လူတိုင်း၏ အထင်သေးခံရခြင်း
Vol. 1 Ch. 76
ဆရာလေးကျန်း၏ ရှင်းပြချက်အား နားထောင်ပြီးနောက် ချန်းဖန်သည် တုန်းတူမြို့၌ ဖြစ်ပျက်နေသည်များကို နားလည်သွားခဲ့သည်။
တုန်းတူမြို့သည် ပီအိုနီပန်းများကြောင့် ကျော်ကြားပြီး နှစ်စဉ်နှစ်တိုင်း ပီအိုနီပန်းပွင့်ချိန်အား လာရောက် ရှုစားသော ကမ္ဘာလှည့် ခရီးသွားများနှင့် ပြည့်နှက်နေတတ်သည်။
ယခုလသည် ပုံမှန် ပီအိုနီပန်း ပွင့်ချိန် မဟုတ်သော်လည်း တစ်နှစ်တွင် နှစ်ကြိမ်ပွင့်သော နှင်းပီအိုနီ ရှားပါးမျိုးစိတ် တစ်ခု၏ ပွင့်ချိန်ဖြစ်သည်။ နှင်းပီအိုနီသည် ပန်းခရေစီများ အကြား၌ အလွန် ရေပန်းစားသော မျိုးစိတ်တစ်ခု ဖြစ်သည့်အလျောက် တုန်းတူမြို့တွင် ခရီးသွားဧည့်သည်များစွာ ရောက်ရှိနေပြီ ဖြစ်သည်။
သို့သော်လည်း ကိစ္စအချို့က ပြောင်းလဲသွားခဲ့သည်။
တမြို့လုံးရှိ နှင်းပီအိုနီ ပန်းခင်းများသည် ဖူးပွင့်လာမည့် အရိပ်အယောင် မရှိသည့်အပြင် ညှိုးလျော် ခြောက်သွေ့လျက် သေတော့မည့် အရိပ်အယောင်များ ရနေခြင်းပင်။
ထိုပြဿနာကား တုန်းတူတစ်မြို့လုံး၏ စီးပွားရေးဈေးကွက်အား ထိုးနှက်လိုက်သကဲ့သို့ ရှိသည်။ နှင်းပီအိုနီများသည် တုန်းတူမြို့အတွက် စီးပွားရေး ထောက်တိုင်တစ်ခု ဆိုလည်း မမှားပေ။ ခရီးသွားများအား ဆွဲဆောင်နိုင်သည်သာမက ပန်းဈေးကွက်တွင်လည်း အလွန် ဈေးကောင်းရသည်။ နှစ်စဉ် ပီအိုနီပန်းများ ရောင်းချခြင်းဖြင့် မြို့သူ၊ မြို့သားများသည် အမြတ်ငွေ တစ်ဘီလီယမ်ခန့် ရရှိနေကြတာ ဖြစ်သည်။
တုန်းတူတမြို့လုံးတွင် အချမ်းသာဆုံး ပုဂ္ဂိုလ်အနေနှင့် ဆရာလေးကျန်း၏ ဖခင်ဖြစ်သူ ကျန်းကျားလျန်၏ ကုမ္ပဏီသည်လည်း ပန်းဈေးကွက်နှင့် အလွန် ဆက်နွှယ်နေရာ ထိုဖြစ်ရပ်ကြောင့် အကျိုး ဆုတ်ယုတ်ရသူများ ထဲတွင် ကျန်းကျားလျန်က ထိပ်ဆုံးမှ ပါဝင်သည်။
ကျန်းကျားလျန်သည် ပထမဦးစွာ တုန်းတူမြို့ရှိ ဥယျာဉ်စိုက်ပျိုးခြင်း ပညာရှင်အား ဖိတ်ခေါ်သည်။ ထို့နောက် အခြားမြို့များရှိ အကျော်အမော် စိုက်ပျိုးရေး ပညာရှင်များကိုလည်း ဖိတ်ခေါ်ခဲ့သည်။ ထိုသိပ္ပံပညာရှင်များက မြေအရင်းအမြစ်နှင့် ရေအရင်းအမြစ်များအား အသေအချာ စစ်ဆေးပေးကြသော်လည်း မှားယွင်းနေသော တစ်စုံတစ်ရာကို ရှာမတွေ့ကြပါ။
ပညာရှင်များပင် ထူးဆန်းလွန်းသော ဖြစ်ရပ်ကြောင့် ပြောစရာစကားမရှိ ဖြစ်ကြရသည်။
တနေ့ထက်တနေ့ ပီအိုနီပန်းခင်းများ ပို၍ ညှိုးခြောက်လာသောကြောင့် ဆရာလေးကျန်းက ဆရာချန်းအား ဖိတ်ခေါ်ရန် အကြံပြုခဲ့ခြင်းပင်။
“ဒီပြဿနာက တော်တော်ကြီးတာပဲ”
ဆရာဝူပင် မနေနိုင်တော့ဘဲ မှတ်ချက် ဝင်ပေးမိသည်။
တုန်းတူမြို့သား တစ်ယောက် အနေနှင့် ပီအိုနီပန်းများ၏ ကျန်းမာရေးသည် မြို့သူ၊ မြို့သားများအပေါ် မည်သို့ သက်ရောက်မှုရှိသည်ကို ဆရာဝူက နားလည်သည်။
“ညှိုးခြောက်နေတဲ့ ပီအိုနီတွေ”
ချန်းဖန်လည်း အနည်းငယ် ပြုံးချင်ချင် ဖြစ်သွားရသည်။ သူက ကျင့်စဉ် ကျင့်ကြံသူ တစ်ယောက်သာဖြစ်ပြီး ဥယျာဉ်မှူး တစ်ယောက် မဟုတ်ပေ။
ဉယျာဉ်စိုက်ပျိုးခြင်း အကြောင်း တစ်ခါမှလည်း မလေ့လာဖူးရာ သူ့အနေနှင့် ပြဿနာ၏ အရင်းအမြစ်အား ရှာဖွေနိုင်ရန် မလွယ်ပေ။ အကောင်းဆုံး ဖြေရှင်းနည်း ဟူ၍ ဝိညာဉ်စုဆောင်းခြင်း အစီအရင် အကြီးကြီး တစ်ခုအား ပန်းခင်းအတွင်း ရေးဆွဲပြီး ပန်းပင်များကို ချီစွမ်းအင်ဖြင့် အသက်သွင်းပေးရန်သာ ရှိသည်။ ထိုနည်းလမ်းနှင့် ဆိုလျှင်တော့ နှင်းပီအိုနီများ ချက်ချင်း ပြန်လည် သန်မာလာရန် သေချာသလောက် ရှိ၏။
“သိပ္ပံပညာရှင်တွေ လက်လျှော့သွားကြတဲ့နောက် လူတော်တော်များများက ပန်းခင်းရဲ့ ဖုန်းရွှေအနေအထား မှားယွင်းနေတာ ဖြစ်နိုင်တယ်လို့ ပြောကြတယ် ဆရာချန်းက အရမ်းကို အစွမ်းထက်တဲ့ ကျင့်ကြံသူ တစ်ယောက် ဖြစ်နေမှတော့ ဒီပြဿနာကို ဖြေရှင်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
ဆရာလေးကျန်းက ပြောသည်။
“တကယ်လို့ ဆရာချန်းသာ ဒီပြဿနာကို ဖြေရှင်းပေးနိုင်မယ်ဆိုရင် သက်ဆိုင်ရာ အာဏာပိုင်တွေ ယင်နဂါးရေကန်ရှိတဲ့ ချိုင့်ဝှမ်းကို လက်ညှိုးနဲ့တောင် မထိုးစေရဘူးဆိုတာ အာမခံပါတယ်”
ချန်းဖန်သည် ပြုံးရုံသာ ပြုံးနေပြီး ဘာမှ ပြန်မပြောတော့ပေ။
ယင်နဂါးရေကန်သည် သဘာဝ အရံအတားများ ကြားတွင် တည်ရှိပြီး ရည်ရွယ်ချက် ရှိရှိ လာရောက် ရှာဖွေခြင်း မဟုတ်ပါက တွေ့နိုင်ရန် ခဲယဉ်းသည်။ သို့သော်လည်း အခြား ကျင့်ကြံသူများ ခရီးသွားလာရင်း အမှတ်မထင် ရှာတွေ့ မသွားနိုင်ဘူးဟုတော့ မဆိုလိုပေ။
ရေကန်အတွင်း ရှိနေသော ယင်ကျောက်တုံးများနှင့် ဖန်းရှဲ့ရယ်ပင်များက ကျင့်ကြံသူ အများအပြားအား ဆွဲဆောင်နိုင်ရာ တစ်နေ့မဟုတ် တစ်နေ့တော့ နယ်မြေလုသည့် ပြဿနာက ပေါ်ပေါက်လာ နိုင်သည်။ ထိုအချိန်တွင် သက်ဆိုင်ရာ အာဏာပိုင်၏ သဘောတူ ခွင့်ပြုချက် ရထားခြင်းက အဟန့်အတား တစ်ခု ဖြစ်လာနိုင်သည်။
“အားလုံးက အချိန်ကိုက် ဖြစ်လာမှတော့ ကျွန်တော် ခင်ဗျားကို ကူညီမှာပါ”
ချန်းဖန်၏ အတိအလင်း သဘောတူညီချက်ကို ကြားရမှ ဆရာလေးကျန်းလည်း သက်ပြင်း ချနိုင်တော့သည်။
ကားလေးက တုန်းတူးမြို့အတွင်း ဝင်ရောက်လာသည်နှင့် ပီအိုနီ ပန်းခင်းကြီး ရှိရာသို့ တန်းတန်းမတ်မတ် မောင်းနှင်သွားသည်။
ဒေသခံ အများစုက ပန်းခင်းအတွင်း စုဝေးနေကြပြီး တရုတ်ပြည် အနှံ့အပြားမှ ဖိတ်ခေါ်ထားသော ဉယျာဉ်ပညာရှင်များ၏ ထင်မြင် ယူဆချက်များကို နားထောင်နေကြသည်။
“အဖေ.. သား ဆရာချန်းကို ဖိတ်လာခဲ့ပြီ”
ဆရာလေးကျန်းက သက်လတ်ပိုင်းအရွယ် လူကြီး တစ်ယောက်ထံ လျှောက်သွားရင်း ပြောလိုက်သည်။
“ပါးစပ်ပိတ်ထားစမ်း ဒီကို ဘာလာလုပ်တာလဲ”
သုန်မှုန်နေသော မျက်နှာနှင့် လူကြီးက ဆရာလေးကျန်းအား ပိတ်အော်လိုက်သည်။
ဆရာလေးကျန်းက မျက်နှာချိုသွေးရင်း ရှင်းပြလိုက်သည်။
“ဖုန်းရွှေပညာရှင် တစ်ယောက်ကို အဖေ ဖိတ်ထားတယ်ဆိုတာ သားသိပါတယ် အခုက ဆရာချန်းနဲ့ အဖေ့ကို မိတ်ဆက်ပေးချင်လို့ပါ”
လူကြီး၏မျက်နှာက အနည်းငယ် ပျော့ပျောင်းသွားပြီး အမိန့်ပေးလိုက်သည်။
“သူ့ကို ဒီခေါ်ခဲ့”
ကျန်းကျားလျန်သည် အစကတည်းကပင် သူ့သားအပေါ် သိပ်ယုံကြည်မှု မရှိရသည့်အထဲ ချန်းဖန်အား မြင်လိုက်ရချိန်တွင်တော့ ပိုလို့ပင် စိတ်ပျက်သွားရသည်။ ဆယ့်ခြောက်နှစ်အရွယ် ကောင်ငယ်လေး တစ်ယောက်က ဤကဲ့သို့သော ကျဉ်းထဲကျပ်ထဲ အခြေအနေတွင် မည်သို့မည်ပုံ ကူညီနိုင်ပါမည်နည်း။
စစ်မှန်သော ဖုန်းရွေပညာရှင် တစ်ယောက်က သူ့ဘေးတွင် ရပ်နေသော ဆရာဟွမ်းကဲ့သို့ ခန့်ခန့်ညားညား အရွယ်သာ ဖြစ်သင့်ပေသည်။
ကျန်းကျားလျန်သည် ချန်းဖန်အား ခေါင်းညိတ်ပြရုံ ဝတ်ကျေတန်းကျေ နှုတ်ဆက်လိုက်ပြီး ဆရာဟွမ်းနှင့်သာ စကားပြောနေသည်။
ဆရာဟွမ်းအနီးတွင် တုန်းတူမြို့သားများ ဝိုင်းအုံနေသောကြောင့် သူက ချန်းဖန် ရောက်ရှိလာသည်ကိုပင် သတိ မပြုမိပေ။
ဆရာဟွမ်း ဆိုသူက ရှေးဟောင်း သံလိုက်အိမ်မြှောင် တစ်ခုအား လက်တွင်ကိုင်ရင်း ဟိုဘက်လျှောက်လိုက် သည်ဘက်လျှောက်လိုက်ဖြင့် အစဉ်အဆက် ဖုန်းရွှေပညာရှင်များ၏ အဆိုအမိန့်များကို ရှင်းလင်းပြောကြားနေသည်။ ဖုန်းရွှေ ပညာနှင့် ပတ်သက်၍ နကန်းတစ်လုံးမှ နားမလည်သော လူအုပ်ကြီးကလည်း ဆရာဟွမ်းပြောသမျှအား ခေါင်းတညိတ်ညိတ်နှင့် နားထောင်ရင်း အလွန် လေးစား ယုံကြည်နေကြသည်။
ကျန်းကျားလျန်က ချန်းဖန်အား အရေးမစိုက်သည်ကို မြင်ရသောအခါ ဆရာလေးကျန်းက အားနာသွားပြီး အသံစာစာနှင့် ထအော်ရန် ပြင်လိုက်သည်။
အသက်သုံးဆယ်အရွယ် လူတစ်ယောက်က ဆရာလေးကျန်း၏ လက်မောင်းအား ဆွဲရင်း သတိပေးလိုက်သည်။
“သခင်လေးရဲ့ အဖေက အလုပ်ရှုပ်နေတယ် ကျေးဇူးပြုပြီး သူ့ကို မနှောင့်ယှက်ပါနဲ့ ဟုတ်ပြီလား”
“အစ်ကိုချိုက် ကျွန်တော်က အဖေ့ကို နှောင့်ယှက်မလို့ မဟုတ်ဘူး ကူညီမလို့”
ဆရာလေးကျန်းက အထွန့်တက်လိုက်သည်။
“ကျွန်တော့်မှာတော့ ဆရာချန်းကို ခက်ခက်ခဲခဲနဲ့ ဖိတ်လာရတာ အဖေကတော့ ဂရုတောင် မစိုက်ဘူး အကိုပဲပြော.. အဖေ့လုပ်ပုံက ကောင်းသေးရဲ့လား”
အစ်ကိုချိုက်ဆိုသူက ကျန်းကျားလျန်၏ အတွင်းရေးမှူး ဖြစ်သည်။ ဆရာလေးကျန်းတို့ သားအဖမှာ အခေါ်အပြော အလွန်နည်းပြီး များသောအားဖြင့် အစ်ကိုချိုက်ကသာ ဆရာလေးကျန်း၏ ကိစ္စအဝဝအား တာဝန်ယူ ဆောင်ရွက်ပေးတာ ဖြစ်သည်။
ဆရာလေးကျန်း၏ စကားကြောင့် ချိုက်ကျုံးရှင်းက မျက်မှောင်ကြုတ်လိုက်မိသည်။ သူက ချန်းဖန်အား လှမ်းကြည့်လိုက်သည်တွင် ချောမောသော ထိုလူငယ်လေးမှာ ရုပ်ရည်က လွဲလျှင် ထူးထူးခြားခြား ဖြစ်နေသော အရာ တစ်ခုမှ ရှာမတွေ့ပါချေ။
ချန်းဖန်သည် လူအပေါင်း၏ အေးစက်စက် ဆက်ဆံမှုများအား သတိမပြုမိသည့်အလား ပီအိုနီ ပန်းခင်းဆီသို့ လျှောက်သွားပြီး မျက်မှောင်ကြုတ်လျက် တစ်စုံတစ်ရာကို စဉ်းစားခန်း ဝင်နေသည်။
ပီအိုနီ အရွက်များသည် ဖိုတစ်ခုအတွင်း ထည့်၍ အဖုတ်ခံထားရသည့် အလား ပူပြင်း ခြောက်သွေ့နေကြသည်။
ထိုအရာက မဖြစ်နိုင်ပေ။ ယခုလသည် ဆောင်းတွင်းကြီး ဖြစ်ပြီး မနက်တိုင်းတွင် နှင်းများ ဖြိုင်ဖြိုင် ကျလျက် ရှိသော်လည်း ပန်းပင်များကတော့ ပူပြင်းမှုအား အလွန်အမင်း ခံစားနေရပုံပေါ်သည်။
“နေဦး”
ချန်းဖန်က လမ်းလျှောက်နေရာမှ ရပ်လိုက်သည်။
“ဘာများဖြစ်လို့လဲ”
ဆရာဝူက မေးသည်။
“ဥယျာဉ်ထဲက လေထုက အရမ်းပူပြင်းနေတယ်လို့ ခင်ဗျား မခံစားရဘူးလား”
ချန်းဖန်က မေးလိုက်သည်။
“အမှန်ပဲ”
အားရှို့က ဝင်ဖြေလာသည်။ ဉယျာဉ် အပြင်ဘက်ရှိ လေထုသည် ဆောင်းဦး၏ အငွေ့အသက်တို့ဖြင့် အေးမြနေသော်လည်း ဥယျာဉ်ထဲသို့ ဝင်လိုက်သည်နှင့် လေထုထဲရှိ အပူချိန်မှာ အလွန် တိုးလာသလို ခံစားရသည်။
“ဘယ်လို ဖြစ်နိုင်မှာလဲ မဟုတ်မှလွဲရော ရေပူစမ်းတစ်ခု ဒီဥယျာဉ်မြေရဲ့ အောက်မှာ ရှိနေတာများလား”
ဆရာဝူက မျက်မှောင်ကြုတ်လျက် မေးသည်။
ချန်းဖန်လည်း မျက်လုံး မှိတ်လိုက်ပြီး နတ်ဘုရား စိတ်အာရုံအား မြေအောက်သို့ ဦးတည်လျက် ဖြန့်ကြက်လိုက်သည်။ ချန်းဖန် အာရုံစူးစိုက်နေသည်ကို မြင်တော့ ဆရာလေးကျန်းလည်း နံဘေးတွင် တိတ်ဆိတ်စွာ ရပ်နေလိုက်သည်။ ဤပြဿနာ၏ အရင်းအမြစ်အား ချန်းဖန် ရှာတွေ့နိုင်စေဖို့ ဆရာလေးကျန်းက မျှော်လင့်မိသည်။
“ဟမ့် လူလိမ်တစ်စုပဲ”
အစ်ကိုချိုက်က တီးတိုး ရေရွတ်လိုက်သည်။
သူ၏ သခင်လေးကား ငယ်ရွယ်ပြီး အတွေ့အကြုံ နည်းလွန်းလှရာ အလွယ်တကူ အရူးလုပ်ခံရနိုင်သည်။ ဥယျာဉ်အတွင်းရှိ အပူချိန် မြင့်တက်နေခြင်းက လျှို့ဝှက်ချက် မဟုတ်ရာ ဥယျာဉ်မြေအတွင်း ပထမဆုံး ဝင်လာသူပင်လျှင် သိနိုင်ပေသည်။ သခင်ကြီးကျန်းသည်လည်း သတိထားမိသောကြောင့် ပထဝီ ပညာရှင်များ ဖိတ်ခေါ်ကာ စမ်းသပ်ခဲ့သော်လည်း မည်သည့် ရေပူစမ်းမှ မြေအောက်တွင် ရှိမနေပါ။
ရုတ်တရက် အစ်ကိုချိုက်သည် ဆရာဟွမ်း၏ ကျယ်လောင်လှသော အသံအား ကြားလိုက်ရသည်။
“အကိုကျားလျန် ကျုပ်အထင် ပြဿနာ အရင်းအမြစ်ကို ရှာတွေ့ပြီ ထင်တယ်”
“အဲဒါက ဘာများလဲ”
ကျန်းကျားလျန်လည်း ဆရာဟွမ်းအား မျှော်လင့်တကြီး ကြည့်ရင်း မေးလိုက်သည်။
“ပီအိုနီ ပန်းခင်းက ယန်ချီတွေ သိပ်သည်းတဲ့ နေရာမှာ ရှိနေတာပဲ ကျုပ်တို့ ဖုန်းရွှေပညာမှာတော့ ဒီလို မြေနေရာမျိုးကို 'ယန်ချီပိတ်ဆို့ နယ်မြေ'လို့ ခေါ်တယ်”
ဆရာဟွမ်းက လက်ထဲတွင် ဟန်ပါပါ ကိုင်ထားသော သံလိုက်အိမ်မြှောင်ကို မြှောက်ရင်း ပြောသည်။
“ပုံမှန်နှစ်တွေမှာတော့ ယန်ချီတွေက အပင်တွေကို ဒုက္ခ မပေးပေမဲ့လို့ ဒီနှစ်၊ ဒီလမှာတော့ တိုက်တိုက်ဆိုင်ဆိုင် ယန်ချီ အသိပ်သည်းဆုံး အချိန် ဖြစ်သွားတော့ ပန်းပင်တွေက အပူဓာတ်ကို မခံနိုင်တော့ဘဲ ညှိုးခြောက် ကုန်တော့တာပဲ ဒါက ဘာနဲ့တူလဲ ဆိုတော့ လူ တစ်ယောက်က နွေခေါင်ခေါင်ကြီးမှာ မီးလင်းဖိုနား လှဲအိပ်မိသလိုမျိုးပေါ့ အပူရှိန်ကြောင့် နှာခေါင်းသွေးလျှံတာလိုမျိုး ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ရတော့တာပဲ”
“ဒီလိုကိုး ဒါဖြင့် ကျုပ် အခု ဘာလုပ်သင့်လဲ”
ကျန်းကျားလျန်က ထိတ်လန့် ပူပင်စွာနှင့် မေးလိုက်သည်။
“စိတ်မပူပါနဲ့ ကျုပ်ကိုယ်တိုင် ဖုန်းရွှေ အစီအရင် တစ်ခု လုပ်ပြီးတော့ ဒီအနီးနားက ယင်ချီတွေနဲ့ ဥယျာဉ်ထဲက ယန်ချီတွေကို ထိန်းညှိပေးပါ့မယ် အဲ့လိုဆိုရင် ဒီဥယျာဉ်မြေက ပန်းစိုက်ဖို့အတွက် အသင့်တော်ဆုံး မြေနေရာ ဖြစ်လာလိမ့်မယ်”
“တကယ်ပဲလား”
ကျန်းကျားလျန်၏ မျက်လုံးများက ပျော်ရွှင်မှုကြောင့် အရောင် တောက်သွားသည်။
“ပေါက်ကရတွေ”
ရုတ်တရက် ကျယ်လောင်လှသော အသံ တစ်ခုက ပျော်ရွှင်နေကြသော တုန်းတူ မြို့သူ၊ မြို့သားများ၏ နားထဲသို့ ကန့်လန့်ကြီး တိုးဝင်လာသည်။ လူတိုင်းက ဒေါသတစ်ဝက်၊ အံ့ဩခြင်း တစ်ဝက်ဖြင့် အသံလာရာသို့ လှည့်ကြည့်မိလိုက်ကြသည်တွင် အစ်ကိုချိုက်နှင့် မလှမ်းမကမ်း၌ ရပ်လျက်ရှိသော ခပ်ချောချော လူငယ်လေး တစ်ယောက်အား မြင်လိုက်ကြရသည်။
***