← Chapters

ယွမ်သန်းတစ်ရာ တန်သော ဆေးလုံး

Vol. 1 Ch. 72

ယွမ်သန်းတစ်ရာ တန်သော ဆေးလုံး

Vol. 1 Ch. 72

ယင်နဂါးရေကန်၏ ပတ်ဝန်းကျင်၌ ယင်ချီများ အလွန် ပေါများနေသည်ကို မြင်ပြီးကတည်းက ချန်းဖန်သည် ဤပတ်ဝန်းကျင်တွင် ရက်အနည်းငယ် နေထိုင်ပြီး အကျိုး‌ကျေးဇူး ရယူရန် ဆုံးဖြတ်လိုက်သည်။

အာကာသ သန့်စင်မွမ်းမံခြင်း ကျင့်စဉ်သည် သန့်စင်သော ဝိညာဉ်ချီသာမက မသန့်စင်သော ယင်ချီများနှင့် အငြိုးအတေးချီများကိုပါ စုပ်ယူနိုင်စွမ်း ရှိသည်ကလည်း တစ်ကြောင်း ဖြစ်သည်။ ချန်းဖန်က ဤနေရာ၌ သူနေစဉ်အတွင်း ဝေယျာဝစ္စများအတွက် ယင်မိစ္ဆာဂိုဏ်းအား ထောက်ပံ့ပေးရန် ပြောလိုက်သည်။

ချန်းဖန်သည် ယင်မိစ္ဆာဂိုဏ်းအတွင်း တချို့ကိစ္စများအား ပြောင်းလဲပေးလိုက်ပြီး ဆရာဝူကို ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်သည်။

ဂိုဏ်းချုပ် ဖြစ်ပြီးနောက် ဆရာဝူက ချိုင့်ဝှမ်းအတွင်းရှိ အလောင်းများအား ရှင်းလင်းစေသည်။ အလောင်းများအား သေချာ  သင်္ဂြိုဟ်ပြီး အရိုးပြာအိုး တအိုးချင်းစီနှင့် ထည့်စေသည်။ ကျန့်မိသားစုသို့ ပြန်ပေးနိုင်ရန် ရည်ရွယ်ချက်နှင့် ဖြစ်သည်။

ထိုသေဆုံးသွားသော သက်တော်စောင့်များသည် သရဲဘောကြောင်ကာ ထွက်မပြေးဘဲ တာဝန်ထမ်းဆောင်ရင်း သေဆုံး သွားကြခြင်း ဖြစ်ရာ လေးစားခံရဖို့ ထိုက်တန်ပေသည်။

ချန်းဖန်သည် ရေကန်ဘေး၌ ရွက်ဖျင်တဲတစ်လုံး ပြင်ဆင်ပြီးမှ ဝိညာဉ်ဆေးပင်အား ရှာဖွေရန် ကန်အတွင်းသို့ ဆင်းလိုက်သည်။

ရေကန်၏ အပေါ်ယံ ပတ်လည်အနား အကျယ်အဝန်းသည် မီတာ ဒါဇင်အနည်းငယ်သာ ရှိသောလည်း အောက်‌‌ခြေတွင် ပို၍ ကျယ်ပြန့်သည်။ ထို့ပြင် ရေသွယ်တံတား တစ်ခုလည်း ရှိနေသည်။ ယင်မြွေကြီးသည် ရေအောက်၌ အချိန်ကြာမြင့်စွာ ရှင်သန်နိုင်သည်မှာ မထူးဆန်းတော့။ ရေသွယ်တံတားမှ တစ်ဆင့် ကန်အနီးသို့ ရောက်လာသော သားကောင်များအား အလွယ်တကူ ဖမ်းယူ စားသောက်နိုင်တာ ဖြစ်သည်။

ချန်းဖန်သည် ဝိညာဉ်ဆေးပင်ဟု ထင်ရသော ဆေးပင် တစ်ပင်အား ရှာတွေ့ခဲ့ပြီး ယင်ကျောက်တုံး အများအပြားလည်း ရရှိခဲ့သည်။

“ဒါက ဖန်းရှဲ့ရယ် အပင်လေး တစ်ပင်ပဲ မဟုတ်ဘူးလား ကျန့်မိသားစုက လူတွေက ရူးနေကြတာပဲ”

တလက်လက် တောက်ပနေသော ရေနေပေါင်းပင်လေးအား ကြည့်ရင်း ချန်းဖန် ခေါင်းသာ ယမ်းမိသည်။

ချန်းဖန်သည် ရေအောက် မီတာတစ်ရာကျော် အနက်တွင် ရှိနေခြင်း ဖြစ်သည်။ သို့သော်လည်း ရေအောက်ရှိ အရာများအား ရှင်းရှင်းလင်းလင်း မြင်နိုင်ရုံသာမက ခန္ဓာကိုယ်ကိုလည်း စိတ်တိုင်းကျ လှုပ်ရှားနိုင်သည်။ ရေခဲအရေပြား အဆင့်ကပင် မီတာရာကျော်မျှသော ရေဖိအားအား ခံနိုင်ရည် ရှိနေပြီဖြစ်ရာ ချန်းဖန်၏ လက်ရှိ ကျောက်စိမ်းအရိုး ဖွဲ့စည်းပုံနှင့်ဆိုလျှင် ယခုထက်နက်သော ရေအောက်သို့ပင် အခက်အခဲမရှိ သွားလာနိုင်သည်။

'ဖန်းရှဲ့ရယ်'ပင်သည် ဝိညာဉ်ဆေးပင် အမျိုးအစား ဖြစ်သော်လည်း လူ့သက်တမ်းအား ဆွဲဆန့်ရာတွင် လုံးဝ အသုံးမဝင်ပေ။ ၎င်း၏ အမှန်တကယ် အသုံးဝင်သည့် နေရာမှာ 'ဝိညာဉ်ဖွဲ့စည်းခြင်း' ဆေးလုံး ဖော်စပ်ရာတွင် ဖြစ်သည်။

ကျင့်ကြံသူများသည် 'ဝိညာဉ်ဖွဲ့စည်းဆေးလုံး' အား ဝိညာဉ်စွမ်းအင် သန့်စင်ရာတွင် အသုံးပြုကြသည်။ ဝိညာဉ်ဖွဲ့စည်း ဆေးလုံးသည် သေမျိုး ‌လူသားများ၏ ‌ပျက်စီး ပျောက်ကွယ်လုနီးနီး ဝိညာဉ်များကိုပင် အားဖြည့်ပေးနိုင်သည်။ ဆေးလုံး၏ အဓိက သက်ရောက်မှုသည် ဝိညာဉ်စွမ်းအင်အား တိုးပွားစေနိုင်ခြင်း ဖြစ်သည့်အတွက် မိစ္ဆာလမ်းစဉ် လိုက်သူများနှင့် ဝိညာဉ်စွမ်းအင် သီးသန့် ကျင့်ကြံသူများ အတွက် အထူးအသုံး ဝင်ပေသည်။

“တကယ်လို့ ငါသာ ဝိညာဉ်ဖွဲ့စည်းဆေးလုံးကို ဖော်စပ်နိုင်ခဲ့ရင် ဝိညာဉ်သန့်စင်ခြင်း ကျင့်စဉ်နဲ့ အတူတွဲပြီး နတ်ဘုရား စိတ်အာရုံကို သုံးလို့ရပြီလို့ ဆိုတာတာ မဟုတ်ဘူးလား”

ချန်းဖန်သည် မေးစေ့ကိုပွတ်ရင်း စဉ်းစားခန်း ဝင်နေမိသည်။

နတ်ဘုရား စိတ်အာရုံသည် ကျင့်ကြံသူများ အနေနှင့် ချီသန့်စင်ခြင်း ပြည့်စုံအဆင့်မှစ၍ အသုံးပြုနိုင်သော စွမ်းရည်တစ်မျိုး ဖြစ်သည်။ နတ်ဘုရား စိတ်အာရုံအား ကျင့်ကြံသူအချင်းချင်း ဆက်သွယ်သည့် နေရာတွင်ဖြစ်စေ၊ ရန်သူများအား ထောက်လှမ်းသည့် နေရာတွင်ဖြစ်စေ အသုံးပြုနိုင်သည်။ အချို့သော ကျင့်ကြံခြင်းလောကရှိ ပါရမီရှင်များသည် နတ်ဘုရားစိတ်အာရုံကို အသုံးပြု၍ တိုက်ရိုက် သတ်ဖြတ်ခြင်း များပင် ပြုလုပ်နိုင်ကြသည်။

ဝိညာဉ်ဖွဲ့စည်း ဆေးလုံး ဖော်စပ်ရန် ဖန်းရှဲ့ရယ်ပင်၏ အရွက် အနည်းငယ်မျှသာ လိုအပ်သည်။ ဆေးမဖော်စပ်ခင် ချန်းဖန်အနေနှင့် မြွေအသေကောင်ကြီးအား တစ်ခုခု လုပ်ရပေဦးမည်။

ယင်မြွေကြီးသည် ချီသန့်စင်ခြင်း အလယ်အလတ် အဆင့်နှင့် ညီမျှသော ကျင့်ကြံဆင့်သို့ ရောက်ရှိနေပြီး နှစ်ရာကျော် ကျင့်ကြံခဲ့မှုကြောင့် မြွေကြီး၏ ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးလိုလိုက အဖိုးတန်နေပြီ ဖြစ်သည်။

ချန်းဖန်သည် ကမ်းပေါ်သို့ ပြန်ရောက်သည်နှင့် မြွေကြီး၏ မျက်လုံးများအား ထုတ်ယူလိုက်ပြီး အာကာသသန့်စင် မွမ်းမံခြင်း ကျင့်စဉ်၏ စတုတ္ထအဆင့်ဖြစ်သော ‌'ရွှေရောင်မျက်လုံး' အဆင့်သို့ ရောက်ရှိလျှင် အသုံးပြုရန် သိမ်းဆည်းထားလိုက်သည်။ ထို့နောက် မြွေကြီး၏ အကြွေးခွံများအား ဂရုတစိုက် ခွာယူလိုက်သည်။ ထိုအကြွေးခွံများက မာ‌ကျောကာ အကြမ်းခံသည့် အတွက် ချပ်ဝတ်ပြုလုပ်ရန် အလွန် သင့်လျော်သည်။

ခဏမျှကြာပြီးနောက် ချန်းဖန်သည် မြွေကြီး၏ ကျောရိုးအား ဆွဲထုတ်လိုက်သည်။ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးပြီး ထိကြည့်ရုံနှင့်တင် အေးစက်နေသော ကျောရိုးမှာ နှစ်တစ်ထောင် သံမဏိနှင့် လုပ်ထားသကဲ့သို့ အလွန်လည်း မာကျောသည်။

နှစ်ရာကျော် စုပ်ယူထားသော ယင်ချီများက ကျောရိုးထဲ၌ ခြင်ဆီကဲ့သို့ အမြစ်တည်နေကြပြီး မှော်ရတနာ ပြုလုပ်ရန် အလွန် ကောင်းမွန်သော ကုန်ကြမ်းပစ္စည်းတစ်ခု ဖြစ်လာစေသည်။

နောက်ဆုံးတွင် ချန်းဖန်က မြွေကြီး၏ အသားများကို အာရုံစိုက်လိုက်သည်။

ကျင့်ကြံသူများသည် သဘာဝအတိုင်း ရှိနေသော ဝိညာဉ်ချီများကိုသာ စုပ်ယူလေ့ ရှိကြသည်။ သို့သော် တစ်စုံတစ်ယောက်က အသေအချာ လေ့လာကြည့်လျှင် ဝိညာဉ်ချီများက နေရာတိုင်းတွင် ရှိနေသည်ကို တွေ့ရမည် ဖြစ်သည်။ ကျောက်စိမ်းများထဲတွင်၊ ဆေးမြစ်များ (သို့မဟုတ်) ဆေးဖက်ဝင် အပင်များထဲတွင်၊ သားရဲများ၏ အသွေးအသားများထဲတွင်ပင် ရှိနေနိုင်ပေသည်။ ချန်းဖန်အတွက်တော့ မြွေကြီး၏ ခန္ဓာကိုယ်သည် ယင်ချီများနှင့် ပြည့်နှက် ရင့်မှည့်နေသော အဖိုးတန် အစားအစာကြီး ဖြစ်သည်။

ချန်းဖန်သည် မြွေကြီး၏ အသားတုံးများအား အိုးတစ်လုံးထဲသို့ ထည့်ကာ မှော်စွမ်းအင် အနည်းငယ် ထည့်သွင်းထားသော မီးဖြင့် အပူပေးလိုက်သည်။ အတန်ကြာပြီးနောက် အိုးအတွင်းရှိ အသားတုံးကြီးများသည် လက်သည်းခွံတစ်ဝက်ခန့် ရှိသော အသားလုံးခြောက်လေးများ အဖြစ် ပြောင်းလဲသွားသည်။ ထိုအသားခြောက် လုံးလေးများကား 'လျှို့ဝှက်ဆန်းကြယ် ဆေးလုံး'များဟု ခေါ်ပေသည်။

ချန်းဖန်သည် အသားတုံးအား အပူပေးရာ၌ ဆေးအာနိသင်အား ကောင်းမွန်စွာ တိုးတက်သွား‌စေသော ဆေးဖော်စပ်နည်း တစ်ခုကို အသုံးပြုခဲ့တာ ဖြစ်သည်။

ထိုဆေးလုံးများသည် ဝိညာဉ်ဆေးလုံး စစ်စစ်တော့ မဟုတ်သော်လည်း စွမ်းအင်စုစည်း ဆေးလုံးထက်ပင် အကျိုးသက်ရောက်မှု ပိုများပေသည်။

အားရှို့နှင့် ဆရာဝူတို့သည်  တစ်ယောက်လျှင် ဆေးတစ်လုံးစီ စားပြီးကြသည့်နောက် အပူလှိုင်းတစ်ခုက ခန္ဓာကိုယ်အတွင်း ဖြတ်သန်း စီးဆင်းသွားသည်ကို ခံစားလိုက်ရသည်။ မကြာမီပင် ၎င်းတို့၏ ခန္ဓာကိုယ်များမှ မမြင်ရသော အခိုးအငွေ့များ အလျှံတညီးညီး ထွက်ပေါ်လာသလို ခံစားလိုက်ကြရပြီး အရိုးနှင့် ကြွက်သားများမှာ သိသိသာသာ ပို၍ သန်မာလာကြသည်။

“လျှို့ဝှက်ဆန်းကြယ် ဆေးလုံးက စွမ်းအင်စုစည်းဆေးလုံးရဲ့ အာနိသင်ကို ပိုပြီး အားဖြည့်ပေးနိုင်တယ်”

ရုတ်တရက် ယင်မိစ္ဆာဂိုဏ်းသား တစ်ယောက် ထွက်ပေါ်လာပြီး ချိုင့်ဝှမ်းရှေ့၌ ကျန့်အန်းချီ ရောက်ရှိနေကြောင်း သတင်းပို့လာသည်။

တုန်းတူမြို့သို့ ပြန်လည် ရောက်ရှိပြီးနောက် ကျန့်အန်းချီသည် အတော်လေးပင် စိတ်ဒုက္ခ ရောက်ခဲ့ရပြီး အမှန်တရားအား လက်ခံနိုင်ရန် ကြိုးစားခဲ့ရသည်။ အမှန်တရားကား သူမအနေနှင့် ချန်းဖန်အပေါ် ဘာမှ လုပ်နိုင်ခြင်းမရှိဘဲ ဤတိုက်ပွဲ၌ အရှုံးပေးလိုက်ရသည် ဆိုတာပင်။

ချိုင့်ဝှမ်းအတွင်းရှိ ‌ချောက်ချားဖွယ် ဖြစ်ရပ်ကြီး ပြီးသည့်နောက် တုန်းတူမြို့ရှိ မည်သည့် သခင်လေးကမှ ချန်းဖန်ရှေ၌ မတ်တပ်ပင် မရပ်ရဲတော့ပါ။ ကျန့်အန်းချီသည် ထိုသခင်လေးများ ထံမှလည်း မည်သို့သော အကူအညီမှရမည့်လမ်း မမြင်မိ။

ဒေသခံများ၏ အကူအညီ မပါဘဲ ဝိညာဉ်ဆေးမြစ်ကို ရရှိရန်မှာ အခွင့်အရေး နည်းလွန်းလှသည်။ ကျန့်အန်းချီအတွက် နောက်ဆုံး ရွေးချယ်စရာဟူ၍ ချန်းဖန် စိတ်ကျေနပ်သည်အထိ တောင်းပန်ရန်သာ ရှိတော့သည်။ သူမ၏ လက်ရှိ အခြေအနေနှင့် အခက်အခဲအား ချန်းဖန် ကရုဏာ ထားပေးဖို့သာ မျှော်လင့်ရပေမည်။

လူကြီးမင်းရှစ်နှင့် အချိန်အတော်ကြာသည်အထိ ဆွေးနွေးပြီးနောက် ကျန့်အန်းချီသည် ယင်နဂါး ရေကန်သို့ ပြန်လာရန် ဆုံးဖြတ်ခဲ့သည်။

သူမ၏ အသွင် သဏ္ဌာန်မှာ နောက်ဆုံးတစ်ခေါက် ရေကန်ကို လာခဲ့တုန်းကထက် အများကြီး ပိုတည်ငြိမ်သွားသည်။ ယခုတစ်ခေါက်တွင်တော့ သူမ၏ ကိုယ်ရေးကိုယ်တာ ခံစားချက်များအား ဘေးဖယ်ကာ မိသားစုအရေး ရှေးရှုလျက် လာခဲ့ပုံရသည်။

ကျန့်အန်းချီသည် ရွှေရောင်အနားကွပ် မျက်မှန်တစ်လက်အား တပ်ထားသောကြောင့် လှပသော မျက်နှာကျနှင့် နှုတ်ခမ်းဖူးဖူးတစ်စုံက ထင်းလင်းနေသည်။ ရုံးတက်ဝတ်စုံဆန်ဆန် ကိုယ်တိ ကုတ်အင်္ကျီနှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားပြီး အနက်ရောင် ဒေါက်မြင့်ဖိနပ်တစ်ရန် စီးထားပုံက ဆွဲဆောင်မှုရှိသော မော်ဒယ် တစ်ယောက်၏ ကိုယ်ဟန်အား ထင်ဟပ် ပြသနေသည်။

“လူကြီးမင်းချန်း ကျွန်မ ဒီတစ်ခေါက် ပြန်လာရတာက ရေကန်ထဲမှာ ရှင်ရှာတွေ့ခဲ့တဲ့ ဆေးမြစ်ကို ပြန်ဝယ်ချင်လို့ပါ”

ကျန့်ချန်းချီက ခိုင်မာစွာ ပြောလိုက်သည်။

သူမသည် ချန်းဖန်၏ မျက်နှာ အမူအရာအား တစ်ချက်မှ အလွတ်မပေးဘဲ အကဲခတ်နေပြီး ယနေ့ မည်သည့် အကြောင်းအရာပဲ ရှိလာခဲ့ပါစေ ဆေးမြစ်အား ကျိန်းသေ ဝယ်သွားမည့်ဟန် ရှိသည်။

ချန်းဖန်သည် ရေကန်နံဘေးရှိ ခပ်ပြားပြား ကျောက်တုံးကြီးပေါ်တွင် ကြာပန်းသဏ္ဌာန် ထိုင်လျက်ရှိသည်။ ချိုင့်ဝှမ်း၏ အတွင်းဘက် အပြင်အဆင်များက အတော်လေး ပြောင်းလဲသွားသည်။ ရေကန်ဘေးရှိ မြေကွက်လပ်၌ သစ်သားထိုင်ခုံများနှင့် ပရိဘောဂ တချို့ နေရာချထားပြီး ထိုအနီးတွင် ယင်မိစ္ဆာ ဂိုဏ်းသားများက လက်လုပ် သစ်သား အခန်းငယ်လေးများဖြင့် စခန်းချနေကြသည်။

ချန်းဖန်က မျက်လုံးများ ပွင့်လာပြီး ဖြည်းညင်းစွာ ပြန်ဖြေသည်။

“ကောင်းပြီလေ ခင်ဗျားက မေးလာမှတော့ ကျွန်တော်လည်း အမှန်အတိုင်း ပြောပြရသေးတာပေါ့ ဒီရေကန်ထဲက ‌အရာကို ခင်ဗျား လိုချင်နေရတဲ့ အ‌ကြောင်းအရင်းက အဘိုးကြီးကျန့်ရဲ့ အသက်ကို ဆွဲဆန့် ထားချင်လို့ဆိုတာ ကျွန်တော် သိတယ် ဒါပေမဲ့ ခင်ဗျား မှားနေတာ တစ်ခုရှိတယ် ရေကန်ထဲမှာ ရှိနေတာက 'ဖန်းရှဲ့ရယ်' ဆေးပင်ပဲ သူ့ရဲ့ အာနိသင်က လူတစ်ယောက်ရဲ့ ဝိညာဉ်ကို အားဖြည့်ပေးနိုင်တယ်။ ဒါပေမဲ့ သက်တမ်း ဆွဲဆန့်တဲ့ နေရာမှာတော့ အသုံးမဝင်ဘူး 'ဖန်းရှဲ့ရယ်'ကိုသာ အဘိုးကြီးကျန့်အတွက် သုံးလိုက်မယ်ဆိုရင် လူနာရဲ့ အခြေအနေက အရင်ကထက်တောင် ပိုဆိုးသွားလိမ့်မယ် ဆိုတာ ကျုပ်လောင်းရဲတယ်”

ချန်းဖန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ကျန့်အန်းချီ၏ မျက်နှာမှာ တင်းမာသွားသည်။ သူမက လူကြီးမင်းရှစ်အား အကြံဉာဏ် တောင်းသည့်သဘော လှမ်းကြည့်သည်။

လူကြီးမင်းရှစ်လည်း မျက်မှောင်ကြီးကြုတ်ကာ အတွေးပင်လယ်ထဲ နစ်မျောသွားပြီးနောက် ခဏကြာတော့မှ ရှက်အမ်းအမ်းနှင့် ပြောလာသည်။

“အမှန်ပဲ ယင်နဂါးရေကန်က ယင်ချီတွေနဲ့ ပြည့်နှက်နေတာ ဆိုတော့ လူ့သက်တမ်းကို ဆွဲဆန့်ပေးနိုင်တဲ့ ဆေးမျိုး ရှိမှာမဟုတ်ဘူး”

ထို့နောက် သူက ကျန့်အန်းချီဘက်သို့ လှည့်ကာ တောင်းပန်လိုက်သည်။

“တောင်းပန်ပါတယ် မမလေးကျန့် အားလုံး ကျုပ်အမှားပါ ကျုပ်တို့ဂိုဏ်းရဲ့ မှတ်တမ်းထဲမှာ ရှားပါး ဆေးပင်အကြောင်း မှတ်တမ်းတင်ထားပေမဲ့ အဲဒီဆေးပင်ကို ဘာအတွက် သုံးလို့ရတယ် ဆိုတာတော့ ဖော်ပြမထားခဲ့ဘူး”

ကျန့်အန်းချီ ခမျာ မနည်း အားတင်းကာ ပြုံးလိုက်ရသည်။

“စိတ်မပူပါနဲ့ ကျွန်မတို့ လက်မလျှော့ဘဲ ဆက်ပြီးရှာရင် အသုံးဝင်တာ တစ်ခုခုတော့ တွေ့မှာပါ”

သူမအသံက စိတ်ပျက် အားလျော့ခြင်းတို့နှင့် ပြည့်နှက်နေသော်လည်း ခေါင်းမာစွာ ဆက်ရှာဖွေဦးမည့်ပုံ ပေါ်သည်။

ရုတ်တရက် ချန်းဖန်၏ အသံက ထွက်ပေါ်လာသည်။

“'ဖန်းရှဲ့ရယ်'ကို ခင်ဗျားတို့ သုံးလို့မရပေမဲ့ ကျွန်တော့်မှာ ခင်ဗျားတို့အတွက် အကူအညီ ဖြစ်လောက်တဲ့ဟာ တစ်ခုရှိတယ်”

“တကယ်လား”

ကျန့်အန်းချီ၏ မျက်လုံးများက မျှော်လင့်ချက်တို့ဖြင့် အရောင်တောက်လာသည်။

ချန်းဖန်က ပြုံးလိုက်ပြီး ကြွေပုလင်းလေး တစ်လုံးကို ထုတ်ယူကာ ပုလင်းအတွင်းမှ လျှို့ဝှက်ဆန်းကြယ် ဆေးလုံး တစ်လုံးအား ထုတ်လိုက်သည်။ ထို့နောက် ယင်မိစ္ဆာဂိုဏ်းသား  တစ်ယောက်အား ဒဏ်ရာရနေသော ယုန်တစ်ကောင် ရှာလာရန် စေခိုင်းလိုက်သည်။

ခဏကြာပြီးနောက် ဂိုဏ်းသား ပြန်လည် ရောက်ရှိလာချိန်တွင် ချန်းဖန်သည် ဒဏ်ရာရနေသော ယုန်လေး၏ ပါးစပ်ထဲသို့ သူ့လက်တွင် ကိုင်ထားသော ဆေးလုံးအား ထည့်ပေးလိုက်ကာ စောင့်ကြည့်စေသည်။

ချက်ချင်းဆိုသလိုပင် ယုန်၏ ခန္ဓာကိုယ်ပေါ်ရှိ သာမန် မျက်စိနှင့်ပင် မြင်နိုင်သော အလွန် ကြီးမားလှသည့် ဒဏ်ရာကြီးမှာ တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာပြီး အနာရွတ်ပင် မကျန်ရစ်ခဲ့ပေ။

“ဒါ.. ဒါက မျက်လှည့်တော့ မဟုတ်ပါဘူးနော်”

ကျန့်အန်းချီသည် ဆေးလုံး၏ မယုံကြည်နိုင်ဖွယ် ကုသနိုင်စွမ်းကြောင့် မသင်္ကာမှုတို့ ပြည့်နှက်နေသော မျက်လုံးများဖြင့် ရေရွတ်လိုက်မိသည်။

ချန်းဖန်က ဘာစကားမျှ မဆိုဘဲ နောက်ထပ် ဆေးတစ်လုံး ထုတ်ယူကာ လူကြီးမင်းရှစ်ထံသို့ ကမ်းပေးလိုက်ပြီး စစ်ဆေးကြည့်စေသည်။

လူကြီးမင်းရှစ်သည် ဆေးမြစ်များနှင့် ပတ်သက်၍ ဗဟုသုတကြွယ်သော ကျင့်ကြံသူ တစ်ယောက် ဖြစ်ရာ ဆေးလုံးများနှင့်လည်း မစိမ်းပေ။

လူကြီးမင်းရှစ်သည် ဆေးလုံးအား အနီးကပ် အကဲခတ်ပြီးနောက် နှာခေါင်းဝသို့ ကပ်ကာ အနံ့ရှူကြည့်သည်။ ထို့နောက် မျက်လုံးများကို ပွတ်သပ်ကာ အံဩတကြီးနှင့် ရေရွတ်လာသည်။

“ဒီဆေးလုံးက အသက်ဓာတ်တွေနဲ့ ပြည့်နေတာပဲ လူ တစ်ယောက်ရဲ့ သက်တမ်းကို ဆွဲဆန့်ပေးနိုင်မှာ သေချာတယ် ဆေးအစွမ်းက.. မယုံနိုင်လောက်အောင်ပဲ”

ကျန့်အန်းချီ၏ မျက်လုံးများမှာ ပိုမို အရောင်တောက်သွားပြီး မျက်နှာထားမှာလည်း နူးညံ့ ပျော့ပျောင်းလာသည်။

ချန်းဖန်က ပြောသည်။

“ဒီဆေးလုံးက လျှို့ဝှက်ဆန်းကြယ် ‌ဆေးလုံးလို့ ခေါ်တယ် ဆေးတစ်လုံးကတင် လူတစ်ယောက်ရဲ့ သက်တမ်းကို ဆယ်ရက် ဆွဲဆန့်ပေးနိုင်တယ် ဒီပုလင်းထဲမှာ ဆေးလုံး ရာကျော်ရှိတယ် အနည်းဆုံး လူ တစ်ယောက်ရဲ့ သက်တမ်းကို နှစ်နှစ် ဆွဲဆန့်ပေးနိုင်ဖို့ လုံလောက်တယ်”

ကျန့်အန်းချီက ချက်ချင်းပင် တက်ကြွစွာ ပြောလာသည်။

“အရမ်းကောင်းတယ် အဲဒီ ဆေးအားလုံးကို ကျွန်မယူမယ်”

ကျန့်အန်းချီ၏ အသံမှာ အလွန် သေချာနေဟန် ရသည်။ ဟောင်ကောင်မြို့၏ အချမ်းသာဆုံး ဆယ်ဦး စာရင်းဝင်သော မိသားစု တစုမှ မမလေး  တစ်ယောက်အနေနှင့် ပိုက်ဆံက သူမအတွက် ပြဿနာ မဟုတ်ပေ။

သို့သော် ထိုစဉ်တွင် ချန်းဖန်က လက်ညှိုးတစ်ချောင်း ထောင်ပြလာသည်ကို မြင်လိုက်ရသည်။

“ယွမ်သန်းတရာ”

ဆေး၏ ဈေးနှုန်းကြောင့် ကျန့်အန်းချီပင် အံကြိတ်လိုက်မိသည်။

သက်တမ်းရင့် ဂျင်စင်းတစ်မြစ်ကိုပင် ယွမ်ဆယ်သန်းနှင့် ဝယ်၍ရသောကြောင့် ယွမ်သန်းတရာ ဟူသော ပမာဏက မနည်းလှ‌။ ကျန့်မိသားစု တစ်ခုလုံး၏ ငွေအရင်းအမြစ်ကို ကိုင်တွယ်သူမှာ လောလောဆယ်တွင် ကျန့်အန်းချီ မဟုတ်သေးသောကြောင့် သူမအတွက်ပင် ထိုပမာဏက ပမွှားလေး မဟုတ်ပါ။

သူမ၏ ဖခင်သည် အဘိုးကျန့်၏ ဒုတိယသား ဖြစ်သော်လည်း မိသားစုခေါင်းတောင် နေရာအား ဆက်ခံရန် အခြားသော ညီအကိုနှစ်ယောက်နှင့် အကြိတ်အနယ် ယှဉ်ပြိုင်နေရသည်။ မိသားစု ခေါင်းဆောင် နေရာအား ရရှိရန် အဓိက အကျဆုံးမှာ အဘိုးကျန့်၏ ဆုံးဖြတ်ချက် ဖြစ်သောကြောင့် သူမအနေနှင့် အဘိုးကျန့်၏ သက်တမ်းအား မဖြစ်မနေ ဆွဲဆန့်ထားနိုင်ရန် လိုအပ်သည်။

ကျန့်အန်းချီက ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီလေ ကျွန်မ ဝယ်ပါ့မယ်”

ဆရာဝူသည် ချန်းဖန်၏ အလွန် လျင်မြန်သော ငွေရှာနိုင်စွမ်းကြောင့် ပင့်သက်ရှိုက်မိသည်။ သူ့တစ်သက်လုံး ရှာလျှင်ပင် မရနိုင်သော ပမာဏအား ဆရာချန်းက ဆေးလုံး အနည်းငယ် ဖော်စပ် လိုက်ရုံနှင့်တင် ရရှိသွားသည်။

လူတိုင်း၏ အားကျ အံ့ဩနေသော အကြည့်များ အောက်တွင်ပင် ချန်းဖန်းက ပြုံးရင်း ခေါင်းယမ်းလိုက်သည်။

“မမလေးကျန့် ခင်ဗျား တစ်ခုခုကို အထင်လွဲနေပြီ ထင်တယ်။ ကျွန်တော်ဆိုလိုတာက ဆေးတစ်လုံးကို ယွမ်သန်းတရာလို့ပါ ပုလင်းထဲမှာ ဆေးလုံးတစ်ရာကျော် ရှိနေတာ ဆိုတော့ စုစုပေါင်း တန်ဖိုးက ယွမ်တစ်ဆယ်ဘီလီယမ် ဖြစ်လိမ့်မယ်”

“ ... “

ချိုင့်ဝှမ်းတစ်ခုလုံးအား အေးစက်စက် လေထုက ဖုံးလွှမ်းသွားပြီး မည်သည့်အသံမှ မကြားရလောက်အောင် တိတ်ဆိတ်ကျသွားတော့သည်။

***

All Chapters