စစ်မှန်သော ဆရာတစ်ဆူ
Vol. 1 Ch. 77
“မင်းက ဘယ်သူလဲ ဘယ်သူ မင်းကို ဝင်ခွင့်ပေးလို့လဲ”
ချန်းဖန်အား မသိသော မြို့သား တစ်ယောက်က ရိုင်းပျစွာ အော်လိုက်သည်။
ဆရာလေးကျန်းကိုယ်တိုင် ချန်းဖန်နှင့် ကျန်းကျားလျန်အား မိတ်ဆက်ပေးစဉ်က မြင်လိုက်ရသော သူများပင် ချန်းဖန်၏ အပြုအမူကြောင့် မကျေမနပ် ဖြစ်နေကြသည်။
ဆရာလေးကျန်း၏ အေးစက်စက် အကြည့်ကြောင့် အစ်ကိုချိုက်က အပြင်တွင် ထုတ်မပြောရဲသော်လည်း စိတ်ထဲတွင်တော့ အော်ဟစ်နေမိသည်။
'သခင်လေးရဲ့ မျက်နှာကြောင့် မင်းကို ဝင်ခွင့်ပေးထားတာ .. ဒါတောင် မင်းက ကိုယ့်ကိုယ်ကိုယ် အရူးလုပ်ချင်သေးတာလား ဒီနေရာမှာ တစ်မြို့လုံးက သူဌေးတွေနဲ့ နယ်ပယ်အသီးသီးက ပညာရှင်တွေ ရောက်နေတာ မမြင်ဘူးလား ဘယ်သူက မင်းလို ဆယ့်ခြောက်နှစ်သားလေးရဲ့ အမြင်ကို ဂရုစိုက်နေလို့လဲ'
ကျန်းကျားလျန်က မျက်မှောင် ကြုတ်လိုက်သည်။
“ဆရာချန်း ခင်ဗျားက ဘာကိုဆိုလိုတာလဲ”
အစ်ကိုချိုက်က ချန်းဖန်အား ရုတ်တည်ကြီးဖြင့် လှမ်းကြည့်ရင်း မဟုတ်မဟပ် စကားတွေ မပြောရန် သတိပေးလိုက်သည်။ သို့သော်လည်း ချန်းဖန်က သူ့အား ရှိသည်ဟုပင် ထင်ပုံမရ။
“ကျွန်တော် ဆိုလိုတာက .. ဆရာဟွမ်းရဲ့ ထင်မြင်ချက်တွေက ပေါက်ကရတွေလို့ပါ”
ချန်းဖန်၏ ရှင်းလင်း ပြတ်သားသော စကားကြောင့် လူတိုင်းက ရှော့ခ်ရသွားကြသည်။
အကယ်၍ ချန်းဖန်က 'ပေါက်ကရတွေ' ဟူသော စကားအား သူ့ဘာသာသူ အခြားအကြောင်းအရာ တစ်ခုအား ရည်ရွယ်ခြင်း ဖြစ်ကြောင်း ပြေရာပြေကြောင်း ရှင်းပြလျှင်ပင် အားလုံးက လက်ခံပေးဦးမှာ ဖြစ်သည်။ သို့သော်လည်း ချန်းဖန်က တူညီသော စကားအား နောက်တစ်ကြိမ် ပြန်ပြောကာ ဆရာဟွမ်းကိုပင် စော်ကားလိုက်သေး၏။ ထိုလူငယ်လေးက ပြဿနာ ရှာနေခြင်းပေလော။
ကျန်းကျားလျန်၏ မျက်နှာကြီးကား တည်တင်းသွားသည်။ သူက လေသံမာမာနှင့် ပြောလိုက်သည်။
“လူကြီးတွေ အရေးကြီးကိစ္စ ဆွေးနွေးနေတဲ့ အချိန် ဘာမှ နားမလည်တဲ့ ကလေးတွေက ဘေးကပဲ ရပ်ကြည့်နေသင့်တယ်”
ချန်းဖန်က တစ်ချက်ပြုံးလိုက်သည်။ ထို့နောက် လက်နှစ်ဖက်အား နောက်တွင် ချိတ်လိုက်ရင်း ခပ်ပြုံးပြုံး ပြောသည်။
“ကျွန်တော်က ကျန်းဟောက်ချန်း ကိုယ်တိုင် ဖိတ်ထားတဲ့ ဖုန်းရွှေပညာရှင်ပဲ ဘာလို့ ကျွန်တော့်ရဲ့ ထင်မြင်ချက်ကို ရှင်းရှင်းလင်းလင်း ပြောခွင့် မရှိရမှာလဲ”
ကျန်းဟောက်ချန်း ဆိုသည်က ဆရာလေးကျန်း၏ နာမည်ရင်းဖြစ်သည်။
လူတိုင်းက ဆရာလေးကျန်းအား အပြစ်တင်လိုစွာ လှမ်းကြည့်လိုက်ကြသည်။ သူကား တုန်းတူမြို့ရှိ အချမ်းသာဆုံး သူ၏ သားဆိုလျှင်ပင် ယခုကဲ့သို့ အများနှင့် သက်ဆိုင်သော ကိစ္စရပ်တစ်ခုတွင် ပြဿနာ မရှာသင့်ပေ။
ဥယျာဉ်အတွင်း ရောက်ရှိနေသူများထဲတွင် ကျန်းကျားလျန်၏ စီးပွားပြိုင်ဖက် နှစ်ယောက်လည်း ပါဝင်လေရာ ကျန်းကျားလျန်က 'အိမ်ပြန်ရောက်ရင် နာဖို့ပြင်ထား' ဟူသော အဓိပ္ပာယ်ဖြင့် ဆရာလေးကျန်းအား ကြည့်လို့နေသည်။
ဆရာလေးကျန်းလည်း ချီတုံချတုံဖြင့် အကူအညီ တောင်းရန် အလို့ငှာ ချန်းဖန်အား လှည့်ကြည့်လာသည်။
ချန်းဖန်ကတော့ ဘေးပတ်ပတ်လည်ရှိ စွပ်စွဲ ဝေဖန်သံများအား လုံးလုံးလျားလျား လျစ်လျူရှုလျက် ယုံကြည်မှုရှိစွာ မတ်တပ်ရပ်နေဆဲ ဖြစ်သည်။
ကျန်းကျားလျန်က ချန်းဖန်အား ဥယျာဉ်အတွင်းမှ နှင်ထုတ်တော့မည့် ဆဲဆဲတွင်ပဲ ဆရာဟွမ်း၏ အသံက ထွက်ပေါ်လာသည်။
“ဒါက အဆင်ပြေပါတယ် လူငယ်လေးက တစ်ခုခု ပြောချင်တယ်ဆိုရင် ပြောပါစေ အသိပညာဆိုတာ အသက်အရွယ်နဲ့ မဆိုင်ဘူးလေ ကျုပ်ဆို ဖုန်းရွှေပညာကို လေ့လာ လိုက်စားလာတာ ဆယ်စုနှစ် လေးခုစာ ရှိပြီ ဆိုပေမဲ့လည်း အခုထိ လေ့လာနေရတုန်းပဲ”
ဆရာဟွမ်း၏ နှိမ့်ချသော စကားများကြောင့် လူတိုင်းက ခေါင်းညိတ်မိလိုက်ကြသည်။ ဆရာဟွမ်းသည် ဖုန်းရွှေပညာတွင် အလွန် ကျော်ကြားသော ဆရာတဆူ ဖြစ်သော်လည်း ဆယ်ကျော်သက်လေး တစ်ယောက်အပေါ်တွင်ပင် လေးစားသမှုနှင့် နှိမ့်ချစွာ ဆက်ဆံသည်။ ပညာရှင် ပီသလှပါပေသည်။
ကျန်းကျားလျန်လည်း ပြုံးရင်း ပြောလိုက်သည်။
“ဆရာဟွမ်းက နှိမ့်ချလွန်းနေပါပြီ ကျုပ်တို့ အားလုံး ဆရာဟွမ်းရဲ့ အတွေ့အကြုံနဲ့ အရည်အချင်းကို သိကြပါတယ် ဒီမောက်မာနေတဲ့ ကောင်လေးက အာရုံစိုက်ခံချင်ရုံ သက်သက်ပဲနေမှာ ကျုပ်တို့အနေနဲ့ သူပြောမှာကို နားထောင်နေဖို့ မလိုပါဘူး”
ထို့နောက် သူက ဆရာလေးကျန်း ဘက်သို့ လှည့်ကာ ပြောလိုက်ပြန်သည်။
“မင်းမိတ်ဆွေကို ခေါ်ပြီး ဒီက ထွက်သွားတော့ လူကဖြင့် အသက်နှစ်ဆယ် ပြည့်နေပြီ ဆယ်ကျော်သက်လေးလို ပြုမူနေတုန်း ကိုယ့်ကိုယ်ကိုယ် ရှက်ရကောင်းမှန်း မသိဘူးလား”
ကျန်းကျားလျန်၏ စကားများကြောင့် ဖခင်အတွက် အကောင်းဆုံး ဖြစ်မည်ဟု ယူဆကာ တတ်စွမ်းသည့်ဘက်က ကြိုးစားပေးခဲ့ပါသော ဆရာလေးကျန်းခမျာ ရင်နာသွားရသည်။
ဆရာဟွမ်းက အပြုံးတစ်ခုနှင့် ဝင်ပြောလိုက်သည်။
“ရပါတယ် သခင်လေးကျန်းက ဟိုလူငယ်လေးကို ယုံကြည်တယ် ဆိုတာလည်း အကြောင်း အရင်းတော့ ရှိမှာပဲလေ ကျုပ်က ကိုယ့်ထင်မြင်ချက်ကို ယုံကြည်မှုရှိတယ် ဆိုပေမဲ့လည်း တခြားသူရဲ့ ထောက်ပြမှုကိုလည်း ကြားချင်သေးတယ်”
“တကယ်ကို နှိမ့်ချတတ်တဲ့ ပညာရှင်ပဲ”
“တကယ့် ဆရာတစ်ဆူဆိုတာ ဒီလိုမှပေါ့ နှိမ့်ချတတ်ပြီး ပညာရှိတယ် ဟိုလူငယ်လေးကတော့.. အများကြီး သင်ယူဖို့ လိုပါသေးတယ်”
ဥယျာဉ်အတွင်းရှိ လူတိုင်းလိုလိုက ဆရာဟွမ်း၏ နှိမ့်ချတတ်မှုကြောင့် ချီးကျူးမဆုံး ဖြစ်နေကြပြီး တစ်ဖက်တွင်တော့ ချန်းဖန်အား နှာခေါင်းရှုံ့ကြသည်။
“ဟမ့် ဒီကောင်က ငါ့ကျောင်းသားတွေလောက်တောင် အဆင့်မမီဘူး”
ပရောဖက်ဆာ တစ်ယောက်က မှတ်ချက်ချလိုက်သည်။
“ပရော်ဖက်ဆာကြီးက သူ့ကို အထင်ကြီးလွန်းနေပြီ ကျုပ်အထင် သူက အထက်တန်းတောင် အောင်သေးမဲ့ပုံ မပေါ်ဘူး”
အခြားသော စိုက်ပျိုးရေး ပညာရှင် တစ်ယောက်က လှောင်ပြောင်လိုဟန်နှင့် ဝင်ပြောလိုက်သည်။
“ဘိုးဘိုး သူက တကယ့် ဖုန်းရွှေ ပညာရှင် တစ်ယောက်ရော မဖြစ်နိုင်ဘူးလား”
ဆံပင် ခပ်မြင့်မြင့် စည်းထားသော ဆွဲဆောင်မှုရှိသည့် မိန်းကလေး တစ်ယောက်က ပထမ စကားပြောလိုက်သော ပရော်ဖက်ဆာကြီးအား မေးလိုက်သည်။
ဆံပင်များ ဖြူနေပြီဖြစ်သော ပရော်ဖက်ဆာကြီး မဖြေနိုင်သေးခင်မှာပဲ အနက်ရောင် ကိုင်းနှင့် မျက်မှန်တလက် တပ်ထားသော သက်လတ်ပိုင်းအရွယ် လူ တစ်ယောက်က နှာခေါင်းရှုံ့ကာ ဝင်ပြောလိုက်သည်။
“လုံးဝ မဖြစ်နိုင်ဘူး ကျုပ်တို့လို တက္ကသိုလ်မှာ ဆယ်နှစ်နီးပါး ရုက္ခဗေဒကို လေ့လာနေတဲ့ သူတွေတောင် ဒီပြဿနာရဲ့ အရင်းအမြစ်ကို အဖြေမရှာနိုင်တဲ့ဟာ ဆယ့်ခြောက်နှစ်အရွယ် ကောင်လေး တစ်ယောက်က ဖြေရှင်းနိုင်မယ်တဲ့လား အရယ်ရဆုံး ဟာသတောင် ဒီလောက် မရယ်ရဘူး”
“အင်း အဓိပ္ပာယ်ရှိတယ် “
မိန်းကလေးက တွေးဆဆနှင့် ပြန်ပြောလိုက်သည်။
ဆံပင်များ ဖြူနေပြီဖြစ်သော ပရော်ဖက်ဆာကြီးကလည်း ခေါင်းညိတ်သည်။
ပရော်ဖက်ဆာကြီး၏ အမည်မှာ မုရှို့ချုံးဖြစ်ပြီး တစ်နိုင်ငံလုံးဆိုင်ရာ သုတေသန ကောင်စီ၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။ သူက တက္ကသိုလ်တွင် ပရော်ဖက်ဆာ တစ်ဦး ဖြစ်သည့်အပြင် ထူးခြားသော ပီအိုနီ မျိုးစိတ်များအား လေ့လာသည့် သိပ္ပံပညာရှင်အဖွဲ့၏ ခေါင်းဆောင်လည်း ဖြစ်သည်။
သူ၏ အနောက်တွင် ရပ်နေသော သက်လတ်ပိုင်းလူကြီးနှင့် မိန်းကလေးမှာ ဟုန်ကျန့်ထောင်နှင့် မုချင်းချင်းတို့ ဖြစ်ကြသည်။
ဟုန်ကျန့်ထောင်သည် ပရော်ဖက်ဆာကြီး၏ လက်ထောက်ဖြစ်သည်။ ဟုန်ကျန့်ထောင်သည် ဘွဲ့မရခင်ကပင် ထူးချွန်သော ကျောင်းသား တစ်ယောက် ဖြစ်ခဲ့သောကြောင့် ပရော်ဖက်ဆာကြီးက သဘောကျကာ ဟုန်ကျန့်ထောင် ဘွဲ့ရပြီးသည့်နောက် ပရော်ဖက်ဆာကြီး၏ သုတေသန အဖွဲ့ထဲသို့ ဝင်ရောက်ခွင့် ရခဲ့သည်။
မုချင်းချင်းသည်ကား ပရော်ဖက်ဆာကြီး၏ မြေးမလေး ဖြစ်ပြီး တက္ကသိုလ်မှ သိပ္ပံစိုက်ပျိုးရေး မေဂျာဖြင့် လောလောလတ်လတ် ဘွဲ့ရထားသူ ဖြစ်သည်။ သူမသည် အဘိုး ဖြစ်သူ သွားလေရာသို့ လိုက်ရင်း ရုက္ခဗေဒ ပညာရပ်အား လေ့လာနေတာ ဖြစ်သည်။
ပရော်ဖက်ဆာမုက သက်ပြင်းချသည်။
“ဘိုးဘေးတွေနဲ့ ယှဉ်ရင် အဘိုးတို့ သိထားတဲ့ အသိပညာတွေက အများကြီး လိုနေပါသေးတယ်”
“ကျုပ်တော့ အဲ့လိုမထင်ဘူး ဆရာဟွမ်းဆိုတဲ့ လူကလည်း လူလိမ်ကြီးပဲ ဖြစ်ရမယ် နောက်ဆုံးမှာတော့ သိပ္ပံပညာကပဲ အနိုင်ရလိမ့်မယ်”
ဟုန်ကျန့်ထောင်က အခိုင်အမာ ပြောသည်။
တုန်းတူမြို့၏ ပြဿနာအပေါ် ဖုန်းရွှေပညာရှင်များက ဖြေရှင်းပေးနေခြင်းအား ဟုန်ကျန့်ထောင်က သဘောမကျပေ။ သိပ္ပံပညာရှင် တစ်ယောက် အနေနှင့် သူက ထိုသို့သော ပညာရပ်များအပေါ် မယုံကြည်ပေ။
သို့သော်လည်း ပရော်ဖက်ဆာမုက သဘောတူဟန် မရဘဲ ခေါင်းယမ်းသည်။
“အဲ့လိုလည်း မဟုတ်သေးဘူး ဆရာဟွမ်းက မင်းထင်သလောက် မရိုးရှင်းဘူး”
ရုတ်တရက် ပရော်ဖက်ဆာမု၏ မျက်လုံးများက အရောင်ပြောင်းသွားပြီး အတိတ်သို့ ပြန်ပြောင်း တွေးမိသွားပုံ ပေါ်သည်။
“၁၉၉၀ နောက်ပိုင်း နှစ်တွေကပေါ့ လင်ရှီနယ်မှာ မိုးခေါင်ရေရှားမှုတစ်ခု ဖြစ်ခဲ့ပြီး မရေမတွက်နိုင်တဲ့ လူတွေက ငတ်မွတ်တဲ့ ဒဏ်ကို ခံစားခဲ့ကြရတယ် အဲ့တုန်းက ငါနဲ့ တခြား သုတေသန ပညာရှင် နှစ်ယောက်က မိုးခေါင်ရေရှား ဖြစ်ရတဲ့ အကြောင်းအရင်းကို ရှာဖွေဖို့ လင်ရှီနယ်ကို ရောက်နေခဲ့ကြတယ် အချိန်အတော်ကြာ စုံစမ်းပေမဲ့လည်း မိုးခေါင် ရေရှား ဖြစ်ရတဲ့ အကြောင်းအရင်းကို ရှာမတွေ့ခဲ့ဘူး နောက်တော့ ဒေသခံတချို့က ဖုန်းရွှေ ပညာရှင်တွေကို ဖိတ်ခေါ်ပြီး အကူအညီ တောင်းခဲ့တယ် ဖုန်းရွှေ ပညာရှင်အဖွဲ့ရဲ့ ခေါင်းဆောင်ကြီးက မြေကြီးပေါ်မှာ အစီအရင်တချို့ ရေးဆွဲပေးလိုက်ရုံနဲ့ မိုးခေါင်ရေရှားမှုကြီးက ရပ်တန့်သွားခဲ့တယ်လေ နောက်ပိုင်းမှာ အဲ့သတင်းက အရမ်းကို ကျော်ကြားသွားပြီး ဗဟိုအစိုးရအဖွဲ့ကတောင် အာရုံစိုက်ရတဲ့ အထိပဲ”
“တကယ်ပဲလား”
ဟုန်ကျန့်ထောင်က အလွန်အံ့ဩသွားသည်။
မုချင်းချင်းသည်လည်း သူမပါးစပ်အား လက်ဝါးလေးဖြင့် အုပ်လျက် မျက်လုံးများက မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်လို့နေသည်။ သူမက ပင့်သက်ရှိုက်ရင်း ရေရွတ်လိုက်သည်။
“အဲဒီ့.. ဖုန်းရွှေပညာရှင်က မဟုတ်မှလွဲရော ဆရာဟွမ်း”
“အမှန်ပဲ ဆရာဟွမ်းက လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က လင်ရှီနယ်မှာ ငါကိုယ်တိုင် ကြုံခဲ့ရတဲ့ ဖုန်းရွှေပညာရှင် အဖွဲ့ရဲ့ ခေါင်းဆောင်ပဲ”
မုချင်းချင်းနှင့် ဟုန်ကျန့်ထောင်တို့ အလွန် အံ့ဩနေကြသည်ကို ကြည့်ရင်း ပရော်ဖက်ဆာမုက စကားဆက်သည်။
“ဒီကမ္ဘာပေါ်မှာ သိပ္ပံပညာနဲ့ ရှင်းမပြနိုင်တဲ့ အရာတွေ အများကြီး ရှိနေပါသေးတယ်”
ကမ္ဘာကြီးပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်မှုများကား ပိုမို ရှာဖွေလေ ပိုမို တွေ့ရှိလေ ဖြစ်သည်။
“ဆရာဟွမ်းက တကယ်စစ်မှန်တဲ့ ဆရာတဆူပဲ တကယ်လို့ သူသာ ဒီပြဿနာကို မဖြေရှင်းပေးနိုင်ရင် တုန်းတူမြို့ကတော့ သွားပြီပဲ”
ပရော်ဖက်ဆာမုက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
ပရော်ဖက်ဆာမု၏ ကိုယ်တွေ့ဖြစ်ရပ်အား နားထောင်ပြီးနောက် မုချင်းချင်းနှင့် ဟုန်ကျန့်ထောင်တို့က ဆရာဟွမ်းအား ခြွင်းချက်မရှိ လေးစားသွားကြပြီ ဖြစ်သည်။
ထိုအချိန်တွင်ပဲ ဆရာဟွမ်း၏ အသံအား ကြားလိုက်ကြရသည်။
“မိတ်ဆွေလေး ကျုပ်ရဲ့ ထင်မြင်ချက်မှာ ဘာအမှားပါနေလဲ ဆိုတာ ထောက်ပြပေးနိုင်မလား”
လူတိုင်းက ချန်းဖန်အား ကြည့်လိုက်ကြသည်တွင် လူငယ်လေးက ဖြည်းညင်းစွာ ပြောလာသည်။
“အားလုံး မှားတယ် ခင်ဗျားရဲ့ ထင်မြင်ချက်မှာ မှန်တာ တစ်ခုမှ မရှိဘူး ဒါကြောင့် ကျွန်တော်က ပေါက်ကရတွေလို့ ပြောတာ”
**