← Chapters

အုပ်စုသုံးစု စုစည်းခြင်း

Vol. 1 Ch. 67

အုပ်စုသုံးစု စုစည်းခြင်း

Vol. 1 Ch. 67

ချန်းဖန်တို့ ဦးတည်နေသော တောင်သည် မိုင်ပေါင်းများစွာ ကျယ်ဝန်းပြီး အခြားသော ဧရာမ တောင်ကြီးတ‌စ်တောင်၏ တောင်‌‌ခြေနှင့်လည်း ဆက်သွယ်ထားသေးသည်။

အမြွာနဂါးရွာသည် ချီတောင်၏ တောင်ခြေတွင် တည်ရှိသည်။ ရွာသူ၊ ရွာသားများသည် တောင်ပေါ်မှ ရှာရသမျှသော ‌ဆေးဖက်ဝင် ပစ္စည်းများ၊ သားမွေးများအား ရောင်းချ စားသောက်ခြင်းဖြင့် အသက်မွေးကြသည်။ ရွာသားများသည် မြို့မှ ဧည့်သည်များ ရောက်ရှိလာမည့် သတင်းအား ကြိုတင် ရရှိထားသောကြောင့် ကားတန်းကြီး အမြွာနဂါးရွာသို့ ရောက်‌သည်နှင့် အသင့်စောင့်နေသော ရွာလူကြီးအား တွေ့လိုက်ရသည်။

မြို့မှ ဧည့်သည်များသည် စမ်းရေ ရှာဖွေရန်အတွက် တောင်ပေါ်ရှိ တောအတွင်းသို့ လေလာရေးခရီး သွားမည်ဖြစ်ကြောင်း သိရသောအခါ ရွာသူကြီးက တစ်ရွာလုံးရှိ မုဆိုးများအနက် အတော်ဆုံး မုဆိုးအား လမ်းပြအဖြစ် ထည့်ပေးမည်ဟု ပြောလာသည်။

"မင်းတို့က ယင်နဂါးရေကန်ကို သွားကြမလို့ ဟုတ်လား"

ဧည့်သည်များ သွားလိုသည့် နေရာအား သိပြီးနောက် ရွာခံ မုဆိုးအိုကြီး၏ မျက်နှာမှာ ဖြူဖျော့သွားသည်။

"ဟုတ်တယ် ရှင် အဲဒီ့နေရာကို သိတယ်လား"

ကျန့်အန်းချီ၏ မျက်နှာက မျှော်လင့်ချက်တို့ဖြင့် အရောင်တောက် သွားသည်။

"သိပါတယ် ဒါပေမဲ့ အဲဒီ့နေရာက တားမြစ်နယ်မြေပါ"

မုဆိုးအိုကြီးက တုန်တုန်ယင်ယင်နှင့် ဆက်ပြောလာသည်။

"အဲဒီ့နယ်မြေက ကျုပ်အဘိုးရဲ့ လက်ထက် ကတည်းက တားမြစ်ထားခဲ့တာ ရေကန် အနီးတစ်ဝိုက်က မြေကြီးမှာ ဘာပင်မှ မပေါက်တဲ့အပြင် ရေကန်ထဲက ရေတွေကလည်း အဆိပ်သင့်နေတယ် ဒါပေမဲ့အဲဒါက ကြောက်စရာ အကောင်းဆုံး မဟုတ်သေးဘူး ရေကန်ထဲမှာ မကောင်းဆိုးဝါး တစ်ကောင် ရှိနေတာ ခင်ဗျားတို့ သိကြလား"

"မကောင်းဆိုးဝါး"

ဆရာလေးကျန်းက နှာခေါင်းရှုံ့ လိုက်သည်။

"ကျွန်တော်တို့က အခု ၂၁ရာစုမှာ နေနေတာ၊ လွန်ခဲ့တဲ့ နှစ်နှစ်ရာမှာ မဟုတ်ဘူး ခင်ဗျားသားရဲ့ ကျောင်းစရိတ်နဲ့၊ တိုက်ခန်းခအတွက် ပိုက်ဆံ လိုနေတယ်ဆို ခင်ဗျား လိုက်မပို့ချင်ဘူး ဆိုလည်း ဖြစ်တယ်နော် ပိုက်ဆံပုံပေးလိုက်ရင် လိုက်ပို့ပေးမဲ့ သူတွေ တပုံကြီးပဲ"

မျိုးရိုးနာမည်'ကျူး' ရှိသော မုဆိုးအိုကြီးက တွေဝေနေပြီး အလွန်အမင်း စိတ်ရှုပ်နေပုံလည်း ပေါ်သည်။

အတန်ငယ် ကိုးရိုးကားရား ဖြစ်နေသော အခြေအနေတွင် လူကြီးမင်းရှစ်က တိတ်ဆိတ်မှုအား ဖြိုခွင်းလိုက်သည်။

"ခင်ဗျားပြောတဲ့ စကားတွေက ကျုပ်တို့ ဂိုဏ်းရဲ့ မှတ်တမ်းတွေနဲ့ တစ်ထပ်တည်းပဲ ကြည့်ရတာ တကယ်ပဲ အဲဒီနေရာ ဖြစ်ပုံပဲ"

လူကြီးမင်းရှစ် အတည်ပြု လိုက်သည်နှင့် ကျန့်အန်းချီသည် မည်သည့် နည်းလမ်းကိုပဲ သုံးရသုံးရ ထိုနေရာသို့ အရောက်သွားရန် ဆုံးဖြတ်ပြီး ဖြစ်သည်။

ငွေလိုနေသော မုဆိုးကျူးလည်း နောက်ဆုံးတွင် မငြင်းနိုင်တော့ဘဲ ဧည့်သည်များအား လမ်းပြပေးရန်သာ လက်ခံလိုက်သည်။

နေ့လည်စာ စားပြီးနောက် လေ့လာရေးအဖွဲ့သည် ခရီးအား စတင်လိုက်သည်။ အဖွဲ့ဝင်များ အဖြစ် လူကြီးမင်းရှစ်၊ ကျန့်အန်းချီ၊ ဆရာလေးကျန်းနှင့် သူ၏ သူငယ်ချင်းများ၊ ချန်းဖန်တို့လူစုတို့ ပါဝင်ကြသည်။ မုဆိုကျူးကလည်း သူ၏ သားနှစ်ယောက်အား အတူ ခေါ်ဆောင်လာသည်။

တောင်အတွင်းပိုင်းသို့ တဖြည်းဖြည်း ဝင်ရောက်လာကြရင်း ဆရာဝူက မျက်မှောင်ကြုတ်သွားကာ ချန်းဖန်အား ခပ်တိုးတိုး ကပ်မေးလာသည်။

"ဆရာချန်း တစ်ခုခုတော့ မှားနေသလိုပဲ သူတို့က အခုဆို လမ်းပြလည်း ရနေပြီ ကျုပ်တို့ သုံးယောက်ကို ဘာလို့ လိုတော့မှာလဲ"

ဆရာဝူနှင့် အားရှို့ နှစ်ယောက်လုံးသည် ချန်းဖန်အား သူတို့၏ ဆရာအဖြစ် အသိအမှတ် ပြုထားကြပြီး ဖြစ်ရာ ဆရာချန်း ဟူ၍သာ ခေါ်ကြတော့သည်။

ကြမ်းတမ်းလှသော တောင်ပတ်လမ်းတွင် ချန်းဖန်က လက်နှစ်ဖက် နောက်ပစ်လျက် ပန်းခြံထဲ လမ်းလျှောက် ထွက်သကဲ့သို့ သက်သောင့်သက်သာ လျှောက်နေရင်း ဆရာဝူအား တစ်ချက် လှည့်ကြည့်ကာ ပြောသည်။

"ကျန့်အန်းချီက ကျွန်တော့်ကို ဘယ်တုန်းကမှ ယုံခဲ့တာ မဟုတ်ဘူး ကျွန်တော်က တောင်ပေါ်ဒေသမှာ နေတယ်လို့ ပြောထားပေမဲ့ ကျွန်တော့်ရဲ့ လေယူလေသိမ်းက ကျန့်ပေ့တိုင်းသားမှန်း အသိသာကြီးလေ ကျန့်အန်းချီက ငတုံးမဟုတ်ဘူး"

မမလေးကျန့်အား တစ်ချိန်လုံး လျော့တွက်ထားမိသော ဆရာဝူ၏ မျက်နှာကြီးမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲသွားသည်။

"သူက ကျွန်တော်တို့ကို အခုထိ အတူ ခေါ်သွားနေတာက ယင်နဂါးရေကန် အကြောင်း အပြင်မှာ သတင်းပြန့် သွားမှာကို စိုးရိမ်လို့ပဲ"

ချန်းဖန်က တွေးဆဆနှင့် ဆက်ပြောသည်။

"ဒါပေမဲ့ ကျွန်တော် နားမလည်တာက ယင်နဂါးရေကန်မှာ သူတို့က ဘာကို ရှာချင်နေတာလဲ လူကြီးမင်းရှစ်က ကျင့်ကြံသူ တစ်ယောက် ဖြစ်ရုံတင် မကဘူး ဆေးမြစ်တွေ အ‌ကြောင်းကိုလည်း နှံ့နှံ့စပ်စပ် သိတယ် ယင်မြွေကို သတ်ပြီး ကျန့်အန်းချီ အဘိုးအတွက် ဆေးဖော်မလို့လား မဖြစ်နိုင်ဘူး အဲဒါက အဓိပ္ပာယ် မရှိဘူး"

ချန်းဖန်က တစ်ယောက်တည်း ပြောနေသလို ဆက်၍ ရေရွတ်လို့နေသည်။

"ဖြစ်နိုင်တာက.. ရေကန်ထဲမှာ ရတနာတစ်ခုခု ရှိနေတာများလား အဓိပ္ပာယ်ရှိတယ် များသောအားဖြင့် ချီစွမ်းအင် သိပ်သည်းတဲ့ အထွတ်အမြတ် နယ်မြေတွေမှာ ဝိညာဉ်ဆေးလုံး ဒါမှမဟုတ် တခြား တန်ဖိုးကြီး ရတနာတစ်ခုခုကို မိစ္ဆာသားရဲတွေက စောင့်ကြပ် နေတတ်တယ် လူကြီးမင်းရှစ် ရှာနေတာက အဲဒါပဲ ဖြစ်ရမယ်"

ချန်းဖန်သည် ကျန့်အန်းချီထံမှ ရရှိသော အဆင့်နိမ့် ဝိညာဉ်ဆေးမြစ်နှင့် စွမ်းအင် စုစည်းဆေးလုံး တစ်ရာကျော် ဖော်စပ်နိုင်ခဲ့သော်လည်း ထိုဆေးလုံးများက ဝိညာဉ်ဆေးလုံး စစ်စစ် တစ်လုံးနှင့်‌တော့ မယှဉ်နိုင်ပါ။

ထိုသို့အတွေးနှင့် ချန်းဖန်က ခြေလှမ်းကို အရှိန်တင် လိုက်သည်။

မုဆိုးအိုကြီးက ယင်နဂါးရေကန်သို့ ရောက်ရှိရန် နှစ်ရက်၊ သုံးရက်ခန့် သွားရမည်ဟု ခန့်မှန်းသည်။ ထို့ကြောင့် နေဝင်သွားသည်နှင့် လေ့လာရေးအဖွဲ့က ရွက်ဖျင်တဲများ ထိုးကြပြီး ညအိပ်ရန်အတွက် ပြင်ဆင်ကြသည်။

ကျန့်အန်းချီနှင့် လူကြီးမင်းရှစ်တို့က သက်တော်စောင့် တစ်ဒါဇင်ခန့် ခေါ်ဆောင်လာကြရာ ဘာမှ လုပ်စရာ မလိုပေ။ အချိန်တန်သည်နှင့် အသင့် ဝင်အိပ်လိုက်ရုံသာ။

သက်တော်စောင့် အုပ်စုက ရွက်ဖျင်တဲများ အလျင်အမြန် ထိုးလိုက်ကြပြီး မီးပုံတစ်ခု ဖိုကာ ညစာအတွက် ဝက်ပေါင်ခြောက်များ၊ အသားဘူးများနှင့် ပြင်ဆင်ကြလေသည်။ သက်တော်စောင့် အများစုက တောတွင်း လေ့ကျင့်ရေးများ ဆင်းဖူးကြပုံ ပေါ်ပြီး ရွက်ဖျင်တဲ ထိုးသည်မှ အစပြု၍ ညစာပြင်ဆင်သည်အထိ အလွန် ကျွမ်းကျွမ်းကျင်ကျင် ရှိကြသည်။

ထို့နောက်တွင် ကျန့်အန်းချီက ဆရာလေးကျန်းနှင့် မုဆိုးကျူးအား ညစာအတူ စားရန် ဖိတ်ခေါ်သည်။ သူမက ရည်ရွယ်ချက်ရှိရှိနှင့်ပင် ချန်းဖန်တို့ လူစုအား လျစ်လျူရှု ထားသည်။

"ဆရာချန်း အဲ့ကလေးမက တကယ် ရိုင်းပျလွန်းတယ်"

အသားကင်အနံ့က လေထုထဲတွင် သင်းပျံ့နေပြီး ဆာလောင်နေသော ဝမ်းဗိုက်ကလည်း အချက်ပြလျက်ရှိရာ ဆရာဝူက ဒေါသမထွက်ဘဲ မနေနိုင်တော့ပေ။

အားရှို့သည်ပင် အလွန် ဆာလောင် နေသော်လည်း ကျန့်အန်းချီတို့ ဘက်သို့ တစ်ချက်လေးမျှ မျက်လုံး စွေမကြည့်ပေ။

ချန်းဖန်သည် မျက်နှာပြင်ညီသော ကျောက်တုံး တစ်တုံးပေါ်တွင် ကြာပန်းသဏ္ဌာန် ထိုင်နေရာမှ မျက်လုံးများ ဖြည်းညင်းစွာ ဖွင့်လာသည်။ သူက ကျန့်အန်းချီတို့ ဘက်သို့ တစ်ချက် လှမ်းကြည့် လိုက်သည်။ ဆရာလေးကျန်းသည် ချန်းဖန်တို့အား အရေးမလုပ်ချင်ယောင် ဆောင်နေသော်လည်း အမှန်တကယ်တွင်တော့ မကြာမကြာ လှမ်းကြည့်နေပြီး ချန်းဖန်၏ ဆာလောင်နေသော ပုံစံကို မြင်ချင်နေခဲ့တာ ဖြစ်သည်။ ချန်းဖန်တို့ လူစု ဘာအစားအစာမှ ယူမလာသည်ကို သတိထားမိတည်းက ဆရာလေးကျန်းသည် ယခုအချိန်သို့ ရောက်ရန် တစ်နေ့လုံး စောင့်ဆိုင်းခဲ့ရတာပင်။ သို့မှာသာ အစားအစာ လိုချင်၍ အောက်ကျခံရတော့မည့် ချန်းဖန်အား လှောင်ပြောင်နိုင်မှာ ဖြစ်သည်။

ချန်းဖန်က ခေါင်းသာ ယမ်းလိုက်မိသည်။

အစာရေစာ ပေါများသော မြို့ပြနှင့် မတူညီစွာပင် တောထဲ တောင်ထဲ၌ ရှင်သန်နိုင်ရန် ရိက္ခာခြောက်များ မရှိမဖြစ် လိုအပ်သည်။ ကျန့်အန်းချီ၏ အမြင်တွင် ချန်းဖန်မှာ မြို့‌ပေါ်တွင် ကြီးပြင်းခဲ့သော လက်ကြော မတင်းသည့် ကောင်လေး တစ်ယောက်သာ ဖြစ်ပြီး တောထဲ တောင်ထဲ၌ ကြမ်းကြမ်းတမ်းတမ်း ရှင်သန်နိုင်မည် မဟုတ်ပေ။ ချန်းဖန်သည် ညစာအတွက် သူမအား ကျိန်းသေ တောင်းပန် လာလိမ့်မည်ဟု ကျန့်အန်းချီက တစ်ထစ်ချ တွက်ထားခဲ့သည်။

"ပြင်ဆင်လာခဲ့မိတာ ကံကောင်းတာပဲ"

ချန်းဖန်က ရေရွတ်လိုက်ရင်း ပုလင်းတစ်လုံး အတွင်းမှ ဆေးလုံး နှစ်လုံးအား ထုတ်ယူလိုက်ကာ ဆရာဝူနှင့် အားရှို့တို့အား တစ်ယောက်တစ်လုံးစီ ကမ်းပေးလိုက်သည်။

ဆရာဝူနှင့် အားရှို့တို့လည်း ဆေးလုံးအား မျိုချလိုက်သည်နှင့် အလွန် အေးမြသည့် စွမ်းအင် လှိုင်း‌လေးတစ်ခု ခန္ဓာကိုယ်ထဲ ဖြတ်သန်း ဝင်ရောက် သွားသည့်နှယ် ခံစားလိုက်ရသည်။ စမ်းချောင်းလေးတစ်ခု ဖြတ်သန်း စီးဆင်းသွား သကဲ့သို့ပင်။ ခန္ဓာကိုယ်၏ ကုန်လွန်သွားသော အားအင်များအားလုံး တစ်ခဏချင်း၌ ပြန်လည် ပြည့်တင်း လာသည့်နှယ် ခံစားလိုက်ရသည်။ ခံစားချက်မှာ စကားနှင့် ဖော်ပြခြင်းငှာ မစွမ်းသာလောက်အောင်ပင် သက်သောင့်သက်သာ ရှိလှပေသည်။

စွမ်းအင် စုစည်းဆေးလုံး တစ်လုံးက လူသား ခန္ဓာကိုယ်အတွက် ဆယ်ရက်ခန့် အာဟာရ ပြည့်ဖြိုးနေစေသည်။

ထပ်ပြောရလျှင် ထိုဆေးလုံးသည် လူ့ခန္ဓာကိုယ်၏ အတွင်းအင်္ဂါများရှိ အညစ်အကြေးများအား သန့်စင်ပေးနိုင်သော ခြင်ဆီ လဲလှယ်ခြင်းကဲ့သို့ တူညီသော သက်ရောက်မှုရှိသည်။ ကျင့်ကြံသူများ ပင်လျှင် တိုက်ပွဲအတွင်း ချီစွမ်းအင် ပြန်လည် ဖြည့်တင်းရန် အသုံးပြုနိုင်ရာ သာမန် လူသားများအတွက် ဆိုပါက အတိုင်းထက် အလွန်ပါပေ။

"ဆရာချန်း.. ဒါ.. ဒါက ဝိညာဉ်ဆေးလုံးလို့ ခေါ်တဲ့ဟာလား"

သူ့ခန္ဓာကိုယ် အတွင်းရှိ တိုးတက် ပြောင်းလဲမှုများအား သတိထားမိသဖြင့် ဆရာဝူက စိတ်လှုပ်ရှားစွာနှင့် မေးလိုက်မိသည်။

"အမှန်ပဲ စကားပြောတာ ခဏရပ်၊ ထိုင်ပြီး ကျွန်တော် ပြောတဲ့အတိုင်းလုပ်"

ချန်းဖန်သည် မျက်လုံးများအား မှိတ်လိုက်ပြီး ကျင့်ကြံခြင်း အခြေခံ နည်းစနစ်များအား သူ၏တပည့် တစ်ပိုင်း နှစ်ယောက်ဆီသို့ စိတ်နှင့် တိုက်ရိုက် ပို့ဆောင်ပေးလိုက်သည်။

ချန်းဖန်၏ ကြည်လင် ပြတ်သားသော အသံအား စိတ်ထဲ၌ ကြားလိုက်ရသည်နှင့် ဆရာဝူတို့ နှစ်ယောက်လုံးသည်လည်း မျက်လုံးများ မှိတ်လိုက်ကာ ထိုင်ချလိုက်ကြသည်။

"သူတို့ ဘာလုပ်နေကြတာလဲ"

ချန်းဖန်တို့ သုံးယောက်၏ ထူးဆန်းသော အပြုအမူများအား မြင်ရသော် ကျန့်အန်းချီက မေးလိုက်တာ ဖြစ်သည်။

"သူတို့ရဲ့ လက်ကျန် အင်အားလေးကို ထိန်းသိမ်းနေတာ နေမှာပေါ့"

ဆရာလေးကျန်းက ခေါင်းယမ်းကာ ပြောလိုက်သည်။

"နောက်ရက် နည်းနည်းလောက် ကြာရင် သူတို့တွေ ငတ်ပြတ်ပြီး ကျုပ်တို့ မမလေးကို တောင်းပန်လာရလိမ့်မယ်"

သက်တော်စောင့် ခေါင်းဆောင်ကပါ ဝင်ပြောလိုက်သည်။

ထို့နောက်တွင်တော့ ကျန့်အန်းချီတို့ လူစုသည် အခြား ကြောင်းအရာများအား ပြောကြဆိုကြရင်း ချန်းဖန်တို့အား အလျင်အမြန်ပဲ မေ့သွားတော့သည်။

သို့သော်လည်း လူကြီးမင်းရှစ်သည် ချန်းဖန်တို့၏ အပြုအမူအား သံသယ ဝင်လျက်ရှိသည်။ ထိုသုံးယောက်၏ ပုံစံများကား ကျင့်ကြံနေသည်နှင့် အလွန်တူလှသည်။ လူကြီးမင်းရှစ်တို့ ဂိုဏ်း၏ နည်းစနစ်များအရ လူတစ်ယောက် ဆာလောင်နေသော အချိန်သည် ကျင့်ကြံရန် အသင့်တော်ဆုံး အချိန်ဖြစ်သည်။ ထိုအခြေအနေ၌ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအားများအား စုစည်းရန် လွယ်ကူပြီး အတွင်းအား စွမ်အင် ဖြစ်တည်လာတတ်သည်။

နာရီအနည်းငယ် ကြာပြီးနောက် မီးပုံမှာ မီးငြိမ်းသွားသည်။ ကျန့်အန်းချီတို့သည်လည်း အိပ်စက်ရန် ရွက်ဖျင်တဲများအတွင်း အသီးသီး ဝင်သွားကြသည်။

နောက်တစ်နေ့ နံနက် လူအားလုံး အိပ်ရာနိုး လာကြချိန်တွင် ချန်းဖန်တို့ သုံးယောက်မှာ မလှုပ်မယှက် ထိုင်နေကြဆဲ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ သို့သော် လူအများစုမှာ ရွက်ဖျင်တဲများ သိမ်းကြရင်း အလုပ်ရှုပ် နေကြသဖြင့် ချန်းဖန်တို့အား ဂရုမစိုက်အားပေ။

လေ့လာ‌ရေးအုပ်စု ထွက်ခွာခါနီး အချိန်တွင်မှ ချန်းဖန်က မျက်လုံးများ ဖွင့်လာခဲ့သည်။

အားရှို့၏ ခန္ဓာကိုယ်သည် သူမ တစ်ကြိမ်တစ်ခါမှ မခံစားခဲ့ဖူးသော တက်ကြွ လန်းဆန်းမှုတို့နှင့် ပြည့်နှက်လို့ နေသည်။

တညတာ ကျင့်ကြံပြီးနောက် သူမသည် ဝေ့ကျီချင်းနှင့် တန်းတူ အတွင်းအား စွမ်းအင် စဦးအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ သူမ ခန္ဓာကိုယ်အတွင်း၌ စီးဆင်းနေသော အတွင်းအား စွမ်းအင်များက ကျင့်ကြံခြင်း လမ်းစဉ်အပေါ် သူမ၏ စိတ်အား ထက်သန်မှုအား ပိုမို ပြင်းပြလာစေသည်။

"ဆရာချန်းအနားမှာပဲ ဆက်နေမယ် တစ်နေ့မှာတော့ ငါက ဆရာ့ရဲ့ တရားဝင် တပည့် ဖြစ်လာဖို့ ထိုက်တန်တယ်ဆိုတာ သက်သေပြနိုင်မှာပါ"

အားရှို့က ပြတ်သားစွာ ရေရွတ်လိုက်ပြီးနောက် အံကြိတ်လိုက်မိသည်။

ဆရာဝူသည်လည်း အပေါ်ယံတွင် တည်ငြိမ် နေသော်လည်း နှလုံးသားထဲတွင်တော့ ခံစားချက်မျိုးစုံ ပြည့်နှက်လို့ နေသည်။ မှန်ကန်သော လမ်းညွှန်မှုအောက်တွင် တစ်ညတာ ကျင့်ကြံခြင်းက သုံးနှစ်တာမျှ စမ်းတဝါးဝါး ကျင့်ကြံရခြင်းထက်ပင် သာပေသည်။

"အစွမ်းထက်လွန်းတယ် ဆရာချန်းက တကယ်ကို လူသား တစ်ယောက်ထက် ကျော်လွန်တဲ့ အသိပညာတွေ ပိုင်ဆိုင်ထားတာပဲ"

***

မုဆိုးအိုကြီး၏ မြေနေရာ ကျွမ်းကျင်မှုကြောင့် သူတို့လူစုသည် အခက်အခဲများစွာအား ကျော်လွှားနိုင်ခဲ့သည်။ ပင်ပင်ပန်းပန်း အားစိုက်ထုတ်ရခြင်း မရှိခြင်းက အတင့်ရဲမှုကို ဖြစ်ပေါ်စေသည်။ ကျန့်အန်းချီနှင့် ဆရာလေးကျန်းတို့ နှစ်ယောက်မှာ ဤခရီးစဉ်အား အပန်းဖြေခရီး ထွက်နေသကဲ့သို့ သဘောထား လာကြသည်။ လိုရာခရီးသို့ နှစ်ရက်တည်းနှင့် ရောက်နိုင်သော်လည်း ထိုနှစ်ယောက်ကြောင့် သုံးရက် ကြာသွားခဲ့သည်။

တစ်ချိန်လုံးတွင် ဆရာလေးကျန်းသည် ချန်းဖန်တို့ သုံးယောက် မစားမသောက်ဘဲ လန်းဆန်း တက်ကြွ နေခြင်းကြောင့် ကြံရာမရ ဖြစ်နေခဲ့သည်။ ချန်းဖန်တို့က အခြားလူများ သတိမထားမိချိန်၌ တောတွင်းရှိ အသီးရိုင်းများအား ခိုး၍ စားသုံးနေခြင်းသာ ဖြစ်ရပေမည်။ မဟုတ်ပါက ရက်ပေါင်းများစွာ မစားမသောက်ဘဲ ဘယ်သူမှ မရှင်သန်နိုင်ပေ။

တတိယမြောက် နေ့တွင် သူတို့အုပ်စုသည် ယင်နဂါးရေကန် နယ်နိမိတ် အစွန်သို့ ရောက်ရှိလာခဲ့သည်။

တစ်စုံတစ်ရာက မုဆိုးအိုကြီးကျူးအား ‌ခြောက်လှန့်နေသလို ခံစားရသောကြောင့် သူက အားလုံးအား ဆက်မသွားရန် တားသည်။

သို့သော် ဘယ်သူကမှ သူ့စကားအား အရေးမလုပ်ကြပေ။

ကျန့်အန်းချီနှင့် လူကြီးမင်းရှစ်တို့က ရေကန်ဆီသို့ အပြေးအလွှား သွားကြတော့သည်။ ချန်းဖန်သည် တောင်ပို့လေး တစ်ခုပေါ်သို့ တက်ကာ ယင်နဂါး ရေကန်ဘက်သို့ အကဲခတ်လိုက်သည်။ ရေကန်၏ အပေါ်ဘက်၌ သိပ်သည်းလှသော ယင်ချီမြူများက အုပ်မိုးလျက် ရှိသည်။ ယင်ချီကို အထူးပြု၍ ကျင့်ကြံသူများအတွက် ဆိုလျှင် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိသော နယ်မြေပင်။

ရုတ်တရက် နာကျင်စွာနှင့် အော်လိုက်သော ဆူဆူညံညံ အသံများက ရေကန်ဘက်မှ ထွက်ပေါ်လာသည်။

"သွားရအောင် တစ်ချက် သွားကြည့်ကြမယ်"

ချန်းဖန်က မျက်မှောင်ကြုတ် လိုက်ပြီး ရေကန်ဘက်သို့ လျင်မြန်စွာ ပြေးသွားလိုက်သည်။

***

All Chapters