← Chapters

ယင်မြွေအားသတ်ခြင်း

Vol. 1 Ch. 70

ယင်မြွေအားသတ်ခြင်း

Vol. 1 Ch. 70

"သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"

အဘိုးကြီးမုနှင့် အဘိုးကြီးယန်တို့ပင်လျှင် ချန်းဖန်၏ အပြုအမူကြောင့် အံ့ဩသွားကြသည်။ ဆယ့်ခြောက်နှစ်အရွယ် လူငယ်လေးက ဧရာမ မြွေကြီးအား ကြောက်ရွံ့ပုံမရဘဲ တရွေ့ရွေ့ တိုးကပ်သွားနေသည်။

"ဆရာဝူ.. ဆရာက အဲဒီ မကောင်းဆိုးဝါးကြီးကို ထိန်းချုပ်နိုင်မယ်လို့ ထင်လားဟင်"

အားရှို့က မေးလိုက်သည်။ သူမအနေနှင့် ချန်းဖန်၏ စွမ်းရည်များအပေါ် ယုံကြည်မှု ရှိသော်လည်း ယင်မြွေ၏ ကြောက်မက်ဖွယ် ကောင်းပုံကိုလည်း မေ့ထားလို့ မရပေ။

"ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်"

ဆရာဝူသည်လည်း ထင်ကြေး ပေးရုံသာ တတ်နိုင်သည်။ ချန်းဖန်သည် မှော်ပညာ၊ သိုင်းပညာ နှစ်မျိုးလုံးတွင် ထူးချွန်ကြောင်း ဆရာဝူက လက်ခံသော်လည်း ရှေးဟောင်းမြွေကြီး၏ စွမ်းရည်မှာ စိတ်ကူးထဲကထက် ကျော်နေလွန်သည်။ လူကြီးမင်းရှစ်အား ဥပမာထားရလျှင် လူကြီးမင်းရှစ်သည် အစွမ်းထက်သော အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက် ဖြစ်သော်လည်း ရှေးဟောင်း မြွေကြီးအား ကြာရှည်စွာ မခုခံနိုင်ပါ။

ထိုအချိန်တွင် လူကြီးမင်းရှစ်သည် ယင်မြွေ၏ ဖိအားပေးမှုဖြင့် ထောင့်ဘက်သို့ ဆုတ်ခွာနေရသည်။

လူကြီးမင်းရှစ်က သူ၏ အစွမ်း အထက်ဆုံးသော တိုက်ကွက်အား လေးကြိမ်ဆက်တိုက် အသုံးပြုခဲ့ပြီး ဖြစ်သည်။  သက်တော်စောင့်များမှာလည်း သေသူကသေ၊ ထွက်ပြေးသူက ပြေးနှင့် ဖရိုဖရဲ ဖြစ်နေကြသည်။

ယင်မြွေ၏ တစ်ကိုယ်လုံးမှာ ရေကန်ပေါ်သို့ ထွက်ပေါ်လာပြီး ရှည်လျား တုတ်ခိုင်လှသော ခန္ဓာကိုယ်ကြီးဖြင့် လူကြီးမင်းရှစ်အား ရစ်ပတ်ရန် ကြိုးစားလာသည်။

ယင်မြွေက နှစ်ရာပေါင်းများစွာ ရှင်သန်ခဲ့ပြီးနောက် လူသတ်ခြင်းအား သူ၏ ပျင်းရိမှုကို ဖြေဖျောက်ရန် အလုပ်တစ်ခုအဖြစ် သဘောထားနေပုံရသည်။ လူကြီးမင်းရှစ်သည် ယင်မြွေ၏ ရစ်ပတ်မှု၌ ပြုသမျှ နုရတော့မည့် အရုပ်သဖွယ် ဖြစ်နေသည်။

လူကြီးမင်းရှစ်က သူ့ကိုယ်သူ အဆုံးသတ်တော့မည်ဟု ယူဆလျက် ရေရွတ်လိုက်သည်။

"မုဆိုးကျူးရဲ့ သတိပေးစကားကို နားထောင်ခဲ့သင့်တယ်"

သူကား ဝိညာဉ်ဆေးမြစ်ကိုသာ တစ်ချိန်လုံး မြင်ယောင် နေခဲ့ပြီး ကျန်သည့် အန္တရာယ်များအား မမြင်နိုင်လောက်အောင် ကန်းခဲ့တာပင်။

ယင်မိစ္ဆာဂိုဏ်းသည် တုန်းတူမြို့၌ အခြေစိုက်နေသည်မှာ နှစ်ရာပေါင်းများစွာ ရှိပြီဖြစ်ရာ ယင်နဂါးရေကန်နှင့် ‌မကောင်းဆိုးဝါးကြီး အကြောင်း အခြားသူများထက် ပိုသိရပေမည်။ သို့သော် ထိုလူများက ဤအကြောင်းများအား လျှို့ဝှက်ထားခဲ့ရာ မည်သို့သော ရည်ရွယ်ချက်များ ရှိနေသည်ကို ဘယ်သူမှ မသိနိုင်ပေ။

ထိုသို့တွေးမိသွားပြီး လူကြီးမင်းရှစ်က ကျန့်အန်းချီဘက်သို့ လှည့်ကာ အော်လိုက်သည်။

"မမလေးကျန့် ဒီနေရာကနေ မြန်မြန် ထွက်သွားတော့ ယင်မိစ္ဆာဂိုဏ်းကို သတိထား.."

လူကြီးမင်းရှစ်ခမျာ သတိပေး စကားကိုပင် ဆုံးအောင် မပြောလိုက်နိုင်ရှာပေ။ ယင်မြွေကြီးက မီးခိုးရောင် အခိုးအငွေ့များအား လူကြီးမင်းရှစ်ထံသို့ မှုတ်ထုတ်လိုက်သည်။ ထိုအခိုးအငွေ့များထဲ၌ လွန်စွာ များပြားသော ယင်ချီပမာဏက မြူမှုန်များ အသွင်နှင့် ပါဝင်နေပြီး လူတစ်ယောက်၏ ခန္ဓာကိုယ်အား အေးခဲသွားစေဖို့ လုံလောက်သည်။

လူကြီးမင်းရှစ်က အင်အား သုံးရသော တိုက်ကွက် လေးခုဆက်တိုက် ဖော်ထုတ်ထားရာ ခုခံရန် လက်ကျန် အတွင်းအား စွမ်းအင် မရှိတော့ပေ။

ရုတ်တရက် လူကြီးမင်းရှစ်က ရေခဲပင်လယ်ထဲသို့ ပြုတ်ကျသွားသလို ခံစားလိုက်ရပြီး အေးစိမ့်မှုက အသွေးအသားနှင့် အရိုးများထဲသို့ပင် ဝင်ရောက်လာသည်။ သူက ရှိစုမဲ့စု အတွင်းအား လှိုင်းများအား စုစည်လိုက်ပြီး ခန္ဓာကိုယ်၏ အဓိက အစိတ်အပိုင်းများအား ကာကွယ်လိုက်သည်။

လူတိုင်းက မီးခိုးရောင် မြူများ အောက်တွင် ပျောက်ကွယ်သွားသော လူကြီးမင်းရှစ်အား မြင်နေရသည်။ သူ့ကိုယ်ထဲရှိ အစိမ်းရောင် အလင်းစက်လေး တချို့က တောက်ပလာသော်လည်း စက္ကန့်ပိုင်းမျှသာ ခံလိုက်သည်။

"လူကြီးမင်းရှစ်"

ကျန့်အန်းချီက အော်ခေါ်လိုက်သည်။

နောက်ဆုံး တံတိုင်းကြီး ဖြစ်သော လူကြီးမင်းရှစ်ပင် အေးခဲ၍ သေလုမတတ် ဖြစ်နေသည်ကို မြင်ရသောအခါ ဆရာလေးကျန်း၏ သူငယ်ချင်းတစ်စုမှာ များများစားစား တွေးမနေတော့ဘဲ ချိုင့်ဝှမ်းထဲမှ သုတ်ခြေတင်၍ ပြေးကြတော့သည်။

ဆရာလေးကျန်းက ကျန့်အန်းချီ၏ လက်မောင်းအား ဆွဲကာ အတူ ထွက်ပြေးရန် ခေါ်သော်လည်း အကျုံးမဝင်ပေ။ နောက်ဆုံးတွင် သူက အံကြိတ်လိုက်ပြီး ကျန့်အန်းချီအား ထားခဲ့ကာ ထွက်ပြေးတော့သည်။ ယခုအချိန်ကား သေရေးရှင်ရေးနှင့် ရင်ဆိုင်နေရချိန် ဖြစ်ပြီး မိန်းမလှလေးအား ကယ်တင်ကာ သူရဲကောင်း လုပ်ရမည့် အချိန် မဟုတ်ပေ။

ယင်မြွေ ထွက်ပေါ်လာသည်မှာ မိနစ်ပိုင်းသာ ရှိသေးသော်လည်း လီယွိအား သတ်ပြီးဖြစ်သည်။ လူကြီးမင်းရှစ်မှာလည်း သေတော့မည့် ဆဲဆဲပင်။ မြေပြင်ပေါ်တွင် ပျံ့ကျဲနေသော သက်တော်စောင့်များ၏ အလောင်းများကိုပင် ထည့်မတွက်ရသေးပေ။

ယင်နဂါးရေကန် တည်ရှိသော ချိုင့်ဝှမ်းအတွင်း၌ လူငါးယောက် သာလျှင် ကျန်တော့သည်။ ၎င်းတို့မှာ ဆရာဝူ၊ အားရှို့၊ ကျန့်အန်းချီ၊ အမျိုးသမီး သက်တော်စောင့် တစ်ယောက်နှင့် သေအံ့ဆဲဆဲ လူကြီးမင်းရှစ်တို့ ဖြစ်ကြသည်။

မဟုတ်သေး..။

နောက်ထပ် လူတစ်ယောက် ရှိနေသေးသည်။

လူကြီးမင်းရှစ်သည် အသက်ရှင်ရေး ရုန်းကန် တိုက်ခိုက်နေရသော်လည်း မျက်လုံး ထောင့်စွန်း၌ လူရိပ်တစ်ရိပ်အား ဖျတ်ခနဲ မြင်လိုက်ရသည်။ လူကြီးမင်းရှစ်မှာ လှည့်မကြည့် အားသော်လည်း ထိုလူရိပ်အား ရင်းနှီးနေသယောင် ခံစားရသည်။ မှတ်ဉာဏ်များအား အလုပ်ပေးပြီးသော် ထိုဝိုးတိုးဝါးတား လူရိပ်မှာ ဆရာဝူ ခေါ်လာသော လူနှစ်ယောက်ထဲမှ ချန်းဖန်ဆို‌သော ကောင်လေးမှန်း ဆက်စပ်မိလိုက်သည်။ လူကြီးမင်းရှစ်သည် ယခုထက်ထိ ချန်းဖန်အား ဆရာဝူ၏ တပည့် ဟူ၍သာ ထင်နေခဲ့သည်။ သူက ချန်းဖန်၏ ရဲဝံ့မှုအား ချီးကျူးလိုက်မိသည်။ အနည်းဆုံးတော့ အသုံးမကျသော သူ့ဆရာ ဝူမျိုးနွယ်ထက်တော့ သာပေသည်။

သို့သော်လည်း ရဲဝံ့မှုက ရှင်သန်ခြင်းနှင့် တိုက်ရိုက် အချိုးမကျပေ။ ခွန်အားကသာ အရာအားလုံးကို အဆုံးအဖြတ် ပေးသွားမှာ ဖြစ်သည်။

ထိုသို့အတွေးနှင့် လူကြီးမင်းရှစ်က ချန်းဖန်အတွက် စိတ်ပူသွားသည်။ အလကားသက်သက် အသက်တစ်ချောင်းအား မ‌စတေးစေချင်ပေ။

ထိုအချိန်တွင် ချန်းဖန်က ရေကန်ဘေးတွင် တိတ်တဆိတ်ရပ်ပြီး မြွေကြီးအား အနီးကပ် လေ့လာနေခဲ့တာ ဖြစ်သည်။

"ယင်မြွေက နှစ်ရာကျော် ကျင့်ကြံခဲ့တာ ဆိုတော့ သူ့ရဲ့ ခန္ဓာကိုယ်က ထိုးဖောက် မရနိုင်လောက်အောင်ပဲ သူ့ရဲ့ အကြွေးခွံတွေကလည်း အရမ်းမာတယ် ဒုံးကျည်လို ပေါက်ကွဲအား ပြင်းတဲ့ လက်နက်မျိုး မဟုတ်ရင် သာမန် သေနတ်တွေ တိုးမပေါက်ဘူး ပြီးတော့လည်း နှစ်‌တွေ အများကြီး စုပ်ယူထားတဲ့ ယင်ချီတွေက သူ့ခန္ဓာကိုယ်ထဲမှာ ရှိနေပြီး မှော်စွမ်းအားတွေအဖြစ် ပြောင်းလဲသွားတယ် ဒီယင်မြွေက သာမန် မကောင်းဆိုးဝါးတောင် မဟုတ်တော့ဘူး အသိဉာဏ်ရှိတဲ့ မိစ္ဆာသားရဲ ဖြစ်နေပြီ"

ချန်းဖန်သည် ယင်မြွေကြီး၏ အနားသို့ တိုးသွားလိုက်ပြီး ကျောက်စိမ်းအဆောင်အား ထုတ်ယူလိုက်သည်။

ရုတ်တရက် မရေမတွက်နိုင်သော စာလုံးများနှင့် သင်္ကေတများက ကျောက်စိမ်းအဆောင် အပေါ်တွင် ‌ပေါလောမျောလာပြီး ရှည်လျားသော ဓားတစ်ချောင်းက လေဟာနယ်အတွင်း ဖြစ်တည်လာ၏။ ထိုဓားက သုံးမီတာခန့် ရှည်ပြီး ရှေးကျသော အရောင်အဝါများ ထုတ်လွှတ်နေသည်။

"အဲဒါဘာလဲ"

အမျိုးသမီး သက်တော်စောင့်၏ ဒရွတ်တိုက် ဆွဲခေါ်ခြင်း ခံနေရသော ကျန့်အန်းချီက မယုံကြည်နိုင်မှုများနှင့် မေးလိုက်သည်။ အထင်ကြီးမှုနှင့် အံ့ဩမှင်တက်မှုတို့ ရောယှက်လျက်ကပင် ချန်းဖန်အား ငေးနေမိသည်။

သူမတို့ ကြည့်နေစဉ်တွင်ပဲ ချန်းဖန်သည် လေထဲသို့ တဖြည်းဖြည်း မြောက်တက် သွားပြီး မြွေကြီး၏ ဦးခေါင်းနှင့် တစ်တန်းတည်း လောက်တွင် ရပ်တန့်လိုက်သည်။

"ဘယ်သူလဲ"

လူကြီးမင်းရှစ်သည် မြွေကြီး၏ ရစ်ပတ်မှုအား ခံထားရဆဲ ဖြစ်ပြီး အတန်ကြာမှ ချန်းဖန်၏ မျက်နှာအား သဲသဲကွဲကွဲ မြင်လိုက်ရ၍ အံ့ဩသွားသည်။ ချန်းဖန်သည် လေထဲတွင် ပေါလောမျောလျက် ရပ်နေပြီး သူ၏ ရင်ဘတ် အရှေ့နား၌ ရွှေရောင် ဓားရှည် တစ်ချောင်းက လွင့်မျောနေသည်။

"စတော့"

ချန်းဖန်၏ မျက်လုံးများက ထက်ရှသွားပြီး ရွှေရောင်ဓားရှည်၏ လက်ကိုင်အား ဖမ်းဆုပ်လိုက်သည်။

ရုတ်တရက် ဓားရှည်ထံမှ အလင်းစက်ကွင်းတစ်ခု ဖြာကျလာပြီး ဓား၏ အရွယ်အစားက ကြီးမားလာသည်။ လေဟာနယ်ထဲ၌ ရွှေရောင်ဓားရှည်၏ အော်ရာမှာ ပိုမို တောက်ပလာပြီး လေဟာနယ် တစ်ခုလုံး လျှံကျလုမတတ်‌ပင်။

ယင်မြွေကြီးက အန္တရာယ်ကို သတိထားမိသွားပြီး လှည့်ကြည့် လာသည်တွင် ရွှေရောင်ဓား၏ အလင်းပြန်မှုက မြွေကြီး၏ ဧရာမ မျက်လုံးကြီးများကိုပင် ပြည့်နှက် သွားစေသည်။

မြွေကြီးက အနည်းငယ် ထိတ်လန့်သွားပြီး အကြေးခွံများက ခွေးတစ်ကောင်၏ လည်ဆံမွေးများကဲ့သို့ ထောင်မတ်လာသည်။ သူက ဒေါသတကြီး အော်မြည်ရင်း အလွန်များပြားသော ယင်ချီနှင့် အငြိုးအတေးချီ မြူခိုးများအား ချန်းဖန်ထံသို့ ထွေးထုတ် လိုက်သည်။

"မြန်မြန်ရှောင်"

လူတိုင်းက စိတ်လှုပ်ရှားစွာ အော်လိုက်မိကြသည်။ ကျန့်အန်းချီသည် နောက်ထပ် သွေးထွက်သံယို မြင်ကွင်းများအား ခံနိုင်ရည် မရှိတော့ဘဲ မျက်လုံးနှစ်ဖက်အား လက်နှင့် ကာလိုက်မိသည်။

ချန်းဖန်က တည်ငြိမ်စွာပင် ရွှေရောင်ဓားရှည်အား ဝှေ့ယမ်းလိုက်ရင်း စကားသုံးလုံးကို ဆိုလိုက်သည်။

"တောင်တန်း မြစ်ပြင် ဖြတ်တောက်"

ဓားရှည်၏ စွမ်းအားများက ပေါက်ကွဲ ထွက်လာဟန် ရပြီး မည်သည့် စကားလုံးနှင့်မျှ မဖော်ပြနိုင်လောက်အောင်ပင်။

ဓားရှည် ဝှေ့ယမ်းသွားရာ လမ်းကြောင်း၌ ရွှေရောင် အလင်းတန်းတစ်ခု ဖြစ်ပေါ်လာသည်။ အလွန် လျင်မြန်၍ လှ‌ပသော ထိုရွှေရောင် အလင်းတန်းက ယင်မြွေ၏ ဦးခေါင်းအား ထောပတ်တုံးကဲ့သို့ လှီးဖြတ်သွားသည်။ သံကဲ့သို့ မာကျောသော အကြေးခွံများနှင့် ခန္ဓာကိုယ်က ရွှေရောင် အလင်းတန်းကြောင့် အရည်ပျော်သွား သယောင်ပင်။

"ရွှီး"

မြွေကြီးသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး ခေါင်းက လည်ပင်းမှ တိတိပပ ပြတ်ထွက်သွားသည်။ များပြားလှသော သွေးများက ခေါင်းမရှိတော့သော ခန္ဓာကိုယ်ကြီးမှ ပန်းထွက်လာသည်။

"ဘုန်း"

ယင်မြွေ၏ ခေါင်းကြီးသည် ကောင်းကင်ပေါ်သို့ မီတာ ဒါဇင်ပေါင်းများစွာ ပျံတက်သွားပြီး ရေကန်အစပ်သို့ အရှိန်ပြင်းစွာ ပြန်ပြုတ်ကျသည်။ ရေနှင့်‌သွေး ရောနေသော အရည်များက ပတ်ဝန်းကျင်သို့ လွင့်စဉ် ထွက်လာသည်။

အစွမ်းထက်သော သတ္တဝါကြီးကား လူပေါင်းများစွာကို သတ်ခဲ့ပြီးနောက် လူငယ်လေး၏ ဓားချက်တွင် အသက်ပျောက် သွားခဲ့သည်။

လူငယ်လေးကား ကောင်းကင်သို့ ခြေကိုးလှမ်းတက်ကာ မြွေနဂါးကြီးအား ဓားတစ်ချက်တည်းနှင့် အနိုင်ယူခဲ့သည်။

"သူ.. သူက လူမှ ဟုတ်ရဲ့လား"

ချိုင့်ဝှမ်း အပြင်ဘက်တွင် အခြေအနေ စောင့်ကြည့်နေသော အဘိုးကြီးမုတို့ကလည်း အဖြစ်အပျက်အား မြင်လိုက်ကြရာ မယုံကြည်နိုင် ဖြစ်နေကြသည်။

"လူသားနဲ့တောင် မတူတော့ဘူး နတ်ဘုရား တစ်ပါးလိုပဲ"

လူကြီးမင်းရှစ်၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး ထိုအပြုံးက အူလှိုက်သည်းလှိုက် ရယ်မောခြင်း အဖြစ်သို့ ပြောင်းလဲသွားသည်။ သူက နှစ်ပေါင်းများစွာ မရယ်မောခဲ့ရသည့် အလား မရပ်တန့်နိုင်ဘဲ ရယ်လို့နေသည်။

"ဒီလို စွမ်းအား.."

ဆရာဝူက တံတွေး မျိုချမိသည်။

"ဒါ.. ဒါ "

ထွက်မသွားသေးဘဲ ဘေးလွတ်ရာ ချိုင့်ဝှမ်း အပြင်ဘက်မှ ကြည့်နေသော ဆရာလေးကျန်းတို့ လူစုမှာ ချန်းဖန်အား မယုံကြည်နိုင်စွာ ကြည့်နေမိကြသည်။ ဆရာဝူ၏ နံဘေး၌ တစ်ချိန်လုံး တိတ်ဆိတ်စွာ လိုက်ပါလာခဲ့သော လူငယ်လေးက မကောင်းဆိုးဝါးကြီးအား တစ်ချက်တည်းနှင့် သတ်လိုက်နိုင်သည်။

ကျန့်အန်းချီသည်လည်း ရိုလာကိုစတာ စီးနေရသလို ခံစားလိုက်ရသည်။ လွန်ခဲ့သော တစ်စက္ကန့်ကပင် သူမ သေတော့မည်ဟု တွေးခဲ့သော်လည်း နောက်တစ်စက္ကန့် ကြာပြီးနောက် သေရေးရှင်ရေးမှ လွတ်မြောက်နိုင်ခဲ့သည်။

သူမ၏ နှလုံးသားထဲ၌ ယခုထိ မရှင်းလင်းသေးသော ခံစားချက် ပေါင်းစုံက ရောထွေးလို့ နေသည်။ အထင်သေးခြင်း၊ သံသယ၊ အံ့ဩခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း၊ ကြောက်ရွံ့မှု၊ ကြည်နူးမှု.. ပြီးတော့ နောင်တ။

ခံစားချက်ပေါင်းစုံ ရောထွေးလျက် တိတ်ဆိတ်စွာသာ မတ်တတ် ရပ်နေရင်း နားလည်ရခက်သော လူငယ်လေးအား ဂရုတစိုက် ကြည့်နေမိသည်။

နောက်ဆုံးတွင် သူမ တစ်စုံတစ်ခုအား သတိရသွားပြီး ရှုပ်ထွေးနေသော ခံစားချက်အားလုံး ပျောက်ကွယ်သွားကာ ဒေါသက အစားထိုး ဝင်ရောက်လာသည်။

"ဘာလို့ စောစောစီးစီး ဝင်မကယ်ရတာလဲ"

၂၀၀၇ခုနစ်၊ နိုဝင်ဘာလ ၃ရက်၊ ယင်မြွေသည် ယင်နဂါးရေကန်၌ပင် ချန်းဖန်၏ သတ်ဖြတ်ခြင်းအား ခံလိုက်ရသည်။

***

All Chapters