ယင်နဂါး
Vol. 1 Ch. 69
ကျန့်အန်းချီသည် ရုတ်တရက် ပြောင်းလဲသွားသော အဖြစ်အပျက်များကြောင့် မှင်တက်သွားပြီး သူမမျက်နှာပေါ်ရှိ အပြုံးမှာလည်း အေးခဲသွားတော့သည်။
ကြီးမားလှသော အမည်းရောင် အရိပ်ကြီးတစ်ခုက ရေကန်အတွင်းမှ ထွက်ပေါ်လာသည်ကို သူမ မြင်လိုက်ရသည်။ ထိုသတ္တဝါကြီး၏ တစိတ်တစ်ပိုင်းသည် ရေကန်အတွင်း၌ ကျန်ရှိနေဆဲ ဖြစ်သော်လည်း အပြင်ဘက်သို့ ထွက်ပေါ်လာသော အပိုင်းကပင် မီတာ ဒါဇင်ပေါင်းများစွာ ရှည်လျားပြီ သုံးထပ်တိုက် တစ်ခုလောက် မြင့်သည်။
ကြောက်ရွံ့မှုက သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး အခြားသူများအား အော်ဟစ် သတိပေးရန်ပင် သတိမရနိုင်တော့ဘဲ နေရာတွင် ကြက်သေ သေနေတော့သည်။
ထိုသို့ ဖြစ်နေသူမှာ သူမ တစ်ယောက်တည်းတော့ မဟုတ်ပါချေ။ သူမအနီးရှိ လူအားလုံးမှာ ကြက်သေ သေနေကြပြီး ဂရိနတ်သမီး ဂေါ်ဂန်အား မြင်လိုက်ရသည့်အလား ကျောက်ရုပ် ဖြစ်နေကြသည်။
[ဂေါ်ဂန်(Gorgon)– ဂရိဒဏ္ဍာရီအရ ခေါင်းတွင် မြွေအရှင်များ ဆံပင်ကဲ့သို့ ပေါက်နေ၍ ကြည့်မိသူကို ကျောက်စိုင်ကျောက်သား ဖြစ်သွားစေနိုင်သော တန်ခိုးရှင် နတ်သမီး ညီအစ်မသုံးဖော် အနက်မှ တစ်ဦး။]
"ဘာတွေ ဖြစ်နေတာလဲ"
လူကြီးမင်းရှစ်သည် ရေကန်အား ကျောပေးလျက် ရပ်နေခြင်းဖြစ်ရာ သဘာဝကျစွာပင် ရေကန်အတွင်းမှ ထွက်ပေါ်လာသော သတ္တဝါကြီးကို မမြင်နိုင်ပါ။ သို့သော်လည်း ကျန့်အန်းချီတို့ လူစု၏ ပုံမှန်မဟုတ်သော အမူအရာများကြောင့် ဇဝေဇဝါ ဖြစ်သွားသည်။
ထိုအချိန်တွင်ပဲ လူကြီးရှစ်သည် သာမန်ထက် အေးစက်လှသော လေပွေတစ်ခုက သူ၏ လည်ပင်းအား လာရောက် ရိုတ်ခတ်နေသလို ခံစားလိုက်ရသည်။
ယင်နဂါးရေကန်၏ အစွန်းဖျား၌ပင် ယင်ချီများက လွန်စွာ သိပ်သည်းနေခြင်းကြောင့် ရေကန်အနီး တစ်ဝိုက်ရှိ မြေပြင်မှာ မည်သည့်အပင်မှ မပေါက်ရောက်နိုင်သော ကျတ်တီးမြေကဲ့သို့ ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ ရုတ်တရက် ပတ်ဝန်းကျင်ရှိ အပူချိန်မှာ အအေးဆုံး ဆောင်းရာသီသို့ ရောက်ရှိသွားသည့် အလား သိသိသာသာ ကျဆင်းသွားသည်။ လူကြီးမင်း၏ နောက်ကျောမှာလည်း တောင့်တင်းသွားပြီး သူကျောခိုင်းထားသော ရေကန်ထဲမှ တစ်စုံတစ်ရာ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း နားလည်လိုက်သည်။
လူကြီးမင်းရှစ်သည် စိတ်တည်ငြိမ်အောင် ကြိုးစားထိန်းရင်း အနောက်ဘက်သို့ ဖြည်းညင်းစွာ လှည့်ကြည့် လိုက်သည်။
ကြီးမားလှသော မြွေကြီးတစ်ကောင်က ရေကန် မျက်နှာပြင်ပေါ်တွင် ရှိနေသည်။ မြွေကြီး၏ သုံးပုံနှစ်ပုံခန့်က ရေထဲ၌ ရှိနေဆဲ ဖြစ်သည်။ မြွေကြီး၏ ခန္ဓာကိုယ်လုံးပတ်သည် ဝိုင်စည်ပိုင်းကြီး တစ်ခုစာလောက် ကြီးမားပြီး လက်သီးဆုပ်အရွယ် အစိမ်းရောင် အကြေးခွံများက တစ်ကိုယ်လုံးအား ဖုံးအုပ်ပေးထားသည်။ တြိဂံပုံ သဏ္ဌာန် ဦးခေါင်းကြီး၌ အနက်ရောင် မျက်လုံးကြီး နှစ်လုံးက စူးရှနေသည်။ ထိုမျက်လုံးကြီးများက လူကြီးမင်းရှစ်အား သားကောင်သဖွယ် သဘောထားကာ စူးစူးရဲရဲ ကြည့်နေသည်မှာ ကျောချမ်းဖွယ် ကောင်းလှသည်။
လူကြီးမင်းရှစ်သည် ဆယ်စုနှစ် တစ်စုစာမက ကျင့်ကြံခဲ့သော ဝါရင့်ကျင့်ကြံသူတစ်ယောက် ဖြစ်ရာ ဤမျှ ကြောက်မက်ဖွယ် ကောင်းသော အကြည့်ကြီးနှင့် ရင်ဆိုင်ရချိန်တွင် အခြား သာမန်လူများထက်တော့ အသိစိတ် ကပ်နေသေးသည်။
သူက ဘေးဘက်သို့ လှိမ့်ထွက်လိုက်ရင်း လက်တစ်ဆုပ်စာ သဲများအား မြွေကြီး၏ အနက်ရောင် မျက်လုံးများဆီသို့ လှမ်းပက်လိုက်သည်။ သို့သော် မြွေကြီးက အလွန် လျင်မြန်စွာ ရှောင်တိမ်းလိုက်ပြီး လူကြီးမင်းရှစ် နောက်တစ်ကြိမ် မလှုပ်ရှားနိုင်သေးခင်တွင် သူ၏ ဧရာမ ပါးစပ်ကြီးကို ဖွင့်လျက် လူကြီးမင်းရှစ် ရပ်နေရာသို့ မြားတစ်စင်းအလား ပြေးဝင်လာသည်။
လူကြီးမင်းရှစ်သည် အလွန် ထိတ်လန့်သွားပြီး နီးကပ်လာသော ဧရာမပါးစပ်ကြီးအား အသက်လု၍ ရှောင်တိမ်း လိုက်ရသည်။
ပထမဆုံး တိုက်ခိုက်မှု လွဲချော်သွားသည့်နောက် မြွေကြီးသည် ပို၍ ရှူးရှူးရှားရှား ဖြစ်သွားပြီး အနီးဆုံးတွင် ကြက်သေ သေနေသော သက်တော်စောင့် တစ်ယောက်အား ဝင်ဆောင့်လိုက်သည်။
"အား"
ကျန့်အန်းချီက ကြောက်လန့်တကြားနှင့် အော်လိုက်သည်။ သူမ၏ အော်သံက ကြောင်အနေသော သက်တော်စောင့် အုပ်စုအား လှုပ်နှိုးလိုက်သလို ဖြစ်သွားသည်။ လီယွိဟု အမည်ရသော သက်တော်စောင့် ခေါင်းဆောင်လည်း သတိဝင်သွားပြီး ကျန့်အန်းချီအား ဘေးဘက်သို့ ဆွဲခေါ်လိုက်သည်။
"မမလေး သတိထားပါဦး ဒီကနေ ထွက်သွားမှ ဖြစ်မယ်"
"အားလုံး သေနတ်တွေကို အသင့်ပင်ပြီး ငါ့နောက်က လိုက်ခဲ့"
သက်တော်စောင့် အဖွဲ့အား အမိန့်ပေး လိုက်ပြီးနောက် လီယွိသည် ခါး၌ ချိတ်ထားသော လက်နက်ကို ထုတ်ကာ အစိမ်းရောင် မြွေကြီးအား စတင် ပစ်ခတ်လိုက်သည်။
အခြားသော သက်တော်စောင့်များမှာ လုံးလုံးလျားလျား အကြောက်မပြေ ကြသေးသော်လည်း လီယွိနောက်မှ တစ်ဖဝါးမခွာ လိုက်ခဲ့ကြသည်။ တာဝန်နှင့် ဝတ္တရားအရ သူတို့သည် မမလေးကျန့်အား ကာကွယ်ရန် မြွေသတ္တဝါကြီးနှင့် ရင်ဆိုင်ရပေမည်။
ယင်မိစ္ဆာ ဂိုဏ်းသားများသည်လည်း မြွေကြီးအား အလွန် ကြောက်ရွံ့နေကြပြီး ဘယ်သူကမှ မလှုပ်ရဲကြပေ။
ဤနေရာတွင် ရှိနေကြသူ အားလုံးထဲ၌ သူတို့ကသာ ထိုမြွေကြီး မည်မျှ အစွမ်းထက်ကြောင်း သေချာ သိပေသည်။ အကယ်၍ မြို့ပေါ်မှလာသော သက်တော်စောင့်များက ထိုမကောင်းဆိုးဝါးကြီးအား ခေတ်မီလက်နက်များနှင့် အနိုင်ယူရန် ကြိုးစားနေပါက ထိုမှားယွင်းမှု၏ ရလဒ်အနေနှင့် ပေးလိုက်ရမည်က ထိုသက်တော်စောင့်များ၏ အသက်ဖြစ်သည်။ ယင်မိစ္ဆာဂိုဏ်း၏ တည်ထောင်သူ ဘိုးဘေးကြီးပင်လျှင် ထိုမကောင်းဆိုးဝါးကြီးအား အနိုင်မယူနိုင်ခဲ့ရာ သာမန် သက်တော်စောင့်လေးများ ဆိုပါက ပြောစရာကို မလိုတာ ဖြစ်သည်။
ယန်ကျန့်ကျယ်က တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။
"ယင်နဂါးကြီးက အိပ်ပျော်နေတာ မဟုတ်ဘူးလား သုံးနှစ်တစ်ကြိမ်ပဲ နိုးထတာ မဟုတ်ဘူးလား အခု ဘယ်လိုတွေ ဖြစ်သွားတာလဲ"
အကယ်၍ ယင်နဂါးကြီး အိပ်ပျော်မနေမှန်းသာ ကြိုတင် သိထားခဲ့ပါက မမလေးကျန့်တို့လူစုနှင့် ကတောက်ကဆ ဖြစ်ဖို့ဝေးသေး ရေကန်အနားသို့ လာရန်ပင် စိတ်ကူးရဲမည် မဟုတ်ပါ။
ယန်ကျန့်ကျယ်၏ စကားကြောင့် ချန်းဖန်က ခေါင်းယမ်းကာ ညည်းညူ လိုက်သည်။
"အရူးတွေပဲ"
ထိုလူများ မသိသည်မှာ ယင်မြွေများသည် ဘယ်သောအခါကမှ မအိပ်စက်ခဲ့ခြင်းကိုပင်။ ယင်မြွေများသည် ၎င်းတို့ နှစ်ပေါင်းများစွာ စုပ်ယူထားသော ယင်ချီများအား မှော်စွမ်းအား အဖြစ်သို့ ပြောင်းလဲနိုင်ရန် သန့်စင်နေခဲ့ခြင်းသာ ဖြစ်သည်။ ဤအချိန်၌ ငတုံးတစ်စုက ရေကန်ဘေးသို့လာကာ ရုတ်ရုတ်သဲသဲ ကိစ္စများ ဖန်တီးခြင်းဖြင့် မြွေကြီး၏ ငြိမ်းငြိမ်းချမ်းချမ်း ကျင့်ကြံနေခြင်းအား ဖျက်ဆီးလိုက်ခြင်း ဖြစ်ရာ မြွေကြီး ဒေါသ ထွက်သွားသည်မှာလည်း မထူးဆန်းပေ။
ဆရာဝူ၏ မျက်နှာသည် ကြောက်ရွံ့မှုကြောင့် အရောင်စုံ ပြောင်းလဲနေပြီး ပင့်သက်ရှိုက်လျက် ချန်းဖန်အား မေးလိုက်သည်။
"ဆရာချန်း ကျုပ်တို့ ဘာလုပ်သင့်လဲ ထွက်ပြေးကြမလား"
နောက်ဆုံးအကြိမ် မြွေကြီးအား ဆရာဝူ တွေ့ခဲ့စဉ်က ထိုကောင်ကြီးမှာ မီတာ နှစ်ဆယ်ခန့်သာ ရှိသေးသော်လည်း ယခုမူ မီတာသုံးဆယ်ခန့် ရှိနေပြီ ဖြစ်သည်။
အားရှို့သည်လည်း တိတ်ဆိတ်စွာ ရပ်နေရင်း ကြက်သေ သေနေတာ ဖြစ်သည်။
မည်သို့ပင်ဆိုစေ သူမကား အသက် ဆယ့်ခြောက်နှစ်သာ။ ရှိသေးသော မိန်းမငယ်လေး တစ်ယောက် ဖြစ်သည်။ အပြင်ပိုင်းတွင် မည်မျှ ကြံ့ခိုင်နေပါစေ မသိစိတ် တစ်နေရာ၌ မိန်းမသားဆန်၍ ကြောက်ရွံ့တတ်သော သဘာဝတော့ ရှိနေသေးတာပင်။
ယခုထက်ထိ တည်ငြိမ်နေသေးသူ ဟူ၍ ချန်းဖန် တစ်ယောက်သာ ရှိသည်။ သူက ဧရာမမြွေကြီးအား မကောင်းဆိုးဝါး တစ်ကောင်အဖြစ် သဘောမထားဘဲ အိမ်မွေး တိရစ္ဆာန်တစ်ကောင် အဖြစ်သာ သဘောထားနေပုံ ရသည်။
"ဘာလို့ ထွက်ပြေးရမှာလဲ ဒီမြွေကြောင့်ပဲ ကျွန်တော်တို့ ဒီကို ရောက်လာကြတာ မဟုတ်ဘူးလား"
ချန်းဖန်က ပြုံးသည်။
"ဒါပေမဲ့ ဒါကြီးက ကြောက်စရာ မကောင်းလွန်းဘူးလား"
ဆရာဝူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ တစ်ချက် ကြည့်လိုက်ရုံနှင့်တင် ထိုမကောင်းဆိုးဝါးမှာ သက်တော်စောင့်များ၏ ခေတ်မီ လက်နက်များအား မမှုကြောင်း သိသာလှသည်။
"သေစမ်း ငါ့မှာသာ ပိုကောင်းတဲ့ လက်နက် ပါလာခဲ့ရင် ဒီကောင်ကြီး အပိုင်းပိုင်း အစစ ဖြစ်သွားလောက်ပြီ"
လီယွိက ညည်းညူလိုက်သည်။ အကြိမ်အနည်းငယ် အသုံးပြုပြီးနောက် သေနတ်နှင့် သစ်သား တင်းပုတ်များက အသုံးမဝင်ကြောင်း သိလာရသည်။ လီယွိက သစ်သားတင်းပုတ်အား မြေကြီးပေါ်သို့ ပစ်ချလိုက်ပြီး ဘွတ်ဖိနပ်နှင့် ကပ်ချည်ထားသော တိုက်ပွဲသုံး ဓားမြှောင်အား ဖြုတ်ယူလိုက်သည်။ ဓားမြှောင်အား တင်းနေအောင် ဆုပ်ကိုင်ရင်း လီယွိက မြွေကြီးဆီသို့ ခုန်ဝင်လိုက်သည်။
သူသည် ဒုတိယသခင်ကြီး ကျန့်ကိုယ်တိုင် ကျန့်အန်းချီအား ကာကွယ်ရန် ခန့်အပ်ထားသူ ဖြစ်ပြီး စစ်မှုထမ်းဟောင်း တစ်ယောက်လည်း ဖြစ်ရာ သွေးကြောင်သူတော့ မဟုတ်ပေ။
လီယွိသည် နှစ်ပေါင်းနှစ်ဆယ်ခန့် သိုင်းပညာအား လေ့လာ လိုက်စားခဲ့ပြီး အတွင်းအားပညာ စဦးအဆင့်သို့ အောင်မြင်ခဲ့သည်။ လီယွိ၏ အမြင်တွင် ယင်မြွေကြီးမှာ ရုပ်ပိုင်းဆိုင်ရာ အင်အား ကြီးမားခြင်းကြောင့်သာ အသာစီး ရနေခြင်း ဖြစ်ပြီး အာဖရိက တောကြီးများထဲရှိ အလွန် အဆိပ်ပြင်းသော မြွေပွားများလောက် အန္တရာယ် မများဟု ယူဆသည်။
ဓားမြှောင်အား လက်ထဲတွင် ကျင်လည်စွာ လှည့်ပတ်ရင်း လီယွိက မြွေကြီး၏ ဝမ်းဗိုက်သို့ ဓားမြှောင်အသွားဖြင့် အားကုန်သုံး ထိုးစိုက်လိုက်သည်။
"ရွှတ်"
ဓားမြှောင်အသွားက မြွေကြီး၏ အကြွေးခွံများအား ဖြတ်လျက် အရေပြားကို ထွင်းဖောက်ကာ ခန္ဓာကိုယ် အတွင်းသို့ စိုက်ဝင်သွားသည်။
"သေစမ်း"
ဓားမြှောင်အသွားက မြွေကြီး၏ ခန္ဓာကိုယ် အတွင်းသို့ သုံးလက်မခန့်သာ စိုက်ဝင်နိုင်သည်ကို သတိထားမိ သွားသောကြောင့် လီယွိ၏ မျက်နှာ အမူအရာမှာ ပြောင်းလဲသွားသည်။ အစိမ်းရောင် အကြေးခွံများ အောက်ရှိ ကြွက်သားစိုင်များမှာ သံမဏိကဲ့သို့ မာကျောနေပြီး ဓားမြှောင်အသွားက ရှေ့ဆက် မတိုးနိုင်တော့ပေ။
"မဖြစ်နိုင်ဘူး ငါ့ရဲ့ တိုက်ခိုက်မှုက သံပြားကိုတောင် ထိုးဖောက်နိုင်တယ်"
တစ်စက္ကန့်မျှ တွေဝေသွားချိန်တွင် လီယွိ၏ မျက်လုံးထောင့်စွန်းမှ အနက်ရောင် အရိပ်တစ်ခုက ဖျတ်ခနဲ လှုပ်ရှားသွားသည်။ လီယွိက အလျင်အမြန် နောက်သို့ ပြန်ဆုတ် လိုက်သော်လည်း မြွေကြီး၏ အမြှီးက အလင်းအလျင်နှုန်းနှင့် လီယွိအား ထိမှန်သွားသည်။
မြွေကြီး၏ အမြီးသည် အလေးချိန် တတန်ခန့် ရှိပြီး ထိုအမြီးနှင့် အရိုက်ခံရခြင်းက အရှိန်ပြင်းစွာ လာနေသော ထရပ်ကား တစ်စီး ဝင်တိုက်ခံ လိုက်ရခြင်းနှင့် ဆင်တူသည်။ လွင့်စဉ် ထွက်သွားသော လီယွိ မြေပြင်ပေါ်သို့ ပြန်ကျလာချိန်၌ အရိုးကျိုးသံများပါ တဆက်တည်း ကြားလိုက်ရသည်။ လီယွိ၏ တစ်ကိုယ်လုံးရှိ အရိုးများမှာ ကျိုးကြေသွားပုံရပြီး အသက်မျဉ်းမျဉ်းသာ ရှိတော့သည်။
"အယ်လ်မန်"
ကျန့်အန်းချီက အသံကုန်ခြစ်၍ အော်လိုက်သည်။
အယ်လ်မန် ဆိုသည်မှာ လီယွိ၏ အင်္ဂလိပ်နာမည် ဖြစ်သည်။ လီယွိသည် တရုတ်ပြည်ပြင်ပ၌ မွေးဖွားခဲ့ပြီး ကျန်းအန်းချီ အင်္ဂလန်တွင် နေစဉ်ကတည်းက ကျန့်အန်းချီ၏ သက်တော်စောင့်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်သည်။ လီယွိက ကျန့်အန်းချီအား အလွန် သည်းငြီးခံပြီး သစ္စာစောင့်သိသူလည်း ဖြစ်သည်။ ကျန့်အန်းချီ၏ အယုံကြည်ရဆုံး လူယုံများထဲမှ တစ်ယောက် ဆိုလည်း မမှားပေ။
"မမလေး ဒီနေရာက ထွက်သွားမှဖြစ်မယ်"
အမျိုးသမီး သက်တော်စောင့် တစ်ဦးက ကျန့်အန်းချီ၏ လက်မောင်းကိုဆွဲကာ စိုးရိမ်တကြီး ပြောလိုက်သည်။
နှစ်မိနစ် အတွင်းမှာပင် သက်တော်စောင့် အုပ်စု၏ တစ်ဝက်ခန့်မှာ မြွေကြီး၏ လက်ချက်ဖြင့် ကြွသွားကြသည်။ ခေါင်းဆောင် ဖြစ်သူကလည်း သေလုမြောပါး အခြေအနေတွင် ရှိနေလေရာ ကျန်သက်တော်စောင့်များမှာ ယုံကြည်မှုတို့ လျော့နည်း လာကြသည်။ အချိန်ကြာလာသည် နှင့်အမျှ သူတို့၏ လက်နက်များမှာ မြွေကြီးအပေါ် သက်ရောက်မှု မရှိသည်ကိုလည်း နားလည်လာကြသည်။
ယန်ကျန့်ကျယ်နှင့် အခြား ယင်မိစ္ဆာဂိုဏ်းသားများမှာ အစောကြီးကပင် ချိုင့်ဝှမ်း အပြင်ဘက်သို့ ထွက်ပြေးသွားကြပြီး ဖြစ်သည်။ သူတို့က ချုံပုတ်များထဲ၌ ပုန်းနေကြပြီး အခြေအနေအား သတိအပြည့်နှင့် စောင့်ကြည့်နေကြသည်။
"ဟုတ်တယ် မမလေးကျန့် ဒီက ထွက်သွားမှ ဖြစ်မယ်"
ဆရာလေးကျန်း၏ သူငယ်ချင်း တစ်ယောက်က တုန်တုန်ယင်ယင်နှင့် တိုက်တွန်းလိုက်သည်။
ခဏကြာတော့ ဆရာလေးကျန်းလည်း အသိစိတ် ပြန်ဝင်လာသည်။ သူက အလေးအနက် အသံနှင့် ပြောလာသည်။
"အန်းချီ သွားရအောင် အစ်ကိုလီရဲ့ စတေးခံမှုကို အလဟဿ မဖြစ်စေနဲ့"
ထိုစကားကို ကြားသော် ကျန့်အန်းချီ၏ ခန္ဓာကိုယ်မှာ ဆတ်ခနဲ တုန်သွားပြီး ရေကန်ဘက်သို့ လှမ်းကြည့် လိုက်သည်တွင် လူကြီးမင်းရှစ်မှ လွဲ၍ သူမ၏ သက်တော်စောင့် ထက်ဝက်ခန့်မှာ သေဆုံးသွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
"ဘုရားရေ"
လူသေအလောင်း များစွာအား သတိထား မိလိုက်ပြီး လူကြီးမင်းရှစ်မှာ ဒေါသကြောင့် သွေးတစ်လုတ် အန်လိုက်ရသည်။ ရုတ်တရက် လူကြီးမင်းရှစ်က သူ၏ သွေးများအား အသုံးပြု၍ မှော်ပညာတစ်ခုအား ထုတ်ဖော်လိုက်သည်။ အစိမ်းရောင် အလင်းတန်း တစ်ခုက လေထုထဲ၌ ဖြစ်ပေါ်လာပြီး လူကြီးမင်းရှစ်၏ သွေးများနှင့် အားဖြည့်ပေးမှုကြောင့် အလင်းတန်းက ပိုမို တောက်ပလာကာ ထောင်ပေါင်း များစွာသော အစိမ်းရောင် အပ်ချည်မျှင်များ အဖြစ် ပြောင်းလဲသွားပြီး မြွေကြီးထံ ပြေးဝင်သွားသည်။
ထိုချည်မျှင်များနှင့် ထိမှန်သွားသော မြွေကြီး၏ ခန္ဓာကိုယ်ရှိ အကြွေးခွံများမှာ ကွာကျသွားပြီး ဆွေးရိနေသော အသားစိုင်ကြီးများ ထွက်ပေါ်လာသည်။
မပြောပလောက်သော ထိုအောင်မြင်မှုလေးက ရပ်ကြည့်နေသော လူစုအား အားတက် သွားစေသည်။
"လူကြီးမင်းရှစ် သူ့ကိုသတ်ပစ်"
ကျန့်အန်းချီက အားတက်သရောနှင့် အော်ပြောလိုက်သည်။
လူကြီးမင်းရှစ်မှာ အခြားလူများ၏ အမြင်အပေါ် ဂရုစိုက် မနေနိုင်ပေ။ သူ့အကြောင်း သူသာသိသည်။ နောက်ဆုံး တိုက်ခိုက်မှု၌ သူ၏ စွမ်းအင် အားလုံးအား သုံးထားခဲ့ခြင်း ဖြစ်သော်လည်း ယင်မြွေ၏ ခန္ဓာကိုယ်၌ ဒဏ်ရာတစ်ခုသာ ရစေခဲ့သည်။ ကြာရှည်စွာ တိုက်ခိုက် လာခဲ့ရာတွင်လည်း လူကြီးမင်းရှစ်၏ သက်လုံက မြွေကြီးနှင့် မယှဉ်နိုင်ပါ။
သို့သော်လည်း လူကြီးမင်းရှစ်က လက်ကျန်စွမ်းအင် အားလုံးအား နောက်တစ်ကြိမ် စုစည်းလိုက်ပြီး တူညီသော တိုက်ကွက်အား ထပ်မံ ဖော်ထုတ်လိုက်သည်။
ဤတစ်ကြိမ်တွင်တော့ မြွေကြီးက သတိရှိနေသည်။ လူကြီးမင်းရှစ်ထံမှ အစိမ်းရောင် ချည်မျှင်များ ထွက်ပေါ်လာသည်နှင့် သူ၏ ကြီးမားလှသော ပါးစပ်ကြီးကို ဟကာ မီးခိုးရောင် အခိုးအငွေ့များအား မှုတ်ထုတ် လိုက်သည်။
လေထု အပူချိန်က ရုတ်ခြည်း လျော့ကျသွားပြီး လူကြီးမင်းရှစ်သည်လည်း သူ့အနေနှင့် ထိုအခိုးအငွေ့များအား ထိပ်တိုက် ရင်မဆိုင်နိုင်သည်ကို နားလည်သည်။ တိုက်ပွဲ ဧရိယာ အတွင်း ရှိနေသော ဒဏ်ရာများနှင့် သက်တော်စောင့် နှစ်ယောက်မှာ ထိုအခိုးအငွေ့များ၏ လွှမ်းခြုံခြင်းအား ခံလိုက်ရပြီး မျက်စိတစ်မှိတ်စာ အတောအတွင်း၌ အသက်မဲ့စွာ မြေပြင်ပေါ် လဲကျသွားကြသည်။
ချိုင့်ဝှမ်းတစ်ခုလုံး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။
ကျန့်အန်းချီ၏ နောက်ဆုံး မျှော်လင့်ချက်လေးမှာ ပျက်သုဉ်းသွားပြီး သူမသည်လည်း နေရာတွင်ပင် တောင့်ခဲ သွားတော့သည်။
"သွားရအောင် အန်းချီ"
အရမ်းနောက်မကျသေးခင်တွင် ထွက်သွားနိုင်ရန် ဆရာလေးကျန်းက သူမအား ဆွဲခေါ်လိုက်သည်။
ကျန့်အန်းချီကား နေရာတွင်ပင် တောင့်ခဲနေဆဲ ဖြစ်သည်။ သူမအနေနှင့် ဒီအတိုင်းသာ ထွက်သွားခဲ့ပါက အယ်လ်မန်(လီယွိ)နှင့် အခြားသူများ၏ မိသားစုများအား မည်သို့ ရှင်းပြရမည်နည်း။ အားလုံးက သူမ၏ အစီအစဉ်ကြောင့်သာ ယခုနေရာသို့ ရောက်လာရခြင်း ဖြစ်သော်လည်း ဤခရီးစဉ်က သူတို့အားလုံး၏ သေကျေ ပျက်စီးခြင်းအား ဖြစ်စေမည်ဟု ဘယ်သူက ထင်ပါမည်နည်း။
အယ်လ်မန်က အသက်မျှဉ်းမျှဉ်းသာ ကျန်တော့သည်။ သက်တော်စောင့် အများစုက အသက်မရှိကြတော့။ သူမအား ကူညီနိုင်မည့်သူကား မရှိတော့ပါချေ။
ရုတ်တရက် တစ်စုံတစ်ယောက်က ကျန့်အန်းချီတို့ လူစုအား ဖြတ်ကျော်လျက် တိုက်ပွဲ ဖြစ်နေရာသို့ လျှောက်လှမ်း သွားလေသည်။
"ချန်းဖန်"
ကျန့်အန်းချီက အလွန် အံ့ဩသွားပြီး သိလိုစွာ လှမ်းမေးလိုက်သည်။
"အဲဒီ့ကို နင်ဘာသွားလုပ်မလို့လဲ"
"သတ်ဖို့"
ချန်းဖန်က သူမအား တစ်ချက်မျှပင် လှည့်မကြည့်ဘဲ တည်ငြိမ်စွာ ပြန်ဖြေသည်။
"မင်းက ခေါင်းမာနေတဲ့ အရူးပဲ"
ဆရာလေးကျန်းက အော်လိုက်သည်။
လူကြီးမင်းရှစ်နှင့် လီယွိပင်လျှင် ထိုမကောင်းဆိုးဝါးအား မယှဉ်နိုင်သည်ကို ဆယ့်ခြောက်နှစ် အရွယ် ကောင်လေးက စမ်းသပ်ကြည့် လိုနေသည်။
ချန်းဖန်က ပြုံးကာ ခပ်တိုးတိုး ပြောလိုက်သည်။
"ဒီအချိန်အတွက် စောင့်နေတာ တော်တော်ကြာပြီ"
ထို့နောက်တွင်တော့ ချန်းဖန်သည် အတွေးမျိုးစုံဖြင့် ယောက်ယက်ခတ် နေကြသော ကျန့်အန်းချီတို့ လူစုအား နောက်တွင် ချန်ခဲ့လျက် ယင်မြွေကြီး ရှိရာသို့ အေးဆေးစွာ လမ်းလျှောက် သွားလေသည်။
***