← Chapters

ချိုင့်ဝှမ်းအတွင်း ကျင့်ကြံခြင်း

Vol. 1 Ch. 74

ချိုင့်ဝှမ်းအတွင်း ကျင့်ကြံခြင်း

Vol. 1 Ch. 74

ကျန့်အန်းချီနှင့် တွေ့ဆုံပြီးနောက် ချန်းဖန်သည် ကျင့်ကြံခြင်း အပေါ်တွင်သာ အာရုံစူးစိုက်လိုက်သည်။

ချီသန့်စင်ခြင်း အခြေခံအဆင့်၏ အလယ်ဆင့်သို့ သူရောက်ရှိနေသည်မှာ တစ်လခန့် ရှိပြီဖြစ်သည်။ အချိန်တွေ ကုန်ဆုံးလာသည်နှင့်အမျှ ချီသန့်စင်ခြင်း အခြေခံအဆင့်၏ နောက်ဆုံးဆင့်သို့ တစ်လက်မချင်း နီးကပ်လာသလို ခံစားရသည်။

ချိုင့်ဝှမ်းအတွင်း ရှိနေသော ချီများမှာ ယွင်ဝူတောင်ရှိ ချီများထက်ပင် သိပ်သည်း နေသေးသည်။ ‌ရေကန်တစ်ဝိုက်ရှိ ယင်ချီများက သန့်စင်သော ဝိညာဉ်ချီများ မဟုတ်ကြသော်လည်း အာကာသ သန့်စင်မွမ်းမံခြင်း ကျင့်စဉ်ကို ကျင့်သော ချန်းဖန်အနေနှင့် ထိုအချက်အား လျစ်လျူရှုထားနိုင်သည်။

ချန်းဖန်သည် ယင်ကျောက်တုံးများကိုသာ အသုံးပြုထား‌သော ဝိညာဉ်စုဆောင်းခြင်း အစီအရင်တစ်ခု ပြုလုပ်လိုက်သည်။

ကျင့်ကြံခြင်း မလုပ်သည့် အချိန်များတွင်လည်း သူ့အနေနှင့် ဝိညာဉ်ဖွဲ့စည်းခြင်း ဆေးလုံးကဲ့သို့သော ဆေးဝါးများ ဖော်စပ်နိုင်သည်။

“ဒီနေ့ပြီးရင် နတ်ဘုရား စိတ်အာရုံကို ရဖို့တော့ မျှော်လင့်ရတာပဲ “

ချန်းဖန်က ကျောက်ပြားပေါ်တွင် ကြာပန်းသဏ္ဌာန်ထိုင်နေရင်း အချိန်ပေး ဖော်စပ်ထားရသော ဝိညာဉ်ဖွဲ့စည်း ဆေးလုံးအား မျိုချလိုက်သည်။

ဆေးလုံးက လျှာပေါ်တွင် တစ်ခဏချင်း ပျော်ဝင်သွားသော်လည်း ချန်းဖန်၏ ခန္ဓာကိုယ်တွင် မည်သည့် ပြောင်းလဲမှုကိုမှ မခံစားရပါ။ ထိုဆေးလုံးက ဝိညာဉ်အပေါ်တွင်သာ သက်ရောက်ပြီး ခန္ဓာကိုယ်၏ ရုပ်ပိုင်းဆိုင်ရာ၌ သကရောက်မှု မရှိခြင်းကြောင့် ဖြစ်သည်။

ခဏမျှ ကြာပြီးနောက် ချန်းဖန်သည် နားထင် တစ်ဝိုက်၌ တဒုတ်ဒုတ် မြည်သံနှင့်အတူ အမြင်အာရုံများ ဝေဝါးသွားသည်ကို ခံစားလိုက်ရသည်။ ဝိညာဉ်စွမ်းအင်များ ရုတ်တရက် တိုးပွားလာခြင်းကြောင့် အမြင်ဆိုင်ရာ အာရုံ‌‌ကြောများ အနည်းငယ် ကမောက်ကမ ဖြစ်သွားခြင်း ဖြစ်သည်။

အနည်းငယ်မျှ ကြောက်ရွံ့စိုးရိမ်ခြင်း မရှိဘဲ ချန်းဖန်သည် ဝိညာဉ်သန့်စင်ခြင်းဟု အမည်ရ‌သော ဝိညာဉ်ကျင့်စဉ် တစ်ခုအား စတင် လှည့်ပတ်လိုက်သည်။ ထိုကျင့်စဉ်သည် နတ်ဘုရားစိတ်အာရုံအား ရရှိရန် ဖြစ်နိုင်ချေ အရှိဆုံး ကျင့်စဉ်ဖြစ်သည်။

ကျော်ကြားသော ကျင့်ကြံခြင်းဂိုဏ်းများ၏ ပါရမီရှင် လူငယ်များသည် ချီပြည့်စုံအဆင့်သို့ မရောက်ခင်ကပင် နတ်ဘုရား စိတ်အာရုံကို ရရှိနိုင်ရန် ကြိုးစားကြသည်။ နတ်ဘုရား စိတ်အာရုံသည် ဝိညာဉ်စွမ်းအင်၏ အသွင်သဏ္ဌာန် တစ်မျိုးသာ ဖြစ်သော်လည်း စွမ်းအား ကြီးမားပုံကတော့ ကွာနေသေးတာပင်။

နတ်ဘုရားစိတ်အာရုံနှင့် သာမန် ဝိညာဉ်စွမ်းအင်ကို နှိုင်းယှဉ်ရလျှင် အပူပေးထားသော သာမန်သံနှင့် အထူးပြင်ဆင်ထားသော သံမဏိကို နှိုင်းယှဉ်သည့်နှယ် ဖြစ်နေပေလိမ့်မည်။ အထူးပြင်ဆင်ထားသော သံမဏိသည် သာမန်သံများထက် ပို၍ မာရုံသာမက ကွေးလွယ် ဆန့်လွယ်သည့် အားသာချက် တစ်ခုပါ ရှိသည်။

ထပ်ပြောရလျှင် ချန်းဖန်သည် ဝိညာဉ်သန့်စင်ခြင်း ကျင့်စဉ်၏ မူကွဲတစ်ခုအား လေ့ကျင့်ခြင်း ဖြစ်ပြီး မူရင်းကျင့်စဉ်ထက် ပိုမို အကျိုးသက်ရောက်မှု ရှိသည်။ သူက အတိတ်ဘဝတွင် ရှေးဟောင်း အပျက်အစီး နယ်မြေတစ်ခုသို့ သွားခဲ့စဉ်က နတ်ဘုရားတပါး၏ အကြွင်းအကျန် ပစ္စည်းများထဲမှ ထိုကျင့်စဉ်အား ရရှိခဲ့ခြင်း ရှိသည်။

ထိုရှေးဟောင်း ဝိညာဉ်ကျင့်စဉ်အား လှည့်ပတ်လိုက်သည်နှင့် ဝိညာဉ်စွမ်းအင် လှိုင်းလုံးကြီးများက ဆည်းဆာချိန်တွင် မြင့်တက်လာသော ပင်လယ်ရေလှိုင်းများကဲ့သို့ ချန်းဖန်၏ စိတ်အတွင်း၌ ပြင်းထန်စွာ ရိုတ်ခတ်လာသည်။

ဝိညာဉ်ဖွဲ့စည်း ဆေးလုံးသည် ဝိညာဉ်စွမ်းအင် အရှိန်အဟုန်အား တိုးမြှင့်ပေးနိုင်ပြီး အကောင်အထည် မဲ့သော စွမ်းအား ဖြစ်သော်လည်း လေဟာနယ် ဟင်းလင်းပြင်ကိုပင် တွန့်လိမ် ကွေးကောက် သွားစေသည်။

ရုတ်တရက် ချန်းဖန်က မြေပြင်ကို တစ်ချက် ဆောင့်နင်းကာ အော်လိုက်သည်။

“စတင်”

ထိုအသံသည် ချန်းဖန်၏ ပါးစပ်မှ ထွက်ပေါ်လာခြင်း မဟုတ်ဘဲ သူ၏ အသိစိတ်အတွင်း တစ်နေရာတွင် ရှိနေသော ဖြစ်တည်မှုတစ်ခုမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

သူ၏ အမိန့်သံအောက်တွင် ကျန်ရှိနေသော ဝိညာဉ်စွမ်းအင်များက ပေါက်ကွဲမထွက်ခင် တစ်ခုနှင့် တစ်ခု အလျင်အမြန် ပေါင်းစပ်သွားပြီး စွမ်းအင်လှိုင်းတွန့် တစ်ခုက အလင်းအလျင်နှင့် လေဟာနယ်အတွင်း ဖြစ်ပေါ်လာသည်။

အကောင်အထည်မဲ့သော ဝိညာဉ်စွမ်းအင်က ရုပ်လုံး ထွက်ပေါ်လာခြင်း ဖြစ်ပြီး ထိုစွမ်းအင် လှိုင်းတွန့်သည် လမ်းတစ်လျှောက်တွင် ရှိသမျှ အရာအားလုံးအား ဖောက်ထွင်း ဖြတ်ကျော်သွားသည်။

ချန်းဖန်၏ ပတ်ပတ်လည် မီတာအနည်းငယ် အတွင်းရှိ ကျောက်တုံးများ သစ်ပင်များမှာ ဖရိုဖရဲ လဲပြိုနေကြပြီး အပျက်အစီးပုံကြီးလို ဖြစ်သွားသည်။

“ငါလုပ်နိုင်ခဲ့ပြီ”

ချန်းဖန်၏ မျက်လုံးများက  ဖြည်းညင်းစွာ ပွင့်လာသည်။ သူမြင်နေရသော ကမ္ဘာကြီးမှာ အရင်ကနှင့် မတူတော့ဘဲ ပို၍ အသေးစိတ် ကျလာပြီး အရာရာအား ထိုးထွင်းသိမြင်နိုင်စွမ်း ရှိလာသလို ခံစားရသည်။

သူထိုင်နေသော နေရာမှနေ၍ ခပ်လှမ်းလှမ်း သစ်ပင်ရှိ သစ်ရွက်များပေါ်မှ ပုရွက်ဆိတ် သေးသေးလေး များအား ရှင်းရှင်းလင်းလင်း မြင်ရသည်။ ချိုင့်ဝှမ်း အပြင်ဘက်တွင် သွားလာနေကြသော လူများ၏ နှလုံးခုန်သံများကိုပင် ပီပီသသ ကြားနေရသည်။ သူက မလှမ်းမကမ်းတွင် ထိုင်ကာ လေ့ကျင့်နေသော အားရှို့အား လှမ်းကြည့်လိုက်သည်တွင် သူမ၏ ခန္ဓာကိုယ် အတွင်းပိုင်းရှိ စွမ်းအင် လှည့်လည်မှု ပုံစံကိုပင် ဖောက်ထွင်းမြင်နေရသည်။

နတ်ဘုရား စိတ်အာရုံကြောင့် ချန်းဖန်တွင် ပုံမှန် အာရုံခံအင်္ဂါ ငါးခုအစား ခြောက်ခု ရှိလာပြီ ဖြစ်သည်။

ထိုစွမ်းအင်သစ်ဖြင့် ချန်းဖန်သည် လူသားများနှင့် သတ္တဝါများ၏ ခန္ဓာကိုယ် အတွင်းပိုင်းအား မြင်နိုင်သည်သာမက အဆောက်အဦ နံရံများကိုပါ ဖောက်ထွင်း မြင်နိုင်သွားပြီ ဖြစ်သည်။

သာမန် မျက်စိဖြင့် ကြည့်လျှင် ယင်နဂါးရေကန်အား အေးစက်၍ ကြက်သီးထဖွယ် ရေအေးများ ပြည့်နှက်နေသော ရေကန်တကန်အဖြစ် မြင်ရမည် ဖြစ်သော်လည်း နတ်ဘုရားစိတ်အာရုံနှင့် ကြည့်ပါက အနက်ရောင် စွမ်းအားများ သိပ်သည်းနေသော တွင်းပေါက်ကြီး တစ်ပေါက်ကို မြင်ရမည် ဖြစ်သည်။ ထိုတွင်းပေါက်ကြီးကား မြေအောက်ကမ္ဘာနှင့် အပေါ်ဘက်ရှိ လူသားလောကအား ဆက်သွယ်ပေးထားသည့် အလား ထင်မှတ်စေနိုင်သည်။

“ရှေးဟောင်း ဝိညာဉ်သန့်စက်ခြင်း ကျင့်စဉ်က အထင်ကြီးစရာပဲ မူရင်းကျင့်စဉ်ထက် ပိုကောင်းတယ်”

ချန်းဖန်က ရေရွတ်လိုက်မိသည်။

ချန်းဖန် လက်ရှိ ပိုင်ဆိုင်ထားသော နတ်ဘုရား စိတ်အာရုံ၏ သက်ရောက်နိုင်စွမ်းက မီတာတစ်ရာကျော်သည်။ ထိုပမာဏက ချိုင့်ဝှမ်းတစ်ခုလုံးအားဖုံးလွှမ်းနိုင်ဖို့ လုံလောက်သည်။ ယုန်တစ်ကောင်၏ အော်သံပင်လျှင် ချန်းဖန်၏ သတိ‌ထားမှုအောက်မှ မလွတ်မြောက်နိုင်ပါ။

ချီသန့်စင်ခြင်း အခြေခံအဆင့်တွင် ရှိနေသော သာမန် ကျင့်ကြံသူ တစ်ယောက်အတွက် နတ်ဘုရား စိတ်အာရုံသည် မီတာဒါဇင် အနည်းငယ်ခန့်သာ သက်ရောက်မှု ရှိနိုင်ပြီး အကယ်၍ ထိုကျင့်ကြံသူက အလွန် ပါရမီ မြင့်လျှင် နတ်ဘုရား စိတ်အာရုံ၏ သက်ရောက်နိုင်စွမ်းက နှစ်ဆခန့် တိုးသွားတတ်သည်။ သို့သော် ချန်းဖန်ကဲ့သို့ ချီသန့်စင်ခြင်း အခြေခံအဆင့်တွင်ပင် မီတာရာကျော်အထိ နတ်ဘုရား စိတ်အာရုံ ဖြန့်ကြက်နိုင်သူက မရှိသလောက် ရှားပေသည်။

“နတ်ဘုရား စိတ်အာရုံက ငါ့အတွက် အောင်မြင်မှုတစ်ခုပဲ အခုတော့ မှော်ရတနာ ပြင်ဆင်တဲ့ နေရာမှာပဲ အာရုံစိုက်တာ ကောင်းမယ်”

ယင်မြွေကြီး၏ ကျောရိုးအား ထုတ်ယူပြီးကတည်းက မည်သည့် မှော်ရတနာမျိုး ပြုလုပ်သင့်သည်ကို ချန်းဖန်က စဉ်းစားခဲ့ပြီး ဖြစ်သည်။

နတ်ဘုရား စိတ်အာရုံ၏ အကူအညီနှင့် ချန်းဖန်သည် ထိုကျောရိုးပေါ်၌ တိုက်စစ်အတွက် အသုံးဝင်သော မှော်အစီအရင်များ ရေးဆွဲနိုင်နေပြီ ဖြစ်သည်။ တိုက်စစ် မှော်အစီအရင်များ ရေးဆွဲရာတွင် အဓိကအချက်မှာ တိုက်ခိုက်ရေး အစီအရင်များ တတ်နိုင်သလောက် များများ ထပ်ပေါင်းထည့်ပြီး ရေးဆွဲရန် လိုအပ်ခြင်း ဖြစ်သည်။

ခုနစ်ရက်ကြာပြီးနောက် ချန်းဖန်သည် မှော်ရတနာ ပြုလုပ်ခြင်းအား အဆုံးသတ်နိုင်ခဲ့သည်။ ရွှေရောင် သင်္ကေတ အများအပြားက မီတာနှစ်ဆယ်ကျော် ရှည်သော မြွေလိမ်မြွေကောက် ကျောရိုးပေါ်၌ အရောင်လက်နေသည်။

အစီစဉ်တကျ ပြင်ဆင်ပြီးနောက် ချန်းဖန်က စတင် အသက်သွင်းလိုက်သည်။

“အသက်ဝင်”

ချန်းဖန်က စွမ်းအင်လှိုင်း တစ်ခုအား ကျောရိုးဆီသို့ ပစ်လွှတ်လိုက်သည်တွင် ရွှေရောင် သင်္ကေတများက ရုတ်ခြည်း လင်းလက်လာပြီး မီတာ နှစ်ဆယ်ကျော်ရှည်သော ကျောရိုးက ခါးစည်းကြိုး အရွယ်အစား အထိ တဖြည်းဖြည်း ကျုံ့ဝင်သွားသည်။

ခါးစည်းကြိုးက ကျောက်စိမ်းရောင် တောက်ပနေပြီး သေးငယ်သော သင်္ကေတများက မျက်နှာပြင်အပြည့် နေရာယူထားသည်။ ထိုကျောရိုး မှော်ရတနာကား ကမ္ဘာဦးခေတ်မှ နတ်ဘုရားတစ်ပါး၏ အသုံးအဆောင်နှင့်ပင် တူနေသေးသည်။ သို့သော်လည်း ထိုဟာက အလွန် ရှည်လျားလှရာ အရွယ်အစား မကျုံ့ဘဲ သွားလေရာ ယူသွားဖို့က မဖြစ်နိုင်ပေ။

“ဘယ်လောက် အစွမ်းထက်လည်း ကြည့်ရအောင်”

ချန်းဖန်သည် ခါးစည်းအား လေထဲတွင် ဝှေ့ယမ်းရင်း ကြီးမားလှသော ကျောက်တုံးကြီး တစ်တုံးထံသို့ ဦးတည် ပစ်ခတ်လိုက်သည်။ လေထဲတွင်ပင် ခါးစည်းသည် မီတာနှစ်ဆယ်ကျော် ရှည်လျားသော ကျောရိုးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကျောက်တုံးကြီးအား တည့်မတ်စွာ ထိမှန်သွားသည်။

“ဘုန်း”

ကျောက်တုံးကြီးသည် ဒိုင်းနမိုက်နှင့် ဖောက်ခွဲခံလိုက်ရသကဲ့သို့ ကျယ်လောင်စွာ မြည်ဟည်းလျက် တိုဟူးတုံးလေးအလား အပိုင်းပိုင်းအစစ အက်ကွဲလာသည်။ ထို့‌နောက် ပေါက်ကွဲထွက်သွားပြီး ကျောက်ခဲမိုး ရွာနေသည့်အလား ကျောက်စရစ်ခဲ အပိုင်းအစလေးများ အဖြစ် ပြောင်းလဲသွားတော့သည်။

ချန်းဖန်သည် အရိုးကျာပွတ်အား နောက်တစ်ကြိမ် ရေကန်ဘက်သို့ ပစ်လိုက်သည်။ အရိုးက တည်ငြိမ်နေသော ရေကန် မျက်နှာပြင်အား နှစ်ခြမ်းခွဲသွားပြီး မီတာ အနည်းငယ် မြင့်သော လှိုင်းဂယက်များ ဖြစ်ပေါ်လာစေသည်။

“မဆိုးပါဘူး”

ချန်းဖန်က ကျေနပ်သွားပြီး အရိုးကျာပွတ် (ဝါ) အရိုးခါးစည်အား ပြန်လည် သိမ်းဆည်းလိုက်သည်။

အရိုးကျာပွတ်ကြောင့် အပိုင်းပိုင်း ဖြစ်သွားသော ကျောက်ခဲစလေးများ၏ မျက်နှာပြင်၌ နှင်းမှုန်တချို့ ရှိနေသည်ကို ချန်းဖန် သတိပြုမိသည်။ ထိုနှင်းမှုန်များက ယင်မြွေကြီး၏ ကျောရိုးအတွင်းဘက်၌ ရှိသော ယင်ချီများကြောင့် ဖြစ်ပေါ်လာဟန် ရသည်။

“ကောင်းပြီငါ့အနေနဲ့ ဒီမှော်ရတနာကို 'အငြိုးအတေး ယင်ကျာပွတ်'လို့ ခေါ်သင့်တယ်”

ထို့နောက်တွင်တော့ ချန်းဖန်သည် စွမ်းအင် ကျင့်ကြံခြင်း အပေါ်တွင်သာ အာရုံစိုက်လိုက်ပြီး ချီသန့်စင်ခြင်း အခြေခံအဆင့်၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိနိုင်ရန် အားထုတ်လိုက်သည်။

တစ်လကြာပြီးနောက်။

ယင်နဂါးရေကန် တည်ရှိသော ချိုင့်ဝှမ်းအတွင်း၌..။

အားရှို့သည် အခြေခံ လက်ကွက်တချို့အား ချိုင့်ဝှမ်း ဝင်ပေါက်အနီး၌ လေ့ကျင့်လျက် ရှိသည်။

သူမသည် လက်မောင်းနှစ်ဖက်အား ရင်ဘတ်ရှေ့တွင် ယှက်သိုင်းထားသည်။ သူမ၏ လှုပ်ရှားမှုများက ထိုက်ချိလေ့ကျင့်နေသကဲ့သို့ သက်သောင့်သက်သာနှင့် နှေးကွေးသည်။ ရုတ်တရက် သူမသည် လက်ဝါးချက်အား ကျောက်တုံးကြီး တစ်ခုပေါ်သို့ ညင်သာစွာ ဆန့်ထုတ်လိုက်သည်။

သူမ၏ လက်ဝါးအား ဖယ်လိုက်သည်တွင် ကျောက်တုံးပေါ်၌ နက်နဲသော လက်ဝါးရာတစ်ခု ကျန်ခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။

“အစစ်အမှန်သိုင်း သုံးဆယ့်ခြောက်ကွက် ၊ ပထမဆုံးအကွက် ကောင်းကင်ပြိုတူ”

သူမ၏ လက်ဝါးချက်သည် အချို့သော အတွင်းအား ပညာရှင်များထက်ပင် ပိုမို အားကောင်း သော်လည်း အားရှို့က ကျေနပ်အားရမှု သိပ်မရှိပေ။

ဤတလ အတောအတွင်း သူမလည်း အတော်အတန် တိုးတက်လာခဲ့ပြီး သာမန် ရွာသူ မိန်းကလေး တစ်ယောက် အဖြစ်မှ တိုက်ခိုက်ရေးသမား  တစ်ယောက်အဖြစ် ပြောင်းလဲခဲ့သည်။

သူမသည် ဆရာဝူနှင့်အတူ တုန်းတူမြို့တခွင် လှည့်လည်သွားလာပြီး ပြိုင်ဘက်တချို့နှင့် လက်ရည် စမ်းခဲ့သော်လည်း တကြိမ်မှ မရှုံးနိမ့်ဖူးခဲ့ပေ။ နောက်ဆုံးအခေါက်က ဆိုလျှင် အတွင်းအားပညာ စဦးအဆင့်တွင် ရှိသော တိုက်ခိုက်ရေးသမား  တစ်ယောက်ကိုပင် အနိုင်ယူနိုင်ခဲ့သည်။

“အားရှို့ လေ့ကျင့်တာကို ခဏရပ်လိုက်ဦး”

ဆရာဝူက အပြုံးတစ်ခုနှင့် အားရှို့ထံသို့ လျှောက်လာသည်။

ဆရာဝူသည်လည်း အတော်လေး ပြောင်းလဲသွားသည်။ ခက်ထန်သည့် အရိပ်အငွေ့များ မရှိတော့ဘဲ ရဲရင့်၍ ဉာဏ်ရှိသော အဘိုးကြီး  တစ်ယောက်၏ ပုံသဏ္ဌာန်သာ မြင်ရ‌‌တော့သည်။ ထို့ပြင် ဆရာဝူသည် အထွတ်အထိပ်အဆင့် ပညာရှင်များထက်ပင် ခြေလှမ်းအနည်းငယ် သာလွန်သော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။

အားရှို့လည်း လေ့ကျင့်နေသည်ကို ရပ်ကာ ချိုင့်ဝှမ်း အတွင်းဘက်သို့ စိတ်ပူစွာ လှမ်းကြည့်ရင်း ဆိုသည်။

“ဆရာ ‌အဲ့နေရာမှာ ထိုင်ပြီး လေ့ကျင့်နေတာ ဆယ်ရက်တောင် ရှိသွားပြီ သူအဆင်ပြေလောက် မှာပါနော်”

“စိတ်မပူပါနဲ့ ဆရာချန်းက သာမန်လူမှ မဟုတ်ဘဲ သူ့ကိုယ်သူ ထိခိုက်အောင် မလုပ်ပါဘူး”

ဆရာဝူက ယုံကြည်မှုရှိစွာ ပြောသည်။

ရုတ်တရက် တစ်စုံတစ်ယောက်သည် ချိုင့်ဝှမ်းအတွင်းသို့ မုန်တိုင်းအလား ဝုန်းဒိုင်းကြဲလျက် ပြေးဝင်လာကာ အော်ဟစ်လေသည်။

“လူကြီးမင်းချန်းဖန် လူကြီးမင်းချန်းဖန်”

“ဘာဖြစ်လာတာလဲ”

အားရှို့က မေးလိုက်သည်။ ဝင်လာသူကား တခြားမဟုတ်။ ဆရာလေးကျန်း ဆိုသော လူပေါ်ကြော့ သခင်လေး ဖြစ်နေသည်။

ဆရာလေးကျန်းက အလွန် စိတ်ဖိစီးနေသော အသွင်နှင့် ပြန်ပြောလာသည။

“ကျွန်တော် လူကြီးမင်းချန်းနဲ့ တွေ့ရမှ ဖြစ်မယ်”

“ဆရာက အခု လေ့ကျင့်နေတယ် ဧည့်သည် လက်ခံဖို့ မအားဘူး”

အားရှို့က ခပ်ပြတ်ပြတ်ပင် ပြောလိုက်သည်။

“တကယ်လို့ နင်က ငါ့ဆရာကို နှောင့်ယှက်ရဲရင် နောင်တရသွားစေရမယ်”

“ဒီလိုဆို ကျွန်တော် ဘာလုပ်ရမလဲ ကျွန်တော် တကယ် သူနဲ့ တွေ့ဖို့လိုနေတာ ကိစ္စက အရမ်းကို အရေးကြီးတယ်”

ဆရာလေးကျန်းက အဆောတလျင် ‌ပြောသည်။ သူက အလွန် ဗျာများနေဟန်ရပြီး ကြံရာမရ ဖြစ်လို့နေသည်။

အားရှို့လည်း အကြောင်းအရင်း အသေးစိတ်အား မေးတော့မည် ဆဲဆဲတွင် ကျယ်လောင်သော ပေါက်ကွဲသံ တစ်ခုက ချိုင့်ဝှမ်းအတွင်းဘက်မှ ထွက်ပေါ်လာသည်။

အသံက တဖြည်းဖြည်း ပိုမို ကျယ်လောင်လာပြီး ချိုင့်ဝှမ်းတစ်ခုလုံးရှိ ကျောက်တုံးကြီးများပင် လှုပ်ခါသွားကြသည်။

အားရှို့ မျက်နှာပေါ်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး သူမက ပျော်ရွှင်စွာ ပြောလိုက်သည်။

“ဆရာ နိုးလာပြီ”

***

All Chapters