ယင်နဂါး ရေကန်ဆီသို့
Vol. 1 Ch. 66
နောက်တစ်နေ့ နံနက်တွင် ချန်းဖန်တို့ လူစုနှင့် မမလေးကျန့်တို့လူစု ပြန်လည် စုဝေးကြသည်။
ထိုအခါတွင်မှ မမလေးကျန့်၏ အမည်ရင်းမှာ ကျန့်အန်းချီ ဖြစ်ပြီး အင်္ဂလိပ် အမည်မှာ အန်နာ ဖြစ်ကြောင်း ချန်းဖန် သိလိုက်ရသည်။
ကျန့်အန်းချီ၏ ဖခင်မှာ ဟောင်ကောင်ရှိ ကျော်ကြားလှသော ကျန့်မိသားစု ခေါင်းဆောင် ကျန့်ကျုံးမင်၏ ဒုတိယသား ကျန့်ဟောက်ချန် ဖြစ်သည်။ ကျန့်အန်းချီ၏ မိခင်က အနောက်တိုင်းသူ ဖြစ်သည်။ ကျန့်အန်းချီသည် မိခင်ဘက်မှ အမွေများအား ဆက်ခံ ရရှိမည်သာမက ကျန့်မိသားစု၏ တစ်ဦးတည်းသော အမွေဆက်ခံသူလည်း ဖြစ်သည်။
ထိုမျှမကသေး ကျန့်အန်းချီသည် ကျော်ကြားသော မော်ဒယ်၊ ဖက်ရှင် ဒီဇိုင်နာတစ်ယောက် ဖြစ်သည်။ နယ်ဘက်ရှိ လူများမှာ သူမအား သိပ်မသိကြ သော်လည်း ဟောင်ကောင်ကဲ့သို့သော မြို့ကြီးပြကြီးတွင်တော့ သူမက ချမ်းသာသော မိသားစုများမှ ကလေးအများစု၏ အိုင်ဒေါဖြစ်သည်။
ကျန့်အန်းချီတို့ အုပ်စုနှင့် ချန်းဖန်တို့သည် SUVကား ငါးစီးဖြင့် တုန်းတူမြို့သို့ မောင်းနှင် လာကြသည်။
ကျန့်အန်းချီသည် ချန်းဖန်နှင့် အားရှို့တို့အား တစ်ချက်ကြည့် လိုက်ပြီး ဆရာဝူအား မေးသည်။
"ရှင်က ဘာလို့ ဒီကလေး နှစ်ယောက်ကို ကျွန်မတို့နဲ့အတူ ခေါ်လာတာလဲ"
ဤတစ်ပတ် အတောအတွင်း သူမက ဆရာဝူ၏ နောက်ကြောင်းအား အသေးစိတ် စုံစမ်းခဲ့သည်။ ထို့ကြောင့် ဆရာဝူသည် အမှန်တကယ်ပင် မှော်ပညာတချို့ တတ်မြောက်ကြောင်း သိခဲ့ရသည်။ ဆရာဝူကား လူကြီးမင်းရှစ်နှင့် မယှဉ်နိုင်သော်လည်း သူ့နယ်ပယ်တွင်တော့ ဆရာတဆူ ဖြစ်နေသေးတာပင်။
တစ်ဖက်တွင်တော့ သူမက ချန်းဖန်နှင့် အားရှို့အကြောင်း မည်သည့် သတင်း အချက်အလက်မှ မရရှိခဲ့ပေ။ ထိုနှစ်ယောက်အား ကြည့်ရသည်မှာ ဆယ့်ခြောက်၊ ဆယ့်ခွန် ခန့်သာ ရှိမည့်ပုံ ပေါ်ပြီး ရုပ်ရည်များ အလွန် ချောမောကြသည်က လွဲလျှင် ဘာမှ မထူးခြားပေ။ သူမက ထိုနှစ်ယောက်၏ အကြောင်း ဘာမှ စုံစမ်း၍ မရသောကြောင့် လူကြီးမင်းရှစ်ကိုပင် အကဲခတ်ခိုင်း ခဲ့သေးသည်။ နောက်ဆုံးတွင်တော့ ထိုနှစ်ယောက်မှာ သူမတို့ ခရီးစဉ်အတွက် အကူအညီ မပေးနိုင်သည့်အပြင် အနှောင့်အယှက်ပင် ဖြစ်လာနိုင်ကြောင်း သူမက ကောက်ချက် ချလိုက်သည်။
သို့သော်လည်း ဆရာဝူက ဒေါသတကြီး တုံ့ပြန်လာသည်။
"ဆရာ.. အဲ သခင်လေးချန်းက အဲဒီ ရေကန်နားမှာ နေတာ ရေကန်တစ်ဝိုက်က နယ်မြေကို သူ့ထက် ဘယ်သူကမှ ပိုပြီး မသိနိုင်ဘူး သူမပါရင် ကျုပ်လည်း မသွားဘူး"
"တကယ်လား"
ကျန့်အန်းချီက ချန်းဖန်အား သံသယ မျက်လုံးနှင့် လှမ်းကြည့်လာသည်။
သူမသည် ပြည်မကြီးတွင် ကြီးပြင်းခဲ့သူ မဟုတ်သောကြောင့် ပြည်မကြီးမှ လူများနှင့် အကျွမ်းတဝင် မရှိသော်လည်း ချန်းဖန်၏ ရုပ်ရည်အရ တောထဲ၊ တောင်ထဲတွင် ကြီးပြင်းခဲ့ရပုံ မပေါ်တာတော့ သူမ သေချာသိပါ၏။
"ဒါက ကိစ္စမရှိဘူး လူနှစ်ယောက်လေးပဲ ပိုလာတာလေ ဘာမှ ဖြစ်မသွားပါဘူး"
လူကြီးမင်းရှစ်က စိတ်မရှည်စွာ ဝင်ပြောလာသည်။
စကားပြောရင်း လူကြီးမင်းရှစ်က အားရှို့အား သံသယနှင့် လှမ်းကြည့်လိုက်သည်။ လွန်ခဲ့သော တစ်ပတ်က ထိုမိန်းကလေးသည် အထိမခံ၍ နုနယ်လှသော မိန်းမငယ်လေး တစ်ယောက်သာ ဖြစ်နေသေးသော်လည်း ယခုတွင်တော့ အလွန် ဒူပေနာပေ ခံနိုင်သည့်ပုံ ပေါက်နေရုံသာမက အားကောင်းသော အငွေ့အသက် တစ်ခုကလည်း သူမထံမှ ထွက်ပေါ်နေသည်။ မဟုတ်မှလွဲ.. ထင်းရှူး တစ်ထောင် အဆီအနှစ်အား ထိုမိန်းကလေး စားလိုက်သည်များလား။
ထိုသို့အတွေးနှင့် လူကြီးမင်းရှစ်က ခေါင်းယမ်းကာ ညည်းညူလိုက်သည်။
"ဖြုန်းတီးမှုကြီးပဲ"
သို့သော်လည်း မကြာမီ ယင်နဂါးရေကန်သို့ ရောက်သည့်အခါ စစ်မှန်သော ဝိညာဉ် ဆေးလုံးအား ရရှိတော့မည် ဖြစ်သောကြောင့် လူကြီးမင်းရှစ်က ထင်းရှူးတစ်ထောင် အဆီအနှစ် အကြောင်း မေ့ထားလိုက်သည်။
နာရီအနည်းငယ် ကြာအောင် မောင်းလာပြီးနောက် SUV ကားတန်းကြီးက တုန်းတူမြို့ အဝင်ရှိ ဖြတ်သန်းခ ပေးဆောင်ရသော ဘူတာရုံ တစ်ခုသို့ ရောက်ရှိလာသည်။ ကားငါးစီးက ရုံနှင့် မလှမ်းမကမ်း တစ်နေရာတွင် ရပ်လိုက်ကြသည်။
ရုံအရှေ့ဘက်၌မူ ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားကြသော ဆယ်ကျော်သက် တစ်စုက ဇိမ်ခံကား ကိုယ်စီနှင့် စုရုံးနေကြသည်။
ချန်းဖန်တို့လည်း ကားအတွင်းမှ ထွက်လိုက်ကြသည်။
ကျန့်အန်းချီ ကားအတွင်းမှ ထွက်လာသည်နှင့် ကားများနှင့် ဟန်ရေးပြ နေကြသော ဆယ်ကျော်သက်များမှာ သူမအား နှုတ်ဆက်ရန် အလုအယက် ပြေးလာကြလေသည်။
"သူတို့က ဘယ်သူတွေလဲ"
"တုန်းတူမြို့က ဆန်ကုန်မြေလေး သူဌေးသားသမီးတွေလေ"
ဆရာဝူက ဖြေလိုက်သည်။
"ကျန့်အန်းချီအတွက် လာကြတာနေမှာပေါ့"
ခဏမျှကြာပြီးနောက် အနှီ ဆယ်ကျော်သက် တစ်စုမှာ ချန်းဖန်တို့အား တွန်းတိုက် ကျော်သွားကြပြီး သစ်သီးကိတ် တစ်ခုအား ယင်များ အုံနေသည့်အလား ကျန့်အန်းချီ အနီး၌ ဝိုင်းအုံ နေကြတော့သည်။
ကျန့်အန်းချီသည်လည်း ထိုဆယ်ကျော်သက်များအား အထင်ကြီးပုံ မရပေ။ တစ်ချိန်လုံးတွင် သူမက အေးစက်စက် မျက်နှာထားကိုသာ ချိတ်ဆွဲထားပြီး ဆယ်ကျော်သက် ကောင်လေးများ၏ နှုတ်ဆက် လာမှုများအား သာမန်ကာ လျှံကာမျှသာ တုံ့ပြန်သည်။ သို့သော်လည်း သူမအနေနှင့် စိတ်အား ထက်သန် လွန်းနေသော ဆယ်ကျော်သက် ကောင်လေး တစ်စုအား မတားဆီးနိုင်ပါ။
ဆယ်ကျော် သက်လေးများ၏ မျက်လုံးများထဲတွင်မူ ကျန့်မိသားစုမှ မမလေးမှာ သေလောက်အောင် လှလွန်းနေတာ ဖြစ်သည်။ အာရှသွေးတဝက်၊ အနောက်တိုင်း သွေးတစ်ဝက်စီ ရောကာ ထူးခြားဆန်းပြားစွာ ဆွဲဆောင်မှု ရှိလွန်းနေသည်။ သူမ အသက်ရှူ ထုတ်လိုက်သော လေကပင် မြင့်မြတ် တော်ဝင်သော အငွေ့အသက်များနှင့် အထက်တန်းကျသော အနောက်တိုင်း၏ အငွေ့အသက်များ ရနေသယောင်ပင်။
ကျန့်အန်းချီက ယောက်ျားလေးများ၏ အာရုံစိုက် ခံရခြင်းနှင့် အသားကျနေခဲ့ပြီး ဖြစ်သည်။
သူမအမြင်တွင် ဤဆယ်ကျော်သက် လေးများမှာ ယဉ်ကျေးမှုမရှိသော တောသားများသာ ဖြစ်ကြသည်။ သူမအတွက် ဈေးပေါသော အသုံးချခံများ အဖြစ်သာ သဘောထားသည်။
ထိုကောင်ငယ်လေးများ စိတ်ကျေနပ်စေရန် စကားအနည်းငယ် ပြောပြီးသည့်နောက် ကျန့်အန်းချီက ချန်းဖန်ထံသို့ လျှောက်လာကာ ပြောသည်။
"ကျွန်မတို့ အခု တုန်းတူမြို့ကို ရောက်ပြီ ယင်နဂါးရေကန် ရှိတဲ့နေရာကို ခေါ်သွားပေးလို့ ရပြီလား"
ကျန့်အန်းချီ၏ အေးစက်စက် စကားပြောပုံအား ဂရုမစိုက်စွာပင် ချန်းဖန်က ခပ်အေးအေး ပြန်ဖြေလိုက်သည်။
"ရေကန်က ချီရှန်း မြို့နယ်ရဲ့ အမြွာနဂါးရွာမှာ ရှိတယ်"
[T/N - နယ်မြေ ပိုင်းခြားတဲ့ ပုံစံက အရင်ဆုံး တိုင်းဒေသကြီး၊ နယ်၊ မြို့၊ မြို့နယ်၊ ရွာ ဒီလို လာပါတယ်။ ရေကန်ရှိတဲ့ နေရာက ကျန်းပေ့တိုင်း၊ ကျုံးကျိုးနယ်၊ တုန်းတူမြို့၊ ချီရှန်းမြို့နယ်၊ အမြွာနဂါးရွာ ဆိုပြီး အဆင့်ဆင့် သွားတာပါ။]
ချန်းဖန်၏ အေးတိအေးစက် ပုံစံကို မြင်ရတော့ ကျန့်အန်းချီက ဒေါသကြောင့် ဆွေ့ဆွေ့ ခုန်လုမတတ်ပင်။ သူမက အံကြိတ်ရင်း ပြောလိုက်သည်။
"ဟမ့် နောက်ဆုံး အချိန်ထိ ပြုံးနေနိုင်တဲ့သူက ဘယ်သူဖြစ်မလဲ ဆိုတာ ကြည့်ရသေးတာပေါ့"
ကျန့်အန်းချီက မကျေမနပ် ရေရွတ်ပြီး လှည့်ထွက် သွားစဉ်မှာပဲ ဆယ်ကျော်သက် အုပ်စုထဲမှ တစ်ယောက်က အော်လိုက်သည်။
"ချီရှန်းမြို့နယ်ကို သွားကြမလို့လား အဲ့နားတစ်ဝိုက်ကို ကျွန်တော် ကောင်းကောင်းသိတယ်"
"ကျွန်တော်က ချီရှန်းမြို့နယ်မှာ နေတာပါ မမလေးအန်နာတို့ကို လမ်းပြပေးပါရစေ"
လူငယ်လေးများက အလုအယက် ပြောလာကြပြီးနောက် ကျန့်အန်းချီ၏ အဖြေကိုပင် မစောင့်တော့ အသီးသီး ကားများဆီသို့ ပြေးသွားကြကာ ချီရှန်းမြို့နယ်သို့ လမ်းပြရန် ကားစက် အသင့်နှိုးထား ကြလေသည်။
တက်ကြွနေကြသော တုန်းတူမြို့မှ သခင်လေးများ၏ ဇိမ်ခံကားကြီးများ ဦးဆောင်သော ကားတန်းကြီးက လူရှိန်စရာ ဖြစ်နေသောကြောင့် လမ်းတွင် တွေ့သမျှ ကားသမားအများစုက လမ်းဘေးတွင် ကားရပ်ပေးကြပြီး အနှီ ကားတန်းကြီး လွတ်လွတ်လပ်လပ် သွားနိုင်ရန် လမ်းဖယ်ပေးကြသည်။
ဤသို့နှင့် သုံးနာရီပင် မကြာလိုက်ဘဲ ချီရှန်းမြို့နယ်သို့ ရောက်ရှိသွားသည်။
ချီရှန်းမြို့နယ်သို့ ရောက်တော့ အနည်းငယ် မိုးချုပ်နေပြီ ဖြစ်သောကြောင့် ချီရှန်းမြို့နယ်ရှိ အချမ်းသာဆုံး သူဌေးကြီး၏ သား' ဆရာလေးကျန်း' ဆိုသူက ကျန့်အန်းချီအတွက် အကောင်းဆုံး ဟိုတယ်ကို ငှားရမ်းပေးသည်။ ကြီးကျယ်သော ညစာစားပွဲ တစ်ခုပင် ပြင်ဆင်ပေးလိုက်သေး၏။
ကျန့်အန်းချီ ရောက်ရှိနေကြောင်း ကြားတော့ ချီရှန်းမြို့နယ်ရှိ သူဌေးကြီး၊ သူဌေးလတ်၊ သူဌေးငယ်မရွေး ဟိုတယ်သို့ အပြေးအလွှား ရောက်ရှိလာပြီး နှုတ်ဆက်ကြသည်။ သို့နှင့် ဟိုတယ်၏ ဧည့်ခန်းမမှာ စီးပွားရေး လုပ်ငန်းရှင်များနှင့် ပြည့်နှက်သွားတော့သည်။
ကျန့်အန်းချီက စားပွဲ၏ ထိပ်ဆုံး၌ ဆရာလေးကျန်းနှင့်အတူ ယှဉ်တွဲ ထိုင်နေပြီး သူမ၏ ရွှေအိုရောင် ဆံနွယ်များနှင့် ဆွဲဆောင်မှုရှိသော အရပ်ရှည်ရှည် သဏ္ဌာန်က စားပွဲဝိုင်းရှိ လူအများ၏ အာရုံစိုက်မှုအား ရရှိထားသည်။
ချန်းဖန်တို့လူစုက ဧည့်ခန်းမ၏ ထောင့်တစ်နေရာတွင် ထိုင်နေကြပြီး မျက်စိရှေ့မှ ဖားယားခြင်း ရှိူးပွဲအား ကြည့်ရုံသာ ကြည့်နေကြသည်။
ဆရာဝူကတော့ မကျေမနပ်နှင့် ပွစိပွစိ ရေရွတ်လို့နေသည်။ သူကား တုန်းတူမြို့တွင် လူလေးစား ခံရသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သော်လည်း သူ၏ ကျော်ကြားမှုက ကျန့်မိသားစုနှင့်တော့ မယှဉ်နိုင်ပါ။
"စားမှာသာ စားပါ"
ချန်းဖန်က ပြောသည်။ သို့သော်လည်း သူကိုယ်တိုင်ကတော့ လက်ဖက်ရည် တစ်ခွက်သာ သောက်ပြီး တူတစ်စုံကိုပင် မထိပေ။ စွမ်းအင် စုစည်းဆေးလုံး တစ်လုံးက သူ့အား ဆယ်ရက်ခန့် အာဟာရ ပြည့်မြောက်နေစေသည်။
ရုတ်တရက် ကျန့်အန်းချီက ဝိုင်ခွက်တစ်ခွက်နှင့်အတူ သူတို့ဘက်သို့ လျှောက်လာနေသည်အား တွေ့လိုက်ရသည်။
အပြုံးတစ်ခုက သူမ၏ လှပသော မျက်နှာပေါ်၌ ဖြစ်ပေါ်လာပြီး ဝိုင်ခွက်ကို မြှောက်ကာ ပြောလိုက်သည်။
"ကျွန်မရဲ့ ဒီတစ်ခေါက် ခရီးစဉ်မှာ သခင်လေးချန်းက အဓိကကျတဲ့ နေရာကနေ ပါဝင်နေတယ် ကျွန်မ တည်ထောင်မဲ့ ရေသန့်စက်ရုံ အောင်မြင်ဖို့က သခင်လေးချန်းရဲ့ ပံ့ပိုးမှုနဲ့ တိုက်ရိုက် အချိုးချနေတယ်လေ ဒီတော့ ကျွန်မအနေနဲ့ သခင်လေးချန်းကို ဝိုင်ခွက်တစ်ခွက်နဲ့ ဂုဏ်ပြုပါရစေ"
ထို့နောက် ကျန့်အန်းချီက ဝိုင်တစ်ခွက်လုံးအား တစ်ကျိုက်တည်းနှင့် မော့သောက်လိုက်သည်။
ရုတ်တရက် ဧည့်ခန်းမထောင့်တွင် တိတ်ဆိတ်စွာ ထိုင်နေသော ချန်းဖန်မှာ လူအများ၏ အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။
မမလေးကျန့်မှာ အရယ်အပြုံးနည်းပြီး စကားဆိုခဲသော်လည်း ခန်းမထောင့်တွင် တိတ်ဆိတ်စွာ ထိုင်နေသော လူအား ပြုံးပြကာ နာမည်တပ် ခေါ်လျက် ဝိုင်တစ်ခွက်ဖြင့် ဂုဏ်ပြုပေးနေသည်။
ချန်းဖန်က ကျန့်အန်းချီ၏ အပြုအမူကြောင့် ရယ်ချင်သွားရသည်။
ကျန့်မိသားစုက ၎င်းတို့၏ ရည်ရွယ်ချက် အမှန်အား ဖုံးကွယ်ထားပြီး ရေသန့်စက်ရုံ တစ်ခု တည်ထောင်ရန် စမ်းရေစစ်စစ်အား ရှာနေခြင်း ဖြစ်ကြောင်း သတင်းလွှင့်ထားသည်။
သို့သော်လည်း ကျန့်အန်းချီ မသိသည့်အချက်မှာ ယင်နဂါးရေကန်သည် ယင်ချီပမာဏ များစွာ သိပ်သည်းနေသည် ဆိုတာပင်။ သာမန်လူ တစ်ယောက်သည် ယင်နဂါးရေကန်မှ ရေတစက်အား သောက်လိုက်မိရုံနှင့်တင် ရေထဲ၌ ပါဝင်နေသော ယင်ချီများကြောင့် အဖျားဝင် သွား နိုင်ပေသည်။
ကျန့်အန်းချီ ကိုယ်တိုင်ပင် ချန်းဖန်အား ဂုဏ်ပြုနေသောကြောင့် အခြားသော စီးပွားရေး လုပ်ငန်းရှင်များကလည်း ဘုမသိ၊ ဘမသိနှင့် ဝိုင်ခွက်များ မြှောက်ကာ လိုက်လံ ဂုဏ်ပြုကြသည်။
ကျုံးကျိုးနယ် တစ်ဝိုက်၌ အရက်သောက်သော ဓလေ့မှာ ရှေးအမြွေအနှစ် တစ်ခုကဲ့သို့ ဖြစ်နေပြီး နယ်ခံအများစုက အရက်ပြင်းများကိုပင် ခံနိုင်ရည် ရှိကြသည်။
ချန်းဖန်က ကျန့်အန်းချီအား တစ်ချက် မော့ကြည့်လိုက်ပြီး ခေါင်းယမ်းကာ ပြောလိုက်သည်။
"ကျွန်တော် မသောက်ဘူး"
ချန်းဖန်အတွက် ဝိုင်းဝန်းဂုဏ်ပြု ပေးနေကြသော သူဌေးတစ်စုမှာ ရုတ်တရက် ထွက်ပေါ်လာသော ချန်းဖန်၏ 'မသောက်ဘူး' ဟူသော စကားကြောင့် ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။
အခြေအနေက အနည်းငယ် ကို့ရို့ကားရား နိုင်သွားပြီးနောက် ဆရာလေးကျန်းက ထိုင်ခုံမှထကာ ချန်းဖန်ဆီသို့ လျှောက်လာသည်။ ဆရာလေးကျန်းက အပြုံးတစ်ခုနှင့် ပြောသည်။
"ဒါက ကိစ္စမရှိဘူး သခင်လေးချန်း ကိုယ်စား ကျွန်တော် သောက်ပေးနိုင်ပါတယ်"
ဆရာလေးကျန်း ဆိုသူ၏ စကားများက ယဉ်ကျေးသော်လည်း သူ၏ မျက်လုံးများထဲတွင်တော့ အထင်သေးမှုများက အပြည့်ဖြစ်သည်။
ချန်းဖန်သည် ထိုင်ခုံတွင် တည်ငြိမ်စွာ ထိုင်နေဆဲ ဖြစ်ပြီး ပြောလိုက်သည်။
"ကျွန်တော် မသောက်ဘူးလို့ ပြောပြီးပြီ ဆိုလိုတာက ကျွန်တော့်အစား ဘယ်သူမှလည်း သောက်ပေးစရာ မလိုဘူး"
ခန်းမက နောက်တစ်ကြိမ် ပြန်လည် တိတ်ဆိတ်သွားပြီး အခြေအနေက ပိုမို ကိုးရိုးကားရား ဖြစ်သွားသည်။
ဆရာလေးကျန်း၏ မျက်နှာပေါ်ရှိ အပြုံးကလည်း ပျောက်ကွယ် သွားတော့သည်။
အခြားသော ဧည့်သည်များမှာလည်း ချန်းဖန်၏ စကားများကြောင့် စိတ်ပျက်စွာ ခေါင်းယမ်း မိကြသည်။
"ဒီကောင်လေးက တကယ် မောက်မာတာပဲ ကျန့်မိသားစုက သူ့ကို တကယ် ဂရုစိုက်တယ်များ ထင်နေတာလား သူ့ကိုယ်သူ အသုံးချခံလေးပဲ ဆိုတာ နားမလည်ဘူးလား"
အချို့လူများက ရေရွတ် လိုက်မိကြသည်။
ရုတ်တရက် လျန်မျိုးနွယ် သူဌေးတစ်ယောက်က တိတ်ဆိတ်နေသော အခြေအနေအား ဖြိုခွင်းလိုက်သည်။
"ကဲ ကဲ ဆရာလေးကျန်းအတွက် တစ်ခွက်လောက် ဂုဏ်ပြုကြရအောင်ဗျာ။ ကျုပ်အရင်ဆုံး စသောက်မယ်"
ထိုလျန်မျိုးနွယ်ကပင် လောဆော်လိုက်ပြီး သူ့လက်ထဲရှိ ဝိုင်ခွက်အား မော့သောက်ကာ ဆရာလေးကျန်းအားလည်း သောက်ရန် တိုက်တွန်း လိုက်သည်။
ဆရာကျန်းသည် လျန်မျိုးနွယ်၏ တိုက်တွန်းမှုကြောင့် ဝိုင်ခွက်အား မော့သောက်ပြီးနောက် စားပွဲပေါ်သို့ ဆောင့်ချကာ ခန်းမအတွင်းမှ ထွက်ခွာ သွားတော့သည်။
လူတိုင်းက ချန်းဖန်အား ကရုဏာသက်စွာ ကြည့်လာကြသည်။ ဆရာလေးကျန်းက ဤကိစ္စအား လွယ်လွယ်နှင့် ကျေအေးပေးမည် မဟုတ်ပေ။
ကျန့်အန်းချီပင်လျှင် ချန်းဖန်၏ အပြုအမူကြောင့် အံ့ဩသွားခဲ့တာ ဖြစ်သည်။ ထိုကောင်လေး၏ ယုံကြည်မှုများက မည်သည့်နေရာမှ လာသည်ကို သူမက အမှန်ပင် သိလိုလှသည်။
"မဟုတ်တဲ့နေရာမှာ သတ္တိကောင်းနေတာပဲ"
သူမက တီးတိုး ရေရွတ်ကာ ခေါင်းယမ်း လိုက်ပြီးနောက် ထိုကိစ္စအား ခေါင်းထဲမှ ထုတ်လိုက်သည်။
သူမနှင့် ချန်းဖန်ကား မတူညီသော ကမ္ဘာနှစ်ခုတွင် ရှိနေကြခြင်း ဖြစ်သည်။ သူမအနေနှင့် ချန်းဖန် ဒုက္ခရောက်မည့် အကြောင်း တွေးပြီး အချိန်မဖြုန်းသင့်ပေ။ ယင်နဂါးရေကန်ကိစ္စ ပြီးသည့်နောက် သူမနှင့် ထိုကောင်လေးကား နောက်တစ်ကြိမ် ထပ်တွေ့တော့မည်ပင် မဟုတ်ပေ။
ဆရာလေးကျန်း ခန်းမအတွင်းမှ ထွက်ခွာသွားသည်နှင့် ဆရာဝူက ချန်းဖန်အား ကပ်မေးလာသည်။
"ကျုပ်တို့ ဒီလိုလုပ်ဖို့ လိုလို့လား"
တုန်းတူမြို့ခံ တစ်ယောက်အနေနှင့် ဆရာဝူသည် ကျန်းမိသားစု၏ အင်အားအား အခြား သူများထက် ပိုနားလည်သည်။ ကျန်းမိသားစုသာ ဆန္ဒရှိပါက သူ့ကိုပင် တုန်းတူမြို့ထဲမှ ကန်ထုတ် ပစ်လိုက် နိုင်ပေသည်။
"အဆင်ပြေပါတယ် မစိုးရိမ်နဲ့"
ချန်းဖန်ကို ကြည့်ရသည်မှာ ဆရာလေးကျန်း ဆိုသူအား စိတ်ထဲ ရှိပုံပင် မရပေ။
ကောင်းကင်ဘုံ အရှင်သခင် ဖြစ်ခဲ့ဖူးသူ တစ်ယောက် အနေနှင့် သာမန် သေမျိုး မိသားစုလေး တစ်စုက မည်မျှ အစွမ်းထက်နေပါစေ။ ကြောက်ရွံ့နေမည် မဟုတ်ပေ။
ညစာစားပွဲ ပြီးသည့်နောက် အားလုံးလည်း အိပ်ရာဝင် ခဲ့ကြသည်။ နောက်တစ်နေ့ နံနက်တွင်တော့ ကျန့်အန်းချီတို့ အုပ်စုနှင့် ချန်းဖန်တို့သည် အမြွာနဂါးရွာသို့ ဦးတည် ထွက်ခွာလာခဲ့ကြသည်။ ဆရာလေးကျန်းလည်း အပါအဝင် ဖြစ်သည်။
***