လူကြီးမင်းရှစ်၏ အစွမ်း
Vol. 1 Ch. 68
ယင်နဂါးရေကန်သည် တောင်များ ပတ်လည် ဝိုင်းထားသော ချိုင့်ဝှမ်းတစ်ခု အတွင်းတွင် တည်ရှိခြင်း ဖြစ်သည်။ သဘာဝ အကာအရံ တောင်များကြောင့် ချိုင့်ဝှမ်းအား အပြင်ဘက်မှ ကြည့်လျှင် အသေအချာ မမြင်နိုင်ပါ။
ရေကန်ဘေးတွင် ကျန့်အန်းချီ ခေါင်းဆောင်သော သက်တော်စောင့်များနှင့် အဘိုးကြီးတစ်ဦး ခေါင်းဆောင်သော လူတစ်စု ရင်ဆိုင်တွေ့ နေကြသည်။ ထိုအဘိုးကြီးသည် ဆရာဝူအား မြင်လိုက်သည်နှင့် တစ်ပြိုင်နက် အံ့ဩသွားပြီး ဒေါသတကြီး အော်တော့သည်။
"ခွေးကောင် ဂိုဏ်းရဲ့ အထွတ်အမြတ် နယ်မြေဆီကို အပြင်လူတွေ ခေါ်လာရဲတယ်"
လူတိုင်းက ဆရာဝူအား လှည့်ကြည့် လိုက်မိကြသည်။ ကျန့်အန်းချီ၏ မျက်နှာက စိတ်မကျေနပ်မှုတို့နှင့် ပြည့်နှက်နေသည်။
ဆရာဝူက အလွန် စိတ်ရှုပ်ထွေးသွားပြီး ချန်းဖန်အား လှည့်ကြည့်လာသည်။
"ဆရာချန်း.. သူတို့က ကျုပ်ရဲ့ ဂိုဏ်းတူ အကိုတွေပါ အရပ်ရှည်ရှည် တစ်ယောက်က မုဟုန်ရှန်းပါ အရပ်ပုပု ဝဝနဲ့ တစ်ယောက်ကတော့ ယန်ကျန့်ကျယ်ပါ သူတို့နှစ်ယောက်လုံး ဒီမှာ ရှိနေမယ်လို့ မထင်မိခဲ့ဘူး"
ချန်းဖန်က ထိုအဘိုးကြီး နှစ်ယောက်အား ကြည့်လိုက်သည်တွင် များပြားလှသော အငြိုးအတေး ချီများအား ခံစားမိသည်။ ဆရာဝူ၏ ခန္ဓာကိုယ် တစ်ဝိုက်တွင် ရှိနေတတ်သော ချီများကဲ့သို့ပင်။ ဆရာဝူတို့ ဂိုဏ်း၏ ထူးခြားသော ကျင့်စဉ် အမျိုးအစားကြောင့် ဖြစ်ပုံရသည်။ ထိုအဘိုးကြီး နှစ်ဦးမှာလည်း ဆရာဝူကဲ့သို့ပင် တူညီသော ကျင့်ကြံဆင့်များ ရှိကြသည်။
ချန်းဖန် အကဲခတ် နေစဉ်တွင် ဆရာဝူက သူ့ဂိုဏ်းတူ ညီအစ်ကိုများ၏ စွပ်စွဲချက်များအား ဖြေရှင်းနေရသည်။
"အဘိုးကြီးမု ဒီလူတွေကို ကျုပ်လမ်းပြပြီး ခေါ်လာတာ မဟုတ်ပါဘူး သူတို့ဘာသာ သူတို့ လာတာပါ"
အရပ်ရှည်ရှည် အဘိုးကြီးက အော်ရယ်လိုက်သည်။
"ခွေးကောင် ငါ့ကို လာလိမ်မနေနဲ့ အမြွာနဂါး ရွာမှာတည်းက မင်းနဲ့ ဒီလူတွေက တစ်အုပ်စုတည်းဆိုတာ ငါ့တပည့်တွေ ပြောပြလို့ ငါသိပြီးပြီ သက်သေမရှိဘဲ မစွပ်စွဲဘူးကွ"
ချန်းဖန်က အဘိုးကြီးမု၏ စကားကြောင့် အနည်းငယ် အံ့ဩသွားသော်လည်း ခဏကြာတော့ နားလည်သွားသည်။ ကျန့်အန်းစုတို့ လူစု၏ အလွန် ထင်သာ မြင်သာ ဖြစ်နေသော ပုံစံများကြောင့် ယင်မိစ္ဆာဂိုဏ်းက သတိမထားမိလျှင်ပင် ထူးဆန်းနေမှာ ဖြစ်သည်။
ရုတ်တရက် ထက်ရှသော မိန်းကလေးသံ တစ်ခုက ထွက်ပေါ်လာသည်။
"ရှင်တို့ကြားက ပြဿနာတွေကို ဘယ်သူမှ စိတ်မဝင်စားဘူး ဘေးဖယ်နေကြ"
မုဟုန်ရှန်းနှင့် ယန်ကျန့်ကျယ်တို့က ကပြားမိန်းကလေးအား သတိထားမိသွားပြီး မျက်ခုံးပင့်ကာ မေးလိုက်သည်။
"မင်းက ဘယ်သူလဲ အဘိုးကြီးဝူနဲ့ ဘယ်လိုသိတာလဲ"
အကောင်းစား နေကာမျက်မှန် တစ်လက် တပ်ထားသော ကျန့်အန်းချီက အဘိုးကြီးများ၏ မေးခွန်းအား ဖြေရန် စိတ်ကူးရှိပုံမရပေ။ မျက်နှာကို မော်ချီလျက် မာနတစ်ခွဲသားနှင့် မတ်တတ် ရပ်နေသည်။ မနေနိုင်တော့သော ဆရာလေးကျန်း၏ သူငယ်ချင်း တစ်ယောက်က ဝင်ဖြေလိုက်သည်။
"မမလေးကျန့်က ဟောင်ကောင် ကျန့်မိသားစုက ကျန့်အန်းချီပဲ တုန်းတူမြို့ကို စီးပွားရေး ကိစ္စနဲ့ လေ့လာရေးခရီး ထွက်လာတာ"
"ဟောင်ကောင်က ကျန့်အန်းချီ"
အဘိုးအိုကြီး နှစ်ယောက်က နှာခေါင်းရှုံ့လျက် မဲ့ပြုံး ပြုံးလိုက်သည်။
"မင်းဘာသာ ဘယ်သူပဲ ဖြစ်ဖြစ် ဂရုမစိုက်ဘူး ဒါက ငါတို့ဂိုဏ်းရဲ့ အထွတ်အမြတ် နယ်မြေ၊ မင်းက ကျူးကျော်သူပဲ"
ကျန့်အန်းချီ၏ မျက်လုံးများက ဒေါသကြောင့် နီရဲသွားသည်။ အင်အားကြီးလှသော ကျန့်မိသားစု၏ တစ်ဦးတည်းသော ဆက်ခံသူ အနေနှင့် သူမက တောင်ကြိုတောင်ကြားမှ အရူး အဘိုးကြီး နှစ်ယောက်ထံမှ အရှက်ခွဲ ခံရလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးချေ။
ဆရာလေးကျန်း၏ သူငယ်ချင်း တစ်ယောက်က ပြောလာသည်။
"မမလေးကျန့်က ခင်ဗျားတို့ကို ဘေးဖယ်ပေးဖို့ ပြောနေတယ်လေ မကြားဘူးလား"
ဆရာလေးကျန်းကလည်း အေးစက်စက် ဝင်ပြောသည်။
"မမလေးကျန့်က အရေးကြီး ကိစ္စတစ်ခုကြောင့် ဒီနေရာကို ရောက်လာခဲ့တာ အလုပ်ကိစ္စ တစ်ခုခုသာ ချွတ်ချော်သွားလို့ကတော့ ခင်ဗျားတို့အားလုံး မလွယ်ဘူးမှတ် ကျုပ်အဖေက တုန်းတူမြို့က ကျန်းကျားလျန်ပဲ ခင်ဗျားတို့ နှစ်ယောက်လုံး သိလိမ့်မယ်လို့ ကျုပ်လောင်းရဲတယ်"
ဤနယ်တစ်ဝိုက်တွင် လွှမ်းမိုးနိုင်စွမ်း ရှိသော ကျန်းကျားလျန်အား မသိသူ မရှိပေ။ အဘိုးကြီး နှစ်ယောက်၏ မျက်နှာများက ဖြူဖျော့သွားသည်။ သို့သော်လည်း ဂိုဏ်း၏ အထွတ်အမြတ် နယ်မြေကား တွေ့ကရာလူ ပေးဝင်၍ရသော နေရာမျိုး မဟုတ်ပေ။ ခက်ခက်ခဲခဲ စိတ်ကို ပြန်လည် စုစည်းလိုက်ပြီးနောက် အဘိုးကြီး နှစ်ယောက်က ပြန်အော်လိုက်သည်။
"မင်းအဖေက ဘယ်သူဖြစ်ဖြစ် ငါတို့နဲ့ ဘာဆိုင်လဲ ကျန်းကျားလျန်ဆိုတဲ့ နာမည်ကိုလည်း တစ်ခါမှ မကြားဖူးဘူး"
"ခင်ဗျား ပြောရဲတယ် "
ဆရာလေးကျန်း၏ မျက်နှာကြီးမှာ ဒေါသကြောင့် နီရဲသွားသည်။
"မမလေးကျန့်က တုန်းတူမြို့မှာ ရင်းနှီးမြှပ်နှံဖို့ လာခဲ့တာ ဒီကိစ္စက တုန်းတူမြို့မှာ နေတဲ့ လူတိုင်းအတွက် အရေးကြီးတယ်။ ခင်ဗျားတို့သာ အဓိကနဲ့ သာမညကို မခွဲခြားနိုင်လောက်အောင် တုံးအနေတာ ထွက်သွားကြစမ်းပါ အရူးအိုကြီးတွေ"
ဆရာလေးကျန်း၏ သူငယ်ချင်းက ဝင်အော်လာပြန်သည်။
"ယင်မိစ္ဆာဂိုဏ်း အထွတ်အမြတ် နယ်မြေ ခင်ဗျားတို့ကိုယ် ခင်ဗျားတို့ ဝူရှဝတ္ထုထဲ ရောက်နေတယ်များ မှတ်နေလား။ ရယ်စရာ ကောင်းလိုက်တာ"
ဆရာလေးကျန်း၏ အခြားသော သူငယ်ချင်း တစ်ယောက်ကလည်း ဝင်ပြောလာ၏။
ဘယ်သူကမှ အဘိုးကြီး နှစ်ယောက်အား အရေးတယူ မရှိကြပေ။
ထိုလူငယ်လေးများ အားလုံးသည် တုန်းတူမြို့၏ အထင်ကရ မိသားစုများမှ ဖြစ်ကြပြီး အရူးအဘိုးကြီး နှစ်ဦးက သူတို့ကဲ့သို့ သခင်လေးများအား တားနိုင်မည်ဟု မထင်ကြပေ။
သို့သော် ကျန့်အန်းချီကတော့ တစ်ခုခု လွဲချော်နေသလို ခံစားလိုက်ရသည်။
ဤမတိုင်ခင်တွင် အရာအားလုံးက လိုအပ်သည်ထက် ပို၍ ချောချောမွေ့မွေ့နှင့် အဆင်ပြေခဲ့သည်။ အမြွှာနဂါးရွာတွင် ယင်နဂါးရေကန်၏ တည်နေရာအား သိသော လမ်းပြတစ်ယောက် အဆင်သင့် တွေ့ခဲ့ခြင်းကပင် တိုက်ဆိုင်ခြင်းလား၊ သို့မဟုတ် ကြိုတင် ကြံစည်ထားခြင်းလား ဆိုသည်ကို သူမ စဉ်းစားမိလာပြီ ဖြစ်သည်။ အကယ်၍ ကြိုတင် ကြံစည်ခြင်းသာ ဖြစ်ခဲ့ပါက လက်သည်မှာ ဆရာဝူနှင့် ချန်းဖန်ဟု ခေါ်သော ကောင်လေး နှစ်ယောက်ထဲမှ တစ်ယောက်သာ ဖြစ်ရပေမည်။
ထိုသို့အတွေးနှင့် ပတ်ဝန်းကျင်အား အကဲခတ် ကြည့်မိသည်တွင် ယုံကြည်မှု အပြည့် ရှိနေသော သူမ၏ အားကောင်းမောင်းသန် သက်တော်စောင့်များအား တွေ့ရသည်။ ထိုအခါမှ ကျန့်အန်းချီ၏ မသိစိတ်အတွင်းရှိ ကြောက်ရွံ့မှုက အနည်းငယ် ပြေပျောက် သွားသည်။
ကျန့်မိသားစု၏ ဆက်ခံသူ တစ်ယောက် အနေနှင့် ကျန့်အန်းချီသည် ငယ်စဉ်ကပင် အလွန် သံသယ များတတ်သူ ဖြစ်သည်။ ထို့ကြောင့် သူမ၏ သက်တော်စောင့် အားလုံးအား သေနတ်များ ဆောင်လာစေခဲ့သည်။
အဘိုးကြီးနှစ်ယောက်သည် ဆယ်ကျော်သက်များ၏ ဘဝင်မြင့်နေသော ဟန်ပန်များကြောင့် အကျယ်ကြီး အော်ရယ်မိ လိုက်ကြသည်။ ထို့နောက် မဲ့ပြုံးတစ်ခုအား ပြုံးလိုက်ပြီး..။
"ဟောင်ကောင်က မမလေးဆိုတော့ ဘာဖြစ်လဲ တုန်းတူမြို့က သခင်လေးတွေ ဆိုတော့ရော ဘာဖြစ်လဲ မင်းတို့ရဲ့ အာဏာက မြို့ပေါ်မှာသာ သက်ရောက်မှု ရှိရင်ရှိမယ် ဒီလို တောထဲ တောင်ထဲမှာတော့ ဘယ်အရာကိုမှ အာဏာတွေ၊ ပိုက်ဆံတွေနဲ့ ဝယ်လို့မရဘူး လူတစ်ယောက်ရဲ့ ကိုယ်ပိုင် ခွန်အားကပဲ အားလုံးကို အဆုံးအဖြတ် ပေးတယ်"
အဘိုးကြီး၏ စကားကြောင့် ဆရာလေးကျန်းတို့ လူစုက အနည်းငယ် ထိတ်လန့် သွားကြသည်။
ကျန့်အန်းချီသည် ဒေါသတကြီးနှင့် ချန်းဖန်ဘက်သို့ လှည့်ကာ အော်လိုက်သည်။
"ဒါတွေအားလုံးက နင့်ရဲ့ အကြံအစည်တွေလား ငါတို့ကို လှည့်စားဖို့ ကြိုးစားတယ်ပေါ့ ငါနင့်ကို ထိုက်ထိုက်တန်တန် ပေးထားပြီးပြီလေ ထပ်လိုချင်တယ်ဆိုလည်း ပေးနိုင်တယ် ငါ့မိသားစုရဲ့ ပိုင်ဆိုင်မှုက ယွမ်ဘီလီယမ်နဲ့ ချီပြီး ရှိတယ် ငွေလေး နည်းနည်းလောက်ကို တွန့်တိုနေမှာ မဟုတ်ဘူး"
ချန်းဖန်က အခြေအနေအား ယခုထက်ထိ နားမလည်သေးသော သူဌေးသမီး မမလေး၏ စကားကြောင့် ခေါင်းသာ ယမ်းမိသည်။
အဘိုးကြီးမု၏ စကားက တကယ် မှန်ပေသည်။ ဤနေရာ ကဲ့သို့သော တောထဲ တောင်ထဲ၌ မည်သည်ကိုမှ ငွေကြေး၊ အာဏာများဖြင့် မဝယ်နိုင်ပေ။ လူတစ်ယောက်၏ ခွန်အားကသာ အရာအားလုံးကို အဆုံးအဖြတ် ပေးမှာ ဖြစ်သည်။
ရုတ်တရက် မုဟုန်ရှန်းက အသံနက်ကြီးဖြင့် အော်လိုက်လေသည်။
"အချိန်ဖြုန်း မနေကြနဲ့တော့ ငါတို့ဂိုဏ်းရဲ့ အထွတ်အမြတ် နယ်မြေထဲကို ကျူးကျော်လာပြီးမှတော့ ထိုက်တန်တဲ့ အပြစ်ကို ပြန်ပေးဆပ်ရမယ်"
စကားဆုံးသည်နှင့် မုဟုန်ရှန်းသည် အင်္ကျီအိတ် အတွင်းမှ အဆောင်တစ်ခုအား ထုတ်ယူလိုက်ပြီး လက်ချောင်း တစ်ချောင်းအား လေထဲသို့ ညွှန်ပြလိုက်သည်။
ရုတ်ခြည်း ဆိုသလို တိမ်မည်းများက အဆောင်အတွင်းမှ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ လေထု၏ အပူချိန်မှာ အလျင်အမြန်ပဲ ကျဆင်းသွားသည်။ သဘာဝ အတိုင်းကပင် အေးစက်နေသော ရေကန်အနီးရှိ အအေးဓာတ်မှာ ပို၍ ပြင်းထန်လာသည်။ မတိုင်ခင်က လေကြီးမိုးကြီး ပြောနေခဲ့ကြသော သခင်လေးတစ်စုမှာ အအေးဓာတ်ကြောင့် ခိုက်ခိုက်တုန် လာကြသည်။
"ဘာတွေ ဖြစ်နေတာလဲ"
ဆရာလေးကျန်း၏ သူငယ်ချင်းများမှာ ထိတ်လန့်စွာနှင့် အဘိုးကြီးမုအား ကြည့်လိုက်မိကြသည်။
ကျန့်အန်းချီ၏ သက်တော်စောင့် များသည်လည်း အံ့ဩနေကြပြီး ဘာလုပ်ရမည်ကို မသိစွာ ကြောင်ရပ် နေမိကြသည်။
"ဒီအဘိုးကြီးတွေက တကယ်ပဲ မှော်ပညာ တတ်ကြတာများလား"
ဆရာလေးကျန်း၏ သူငယ်ချင်း အုပ်စုထဲမှ တစ်ယောက်က အထစ်ထစ် အငေါ့ငေါ့နှင့် ပြောလိုက်သည်။
ထိုလူငယ်၏ စကားကြောင့် လူတိုင်း၏ နှလုံးသားများမှာ အကြောက်တရားထဲသို့ နစ်မြုပ်သွားကြတော့သည်။
ဆရာလေး ကျန်းပင်လျှင် စတင် တုန်ယင်လာသည်။ သူကား အလွန် ငယ်ရွယ်လွန်းသေးသည်။ ဤကဲ့သို့သော နေရာမျိုး၌ ဘဝကို အဆုံးမသတ်ချင်ပေ။
ကျန့်အန်းချီသည်လည်း အပြောင်းအလဲများကြောင့် မျက်နှာ ဖြူဖျော့သွားသည်။ သူမသည် လူကြီးမင်းရှစ်၏ မှော်အစွမ်း တချို့အား မြင်ဖူးသောကြောင့် မှော်အစွမ်းများနှင့် မစိမ်းပေ။ သို့သော်လည်း သူမက ထိုအရာများမှာ အမြင်အာရုံကို လှည့်စားရုံမျှသာ ဖြစ်သည်ဟု ထင်ခဲ့ပြီး ယခုကဲ့သို့ ကြောက်မက်ဖွယ် အခြေအနေမျိုးနှင့်လည်း တစ်ခါမှ မကြုံဖူးခဲ့ရာ မှော်အစွမ်းများအပေါ် လုံးဝ အထင်မကြီးခဲ့ပေ။
သူမသည် ကြောက်အား လန့်အားနှင့် လူကြီးမင်းရှစ်ထံ အကူအညီ တောင်းရန် လှည့်ကြည့် လိုက်သည်။
"တော်လောက်ပြီ"
လူကြီးမင်းရှစ်က အော်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်း တိုးလာသည်။ သူ၏ မျက်လုံးများထဲ၌ အစိမ်းရောင် တံလျှပ် တစ်ချက် လက်သွားသည်။
လူကြီးမင်းရှစ်က လွန်စွာ တည်ကြည်သော အသံနှင့် ပြောလိုက်သည်။
"ယင်မိစ္ဆာဂိုဏ်းရဲ့ တပည့်တွေ အားလုံး နောက်ဆုတ်နေကြ မဟုတ်ရင် မင်းတို့ အားလုံးကို ငါသတ်မိလိမ့်မယ်"
အဘိုးကြီးမုက မဲ့ပြုံးပြုံးလိုက်ပြီး မှော်အစီအရင်အား အသက်သွင်း လိုက်သည်။ ထို့နောက် ကျောချမ်းဖွယ် ကောင်းလှသော အနက်ရောင် အခိုးအငွေ့များအား လူကြီးမင်းရှစ်ထံသို့ လျင်မြန်လှသော အရှိန်နှင့် ပစ်လွှတ်လိုက်လေသည်။
"အား "
ကျန့်အန်းချီက ကြောက်ရွံ့စွာနှင့် အော်ဟစ်လိုက်မိသည်။ သူမအနီးရှိ ဆရာလေးကျန်း အပါအဝင် သခင်လေး တစ်စုမှာတော့ မြင်လိုက်ရသော မြင်ကွင်းကြောင့် ကြက်သေ သေလျက် နေရာတွင်ပင် တောင့်ခဲသွားကြသည်။
လူကြီးမင်းရှစ်က တည်ငြိမ်စွာ ရပ်နေဆဲ ဖြစ်ပြီး နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
"ဟောင်ကောင်မှာတုန်းက မင်းတို့ဂိုဏ်းအကြောင်း ကြားဖူးခဲ့တယ် မင်းတို့ဂိုဏ်းရဲ့ မှော်အစီအရင်တွေက သာမန်လူတွေကို လှည့်စားဖို့လောက်ပဲ အသုံးဝင်ရင် ဝင်မယ် ငါ့အတွက်တော့ မင်းရဲ့ ယင်ချီနည်းနည်းလေးက ရယ်စရာ ဖြစ်နေတယ်"
ထို့နောက်တွင် လူကြီးမင်းရှစ်၏ ခန္ဓာကိုယ် တစ်ဝိုက်၌ အစိမ်းရောင် အရောင်အဝါများ စတင် ထွက်ပေါ်လာသည်။ အနက်ရောင် အခိုးအငွေ့များ လူကြီးမင်းရှစ်ထံသို့ မရောက်ခင်တွင်ပဲ အစိမ်းရောင် အလင်းစက်များက မျက်စိကျိန်း လောက်အောင် တောက်ပလာပြီး အနက်ရောင် အခိုးအငွေ့များအား လွှမ်းခြုံသွားသည်။ လူကြီးမင်းရှစ်က တုံ့ဆိုင်းမနေဘဲ အစိမ်းဖျော့ဖျော့ အလင်းတန်း တစ်ခုအား အဘိုးကြီးမုထံသို့ ပစ်လွှတ်လိုက်သည်။
အစိမ်းဖျော့ရောင် အလင်းတန်းက အလွန် လျင်မြန်လှသော အရှိန်နှင့် မျက်တောင် တစ်ခတ်စာ အတောအတွင်း အဘိုးကြီးမုထံသို့ ရောက်ရှိလာသည်။
အစိမ်းဖျော့ရောင် အလင်းတန်းမှာ အလင်းတန်း သက်သက်သာ မဟုတ်ဘဲ အလွန် ပါးလျသော နွယ်ပင်တစ်ခုပါ ပါဝင်နေတာ ဖြစ်သည်။ ထိုနွယ်ပင်က အဘိုးကြီးမုအား အလျင်အမြန် ရစ်ပတ်သွားပြီး မည်သည့် လှုပ်ရှားမှုမှ မပြုလုပ်နိုင်အောင် တားဆီးလိုက်သည်။
ယန်ကျန့်ကျယ်၏ မျက်နှာမှာ တည်ကြည် သွားသည်။ အဖြစ်အပျက်များအရ လူကြီးမင်းရှစ်သည် သူတို့အားလုံးထက် အစွမ်းထက်သော ကျင့်ကြံသူ တစ်ယောက် ဖြစ်ကြောင်း သိသာလှသည်။ ဆုတ်ခွာရန် အတွေးတစ်ခုက ယန်ကျန့်ကျယ်၏ အတွေးထဲသို့ စတင် ဝင်ရောက် လာသည်။
လူကြီးမင်းရှစ်က ကြားထဲရှိ လူများအား ကျော်ဖြတ်လျက် ချန်းဖန်နှင့် ဆရာဝူထံသို့ လျှောက်လာကာ ပြောသည်။
"ဆရာဝူ ကျုပ်က ခင်ဗျားရဲ့ နောက်ခံကို အရင်တည်းက ရိပ်စားမိခဲ့တယ် ခင်ဗျားကလည်း ယင်မိစ္ဆာဂိုဏ်းကပဲ ဆိုမှတော့ ယင်နဂါးရေကန်ရဲ့ အကြောင်း အနည်းအကျဉ်းတော့ သိလိမ့်မယ် ဆိုတာ ကျုပ်လောင်းရဲတယ် ပွင့်ပွင့်လင်းလင်း ပြောရရင် ကျုပ်တို့ ဒီကို လာခဲ့တာက ရေကန်ထဲက ဆေးမြစ်ကို ထုတ်ယူပြီး သခင်ကြီးကျန့်ကို ကုသပေးဖို့ အတွက်ပဲ ဆေးမြစ်ကို ရပြီးတာနဲ့ ကျုပ်တို့ ဒီကနေ ထွက်သွားပေးမယ် ကျုပ်ကိုယ်တိုင် ကတိပေးတယ် ဒါ့ကြောင့် ခင်ဗျားနဲ့ ခင်ဗျားရဲ့ ဂိုဏ်းတူ ညီအကိုတွေက ကျုပ်တို့နဲ့ ပူးပေါင်းပေးပါ ဒီလိုဆိုရင် ကိစ္စတွေက ပိုပြီး လွယ်ကူသွားလိမ့်မယ်"
လူကြီးမင်းရှစ်သည် လက်နှစ်ဖက်အား နောက်ပစ်လျက် သူ၏ သဘောထားအား ပွင့်လင်းစွာ ကြေညာလိုက်သည်။ ဆရာဝူ၏ အဆုံးအဖြတ်အား သိလိုစွာနှင့် ဘယ်သူကမှ စကားတစ်ခွန်း မဆိုရဲကြပေ။
ယန်ကျန့်ကျယ်က သူ၏ ဂိုဏ်းတူညီအကို ဆရာဝူအား လှမ်းကြည့် လိုက်သည်တွင် ဆရာဝူက ရှုံ့မဲ့နေသော မျက်နှာနှင့် ချန်းဖန်ကိုသာ ကြည့်နေသည်အား မြင်လိုက်ရသည်။
ချန်းဖန်သည်ကား စကားတစ်ခွန်းမျှ မဆိုဘဲ အမူအရာမဲ့သော မျက်နှာနှင့် ငြိမ်သက်နေသော ရေကန် မျက်နှာပြင်ကိုသာ ငေးလို့နေ၏။ ဆရာဝူ အပါအဝင် လူတိုင်းက သူ၏ ဆုံးဖြတ်ချက်အား စောင့်ဆိုင်း နေချိန်တွင် ထိုကောင်လေးက မည်သည့်အရာများအား တွေးတောနေသည်ကို ဘယ်သူကမှ မခန့်မှန်းနိုင်ပါ။
ခဏမျှ ကြာပြီးနောက် လူကြီးမင်းရှစ်၏ စိတ်ရှည်နိုင်မှုက ကုန်ဆုံးသွားပြီ ဖြစ်သည်။ သူက နောက်ဆုံး အနေနှင့် ခပ်ပြတ်ပြတ် မေးလိုက်သည်။
"ဒီတော့ မင်းတို့ရဲ့ သဘောထားက ဘယ်လိုလဲ"
ကျန့်အန်းချီက ချန်းဖန်၏ တုံဏိဘာဝေ အမူအရာကြောင့် စိတ်မထိန်းနိုင်တော့ဘဲ ဒေါသတကြီး အော်လိုက်လေသည်။
"လူကြီးမင်းရှစ် သူတို့ရဲ့ လှည့်ကွက်ထဲ ဝင်မသွားမိစေနဲ့ အားလုံးက သူတို့ ကြိုတင် ကြံစည်ထားတာ သူတို့ကို မှတ်လောက် သားလောက်အောင် ဆုံးမလိုက်စမ်းပါ"
အဘိုးကြီးမုနှင့် အဘိုးကြီးယန်တို့ နှစ်ဦးလုံး ကျန့်အန်းချီ၏ စကားကြောင့် မျက်မှောင်ကြုတ် မိသွားကြသည်။ လူကြီးမင်းရှစ်လည်း စကားပြောမည် အပြုတွင် ရုတ်တရက် ငြိမ်သက်နေသော ကန်ရေပြင်မှာ ဆူပွက်လာပြီး ပန်းထွက်လာသော ရေများနှင့်အတူ ရေကန်၏ အလယ်မှ အနက်ရောင် အရိပ်တစ်ခု ခုန်ထွက်လာလေသည်။
***