပုံရိပ်လေးတစ်ခု ထွက်ပေါ်လာသည်။
အားရှို့က ချန်းဖန်ထံသို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။ သူမက ချန်းဖန်မသိအောင် ခိုးကြည့်မိနေခြင်း အပေါ် အပြစ်ရှိသလို ခံစားရသောကြောင့် တိတ်ဆိတ်စွာနှင့် ခေါင်းလေး ငုံ့ထားသည်။
"ကျွန်တော်တို့က အခု အန္တရာယ်များတဲ့ ခရီးတစ်ခုကို သွားကြတော့မှာ.. ဆရာဝူပြောပြတဲ့ အကြောင်းတွေကို အားရှို့လည်း ကြားထား ပြီးသားပဲလေ အဲဒီ့ရေကန်မှာ မကောင်းဆိုးဝါး မြွေတစ်ကောင် ရှိတဲ့အပြင် အဲဒီ့မြွေက ကျွန်တော်တောင် သတိထား ရင်ဆိုင် ရလောက်အောင် အစွမ်းထက်တယ် ကျွန်တော် အားရှို့ကို အိမ်ပြန်စေချင်တယ် ကျွန်တော်တို့နဲ့ ဆက်မလိုက်စေချင်ဘူး ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော် အားရှို့ရဲ့ လုံခြုံရေးအတွက် အာမခံမပေးနိုင်ဘူး"
ချန်းဖန်က သက်ပြင်းချရင်း စကားဆက်သည်။
"ကျွန်တော် ပြန်လာတဲ့ အခါကျရင် အားရှို့ကို ရှုအောင်းရဲ့ ရုံးမှာ အလုပ်ဝင်နိုင်ဖို့ ကူညီပေးမယ် ဒါမှမဟုတ် တက္ကသိုလ် ဆက်တက်ချင်တယ် ဆိုလည်း အားရှို့သဘောပါ ကျွန်တော် အားရှို့ကို ပျော်ရွှင်တဲ့ ဘဝတစ်ခုမှာ အေးအေးဆေးဆေး နေစေချင်တယ်၊ တစ်နေ့ကျ အားရှို့ ချစ်တဲ့သူနဲ့ လက်ထပ်ပြီး အေးချမ်းတဲ့ မိသားစုဘဝလေး တစ်ခုကို ရလာနိုင်မှာပါ။ ဒါက အားရှို့ရဲ့ အိပ်မက်ပဲလေ ဟုတ်တယ်မလား"
"မဟုတ်ဘူး"
အားရှို့သည် ချန်းဖန်၏ စကားများအား လက်ခံလိုဟန်မရဘဲ သူမမျက်လုံးလေးများက မျက်ရည်ရောင် လက်လာသည်။
သူမက ခေါင်းမော့ပြီး ချန်းဖန်၏ မျက်လုံးများထဲ စိုက်ကြည့်သည်။ သူမမျက်နှာလေးက ပျော့ပျောင်းသွားပြီး အသနားခံသည့် လေသံလေးနှင့် ပြောလာ၏။
"ကျွန်မဘဝမှာ တစ်ကြိမ် လွဲချော် မှားယွင်းခဲ့ပြီးပြီ ဒုတိယအကြိမ် တူညီတဲ့ အမှားမျိုးကို မကျူးလွန်ချင်တော့ဘူး ကျေးဇူးပြုပြီး ကျွန်မကို နှင်မထုတ်ပါနဲ့လား"
အားရှို့က အရဲစွန့်ပြီး ချန်းဖန်အား တစ်ချက် ခိုးကြည့်လိုက်သည်။ သို့သော်လည်း ချန်းဖန်၏ မျက်နှာက ရေသေကဲ့သို့ အပြောင်းအလဲမရှိ တည်ငြိမ်နေဆဲ ဖြစ်ပြီး မည်သည့် ခံစားချက် တစ်စုံတစ်ရာမှ ဖမ်းဆုပ်မရနိုင်ပါ။
အားရှို့သည် ပထမဆုံးအကြိမ် သူမရှေ့မှ ချန်းဖန်ကား နူးညံ့ညင်သာသော စကားတွေသာ ဆိုတတ်သော သူမ သိခဲ့ဖူးသည့် အစ်ကိုချန်း မဟုတ်တော့သလို ခံစားချက်အား ရလိုက်သည်။ ရုတ်ခြည်းဆိုသလို သူမအရှေ့တွင် ထိုင်နေသော ချန်းဖန်သည် လူသားတို့၏ ခံစားချက်မျိုးစုံနှင့် လုံးဝ မသက်ဆိုင်တော့သော မြင့်မြတ်သည့် တည်ရှိမှု တစ်ခုအလား တွေးထင်လာမိသည်။
ရှုပ်ထွေးလှသော ခံစားချက်များနှင့် သူမ ချာချာလည်နေစဉ်မှာပဲ ကြည်လင် ပြတ်သားလှသော ချန်းဖန်၏ အသံအား ကြားလိုက်ရသည်။
"အခုချိန်မှာတော့ မင်းက အတင်းအကျပ် နှင်ထုတ် ခံရတယ်လို့ တွေးကောင်း တွေးနေလိမ့်မယ် ဒါပေမဲ့ လူ့ဘဝဆိုတဲ့ ခရီးက အရှည်ကြီးပဲ ကြည်လင်တဲ့ နှလုံးသားတစ်စုံနဲ့ ကြံ့ခိုင်တဲ့ စိတ်ဓာတ်တစ်ခု မရှိဘဲနဲ့ လောကကြီးကို ဘယ်တော့မှ မှန်ကန်တဲ့ ရှုထောင့်ကနေ ကြည့်မြင်နိုင်မှာ မဟုတ်ဘူး"
"ပြီးတော့ ဒါကို မှတ်ထားပါ 'တာအိုဆိုတာက ဘယ်တော့မှ လွယ်လွယ်နဲ့ ထွက်ပေါ် မလာတတ်ဘူး' "
ချန်းဖန်သည် နောက်ဆုံး စာကြောင်းအား ကောင်းကင်ဘုံ အရှင်သခင် တစ်ယောက်၏ အရှိန်အဝါကို အသုံးပြုကာ အားရှို့၏ စိတ်အတွင်းသို့ တိုက်ရိုက် ပြောကြားလိုက်ခြင်း ဖြစ်သည်။
"တာအိုဆိုတာက ဘယ်တော့မှ လွယ်လွယ်နဲ့ ထွက်ပေါ်မလာတတ်ဘူး"
အားရှို့သည် ထိုစာကြောင်းလေးအား ဖြည်းညင်းစွာ ထပ်ကာထပ်ကာ ရေရွတ်နေမိသည်။ ထိုအချိန် ခဏလေး၌ ချန်းဖန်သည် သူမ၏ စိတ်အတွင်းထဲထိပင် ထိုးဖောက် မြင်နိုင်စွမ်း ရှိသလို ခံစားလိုက်ရသည်။
သူမသည် သိုင်းပညာ တံခွန်စိုက်ပွဲတွင် ချန်းဖန် ပြသခဲ့သော မယုံနိုင်စရာ စွမ်းရည်ကို ကြည့်ရင်း အရူးအမူး အားကျခဲ့ရသည်။ ထိုစဉ်က သူမ၏ ခံစားချက်အား ရှင်းရှင်းလင်းလင်း နားမလည်ခဲ့သော်လည်း ယခုမူ အရာအားလုံးက ရှင်းလင်း ပြတ်သားသွားပြီ ဖြစ်သည်။ ထိုသို့သော အစွမ်းမျိုးအား သူမလည်း ပိုင်ဆိုင်လိုသည်။ အကယ်၍ သူမသာ ချန်းဖန်ကဲ့သို့ အစွမ်းထက်လာခဲ့ပါက မည်သူ့ကိုမှ အောက်ကျို့စရာ လိုမည် မဟုတ်တော့ဘဲ မိသားစု၏ ချောင်ထိုးခြင်းကိုလည်း ခံရတော့မည် မဟုတ်ပေ။
ရုတ်တရက် ပြင်းပြလှသော စိတ်ဆန္ဒတစ်ခုက သူမ၏ အသွေးအသားများထဲမှ ရုန်းကြွလာသလို ခံစားလိုက်ရသည်။ သူမ အစွမ်းထက် လာချင်သည်။ လောကကြီး၏ ထိပ်ဆုံးသို့ ရောက်သည်အထိ ကြိုးစားကြည့် ချင်လာသည်။
ခြံဝင်းအတွင်း ဖြာကျလျက်ရှိသော လရောင်၏ အောက်တွင် ချန်းဖန်၏ အသွင်က ပိုမို ခံ့ညား ချောမောလို့နေသည်။ သူက စူးရှသော မျက်လုံးအစုံနှင့် အားရှို့၏ စိတ်အတွင်းထဲသို့ ထိုးဖောက် မြင်နေရသည်။ တဖြည်းဖြည်း ပြောင်းလဲလာသော အားရှို့၏ စိတ်ဆန္ဒများအား မြင်ရသော် ကျေနပ်စွာ ခေါင်းညိတ် လိုက်မိသည်။
"အရမ်းကောင်းတယ် အရည်အချင်းရှိတဲ့ ကျင့်ကြံသူ တစ်ယောက် ဖြစ်လာဖို့အတွက် ကံကောင်းမှုတချို့ အပြင် စိတ်ဓာတ် ကြံ့ခိုင်မှု ရှိဖို့ကလည်း အရမ်းအရေးပါတယ် တကယ်လို့ လောကကြီးမှာ ရှိတဲ့ လူတိုင်းကသာ လွယ်လွယ်ကူကူနဲ့ ကျင်ကြံသူတွေ ဖြစ်လာနိုင်ကြမယ် ဆိုရင် မျှခြေဖြစ်နေတဲ့ လောကနိယာမတွေ အကုန်လုံး ကမောက်ကမ ဖြစ်သွားလိမ့်မှာပေါ့ ဆရာဝူရဲ့ အတွေ့အကြုံကို နားထောင်ကြည့်လိုက်ပါဦး"
ချနဖန်၏ စကားကိုကြားသော် အားရှို့က ဆရာဝူထံ လှမ်းကြည့် လိုက်သည်။
ဆရာဝူလည်း ခေါင်းညိတ် လိုက်ပြီး သူ၏ ကိုယ်ပိုင် တပည့်အား ဆုံးမနေသကဲ့သို့ လေးနက်လှသော လေသံနှင့် အစချီလိုက်သည်။
"ကျင့်ကြံခြင်းလမ်းစဉ်ကို အစပြုမယ်ဆိုရင် အရေးအကြီးဆုံးကတော့ ကိုယ့်ရဲ့ဆရာပေါ့ ပထမဆုံး စသင်မဲ့ တပည့်တစ်ယောက် အတွက်တော့ နှစ်နှစ်လောက်က တံမြက်စည်းတဲ့ တာဝန်လောက်နဲ့ ဆရာ့အနားမှာ နေရတယ် နောက်နှစ်နှစ်လောက် ကြာတော့ လက်ဖက်ရည် ပြင်ပေးရတဲ့ အဆင့်ကို တက်သွားတယ် နောက်နှစ်နှစ်လောက် ထပ်ကြာတော့ ဆရာဖြစ်သူ သွားလေရာ နောက်ကို လိုက်ပြီး တောက်တိုမယ်ရ လုပ်ပေးရတယ် ဒီလိုနဲ့ နှစ်တွေ အများကြီး ကြာပြီးတော့မှ ဆရာဖြစ်သူက ကျင့်ကြံခြင်းရဲ့ အခြေခံ အသိပညာလေးတွေကို စပြီး သင်ပေးတယ် သင်ပေးပြီးလို့ သတ်မှတ်ထားတဲ့ အချိန်တစ်ခု အတွင်းမှာမှ ကျင့်ကြံခြင်းနဲ့ ပတ်သက်တဲ့ ဘာဉာဏ်အလင်းမှ ရမလာခဲ့ဘူး ဆိုရင်တော့ အဲဒီ့တပည့်က ဂိုဏ်းကနေ ကန်ထုတ်ခံရမှာ အသေအချာပဲ တပည့်တွေ အများကြီးထဲကမှ လုံ့လဝီရိယ ရှိပြီး ထူးချွန်တဲ့ တပည့်တွေကိုမှ ဆရာတချို့က သူတို့ရဲ့ တိုက်ရိုက် တပည့်အဖြစ် ရွေးချယ်သွားကြတယ် "
ဆရာဝူ၏ မျက်လုံးများက အနည်းငယ် မှိုင်းပျသွားပြီး အတိတ်သို့ ပြန်လည် အမှတ်ရသွားဟန်နှင့် တမ်းတမ်းတတ ပြောလာသည်။
"ငါ တပည့်ဘဝကဆိုရင် ငါ့ဆရာက ငါ့ရဲ့ ဆုံးဖြတ်ချက်နဲ့ စိတ်ဓာတ် ကြံ့ခိုင်မှုအတွက် ဆယ်နှစ်တိတိ စမ်းသပ်ပြီးတော့မှ အပြည့်အဝ ယုံကြည်ခဲ့တယ်လေ ပြောရရင် ဆရာချန်းရဲ့ အစွမ်းက တစ်ချိန်တုန်းက ငါ့ဆရာထက်တောင် ပိုသေးတယ် ငါ့အနေနဲ့ သေချာ ပြောနိုင်တာတစ်ခုက မင်းသာ ဆရာချန်းရဲ့ နောက်ကို လိုက်ခဲ့ရင် လောကကြီးရဲ့ ထိပ်ဆုံး တစ်နေရာမှာ ရပ်နိုင်လိမ့်မယ် ဆိုတာပဲ ဒါပေမဲ့လို့ တစ်ခုလိုချင်ရင် တစ်ခုကို စွန့်လွှတ်ရတာက လောက သဘာဝပဲလေ မင်းက ဆရာချန်းရဲ့ တပည့် ဖြစ်လာချင်ရင် တချို့အရာတွေကိုတော့ သက်သေပြဖို့ လိုလိမ့်မယ်"
ဆရာဝူ၏ စကားဆုံးသည့်နောက် အားရှို့က အံတင်းတင်း ကြိတ်လိုက်ပြီး ချန်းဖန်၏ ရှေ့၌ ဒူးထောက်ချလိုက်သည်။
"ဆရာ ကျေးဇူးပြုပြီး ကျွန်မကို လက်ခံပေးပါ ဘယ်လောက်ပဲ ပင်ပန်းပါစေ ကျွန်မ သည်းခံနိုင်ပါတယ် ဆယ်နှစ်လုံးလုံး အစေခံတစ်ယောက်လို နေရမယ် ဆိုရင်တောင် ဆရာ့ဆီက သင်ယူဖို့ ဆန္ဒရှိပါတယ်"
"အရင်ဆုံး မတ်တတ် ရပ်လိုက်ပါ"
ချန်းဖန်က တည်ငြိမ်စွာ ပြောသည်။
"ငါ့အနေနဲ့ မင်းကို တပည့်အဖြစ် လက်ခံပေးဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး ဒါပေမဲ့ တချို့အရာတွေကို အရင်ဆုံး ရှင်းလင်းအောင် လုပ်ဖို့ လိုတယ် ငါ့တပည့် ဖြစ်လာပြီးရင် မင်းဘဝကို ငါပိုင်သွားပြီ တကယ်လို့ တစ်နေ့နေ့မှာ မင်းက ငါ့ကို သစ္စာဖောက်ခဲ့ရင် လောကကြီးရဲ့ ဟိုးအနက်ရှိုင်းဆုံး တစ်နေရာမှာ သွားပြီး ပုန်းနေရင်တောင် ငါကိုယ်တိုင် မင်းကို လိုက်ရှာပြီး ထိုက်တန်တဲ့ အပြစ်ဒဏ်ကို ပေးမယ်"
ချန်းဖန်၏ အသံမှာ တည်ငြိမ်ပြီး တိုးညင်းသော်လည်း စကားလုံး တစ်လုံးချင်း စီတိုင်းက ရှင်းလင်း ပြတ်သားပြီး နားထောင် နေသူတိုင်းအား ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေသည်။
အားရှို့၏ ခန္ဓာကိုယ်လေးမှာ အနည်းငယ် တုန်ယင်သွားပြီး ပင့်သက်ရှိုက် လိုက်မိသည်။ သို့သော်လည်း သူမ၏ ဆုံးဖြတ်ချက်ကတော့ ပြောင်းလဲမသွားပေ။
"ဟုတ်ကဲ့ ဆရာ"
"ငါ့ကို ဆရာလို့ မခေါ်နဲ့ မင်းက အခုထိ ငါ့တပည့် မဟုတ်သေးဘူး"
အားရှို့က အနည်းငယ် ဝမ်းနည်း သွားသော်လည်း ပြတ်သားစွာ ပြောလိုက်သည်။
"အခုချိန်မှာ ကျွန်မက ဆရာ့ရဲ့ တပည့်ဖြစ်ဖို့ မထိုက်တန်သေးဘူး ဆိုရင်တောင် မကြာခင်မှာ ကျွန်မက အလုပ်နဲ့ သက်သေပြ သွားပါ့မယ်"
အားရှို့ မတ်တတ် ပြန်ရပ်လိုက်သည့် အချိန်တွင်ပဲ ဆရာဝူက ချန်းဖန်အား အရိုအသေ ပေးရင်း ပြောလာသည်။
"တပည့်တစ်ယောက် ရလိုက်တဲ့ အတွက် ဆရာချန်းကို ဂုဏ်ပြုပါတယ်"
ချန်းဖန်က ခေါင်းသာ ယမ်းလိုက်သည်။ အားရှို့ကား ယခုထိ သူ၏ တပည့် မဟုတ်သေးပေ။
တစ်ချိန်က ချန်းဖန်သည် ထန်ချင်၏ တပည့် ဖြစ်လာရန် မည်ကဲ့သို့သော အရာများအား ဖြတ်ကျော်ခဲ့ရသည်ကို ဘယ်သူကမှ သိနိုင်မည် မဟုတ်ပါ။
ထိုစဉ်က ထန်ချင်သည် စကြဝဠာအနှံ့ လှည့်လည် သွားလာရင်း ပါရမီရှင် လူငယ် အများအပြားအား စုဆောင်းခဲ့သည်။ ထို့နောက် သူတို့အားလုံးအား ထန်ချင်ကိုယ်တိုင် ဖန်တီးထားသော ပုံရိပ်ယောင် ကမ္ဘာတစ်ခု အတွင်းသို့ ပစ်ထည့်ကာ လူငယ်လေးများ အချင်းချင်း အသေအကြေ တိုက်ခိုက်စေခဲ့သည်။
ချန်းဖန်သည်လည်း ထန်ချင်၏ ရွေးချယ်ခြင်းကို ခံရပြီးနောက် ပုံရိပ်ယောင် ကမ္ဘာထဲ၌ ဆယ်နှစ်ကျော်ခန့် အသေအကြေ တိုက်ပွဲဝင်ခဲ့ရသည်။ သေလုမျောပါး အခြေအနေအား အကြိမ်ကြိမ် ကျော်ဖြတ်ခဲ့ပြီးမှ နောက်ဆုံးတွင် ထန်ချင်၏ ခုနစ်ယောက်မြောက် တပည့်အဖြစ် တစ်ရားဝင် သတ်မှတ်ခြင်း ခံခဲ့ရသည်။
ကျင့်ကြံခြင်း လမ်းစဉ်၌ အနာမခံနိုင်ပါက အသာစံနိုင်မည် မဟုတ်ပေ။
ထန်ချင်သည် စကြဝဠာ တလွှားမှ ထူးချွန်သော လူငယ်ပေါင်း ဘီလီယံနှင့်ချီ၍ ရွေးချယ်ခဲ့သော်လည်း ပုံရိပ်ယောင်ကမ္ဘာရှိ တိုက်ပွဲ ပြီးသည့်နောက် လက်တစ်ဆုပ်စာ ပမာဏခန့်ရှိသော လူများကသာ တစ်ရားဝင် တပည့်များ ဖြစ်လာခဲ့ကြသည်။
"တာအိုက ဘယ်တော့မှ လွယ်လွယ်နဲ့ ထွက်ပေါ် မလာတတ်ဘူး လွယ်လွယ်နဲ့ ထွက်ပေါ်လာရင်လည်း အဲဒီ တာအိုက စစ်မှန်မှာ မဟုတ်ဘူး"
ထို့နောက်တွင် အားရှို့သည် ချန်းဖန်အား အရိုအသေပြုပြီး ဆရာအဖြစ် အသိအမှတ် ပြုခဲ့သည်။ ချန်းဖန်က သူမအား ကျင့်ကြံခြင်း၏ အခြေခံ သဘောတရားများအား ချက်ချင်း သင်ပေးရန် အစီအစဉ် မရှိပေ။ နောက်ပိုင်းတွင်မှ တဖြည်းဖြည်းချင်း သင်ပေးပြီး အစစ်အမှန်သိုင်း သုံးဆယ့်ခြောက်ကွက်၏ ပထမဆုံးသုံးကွက်အား သင်ပေးရန် တွေးထားသည်။ ထိုမျှဆိုလျှင် သူမအတွက် ချီသန့်စင်ခြင်း အခြေခံအဆင့်၏ အလယ်အလတ် အဆင့်သို့ ရောက်ရှိနိုင်ရန် လုံလောက်နေပြီ ဖြစ်သည်။ အကယ်၍ အားရှို့က ကျင့်ကြံခြင်းတွင် ပါရမီ ပါလာခဲ့ပါက ချီပြည့်စုံ အဆင့်သို့တိုင် ရောက်ရှိ နိုင်ပေလိမ့်မည်။ ထိုအခါမှ ချန်းဖန်က သူမအား တရားဝင် တပည့်အဖြစ် လက်ခံမှာ ဖြစ်သည်။
"ငါကိုယ်တိုင် ပြင်ဆင်ထားတဲ့ ဒီလက်ဖက်ရည် တစ်ခွက်ကို သောက်ပြီးရင် အနားယူကြတာပေါ့ ခက်ခဲတဲ့ ခရီးတစ်ခုက ငါတို့ကို စောင့်ကြိုနေတယ်"
ချန်းဖန်သည် ကရားထဲရှိ လက်ဖက်ရည် အနည်းငယ်အား ခွက်တစ်ခွက်ထဲသို့ ထည့်လိုက် ပြီးနောက် အားရှို့ထံသို့ ကမ်းပေးလိုက်သည်။
အားရှို့သည်လည်း များများစားစား စဉ်းစား မနေတော့ဘဲ လက်ဖက်ရည်ခွက်အား တရိုတသေ လှမ်းယူလိုက်ပြီး တစ်ကျိုက်တည်း မော့သောက် လိုက်လေသည်။ ရုတ်တရက် အေးစက်မှု တစ်ခုက သူမ၏ လည်ချောင်းတစ်လျှောက် အူမကြီးအထိ စီးဆင်းသွားသည်။ ရုတ်ခြည်းဆိုသလို ထိုအေးစက်မှုက လောင်ကျွမ်းနေသော အထိအတွေ့ တစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူမ၏ အရည်ပြားမှာ မီးကင်ထားသကဲ့သို့ နီရဲလာတော့သည်။
"ခရက်ခ်"
တစ်စုံတစ်ရာ ကျိုးပျက်သွားသော အသံလေးတစ်ခုက သူမ အရေပြားများမှ ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ် အတွင်းတွင်ပဲ သူမ၏ ခန္ဓာကိုယ်၌ အရေပြားများ အတွင်းမှ စိမ့်ယိုထွက်လာသော အနက်ရောင် အညစ်အကြေးများနှင့် ဖုံးလွှမ်း သွားတော့သည်။
အားရှို့က သူမ ခန္ဓာကိုယ်မှာ ယခင်ကထက် ပိုမို ပေါ့ပါး လန်းဆန်းသွားပြီး အားအင်အပြည့် ဖြစ်သွားသလို ခံစားလိုက်ရသည်။
"ဒါက.. ခြင်ဆီ လဲလှယ်ခြင်းပဲ "
ဆရာဝူက အံ့အားသင့်စွာနှင့် ရေရွတ်လိုက်မိသည်။ ဆရာဝူသည် ထိုအခြေအနေသို့ ရောက်ရှိနိုင်ရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ တစ်ဖက်တွင်တော့ အားရှို့မှာ ချန်းဖန် ပြင်ဆင်ထားသော လက်ဖက်ရည် တစ်ခွက်နှင့်တင် ထိုအခြေအနေသို့ အလွယ်တကူ ရောက်ရှိသွားခဲ့သည်။
သူမ ခန္ဓာကိုယ်၏ ပုံမှန်မဟုတ်သော ပြောင်းလဲ တိုးတက်မှုများမှာ ချန်းဖန်၏ လက်ဖက်ရည်ကြောင့် ဖြစ်ကြောင်း နားလည်သွားသောအခါ အားရှို့သည် နောက်တစ်ကြိမ် ဒူးထောက်လိုက်ပြီး လေးစားစွာနှင့် အရိုအသေ ပေးလိုက်လေသည်။
လက်ဖက်ရည် တစ်ခွက်ကား အားရှို့၏ ဘဝကိုပင် ပြောင်းလဲပစ်နိုင်သည်။ သူမကား သာမန် အားနွဲ့သော မိန်းမငယ်လေး တစ်ယောက် မဟုတ်တော့ပေ။ သက်လုံကောင်းခြင်း၊ အမောနိုင်ခံနိုင်ခြင်း ကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုများက အကောင်းဆုံး အခြေအနေသို့ ရောက်ရှိ သွားခဲ့ပြီ ဖြစ်သည်။
ဆရာဝူ၏ မျက်လုံးများထဲရှိ စိတ်ပျက် အားလျော့ခြင်းနှင့် အားကျခြင်းများကို မြင်ရသော် ချန်းဖန်က ပြောလိုက်သည်။
"ယင်နဂါးရေကန်ရဲ့ ပြဿနာကို ရှင်းပြီးရင် ခင်ဗျားကိုလည်း လက်ဖက်ရည် တစ်ခွက် ပြင်ဆင်ပေးမယ်"
ဆရာဝူမှာ အလွန်အမင်း ပျော်ရွှင်သွားပြီး အလျင်အမြန် ဒူးထောက် ချလိုက်ကာ ပြောလေသည်။
"ကျေးဇူးတင်ပါတယ် ဆရာချန်း ကျုပ် ဆရာချန်းကို စိတ်မပျက်စေရပါဘူး"
ချန်းဖန်သည် ပြုံးရုံသာ ပြုံးလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။
***