← Chapters

ငါ့ရှေ့ကထွက်သွား

Vol. 1 Ch. 71

ငါ့ရှေ့ကထွက်သွား

Vol. 1 Ch. 71

လူတိုင်း၏ ကြောက်ရွံ့နေသော မျက်လုံးများ အောက်တွင်ပင် ချန်းဖန်သည် လေထုထဲ၌ မမြင်ရသည့် လှေကားများ ရှိနေသည့်အလား မြေပြင်ပေါ်သို့ ပြန်လည် ဆင်းသက်လိုက်သည်။

ရွှေရောင်ဓားရှည်သည် မရေမတွက်နိုင်သော ရွှေရောင် သင်္ကေတများ အဖြစ်သို့ ပြောင်းလဲသွားပြီး ကျောက်စိမ်း အဆောင်က ပြန်လည် စုပ်ယူလိုက်သည်။ ချန်းဖန် အသုံးပြုခဲ့သော မှော်တိုက်ကွက်၏ အမည်မှာ 'အစစ်အမှန်သိုင်း မှော်ဓားပညာ' ဖြစ်ပြီး ထိုပညာအား အသုံးပြုနိုင်ရန် ကျောက်စိမ်းအဆောင်ကို ခုနစ်ရက်ခန့် အချိန်ပေး ပြင်ဆင်ခဲ့ရသည်။

အစစ်အမှန်သိုင်း မှော်ဓားကွက်သည် အစစ်အမှန် နတ်ဘုရားဂိုဏ်းရှိ တပည့်များ၏ အခြေခံ သင်ယူရသော မှော်ပညာများထဲမှ တစ်ခုဖြစ်သည်။ ‌ဓားကွက်၏ စွမ်းအားက အသုံးပြုသူ၏ စွမ်းအင်နှင့် တိုက်ရိုက် အချိုးကျသည်။

ချန်းဖန် အသုံးပြုခဲ့သော စွမ်းအားက ယင်မြွေကြီးကို သတ်ဖို့ လိုအပ်တာထက်ပင် ပိုနေသေးသည်။ သို့သော် ထိုတိုက်ကွက်သည် ချီစွမ်းအင် အများအပြား သုံးစွဲရန် လိုသည်။ တိုက်ခိုက်မှု မစခင်က မျိုချထားခဲ့သော စွမ်းအင်စုစည်း ဆေးလုံးကြောင့်သာ ချီစွမ်းအင် ကုန်ဆုံးမှုအား ခံနိုင်ရည် ရှိနေခြင်း ဖြစ်သည်။

“တကယ်လို့ ဆရာထန်ချင်သာ ဒီနေရာမှာ ရှိနေမယ်ဆိုရင် အစစ်အမှန်သိုင်း မှော်ဓားကွက်ကို သုံးပြီး နေကိုတောင် နှစ်ခြမ်းခွဲနိုင်လိမ့်မယ်”

အတိတ်ဘဝက သူပိုင်ဆိုင်ခဲ့ဖူးသော စွမ်းအင်များအကြောင်း ပြန်တွေးမိသွားပြီး ချန်းဖန် အနည်းငယ် ကြေကွဲသလိုပင် ခံစားလိုက်ရသည်။ ယခုဘဝတွင်ရော အတိဒုက္ခအဆင့်သို့ ရောက်ရှိရန် အချိန်မည်မျှ ပေးရမည်ကို သူက သိချင်မိသည်။

ချန်းဖန် မြေပြင်ပေါ်သို့ ပြန်ရောက်လာသည်ကို မြင်မှ အန္တရာယ်မှာ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း အားလုံး နားလည်လိုက်ကြသည်။ လူကြီးမင်းရှစ်သည် လတ်ဆတ်သော လေအား တဝကြီး ရှူသွင်းလိုက်ပြီး သူ့ခန္ဓာကိုယ်အတွင်းရှိ ယင်ချီများအား ဖြည်းဖြည်းချင်း ဖယ်ထုတ်လိုက်သည်။ သူက ချန်းဖန်အား ချီးကျူး ဂုဏ်ပြုခြင်းများ ပါဝင်နေသော အကြည့်နှင့် နှစ်လိုစွာ ကြည့်သည်။

“ကယ်တင်ပေးတဲ့အတွက် ကျေးဇူးပါ။ သခင်လေးချန်း ဒီနေ့ကို ကျုပ်တစ်ဘဝလုံး အမှတ်ရနေမှာပါ။  သခင်လေးချန်း ဆန္ဒရှိတဲ့အတိုင်း ကျုပ်ပြန်ပေးဆပ်ဖို့ အသင့်ပါပဲ”

လူကြီးမင်းရှစ်က စိတ်ရင်းအမှန်နှင့် ပြောသည်။ သူက ယနေ့တွင် ကျိန်းသေ သေတော့မည်ဟု တွေးထားခဲ့သော်လည်း ချန်းဖန် ပေါ်လာပြီး ကယ်တင်ပေးခဲ့သည်။ ချန်းဖန်၏ လေပေါ် လမ်းလျှောက်နိုင်သော အစွမ်းနှင့် ဓားကွက်များက အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက်၏ လုပ်နိုင်စွမ်းထက် ကျော်လွန်နေ‌သည်။

ဆရာဝူနှင့် အားရှို့တို့လည်း ချန်းဖန်ထံသို့ ရောက်လာကာ ဂုဏ်ပြုကြသည်။

ခေါင်းမရှိတော့တော့ ဧရာမမြွေကိုယ်ကြီးအား ကြည့်ရင်း အားရှို့သည် ချန်းဖန်အပေါ် ပို၍ လေးစားလာရသည်။ သူမ၏ ဆရာကား ကြောက်မက်ဖွယ် မြွေကြီးကိုပင် ထိခိုက်ဒဏ်ရာရခြင်း အလျဉ်းမရှိဘဲ သတ်နိုင်လျှင် သူ၏ တကယ့်တတ်နိုင်စွမ်းက မည်မျှ ရှိသနည်း။

ဆရာလေးကျန်းကား နေရာတွင်ပင် တောင့်ခဲနေဆဲ ဖြစ်သည်။ အတန်ကြာပြီးနောက် သူက သတိဝင်လာသော်လည်း ကြောက်ရွံ့မှုကတော့ ရှိနေဆဲ ဖြစ်သည်။

လေ့လာရေးခရီး စတင်ကတည်းက သူတို့ သူငယ်ချင်းတစုသည် ချန်းဖန်တို့အား နည်းမျိုးစုံနှင့် လှောင်ပြောင်ခဲ့ကြသည်။ အဆိုးဆုံးက ချန်းဖန်တို့တွင် စားနပ်ရိက္ခာ မပါမှန်း သိသိရက်နှင့် ဟန်ဆောင် ပန်ဆောင်တောင် ခေါ်မကျွေးခဲ့ခြင်း ဖြစ်သည်။

ကံမကောင်းစွာနှင့် ချန်းဖန်သည် သာမန် ကောင်လေးတစ်ယောက် မဟုတ်ဘဲ အလွန် အစွမ်းထက်သော ဆရာတစ်ဆူ ဖြစ်နေခဲ့သည်။ အစွမ်းထက်သော လူကြီးမင်းရှစ်ပင်လျှင် ချန်းဖန်အား အရိုအသေ ပေးရသည်။

အကယ်၍ ချန်းဖန်ကသာ သူတို့အား အငြိုးထားပြီး လက်စားချေလိုလျှင် မည်သို့ လုပ်ရမည်နည်း။

ရုတ်တရက် ထက်ရှသော မိန်းကလေးသံ တစ်သံက ထွက်ပေါ်လာသည်။

“ချန်းဖန် နင်ဘာလို့ စောစောစီးစီး ဝင်မကယ်ရတာလဲ”

ကျန့်အန်းချီက မီးဝင်းဝင်း တောက်နေသော မျက်လုံးများဖြင့် ချန်းဖန်ထံသို့ ပြေးလာသည်။ ထို့နောက် ချန်းဖန်အား လက်ညှိုး ငေါက်ငေါက်ထိုးလျက်..။

“နင်သာ စောစောစီးစီး ဝင်ကယ်ရင် အယ်လ်မန် သေရမှာ မဟုတ်ဘူး အခြား သက်တော်စောင့်တွေလည်း သေရမှာ မဟုတ်ဘူး သူတို့ အားလုံးရဲ့ သေဆုံးမှုအတွက် နင့်မှာ တာဝန်ရှိတယ်”

ခေါင်းပြတ်နေသော မြွေ‌အ‌လောင်းကြီးနှင့် နီးနီးကပ်ကပ် ရှိနေရသည်ကိုပင် မကြောက်နိုင်တော့ဘဲ ကျန့်အန်းချီ၏ စိတ်ထဲ၌ ဒေါသများသာ ရှိနေသည်။

“နင် ဘာပြောတာလဲ ဆရာက နင့်အသက်ကို ကယ်ပေးခဲ့တယ်။ ဒါတောင် နင်က စောစော ဝင်မကယ်လို့ အပြစ် တင်ချင်သေးတာလား”

အားရှို့ကလည်း ဒေါသတကြီးနှင့် ပြန်ပြောသည်။

'ဘယ်လောက်တောင် ကျေးဇူးမသိတတ်တဲ့ မိန်းကလေးလဲ။ ငါ့ဆရာက နင်တို့အားလုံးကို ကယ်ကို ကယ်ရမယ်လို့ ဘယ်သူက ပြောလဲ။ နင့်ကို ကယ်ပေးတာတောင် ကြင်နာလွန်းရာ ကျနေပြီ'

လူကြီးမင်းရှစ်သည် ကျန့်အန်းချီ၏ မဆင်မခြင် စွပ်စွဲမှုများကြောင့် တောင့်ခဲသွားပြီး သူ့အပြုံးကြီးမှာလည်း ကိုးရိုးကားရား ဖြစ်သွားရသည်။

“မမလေးကျန့် ဒီလို မပြောရဘူးလေ ဆရာချန်းက ကျုပ်တို့ရဲ့ အသက်သခင် ကျေးဇူးရှင်ပါ”

လူကြီးမင်းရှစ် ဆိုလိုချင်သော အဓိပ္ပာယ် မှာ ရှင်းသည်။ သူတို့အားလုံးက ကူကယ်ရာမဲ့စွာ ရေနစ်နေသူ တစ်စုဖြစ်ပြီး ကယ်တင်လာသူအား စောစော မကယ်ရကောင်းလား ဟူ၍ အပြစ်တင်နိုင်သော အခြေအနေ မဟုတ်ပေ။

ချန်းဖန်၏ မျက်နှာ အမူအရာမှာ မပြောင်းမလဲ တည်ငြိမ်နေဆဲ ဖြစ်သည်။

လူတို့၏ သဘာဝကိုက ကြောက်ရွံ့တတ်ပြီး ကျေးဇူး မသိတတ်သူများ ဖြစ်ကြသည်။ အကယ်၍ မြွေကြီးသာ အသက်ရှင်နေဆဲ ဆိုပါက ကျန့်အန်းချီသည် သူ့အား လက်ညှိုးထိုးနိုင်ဖို့ ဝေးစွ ပုန်းစရာ နေရာရှာရင်း အလုပ်ရှုပ် နေပေလိမ့်မည်။ ယခုမူ မြွေကြီး၏ အန္တရာယ်ကလည်း မရှိတော့သည် ဖြစ်ရာ သူမ ကိုယ်တိုင်၏ ရှုံးနိမ့်မှုအား သူ့အပေါ် ပုံချရန် ကြိုးစားလာသည်။

ချန်းဖန်က တည်ငြိမ်စွာ ပြောလိုက်သည်။

“မမလေးကျန့် ကျွန်တော်က ဘာလို့ ခင်ဗျားလူတွေရဲ့ သေရေးရှင်ရေးကို ဂရုစိုက်ရမှာလဲ။ ကျွန်တော့်ဘာသာ စောစောပဲ ထွက်လာလာ နောက်ကျမှပဲ ထွက်လာလာ ခင်ဗျားအလုပ် မဟုတ်ဘူးလေ”

ချန်းဖန်၏ တဲ့တိုး စကားများကြောင့် ကျန့်အန်းချီမှာ ဘာပြောရမှန်း မသိတော့ဘဲ တောင့်တင်းသွားသည်။

အတန်ကြာပြီးနောက် သူမက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး အေးစက်စွာ ပြောသည်။

“ကောင်းပြီ အခု ရှင်လည်း မြွေကို သတ်ပြီးပြီဆိုတော့ ကျေးဇူးပြုပြီး လမ်းဖယ်ပေးလို့ ရမလား ကျွန်မတို့ ရေကန်ထဲက ဆေးမြစ်ကို ယူရဦးမယ်”

“ဪ.. ခင်ဗျားတို့က ဒီအတွက် ရေကန်ဆီကို လာခဲ့ကြတာပေါ့။ ဒါပေမဲ့ ကျွန်တော်က ဘာလို့ ဆေးမြစ်ကို ခင်ဗျားတို့ဆီ ပေးလိုက်ရမှာလဲ အဲဒီအပေါ်မှာ ခင်ဗျားနာမည် ရေးထားလို့လား”

ကျန့်အန်းချီ၏ မျက်နှာက နီမြန်းသွားသည်။ သူမက ချန်းဖန်အား ဒေါသတကြီး ကြည့်ရင်း..။

“ရှင်က ကျွန်မတို့ကို တားချင်တာလား ဒီရေကန်က ရှင်ပိုင်တာ မလို့လား ရှင့်မှာ ကျွန်မတို့ကို တားခွင့်မရှိဘူး”

ချန်းဖန်သည် သူမအား လျစ်လျူရှုလျက် ယင်မိစ္ဆာဂိုဏ်းသားများ ဘက်သို့ လှမ်းကြည့်လိုက်သည်။

“ဒီနေ့ကစပြီး ယင်နဂါးရေကန်ကို ကျွန်တော်ပိုင်တယ်။ ဒါနဲ့ပတ်သက်ပြီး ခင်ဗျားတို့မှာ ပြဿနာ တစ်ခုခု ရှိလား”

ထိုအချိန်တွင် မုနှင့်ယန် အဘိုးကြီးနှစ်ဦး ခေါင်းဆောင်သော ယင်မိစ္ဆာဂိုဏ်းသားများမှာ ချိုင့်ဝှမ်းအတွင်းမှ ထွက်ခွာနေကြခြင်း ဖြစ်သည်။ ချန်းဖန်၏ စကားကို ကြားသည့်‌နောက် သူတို့က ရပ်တန့်သွားကြသည်။

ချန်းဖန်သည် မြွေကြီးအား တစ်ချက်တည်းနှင့် သတ်နိုင်သည်ကို ကြည့်ခြင်းဖြင့် သူ၏ ကျင့်ကြံဆင့်ကို အကဲခတ်နိုင်သည်။ ယင်မိစ္ဆာဂိုဏ်းက ချန်းဖန်အား အာမခံဝံ့ပေ။

မုဟုန်ရှန်းနှင့် ယန်ကျန့်ကျယ်တို့က အလျင်အမြန်ပဲ ပြန်ဖြေလာကြသည်။

“ကျုပ်တို့ ယင်မိစ္ဆာဂိုဏ်းက ဆရာချန်းရဲ့ လမ်းညွှန်မှုနောက်ကို လိုက်ပါ့မယ်”

ချန်းဖန်က လက်နှစ်ဖက်ကို ကျောနောက်တွင် ချိတ်လျက် ဒေါသထွက်လွန်း၍ မူးမေ့မတတ် ဖြစ်နေသော ကျန့်အန်းချီအား လှည့်ကြည့်ကာ ပြောသည်။

“ကြားတဲ့အတိုင်းပဲ အခု ယင်နဂါးရေကန်က ကျွန်တော့်အပိုင် ဖြစ်သွားပြီ ကျေးဇူးပြုပြီး ကိုယ့်ခြေထောက်နဲ့ ကိုယ် ထွက်သွားပေးလို့ ရမလား ယင်နဂါးရေကန်က ခင်ဗျားတို့ကို မကြိုဆိုဘူး”

ကျန့်အန်းချီသည် ချန်းဖန်၏ စကားများကြောင့် မှင်တက်သွားသည်။ ဒေါသမီးများက သူမ၏ ဝမ်းဗိုက်မှသည် လည်ချောင်းထိတိုင် တက်လာသကဲ့သို့ ခံစားလိုက်ရသည်။ သူမသည် မွေးဖွားလာကတည်းက ဘယ်သူ့ဆီကမှ ယခုကဲ့သို့သော အရှက်ခွဲမှုမျိုးကို မကြုံခဲ့ရဖူးပေ။

ကျန့်အန်းချီက အံ့ကြိတ်လျက် အော်လိုက်သည်။

“ဘာလို့ ရေကန်က နင့်အပိုင် ဖြစ်ရမှာလဲ ငါဂရုမစိုက်ဘူး မကောင်းတဲ့အကောင် မှော်ပညာလေး နည်းနည်းပါးပါး တတ်တာနဲ့ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ ထင်မနေနဲ့ ဒါက ဖွံ့ဖြိုးနေတဲ့ခေတ် ဥပဒေကို ကျော်ပြီး ဘာမှ လုပ်လို့မရဘူး”

ကျန့်အန်းချီ၏ ရိုင်းပျသော စကားများကြောင့် လူကြီးမင်းရှစ်၏ မျက်နှာကြီးမှာ ‌ဖြူဖျော့သွားသည်။ အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက်ထက်ပင် အစွမ်းထက်သော ဆရာတစ်ဆူ၏ အဆင့်အတန်းအား ကျန့်အန်းချီက နားလည်နိုင်မည် မဟုတ်ပါ။ ကျန့်မိသားစု တစုလုံး၏ အင်အားပင်လျှင် ဆရာချန်း၏ အစွမ်း တစ်စိတ်တစ်ပိုင်းအား ယှဉ်နိုင်မည် မဟုတ်။

ယခုအချိန်တွင် ဆရာချန်းကသာ သူမအား သတ်လိုက်ပါက ကျန့်မိသားစုအနေနှင့် ဘာမျှ တတ်နိုင်မည် မဟုတ်ပါ။

တောင်ကြိုတောင်ကြားသို့ ရောက်နေချိန်တွင် ချန်းဖန်၏ ဒေါသကိုသာ ဆွမိပါက သူမ တစ်ယောက်တည်းသာ မဟုတ်ဘဲ သူမနှင့် ပတ်သက်သူများပါ ကံဆိုးရပေမည်။

သို့သော်လည်း ချန်းဖန်က တည်ငြိမ်နေဆဲ ဖြစ်သည်။ သူက အနည်းငယ် ထက်ရှသော လေသံဖြင့် ပြောလိုက်သည်။

“ငါ့မျက်စိရှေ့က ထွက်သွား”

“နင် ဘာပြောတာ”

ကျန့်အန်းချီက သူမအား တစ်စုံတစ်ယောက်က ထိုသို့ မောင်းထုတ်ရဲခြင်း အပေါ် မယုံနိုင်ဟန်ဖြင့် မေးသည်။

“ငါပြောတာ.. ငါ့မျက်စိရှေ့က ထွက်သွားစမ်းလို့ ”

ချန်းဖန်သည် ထိုစကားများအား ချီစွမ်းအင် တချို့ ထည့်သွင်း၍ ကျန့်အန်းချီထံသို့ တိုက်ရိုက် ပို့လွှတ်လိုက်သည်။ ကျန့်အန်းချီသည် သူမ စိတ်ထဲ၌ ပေါက်ကွဲမှုတစ်ခု ဖြစ်သွားသလို ခံစားလိုက်ရပြီး ခြေထောက်များ ခွေကျသွားကာ မြေပြင်ပေါ် ပစ်လဲသွားတော့သည်။

လူကြီးမင်းရှစ်မှာ အလွန် ကြောက်ရွံ့သွားပြီး ဒူးထောက် ချလိုက်မိသည်။

“ဆရာချန်း.. ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ မမလေးက မသိနားမလည်လို့ပါ ကျေးဇူးပြုပြီး ဒီတစ်ကြိမ်လောက် ခွင့်လွှတ်ပေးပါ ကျုပ်တို့ အခုချက်ချင်း ထွက်သွားပါ့မယ်”

လူကြီးမင်းရှစ်က အမျိုးသမီး သက်တော်စောင့်အား မျက်လုံးဖြင့် စကားပြောလိုက်ပြီး ကျန့်အန်းချီကို တွဲထူစေကာ ချိုင့်ဝှမ်းအတွင်းမှ အလျင်အမြန် ထွက်ခွာသွားကြတော့သည်။

ခဏကြာပြီးနောက် ရေကန်နံဘေးရှိ အလောင်းများကြား၌ ချန်းဖန်နှင့် သူ၏ ယာယီ တပည့်နှစ်ယောက်သာ ကျန်ခဲ့တော့သည်။

ယင်မိစ္ဆာဂိုဏ်းမှ အဘိုးကြီးများသည်လည်း ချိုင့်ဝှမ်း ဝင်ပေါက်အနီး၌ ရပ်နေကြပြီး ထွက်ခွာရနိုးနိုး မသွားရနိုးနိုး ချီတုံချတုံ ဖြစ်နေကြသည်။

အဘိုးကြီးမုက သစ်ပင်များကို အကာအကွယ်ယူရင်း တိတ်တိတ်လေး ထွက်ခွာသွားမည် အပြုတွင် အသံတသံအား ကြားလိုက်ရလေသည်။

“ခင်ဗျားကို သွားလို့ရပြီလို့ ပြောမိလား”

မုဟုန်ရှန်းနှင့် ယန်ကျန့်ကျယ်တို့က ကျောရိုးတစ်လျှောက် စိမ့်တက်သွားကြပြီး ချန်းဖန်အား မဝံ့မရဲ လှမ်းကြည့်လိုက်မိကြသည်။

“သေစမ်း ငါတို့တော့ ဒုက္ခပါပဲ”

***

All Chapters