← Chapters

ဖိတ်ကြားခြင်း

Vol. 1 Ch. 75

ဖိတ်ကြားခြင်း

Vol. 1 Ch. 75

“ဒါဆို.. ကျွန်တော့်ကို လူကြီးမင်းချန်းဆီကို ခေါ်သွားပေးပါလား”

ဆရာလေးကျန်းက ပြောသည်။

“မရဘူး ဆရာ အနားယူဖို့ အချိန် လိုသေးတယ် ဘယ်ဧည့်သည်မှ လက်မခံဘူး”

အားရှို့က ခပ်မာမာ ပြောသည်။

ဆရာလေးကျန်းလည်း ကြံရာမရ ဖြစ်သွားပြီး ချိုင့်ဝှမ်းအတွင်းသို့ အတင်းပြေးဝင်ရန် ကြိုးစားလိုက်သည်။

ရုတ်တရက် အသံတသံက သုံးယောက်လုံး၏ စိတ်ထဲ၌ ထွက်ပေါ်လာသည်။

“သူ့ကို ပေးဝင်လိုက်”

“ဟုတ်ကဲ့ပါ ဆရာ”

ဆရာဝူနှင့် အားရှို့တို့က ချိုင့်ဝှမ်း အတွင်းဘက်ပိုင်းသို့ ဦးညွှတ်လိုက်ရင်း ပြောသည်။

ဆရာလေးကျန်းသည် သူ့စိတ်ထဲ၌ ရှင်းလင်းပီသစွာ ကြားလိုက်ရသော အသံကြောင့် အံအားသင့်နေဆဲ ဖြစ်ပြီး တီးတိုး ရေရွတ်လိုက်သည်။

“ဒါက.. ဒါက ဘယ်သူ့အသံလဲ ဘာလို့ ကျွန်တော့် စိတ်ထဲမှာ ကြားနေရတာလဲ”

“စိတ်အေးအေးထားပါ အဲဒါက ဆရာ့ရဲ့ အသံ ဆရာက နတ်ဘုရား စိတ်အာရုံကို သုံးပြီး အသံ လွှဲပြောင်းနိုင်တယ်”

အားရှို့က ဆရာလေးကျန်းအား ရှင်းပြလိုက်သည်။

သူမလည်းပဲ ပထမဆုံးအကြိမ် စိတ်ထဲတွင် အသံကြားရစဉ်က ဆရာလေးကျန်းကဲ့သို့ ကြောက်ရွံ့မိခဲ့တာ ဖြစ်သည်။ သို့သော်လည်း ဆရာက နတ်ဘုရား စိတ်အာရုံနှင့် သူ၏ အသုံးဝင်ပုံများအား ရှင်းပြပေးတော့မှသာ နားလည်သွားခဲ့သည်။

ဆရာဝူ၏ ထပ်ပေါင်း ရှင်းပြချက်အရ ဆရာ့၏ နတ်ဘုရား စိတ်အာရုံသည် ဗုဒ္ဓလမ်းစဉ် ကျင့်ကြံသူများ လေ့ကျင့်သော 'စိတ်ဝိညာဉ် ဆက်သွယ်ခြင်း' ပညာရပ်နှင့် အလားသဏ္ဌာန်တူသည်။

ထိုပညာရပ်များသည် ကျင့်ကြံသူအချင်းချင်း ဆက်သွယ်ရန် အသုံးပြုနိုင်သည်သာမက သာမန် လူသားများ၏ စိတ်အတွင်းသို့လည်း စကားလုံးများ ပို့ဆောင်နိုင်သည်။

ဆရာက နတ်ဘုရား စိတ်အာရုံအား လေ့ကျင့်သည်မှာ မကြာသေးသောကြောင့် သာမန်လူများ၏ စိတ်အတွင်းရှိ အတွေးများအား မဖတ်နိုင်သေးပေ။ သို့သော်လည်း ဤမျှလောက်သော စွမ်းဆောင်မှုကပင် ကြီးမားလှပြီ ဖြစ်သည်။

အားရှို့အတွက်တော့ ဆရာ့အကြောင်း ပိုသိလာရလေ၊ ပိုလေးစားလာရလေ ဖြစ်ပြီး သူမကိုယ်သူမ မည်မျှ နုံချာကြောင်း လက်ခံလာရလေ ဖြစ်သည်။

ဆရာလေးကျန်းလည်း အားရှို့နှင့် ဆရာဝူတို့နောက်မှ လိုက်၍ ချိုင့်ဝှမ်းအတွင်း ဝင်လာခဲ့လိုက်သည်။ ချန်းဖန်သည် နောက်ဆုံးအခေါက် ဤချိုင့်ဝှမ်းသို့ သူလာခဲ့စဉ်က ကျောက်ပြားပေါ်တွင် ထိုင်နေဆဲ ဖြစ်သည်။ သို့သော်လည်း ချန်းဖန်၏ ကိုယ်တွင်းရှိ   တစ်စုံတစ်ရာက ပြောင်းလဲသွားသလို ခံစားရသည်။

ဆရာလေးကျန်းသည် ချန်းဖန်အား သေချာ လေ့လာလိုက်သည်။

ကျောက်ပြားပေါ်ရှိ လူငယ်လေး၏ အသားအရေမှာ ဖျော့တော့သော်လည်း အရောင်အဝါများ ပြိုးပြိုးပြက်ပြက် လက်နေသကဲ့သို့ ရှိသည်။ ကျောက်စိမ်းကဲ့သို့ အပြစ်ဆိုဖွယ် မရှိသော အသားအရေက အရင်တစ်ခေါက် တွေ့စဉ်ကထက်ပင် ပိုမို ချောမွေ့လာဟန် ရပြီး အချို့နေရာများတွင် ထွင်းဖောက် မြင်ရမတတ် ကြည်လင်နေသည်။

ရေခဲအရေပြား၊ ကျောက်စိမ်းအရိုး၊ ငွေရောင်သွေး။ အာကာသ သန့်စင်မွမ်းမံခြင်း ကျင့်စဉ်၏ အဆင့်သစ် တစ်ခုအား ချန်းဖန် အောင်မြင်သွားသည်ကိုတော့ ဆရာလေးကျန်းက သိနိုင်မည် မဟုတ်ပါ။

ဆရာလေးကျန်းသည် သူ၏ မျက်လုံးများထဲရှိ အကြောက်တရားများကို ဖုံးကွယ်ရန် ခေါင်းငုံ့လိုက်မိသည်။ ချန်းဖန် အနီးသို့ တိုးလာလေလေ မမြင်ရသော ဖိအားတစ်ခုအား ခံစားလာရလေလေ ဖြစ်ပြီး နွေလယ်မုန်တိုင်း မစခင် ဖြစ်ပေါ်လာသော တိမ်မည်းများကဲ့သို့ ကြက်သီးထဖွယ် ကောင်းလှသည်။

နောက်ဆုံးတွင် ချန်းဖန်က စကားပြောလာပြီ ဖြစ်သည်။

“ဘာလိုချင်လို့လဲ”

ဆရာလေးကျန်းသည် တုန်ယင်နေသော ခြေထောက်နှစ်ချောင်းအား ထိန်းရင်း တောင့်တင်းနေသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာစေရန် အတင်း လုပ်ယူလိုက်ရသည်။

“ဆရာချန်း .. ကျွန်တော့်အဖေက ဆရာနဲ့ တွေ့ချင်နေလို့ပါ”

“ခင်ဗျားအဖေ”

ချန်းဖန်က မျက်ခုံးပင့်လိုက်သည်။

“သူက သာမန်လူ တစ်ယောက်၊ ငါက ကျင့်ကြံသူ  တစ်ယောက်လေ ငါတို့ကြားမှာ လူချင်းတွေ့ပြီး ပြောရလောက်အောင် အရေးကြီးတဲ့ကိစ္စ မရှိဘူးလို့ ထင်တယ်”

ချန်းဖန်၏ ငြင်းဆိုမှုကို ကြားပြီးနောက် အားရှို့နှင့် ဆရာဝူတို့သည် ဧည့်သည်များ ပြန်ပို့ရန် အသင့် ဖြစ်နေကြပြီ ဖြစ်သည်။ ရုတ်တရက် ဆရာလေးကျန်းက အော်လိုက်သည်။

“ခဏ.. ခဏလေး  ဆရာချန်း ကျွန်တော်က ဆရာ့ကို ဖိတ်ဖို့အတွက်နဲ့ ဒီတောင်ကြားအထိတောင်  တစ်ယောက်တည်း ခက်ခက်ခဲခဲ လာခဲ့ရတာပါ ကျေးဇူးပြုပြီး ကျွန်တော့်ကို အခွင့်အရေးတစ်ခု ပေးပါ”

“ဪ အဲလိုလား ငါက မင်းကို ရဟတ်ယာဉ်နဲ့ လာတယ်လို့ ထင်နေတာ”

ချန်းဖန်က ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်ထားသော်လည်း သူ၏ နတ်ဘုရား စိတ်အာရုံအား ချိုင့်ဝှမ်း အတွင်းအပြင်၌ အလိုအလျောက် ဖြန့်ကြက်ထားတာ  ဖြစ်သည်။ ဆရာလေးကျန်း ပေါ်မလာခင်က သူသည် ဤတောင်ကြား အပေါ်ဘက်၌ ရဟတ်ယာဉ်တစ်စီး ပျံသန်းနေသည်ကို အာရုံခံမိခဲ့သည်။

ဆရာလေးကျန်းလည်း အလိမ်ပေါ်သွားသောကြောင့် ဘာပြောရမှန်း မသိတော့ဘဲ ရှက်အမ်းအမ်းနှင့် မျက်လုံးများက ဂနာမငြိမ်စွာ ဟိုဟိုသည်သည် ကြည့်နေတော့သည်။

“ကောင်းပြီ ငါလိုက်ခဲ့မယ်”

ချန်းဖန်က မတ်တတ်ရပ်ကာ ပြောလိုက်သည်။

သူက ချိုင့်ဝှမ်းအတွင်း ကျင့်ကြံနေခဲ့သည်မှာ အတော်ကြာပြီ ဖြစ်ပြီး ချီသန့်စင်ခြင်း အခြေခံအဆင့်၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ထို့ပြင် အာကာသ သန့်စင်မွမ်းမံခြင်း ကျင့်စဉ်၏ တတိယအဆင့် ဖြစ်သော 'ငွေရောင်သွေး' အဆင့်သို့ မမျှော်လင့်ဘဲ ချိုးဖျက် ရောက်ရှိသွားခဲ့သည်။ ထို့ကြောင့် ချူကျိုးမြို့တွင် ရှိစဉ်ကထက် ဆယ်ဆခန့် ပိုမို အစွမ်းထက်လာခဲ့ပြီး လက်တစ်ချက် ဝှေ့ယမ်းရုံနှင့် ပြင်းထန်သော မှော်စွမ်းအင်များအား ထုတ်ဖော်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

မလှုပ်မယှက် အချိန်အတော်ကြာ နေပြီးသည့်နောက် ချန်းဖန်က ချိုင့်ဝှမ်းအပြင်သို့ ထွက်ကာ ဟိုဟိုသည်သည် သွားရန် ဆုံးဖြတ်လိုက်သည်။

ထပ်ပြောရလျှင် ဒေသခံ သူဌေး တစ်ယောက်၏ ဖိတ်ကြားမှုအား ငြင်းဆန်ခြင်းက စိတ်ကူးကောင်း မဟုတ်ပေ။

ချန်းဖန်က ဆရာလေးကျန်း၏ ဖခင်အား ကြောက်၍ မဟုတ်ဘဲ ‌တုန်းတူမြို့၏ အချမ်းသာဆုံး သူဌေးနှင့် တစ်ကြိမ်ခန့် သွားရောက် တွေ့ဆုံလိုက်ခြင်းဖြင့် မလိုလားအပ်သော ပြဿနာ အသေးအမွှား အားလုံးအား ဖြေရှင်းပြီးသားလည်း ဖြစ်သွားမည်ကို နားလည်သောကြောင့် ဖြစ်သည်။

“တကယ်လို့ ငါသာ ချီသန့်စင်ခြင်း အလယ်အလတ် အဆင့်ကို ရောက်ရင် ဘယ်သူ့ကိုမှ ဂရုစိုက်စရာကို မလိုတော့ဘူး”

ချန်းဖန်က တီးတိုး ရေရွတ်လိုက်သည်။ ထိုအဆင့်သို့သာ ရောက်သွားပါက စစ်တပ်သုံး စက်သေနတ်၊ တင့်ကားနှင့် လက်ပစ်ဗုံးများမှတပါး ကျန်သော လက်နက်များက သူ့အား ခြိမ်းခြောက် နိုင်တော့မည် မဟုတ်ပါ။

“တကယ်လား”

ဆရာလေးကျန်း၏ မျက်လုံးများက အရောင် လက်သွားသည်။

“ဒါဆို ကျွန်တော်တို့ ဘယ်အချိန်လောက် သွားကြမလဲ”

“အခုပဲ သွားကြတာပေါ့”

ချန်းဖန်သည် ကျောက်ပြားကြီးပေါ်တွင် ထိုင်နေရာမှ ထရပ်လိုက်ပြီး သစ်ရွက်လေး တစ်ရွက်အလား မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ ကျောက်ပြားသည် မြေပြင်အထက် မီတာပေါင်းများစွာ အမြင့်တွင် ရှိ‌နေခြင်း ဖြစ်သော်လည်း ချန်းဖန်က လေထဲတွင် လှေကားထစ်များ ရှိနေသကဲ့သို့ အေးဆေး သက်သာစွာ ဆင်းသက်လာခြင်း ဖြစ်သည်။

လွန်ခဲ့သော တစ်လခန့်က မြွေကြီးကို သတ်ခဲ့စဉ် ချန်းဖန်၏ အစွမ်းအား မြင်ခဲ့ရသော်လည်း ဆရာလေးကျန်းသည် ကြောက်ရွံ့ခဲ့ရုံသာ ဖြစ်ပြီး ယနေ့တွင်တော့ လေးစား ကြည်ညိုခြင်းတို့ပါ ထပ်ပေါင်းတိုးလာပြီ ဖြစ်သည်။

အားရှို့သည်လည်း လေးစားမှုတို့ ပြည့်နှက်နေသော မျက်လုံးများနှင့် ချန်းဖန်အား ငေးလို့နေသည်။ ကျောက်ပြားပေါ်မှ ဆင်းသက်ရာတွင် ချန်းဖန် အသုံးပြုခဲ့သော ပညာမှာ 'ကောင်းကင်ခြေလှမ်း'ဟု အမည်ရပြီး အစစ်အမှန်သိုင်း သုံးဆယ့်ခြောက်ကွက်၏ ပဉ္စမမြောက် အကွက် ဖြစ်သည်။ ယင်မြွေကြီးအား သတ်ရာတွင် အသုံးပြုခဲ့သော 'တောင်တန်း မြစ်ပြင် ဖြတ်တောက်ခြင်း' ပညာရပ်မှာတော့ အစစ်အမှန်သိုင်း သုံးဆယ့်ခြောက်ကွက်၏ သတ္တမအကွက် ဖြစ်သည်။

အကယ်၍ သူမသာ သတ်မှတ်ထားသော အချိန်အတွင်း အထွတ်အထိပ် ပညာရှင်အဆင့်သို့ ရောက်ရှိခဲ့ပါက အစစ်အမှန်သိုင်း သုံးဆယ့်ခြောက်ကွက်၏ ပထမဆုံး ခုနစ်ကွက်အား သင်ပြပေးမည်ဟု ဆရာက ကတိပေးထားသည်။ ထိုသို့ အတွေးနှင့် အားရှို့ တစ်ယောက် စိတ်အား တက်ကြွသွားပြီး လက်သီးဆုပ်လိုက်မိသည်။

သို့သော်လည်း သူမသည် လက်ရှိတွင် အတွင်းအား စဦးအဆင့်၌သာ ရှိနေသေးရာ ပထမဆုံးအကွက် 'ကောင်းကင်ပြိုတူ' ကိုပင် ပိုင်ပိုင်နိုင်နိုင် အသုံးမပြုနိုင်သေးပေ။ လျှောက်ရမည့် ခရီးလမ်းကား အဝေးကြီး ကျန်နေသေးသည်။

ချန်းဖန်တို့လူစုသည် ချိုင့်ဝှမ်းအတွင်းမှ ထွက်လိုက်သည်နှင့် ကွင်းပြင်တစ်ခုတွင် ရပ်ထားသော ရဟတ်ယာဉ် တစ်စီးအား တွေ့လိုက်ရသည်။ ထိုရဟတ်ယာဉ်သည် ကျန်းမိသားစု ခရီးသွားလုပ်ငန်းမှ ပိုင်ဆိုင်သော ရဟတ်ယာဉ် ဖြစ်သည်။

ရဟတ်ယာဉ်ဖြင့် တောင်ကြားဒေသမှ ထွက်လာပြီးနောက် နာရီ‌ပိုင်းအတွင်း ချီရှန်းမြို့နယ်သို့ ရောက်လာကြသည်။ ဆရာလေးကျန်း၏ သူငယ်ချင်း နယ်ခံတစ်ဦး ပိုင်သော ဟိုတယ်၌ တစ်ညတာ တည်းခိုလိုက်ကြသည်။

နောက်တစ်နေ့ နံနက်တွင် ချန်းဖန်တို့သည် SUVတစီးနှင့် တုန်းတူမြို့သို့ ထွက်ခွာလာခဲ့ကြသည်။

ကားနောက်ခန်းတွင် ထိုင်နေရင်း ချန်းဖန်က မေးလိုက်သည်။

“ခင်ဗျားအဖေက ကျွန်တော့်ကို ဘာလို့တွေ့ချင်တာလဲ အလုပ်များတဲ့ စီးပွားရေး လုပ်ငန်းရှင်  တစ်ယောက်က ကျင့်ကြံသူ တစ်ယောက်နဲ့ အပျင်းပြေ အာလာပသလ္လာပ ပြောချင်တာတော့ ဟုတ်မယ်မထင်ဘူး”

ဆရာလေးကျန်းက ပြုံးသည်။

ဆရာချန်းပြောတာ မှန်ပေသည်။ အမှန်တော့ ယခုတစ်ခေါက် တွေ့ဆုံပွဲအား အကြံပြုသူမှာ သူ၏ဖခင် မဟုတ်ဘဲ သူကိုယ်တိုင်သာ ဖြစ်သည်။ ယင်နဂါးရေကန်တွင် ဖြစ်ပျက်ခဲ့သော ကိစ္စများ ပြီးသည့်နောက် သူက ကျန့်အန်းချီအပေါ် တော်တော်လေး စိတ်ပျက်သွားခဲ့တာ ဖြစ်သည်။ သူမသည် သူမ၏ တကယ့် ရည်ရွယ်ချက်အား ဖုံးကွယ်၍ ဤအရှုပ်ထုပ်အတွင်းသို့ သူတို့အားလုံးအား ဆွဲသွင်းခဲ့ခြင်း ဖြစ်သည်။

သစ္စာဖောက် ခံရသလို ခံစားရသောကြောင့် ဆရာလေးကျန်းသည် ကျန့်အန်းချီအား မျက်စိစုံမှိတ် မယုံတော့ဘဲ ချန်းဖန်တို့ လုစုအား တုန်းတူမြို့မှ မောင်းထုတ်ရန် ကျန့်အန်းချီ ပေးခဲ့သော အမိန့်အား မသိချင်ယောင် ဆောင်နေခဲ့သည်။

ထို့နောက် ဖြစ်ရပ်များအား အပြန်ပြန် အလှန်လှန် သုံးသပ်ပြီးသည့်နောက်တွင် ယခု အခြေအနေမှာ သူ့အတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်ကြောင်း နားလည်လာခဲ့သည်။

ချန်းဖန်၏ ယင်မိစ္ဆာ ဂိုဏ်းသားများအပေါ် ဆက်ဆံပုံကို ကြည့်လျှင် ချန်းဖန်သည် ကျိုးကြောင်း ဆီလျော်မှု မရှိသောသူ မဟုတ်ကြောင်း သိနိုင်သည်။

ဆရာလေးကျန်းသည် နှစ်နှစ်ဆယ်‌ကျော် ရှင်သန်ခဲ့သော်လည်း ချန်းဖန်နှင့် မတွေ့ခင် အချိန်အထိ ရေတွင်းထဲမှ ဖားသူငယ်ကဲ့သို့ ဖြစ်နေခဲ့ကြောင်း မိမိကိုယ်ကို သဘောပေါက်လာခဲ့သည်။

သူ့ဘဝ သက်တမ်းတစ်လျှောက်လုံးတွင် သောက်စားမူးယစ် ပျော်ပါး လာခဲ့သမျှအား ကျင့်ကြံသူ တစ်ယောက်၏ ဘဝနှင့် နှိုင်းယှဉ်ကြည့်ရသော် အမှန်ပင် အရှက်ရမိ၏။

ထို့ကြောင့် ဆရာလေးကျန်းက ချန်းဖန်ထံ၌ တပည့်ခံလိုခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် ထိုအချိန်တွင် သူ့အဖေ ကုမ္ပဏီ၌ ကပ်‌ဘေးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဆရာလေးကျန်းလည်း ဂွင်တွေ့သွားပြီး သူ့ဖခင်အား ချန်းဖန်အကြောင်း ပြောပြကာ အကူအညီတောင်းရန် အကြံပြုခဲ့သည်။

သခင်ကြီးကျန်းက အစပိုင်းတွင် မယုံကြည်သော်လည်း ဆရာလေးကျန်း၏ အပြင်းအထန် တောင်းဆိုမှုကြောင့် ချန်းဖန်နှင့် တွေ့ဆုံရန် သဘောတူခဲ့သည်။

ဆရာလေးကျန်းက အလေးအနက် လေသံနှင့် ပြောလိုက်သည်။

“ဆရာချန်း ကျွန်တော့်အဖေရဲ့ ကုမ္ပဏီမှာ ကိစ္စတချို့ ဖြစ်နေလို့ပါ ကျွန်တော်တို့လည်း နယ်ပယ်အသီးသီးက ကျွမ်းကျင်သူတွေကို အကူအညီ တောင်းခဲ့ပါတယ် တရုတ်ပြည် တောင်ဘက်က ဖုန်းရွှေပညာရှင်တွေ၊ ဘုန်းကြီးတွေ၊ ဓမ္မပညာရှင်တွေ စုံလို့ပါပဲ ဒါပေမဲ့ အကျိုးမထူးခဲ့ဘူး အဲဒါနဲ့ ဆရာချန်းကို တစ်ချက်ဖိတ်ပြီး အကူအညီ တောင်းကြည့်ရင်တော့ အဆင်ပြေလောက်မယ်လို့ ထင်တာကြောင့်ပါ ကျွန်တော့်အဖေနဲ့ တုန်းတူမြို့က မြို့သူ၊ မြို့သားတွေကို ကယ်တင်ပေးပါ ဆရာချန်း”

“ဘာတွေ ဖြစ်နေလို့လဲ တုန်းတူမြို့က မြို့သူ၊ မြို့သားတွေနဲ့ ဘယ်လို ပတ်သတ်နေတာလဲ”

ချန်းဖန်လည်း အံ့ဩသွားပြီး ဆရာလေးကျန်းထံ စူးစမ်းလိုစွာ ကြည့်လိုက်သည်။

****

All Chapters