← Chapters

ဘဝနဲ့ ပြန်ပေးဆပ်

Vol. 1 Ch. 73

ဘဝနဲ့ ပြန်ပေးဆပ်

Vol. 1 Ch. 73

“ရှင်ရူးနေလား”

ထက်ရှသော မိန်းကလေးသံ တသံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ ကျန့်အန်းချီသည် ဆက်လက်၍ တည်ငြိမ် မနေနိုင်တော့ပါ။ အံ့ဩမှုနှင့် မယုံကြည်နိုင်မှုတို့က သူမ မျက်နှာတစ်ပြင်လုံး၌ ပေါ်လွင်နေသည်။

သူမသည် ချန်းဖန်အား အရူး တစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေမိသည်။

“ရှင် ဘာတွေ ပြောနေတာလဲ ဆိုတာရော ရှင်သိရဲ့လား ဒီဆေးလေး တစ်ပုလင်းကို ဘယ်သူက ယွမ်ဆယ်ဘီလီယမ် ပေးပြီး ဝယ်မှာတဲ့လဲ”

၂၀၀၇ ခုနှစ်တွင် တစ်ကမ္ဘာလုံး၌ပင် ပိုက်ဆံ တစ်ဘီလီယမ် ပိုင်ဆိုင်သူဟူ၍ လူ၉၀၀ကျော်သာ ရှိသည်။ ကမ္ဘာသုံးငွေကြေးနှင့် တရုတ်ယွမ်ကို တွက်ချက်ကြည့်လျှင် ကမ္ဘာသုံးငွေကြေး တဘီလီယမ်လျှင် တရုတ်ယွမ် ခုနစ်ဘီလီယမ် ရှိသည်။ တစ်နည်းဆိုရသော် တစ်ကမ္ဘာလုံး အတိုင်းအတာနှင့်ပင် ယွမ်ခုနစ်ဘီလီယမ်ကို ပိုင်ဆိုင်သူက လူ၉၀၀ကျော်သာ ရှိသည်ဟု ဆိုလိုတာ ဖြစ်သည်။

ထို၉၀၀သော လူများထဲမှ မည်မျှခန့်က တရုတ်ပြည်တွင် ရှိပါသနည်း ဆိုလျှင် အဖြေက လူ၆၀ ဖြစ်သည်။

ကျန့်မိသားစုသည် ယွမ်ဘီလီယမ်ပေါင်း များစွာ ပိုင်ဆိုင်သည် ဆိုသော်လည်း တကယ်တမ်းတွင် ထိုပိုက်ဆံများမှာ ရင်းနှီးမြှုပ်နှံမှုများထဲ၌ မြုပ်နေသည်က များသည်။ ထို့ကြောင့် ကျန့်မိသားစု၏ လက်ရှိ ငွေသား ပိုင်ဆိုင်မှုမှာ ယွမ်ဘီလီယမ်နှစ်ဆယ်သာ ရှိသည်။

ချန်းဖန်က ကျန့်မိသားစု၏ ပိုင်ဆိုင်မှု တစ်ဝက်ခန့်ကိုပင် တောင်းနေလေရာ ကျန့်အန်းချီ အံ့ဩ တုန်လှုပ်သွားသည်မှာလည်း မထူးဆန်းပေ။

“ဒါပေါ့ ကျွန်တော် ပြောတဲ့ဈေးက များလား နည်းလားသိတာ ကျွန်တော်သိပါတယ် ဒါပေမဲ့ ဒီဆေးက ကမ္ဘာ ပေါ်မှာ ကျွန်တော့်အပြင် ဘယ်သူ့ဆီမှာမှ မရှိဘူး ထပ်ပြောရရင် ကျွန်တော် ခင်ဗျားကို ဈေးတောင် လျှော့ပေးထားတာ”

'ဈေးလျှောပေးထားတာ' ဟူသော ချန်းဖန်၏ စကားကြောင့် ကျန့်အန်းချီမှာ သတိလစ်မတတ်ပင် ဖြစ်သွားရသည်။ သူမသည် စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမှန်း မသိတော့ဘဲ စကားလုံးများက လည်ချောင်းအတွင်း အငွေ့ပြန်သွားသလို ခံစားလိုက်ရသည်။

ဆရာဝူသည် ချန်းဖန်၏ ယုံကြည်မှုရှိသော ပုံစံအား ဘေးမှ ကြည့်နေရင်း အလွန် ကျေနပ်လို့နေသည်။ သူက ခေါင်းတညိတ်ညိတ်နှင့် သင်ခန်းစာ ယူနေမိသည်။

ဆယ်ဘီလီယမ်

အားသာချက် ရှိနေသ၍ ကိုယ်ပြောသမျှ မဖြစ်နိုင်ဘူး ဆိုတာ မရှိပါလား

သူဌေး၊ သူကြွယ်များ ပေါများလှသော ကျန်းနန်နယ်တွင်ပင် ယွမ်ဆယ်ဘီလီယမ်ဟူသော ပမာဏက ထိပ်ဆုံး ငါးယောက် စာရင်းသို့ ဝင်စေနိုင်သည်။

ဤနေရာတွင် သတိရရမှာ တစ်ခုက အနာဂတ် တရုတ်ပြည်တွင် အချမ်းသာဆုံး သူဌေးကြီး ဖြစ်လာခဲ့သော ဝမ့်ကျန်းလင်ပင်လျှင် ၂၀၀၈ခုနစ်က ယွမ်ဆယ့်ငါး ဘီလီယမ်သာ ပိုင်ဆိုင်ခဲ့တာ ဖြစ်သည်။

ခဏမျှ ကြာပြီးနောက် အလေးအနက် စဉ်းစားပြီး ဖြစ်သော ကျန့်အန်းချီက ခေါင်းယမ်းကာ ပြောသည်။

“စိတ်မရှိပါနဲ့ လူကြီးမင်းချန်း ကျွန်မ အဲ့လောက် ပမာဏကို မတတ်နိုင်ဘူး အဲ့လောက် ပမာဏနဲ့ဆိုရင် ကျွန်မအဘိုးကို အကောင်းဆုံး ဆေးရုံကို ပို့ပြီး အကောင်းဆုံး ကိရိယာတွေနဲ့‌တောင် ကုသနိုင်နေပြီ”

“အမှန်တော့ ဒီပမာဏက အရမ်းမများပါဘူး”

ချန်းဖန်က ပြောသည်။

“အကောင်းဆုံး ဆေးရုံမှာ ကုသမယ် ဆိုရင်တောင် ခင်ဗျားအဘိုးအတွက် နှစ်နှစ် အာမခံချက် မရှိဘူး တကယ်လို့ အာမခံတယ်ပဲ ထားဦး ခင်ဗျားအဘိုးက အိပ်ရာထဲမှာပဲ လှဲနေရမှာ လမ်းလျှောက်တာ၊ စကားပြောတာတွေ လုပ်နိုင်မှာ မဟုတ်ဘူး ကျွန်တော့်ဆေးကို သုံးရင်တော့ သူက သာမန်လူ တစ်ယောက်လိုပဲ နှစ်နှစ် နေနိုင်လိမ့်မယ်”

ချန်းဖန်က ခဏမျှ ရပ်ပြီးနောက် ဆက်ပြောသည်။

“ခင်ဗျားကို စဉ်းစားဖို့ အချိန်နည်းနည်း ပေးမယ် ပုလင်းထဲက ဆေးကို စမ်းကြည့်ကြည့်ပေါ့”

ချန်းဖန်က ဆေးပုလင်းအား ကျန့်အန်းချီထံသို့ ကမ်းပေးလိုက်ပြီး တစ်ချက်ကြည့်စေသည်။

“ဒါပေမဲ့ အရမ်းတော့ မကြာစေနဲ့ပေါ့ ကျွန်တော်က သိပ်စိတ်မရှည်တတ်ဘူး”

ကျန့်အန်းချီသည် ပုလင်းထဲရှိ ဆေးများအား ဂရုတစိုက် ကြည့်သည်။ အတန်ကြာပြီးနောက်  သူမက စိတ်ကို ပြန်လည် စုစည်းပြီးနောက် ပြုံးလိုက်သည်။

“ကောင်းပြီလေ ရှင့်ရဲ့ ပွင့်လင်းမှုကို ကျွန်မ သဘောကျတယ် ဆယ်ဘီလီယမ် ဆိုမှတော့ ကျွန်မ အိမ်ကိုပြန်ပြီး ပိုက်ဆံ ယူပါရစေ ဒါပေမဲ့ အရမ်း မကြာစေရဘူးလို့ ကတိပေးပါတယ်”

သဘောတူညီမှု ရပြီးနောက် ချန်းဖန်က ဧည့်သည့်များအား ပြန်လည် ပို့ဆောင်စေလိုက်သည်။ သို့နှင့် ကျန့်အန်းချီ ဦးဆောင်သော လူတစု ပြန်လည် ထွက်ခွာသွားကြသည်။

ဆရာဝူမှာတော့ ကျန့်အန်းချီ ယူဆောင်သွားသော ဆေးပုလင်းကို ကြည့်ရင်း အလွန် ဝမ်းနည်းနေတာ ဖြစ်သည်။

ကျန့်အန်းချီတို့လူစု ချိုင့်ဝှမ်းအပြင်သို့ ပြန်ရောက်လာသည်တွင် လူကြီးမင်းရှစ်က ဇဝေဇဝါနှင့် မေးလိုက်သည်။

“မမလေးကျန့် ဆယ်ဘီလီယမ် ပေးမယ်ဆိုတာ တကယ်ပဲလား ဒါက ကျန့်မိသားစု အတွက်တောင် နည်းတာ မဟုတ်ဘူး ဆိုတော့ ဒီကိစ္စကို မမလေးကျန့်ရဲ့ အဖေဆီ လွှဲပေးလိုက်ပါလား”

“ကျွန်မ အဲ့ပိုက်ဆံကို တကယ်ကြီး ပေးလိမ့်မယ်လို့ ရှင်က ဘာကြောင့် ထင်ရတာလဲ”

ကျန့်အန်းချီက မဲ့ပြုံးတစ်ခုနှင့် လူကြီးမင်းရှစ်အား ကြည့်လိုက်သည်။

လူကြီးမင်းရှစ် မျက်နှာပျက်သွားသည်။

“ဒါဆို.. မမလေးကျန့်က..”

ကျန့်အန်းချီသည် မောက်မာလှသော အပြုံးတစ်ခုနှင့် ဖြတ်ပြောလိုက်သည်။

“ကျွန်မ စာချုပ်တစ်ခုခုမှာ လက်မှတ်ထိုးခဲ့တာ ရှင်တွေ့လို့လား လုံးဝပဲလေ သူ့ကို ယွမ်ဆယ်ဘီလီယမ် ပေးရမယ်ဆိုတဲ့ သက်သေ ဘာတစ်ခုမှ မရှိဘူး သူဘာလုပ်နိုင်မှာလဲ တရားစွဲမှာလား ဟမ့် အဲ့ကောင်က ရှေ့နေငှားဖို့တောင် တတ်နိုင်ပါ့မလား မသေချာဘူး”

ကျန့်အန်းချီက အေးစက်စက် နှာခေါင်း ရှုံ့လိုက်သည်။

“အမှန်ပဲ ကျွန်မ လိမ်သွားတယ်ဆိုတာ သူသိသွားတော့ရော ဘာဖြစ်လဲ ဒီနေ့ ခေတ်ကြီးမှာ အထိရောက်ဆုံး လက်နက်က ဥပဒေပဲ သိုင်းပညာလည်း မဟုတ်သလို မှော်ပညာလည်း မဟုတ်ဘူး။ ကျွန်မ သူ့ကို သည်းခံနေတယ် ဆိုတာက ကျုံးကျိုးနယ်မှာ မလို့ပဲ ဟောင်ကောင်မှာသာ ဆိုလို့ကတော့ အဲ့ကောင်ကို အသက်ရှင်ရတာ နောင်တရသွားအောင် လုပ်ပေးလိုက်မယ်”

စကားဆုံးသည်နှင့် ကျန့်အန်းချီသည် လူကြီးမင်းရှစ်၏ တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ လှည့်ထွက်သွားသည်။ လူကြီးမင်းရှစ်လည်း ဘာပြောရမှန်း မသိတော့ဘဲ သက်ပြင်းရှည်ကြီးသာ ချမိ‌တော့သည်။

“မမလေးကျန့်က ငယ်ရွယ်ပြီး အတွေ့အကြုံ မရှိဘူး ကျင့်ကြံသူ တစ်ယောက်ကို ရန်မစသင့်ဘူး ဆိုတာ သူနားမလည်ဘူး”

ချန်းဖန်၏ ကျင့်ကြံဆင့်က အလွန်မြင့်သည်။ တာအိုအခေါ်အဝေါ်တွင် ပြည့်စုံအဆင့်ဟု ခေါ်ပြီး ဗုဒ္ဓကျင့်ကြံသူများ၏ အခေါ်အဝေါ်တွင်တော့ ဂုရုကြီးဟု ခေါ်နိုင်သည်။

ပြည့်စုံအဆင့်မှ ဆရာတဆူသည် လေကိုပင် ဓားအဖြစ် ပြောင်းလဲပစ်နိုင်ပြီး ပြင်ပ လက်နက်များ၏ တိုက်ခိုက်မှုများကိုလည်း ခံနိုင်ရည် ရှိကြသည်။

လူကြီးမင်းရှစ်လည်း ခေါင်းယမ်းရင်း တီးတိုး ရေရွတ်လိုက်မိသည်။

“ဟောင်ကောင်ကို ပြန်ရောက်ရင် သခင်ကြီးကျန့်နဲ့ ဆွေးနွေးမှဖြစ်မယ် အရင်ဆုံး ယွမ်သန်း တစ်ရာလောက်တော့ ငွေချေထားဖို့လိုတယ် တကယ်လို့ မမလေးကျန့်ရဲ့ သဘောအတိုင်းသာ လွှတ်ထားလိုက်ရင် အချိန်တိုအတွင်း ကျန့်မိသားစု တစ်ခုလုံး ကပ်ဆိုက်သွားလိမ့်မယ်”

ချိုင့်ဝှမ်းထဲတွင်လည်း ဆရာဝူသည် ချန်းဖန်အနားသို့ တိုးလာပြီး စိုးရိမ်စွာ ပြောသည်။

“ဆရာချန်း ဘာလို့ အဲ့မိန်းကလေးကို ဆေးပုလင်း ပေးလိုက်ရတာလဲ ပိုက်ဆံ လာမပေးတော့ရင် ဘယ်လိုလုပ်မှာလဲ ဒါမှမဟုတ် သူတို့ မတတ်နိုင်ရင်ရော ဘယ်လိုလုပ်မလဲ”

“သူတို့ တတ်နိုင်တာ မတတ်နိုင်တာက ကျွန်တော့်ကိစ္စ မဟုတ်တော့ဘူးလေ ပေးမယ်လို့ ကတိပေးပြီးမှတော့ ကျိန်းသေ ပေးရမှာပေါ့”

ချန်းဖန်၏ မျက်လုံးများထဲ၌ သတ်ဖြတ်လိုသော အရိပ်အငွေ့တချို့ ဖြတ်ပြေးသွားသည်။

ဆရာဝူလည်း ကြက်သီးထသွားပြီး ရှင်းကျုံးအကြောင်း တွေးလိုက်မိသည်။ ရှင်းကျုံးသည်လည်း ဆရာချန်းနှင့် အလားတူ သဘောတူညီမှုတစ်ခု ပြုလုပ်ခဲ့ပြီး ‌‌ယွမ်လေးဆယ့် ငါးသန်းအား အချိန်မီ မပေးခဲ့ပါက သိုင်းပညာ တံခွန်စိုက်ပွဲသို့ပင် လာခွင့် ရလိုက်မည် မဟုတ်ပေ။

ဆရာချန်း၏ မျက်လုံးထဲတွင် လူ့အသက်များက ပုရွတ်ဆိတ်လောက်သာ ရှိဟန်ရသည်။ အပြစ်ရှိစိတ် ခံစားရခြင်း အလျှင်းမရှိဘဲ တစ်စုံတစ်ယောက်အား အဆုံးသတ်ပေးနိုင်သည်။

ချန်းဖန်သည် ကျောက်ပြားပေါ်၌ ထိုင်နေဆဲ ဖြစ်ပြီး အလေးအနက် တွေးနေခြင်း ဖြစ်သည်။

“ကမ္ဘာပေါ်က လူတွေက စည်းမျဉ်း စည်းကမ်းတွေကိုပဲ အရေးစိုက်ကြတယ် စည်းမျဉ်းတွေဆိုတာက ချိုးဖောက်ဖို့အတွက် ဖြစ်လာတယ် ဆိုတာကိုတော့ မေ့နေကြတယ် စကြဝဠာ တစ်ခုလုံးမှာ ခွန်အားနဲ့ စွမ်းအားကသာ အခြေခံအကျဆုံး စည်းမျဉ်းပဲ အပြောကျယ်လှတဲ့ စကြဝဠာ တစ်ခုလုံးမှာတောင် ငါ့ဆီက ပစ္စည်းတစ်ခု ယူသွားပြီး ပိုက်ဆံ မပေးဘဲ ထွက်ပြေးသွားတဲ့သူ  တစ်ယောက်မှ မရှိဖူး‌သေးဘူး”

***

All Chapters