ငါက ကောင်းကင်ဘုံ နတ်ဘုရား
Vol. 1 Ch. 78
“ငါ့ရဲ့ ထင်မြင်ချက်က ပေါက်ကရတွေ ဟုတ်လား”
ချန်းဖန်သည် လက်မခံနိုင်ဖွယ် မှတ်ချက်ကိုသာ ထပ်ပြောလာသောကြောင့် ဆရာဟွမ်းပင် စိတ်ပျက်သွားရသည်။
မည်သို့ပင်ဆိုစေ ဆရာဟွမ်းကား လင်းနန်ရှိ ကျော်ကြားသော ဖုန်းရွှေပညာရှင် တစ်ယောက် ဖြစ်သည်။ သူသည် လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်ကပင် ကျော်ကြားခဲ့သူလည်း ဖြစ်သည်။ တရုတ်ပြည်ရှိ အချမ်းသာဆုံး သူဌေးကြီး၏ ညစာစားပွဲကိုပင် တက်ရောက်ခဲ့ဖူးသည်။ ယခုကိစ္စတွင်လည်း တုန်းတူမြို့ အာဏာပိုင်များ၏ ဖိတ်ခေါ်မှုကြောင့်သာ မဟုတ်ပါက သူက လှည့်ပင် ကြည့်မည် မဟုတ်ပေ။
သူသည် မောက်မာသော လူငယ်လေးအား မျက်နှာသာပေးပြီး ဖြစ်သော်လည်း ထိုလူငယ်လေးကတော့ အခြေအမြစ် မရှိသော စွပ်စွဲချက်များကိုသာ ပြောဆိုနေသည်။
“လူငယ်လေး မင်းရဲ့ဆရာက ဘယ်သူလဲ အကြီးတွေကို လေးစားမှု ရှိရမယ်ဆိုတာ မင်းကို သူက သင်မထားဘူးလား”
ဆရာဟွမ်းက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
ချန်းဖန်သည် လက်နှစ်ဖက်အား ကျောနောက်၌ ချိတ်ထားရင်းပင် ပြန်ဖြေသည်။
“ဖြစ်ချင်းဖြစ် ကျွန်တော်ကပဲ ခင်ဗျားထက် အကြီး ဖြစ်လိမ့်မယ်”
“ဟမ့်”
ဆရာဟွမ်းလည်း ဒေါသအား ဆက်ထိန်း မထားနိုင်တော့ပေ။ သူက နှာခေါင်းရှုံ့လျက် အေးစက်စက် ပြောလိုက်သည်။
“ဟုတ်လား တစ်ခုတော့ ပြောလိုက်မယ် ငါ ဟွမ်းဝမ်ကျယ်ရဲ့ ရှေ့မှာ သူတို့ကိုယ်သူတို့ အကြီးလို့ ရည်ညွှန်းရဲတဲ့ လူက အများကြီးမရှိဘူး ရှိခဲ့ရင်လည်း အသက်တစ်ရာ ကျော်နေတဲ့ ဆရာကြီးတွေပဲ ဖြစ်လိမ့်မယ် အဲဒီ ဆရာကြီးတွေထဲက ဘယ်တစ်ယောက်က မင်းရဲ့ ဆရာများလဲ”
“ဟွမ်းဝမ်ကျယ် လင်းနန်က ဟွမ်းဝမ်ကျယ်”
ဆရာဝူ၏ မျက်နှာက ဖြူဖျော့သွားသည်။
“သူက ကျော်ကြားလို့လား”
ချန်းဖန်က သာမန်ကာလျှံကာမျှ မေးလိုက်သည်။
ဘေးပတ်ပတ်လည်ရှိ လူများထံမှ အေးစက်စက် အကြည့်များအား ခံစားမိသောကြောင့် ဆရာဝူက ခပ်သွက်သွက် ရှင်းပြလိုက်သည်။
“ဆရာချန်း 'ဟွမ်းဝမ်ကျယ်'က ဖုန်းရွှေပညာရှင်တွေ ထဲမှာမှ ထိပ်ဆုံးငါးယောက်ထဲက တစ်ယောက်ပဲ သူ့ရဲ့ ကျော်ကြားမှုက ဟောင်ကောင်က 'ကျိုးတောက်ကျီး'နဲ့ တန်းတူလောက် ရှိတယ် အားလုံးကတော့ သူ့ကို ဖုန်းရွှေပညာရပ်ရဲ့ ခေါင်းဆောင် တစ်ယောက်လို့ သတ်မှတ်ထားကြတယ်”
ချန်းဖန်ပင် ဘာမှ ပြန်မပြောနိုင်သေးခင်တွင် ဆရာဟွမ်းက ခေါင်းယမ်းလျက် ပြောလာသည်။
“မင်းက ငါ့နာမည်ကိုတောင် မကြားဖူးဘူး ဆိုတော့ မင်းကို ဖုန်းရွှေပညာရှင် တစ်ယောက်လို့ သတ်မှတ်ဖို့တောင် တွန့်ဆုတ်မိတယ် အစကတော့ မင်းကို ကျော်ကြားတဲ့ ဂိုဏ်းကြီးတစ်ခုက ပါရမီရှင် တပည့်လေး တစ်ယောက်လို့ ထင်ခဲ့တာ အဲဒါကြောင့်လည်း မင်းဆီက ထင်မြင်ချက် တစ်ခုလောက် ကြားချင်ခဲ့တာပေါ့ အခုတော့ ကြည့်ရတာ ငါမင်းကို အထင်ကြီးလွန်း သွားတဲ့ပုံပဲ 'ယန်ချီ ပိတ်ဆို့နယ်မြေ' ဆိုတာ ဘာမှန်းတောင် သိရဲ့လား”
“ခင်ဗျားမှန်တယ် ကျွန်တော်က ဖုန်းရွှေပညာနဲ့ အသက်မွေးတဲ့သူ မဟုတ်ဘူး ယန်ချီပိတ်ဆို့နယ်မြေ ဆိုတာကြီးကိုလည်း ကျွန်တော်တခါမှ မကြားဖူးဘူး”
ချန်းဖန်၏ ပွင့်လင်းသော ဝန်ခံမှုကြောင့် ဆရာဟွမ်းပင်လျှင် အံ့အားသင့်သွားသည်။
“ဟား.. ဟား.. “
ဥယျာဉ်အတွင်းရှိ လူများသည်လည်း ချန်းဖန်၏ စကားကြောင့် လှောင်ပြောင် ရယ်မောကြတော့သည်။
ဖုန်ရွှေပညာအား နားမလည်သူ တစ်ယောက်က တကယ့်ဆရာတဆူ၏ ထင်မြင်ချက်အား ဝေဖန်ရဲသည်။ ထိုကောင်လေးကား သတ္တိ ကောင်းလွန်းလှသည်။
ပရော်ဖက်ဆာ မုရှို့ချုံးသည်လည်း ချန်းဖန်၏ ပရမ်းပတာ စကားများကြောင့် ထိုင်မနေနိုင်တော့ဘဲ မတ်တတ် ရပ်လိုက်မိသည်။ သူက သိပ္ပံပညာရှင် တစ်ယောက်ဖြစ်ပြီး လက်တွေ့ကျသော အရာများကိုသာ ယုံကြည်သည်။ လက်တွေ့တွင် ဘာမှ အဖြစ်မရှိဘဲ သူတစ်ပါးအား စကားဖြင့်သာ ဝေဖန်တတ်သူများကား သူအမုန်းဆုံး လူများဖြစ်သည်။
“ဆရာချန်း ဘာတွေပြောနေတာလဲ”
ဆရာလေးကျန်းပင်လျှင် ချန်းဖန်၏ စကားများကြောင့် ရှောခ့်ရသွားသည်။ ဆရာလေးကျန်း၏ အတွင်းစိတ်ထဲတွင်တော့ မျက်ရည်မိုးများ ရွာနေပြီ ဖြစ်သည်။
'ဆရာချန်းရယ်.. ခင်ဗျားက နတ်ဘုရား တပါးလို အစွမ်းထက်တယ်လေဗျာ ဖုန်းရွှေပညာမှာ မကျွမ်းကျင်ရင်တောင် ကြယ်တာရာနတ္ခတ်ပဲ ဖြစ်ဖြစ် ပထဝီဝင် မြေအနေအထားပဲ ဖြစ်ဖြစ် တစ်ခုခုတော့ သိရမှာပေါ့ ဘယ်လိုဖြစ်ပြီး ချက်ချင်းကြီး ဘာမှ မသိတဲ့ လူ တစ်ယောက်လို ဖြစ်သွားရတာတုံး'
ကျန်းကျားလျန်သည် သူ့သား၏ မျက်နှာကြောင့်သာ ချန်းဖန်အား ဥယျာဉ်ထဲသို့ ဝင်ခွင့် ပေးခဲ့ခြင်း ဖြစ်သည်။ မဟုတ်ပါက ရဲများကို ဖုန်းဆက်ပြီး ထိုအရူးအနှမ်းကောင်အား မောင်းထုတ်လိုက်ပြီ ဖြစ်သည်။
ထိုအချိန်တွင် ချန်းဖန်က စကားပြောလာသည်။
“ကျွန်တော်က ဖုန်းရွှေပညာကို မသိပေမဲ့ ကျွန်တော် သေချာသိတာ တစ်ခုတော့ ရှိတယ် အဲဒါက ခင်ဗျားရဲ့ ထင်မြင်ချက်တွေ မှားနေတယ် ဆိုတာပဲ”
ချန်းဖန်က ဆရာဟွမ်းအား စူးရှစွာ စိုက်ကြည့်လျက် စကားဆက်သည်။
“ခင်ဗျားက အစတည်းက မှားနေတာ ပန်းပင်တွေ ညှိုးခြောက်ရတာက ယန်ချီပိတ်ဆို့နယ်မြေနဲ့ ဘာမှ မဆိုင်ဘူး တကယ်လို့ ခင်ဗျားသာ ဖုန်းရွှေအစီအရင်တစ်ခု ဆွဲလိုက်ရင် ပန်းပင်တွေ ပိုပြီး မြန်မြန် သေသွားလိမ့်မယ်”
“ပါးစပ်ပိတ်ထား”
ဆရာဟွမ်းက ဆက်၍ သည်းမခံနိုင်တော့ပေ။ ဒေါသကြောင့် အဆုတ်ကွဲမတတ် အော်လိုက်ပြီး ရှေ့သို့ တလှမ်းတိုးလာသည်။
“မင်းက အိုက်ချင်းကိုတောင် သင်ဖူးရဲ့လား”
[I–Ching (အိုက်ချင်း) – ယင်ယန် ပြောင်းလဲမှုများအား ဖော်ပြသော ရှေးဟောင်းမှတ်တမ်း။]
“ယင်ယန် စက်ဝိုင်းတွေ အကြောင်းရော နားလည်လား”
“နဂါးဟိန်းသံ အယူအဆနဲ့ လျှို့ဝှက်ဆန်းကြယ်သော နဂါး အယူအဆတွေကိုရော နားလည်လား”
“ 'နန်းတော်ကိုးခု ကြယ်ကြွေခြင်း' ရဲ့ အဓိပ္ပာယ်ကိုရော နားလည်လား”
ဆရာဟွမ်းသည် ခြေတလှမ်း တိုးလာတိုင်း မေးခွန်းတစ်ခု မေးရင်း ဥယျာဉ်မြေ၏ အလယ်သို့ တဖြည်းဖြည်း ရောက်ရှိသွားသည်။
“ဖုန်းရွှေပညာရဲ့ အခြေခံ သဘောတရားတွေကိုတောင် မသိဘဲနဲ့ မင်းက ဘယ်လိုများ ငါ့ကို မေးခွန်းထုတ်ရဲရတာလဲ ငါ ဟွမ်းဝမ်ကျယ်က ခုနစ်နှစ်သားတည်းက တောင်ပိုင်းဂိုဏ်းက ဆရာရွှမ်ခုံး လက်အောက်မှာ နှစ်နှစ်ဆယ်တိတိ ပညာသင်ခဲ့တာ ဂိုဏ်းကနေ ထွက်လာတော့လည်း ဆင်းရဲတဲ့ မိသားစုတွေမှာ ရင်ဆိုင်နေရတဲ့ မြေနေရာ ပြဿနာတွေကို အခကြေးငွေ မယူဘဲ ဖြေရှင်းပေးခဲ့တယ်
၁၉၈၇ခုနစ် ယန်တုံးမြို့ရဲ့ တိုက်ခန်းတစ်ခု အထဲမှာ ခုနစ်လောင်းပြိုင် လူသတ်မှု ဖြစ်ခဲ့တယ် ငါက အဲဒီ လူသတ်မှုရဲ့ တရားခံဖြစ်တဲ့ တိုက်ခန်းမှာ ကပ်ငြိနေတဲ့ မကောင်းဆိုးဝါး ဝိညာဉ်တွေကို ဖယ်ရှားပေးခဲ့တယ်
၁၉၉၁ခုနစ် အမှတ်ဆယ့်ခြောက် လမ်းမကြီးပေါ်မှာ အတန်းလိုက် ကားတိုက်မှုကြီးတစ်ခု ဖြစ်ခဲ့တယ် ငါကိုယ်တိုင် လမ်းမရဲ့ ဖုန်းရွှေ အနေအထားကို စစ်ဆေးခဲ့ပြီး မတည်မငြိမ် ဖြစ်နေတဲ့ ချီတွေကို ထိန်းညှိပေးခဲ့တယ်
၁၉၉၅ခုနစ် မေ့လင်းမြို့ရဲ့ လမ်းမကြီးမှာ မြေပြိုမှုကြီး တစ်ခု ဖြစ်ခဲ့ပြီး လူသုံးဆယ်ကျော် သေခဲ့တယ် ငါက အဲဒီနေရာကို သွားပြီး နောက်ထပ် မြေပြိုတာတွေ မဖြစ်ရအောင် ဖုန်းရွှေ အစီအရင်တစ်ခု ဆွဲပေးခဲ့တယ်
၁၉၉၇ခုနစ် လင်ရှီတစ်နယ်လုံးမှာ မိုးခေါင်ရေရှားပြီး လူသန်းကျော်ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာခဲ့တယ် ငါနဲ့ ငါ့ရဲ့တပည့် ဖုန်းရွှေပညာရှင်တွေက တစ်လကျော်ကျော် ခက်ခက်ခဲခဲ ကြိုးစားပြီးတဲ့ နောက်မှာ ဖုန်းရွှေ အစီအရင်တစ်ခု ရေးဆွဲပြီး အခြားနယ်က ရေချီတွေကို မိုးခေါင်ရေရှားတဲ့ ဒေသတွေဆီ အောင်အောင်မြင်မြင်နဲ့ ပို့ဆောင်ပေးနိုင်ခဲ့တယ်
ဖုန်းရွှေပညာရှင်အဖြစ် ရပ်တည်လာတဲ့ နှစ်လေးဆယ်အတွင်း ဘာအမှားတစ်ခုမှ မလုပ်ခဲ့ဖူးတာ ငါ့ကိုယ်ငါ သေချာတယ် မင်းက ဘယ်သူမို့လို့ ငါ့ရဲ့ အရည်အချင်းကို မေးခွန်းထုတ်ရဲရတာလဲ”
ဆရာဟွမ်း၏ မျက်နှာတွင် ဒေါသနှင့် မခံမရပ်နိုင်မှုတို့ ပြည့်နှက်နေသည်။ ဥယျာဉ်အတွင်းရှိ လူများကတော့ ဆရာဟွမ်း၏ အတိတ်က လုပ်ဆောင်မှုများကြောင့် အလွန်လေးစားမိကြသည်။ ထိုမျှအထိ အစွမ်းထက်သော ဆရာဟွမ်းက လင်းနန် တစ်ဝိုက်တွင် နာမည်တစ်လုံးနှင့် ရပ်တည်နိုင်သည်မှာ မထူးဆန်းတော့ပေ။
“ဆရာဟွမ်းက တကယ့် ဆရာတစ်ဆူပဲ”
မုချင်းချင်းက အခိုင်အမာ ရေရွတ်လိုက်သည်။ သူမ၏ မျက်လုံးများထဲ၌ လေးစား ကြည်ညိုမှုတို့ ပြည့်နှက်လို့နေသည်။
ထို့နောက်တွင် ချန်းဖန်၏ ဘက်၌ ဆရာဝူနှင့် အားရှို့တို့သာ ကျန်ရှိတော့သည်။ ဆရာလေးကျန်းပင် စတင်၍ ချီတုံချတုံ ဖြစ်လာသည်။
“ဆရာချန်းက တိုက်ခိုက်တာမှာပဲ တော်တာများလား”
ဆရာလေးကျန်းက တီးတိုး ရေရွတ်လိုက်မိသည်။
“ခင်ဗျားရဲ့ အတိတ်က အောင်မြင်မှုတွေကို မပြောလိုပါဘူး ဒါပေမဲ့ အခုကိစ္စကတော့ မတူဘူး”
ချန်းဖန်က ဖြည်းညင်းစွာ ပြောသည်။ လက်နှစ်ဖက်အား နောက်တွင်ချိတ်လျက် အဝေးတစ်နေရာသို့ ငေးနေသည့် ချန်းဖန်၏ အသွင်က စကြဝဠာတစ်ခုလုံး၏ လျှို့ဝှက်ချက်များအား ဆင်ခြင်သုံးသပ်နေသည့် ပညာရှိကြီး တစ်ယောက် အလားပင်။
“သောက်ကျိုးနည်း”
ဆရာဟွမ်းသည် ဒေါသကြောင့် သွေးအန်တော့မလိုပင် ခံစားရသည်။ သူက ထိုလူငယ်လေးကဲ့သို့ အရှက်မဲ့၍ မောက်မာသော လူမျိုး တစ်ခါမှ မတွေ့ခဲ့ဖူးပေ။
“ကောင်းပြီ စကားနဲ့ ပြောမဲ့အစား အလုပ်နဲ့ သက်သေပြကြတာပေါ့ “
ဆရာဟွမ်းက အေးစက်စွာ ပြောလိုက်သည်။
“ငါမင်းကို သင်ခန်းစာ ပေးပြီးတဲ့အခါ မင်း ဘာပြောနိုင်ဦးမလဲ စောင့်ကြည့်နေမယ်”
ထို့နောက် ဆရာဟွမ်းသည် ပီအိုနီ ပန်းခက်တစ်ခုအား ချိုးလိုက်ပြီး မန္တန်တစ်ခုအား ရွတ်ဆိုလိုက်သည်။ ပန်းခက်အား လက်တစ်ဖက်တွင် ကိုင်ထားရင်း အခြားတစ်ဖက်က လက်သင်္ကေတများ ကျင်လည်စွာ ပြုလုပ်လိုက်သည်။
ချန်းဖန်က ဆရာဟွမ်း၏ လက်ချောင်းထိပ်များ၌ စုစည်းလာသော စွမ်းအင်များအား အာရုံခံမိသည်။
“လေဟာနယ် အစီအရင် ဒါက တောင်ပိုင်းဂိုဏ်းရဲ့ ကျော်ကြားတဲ့ လျှို့ဝှက် လက်ချောင်းပညာရပ် တစ်ခုပဲ”
ဆရာဝူက အခိုင်အမာ ပြောသည်။
“လက်ချောင်းပညာရပ် ဆိုတာက ဘာကြီးလဲ”
ထူးဆန်းသော နာမည်ကြောင့် ချန်းဖန်က ရယ်ချင်သွားရပြီး မေးလိုက်မိသည်။ ချန်းဖန်အတွက်မူ ဆရာဟွမ်း အသုံးပြုနေသော ပညာမှာ ကလေးကစားစရာ တစ်ခုထက် မပိုပေ။ လက်ရှိ ချန်းဖန်၏ အဆင့်ဖြင့်ဆိုလျှင် လက်တစ်ချက် ဝှေ့ယမ်းရုံနှင့် မမှန်းဆနိုင်သော စွမ်းအင်များအား ထုတ်ဖော်နိုင်သည်။ ဆရာဟွမ်းလိုပင် အလုပ်ရှုပ်ခံနေစရာ မလိုပေ။
“ဖုန်းရွှေ ပညာရှင်တွေထဲမှ တောင်ပိုင်းဂိုဏ်းနဲ့ မြောက်ပိုင်းဂိုဏ်းဆိုပြီး နှစ်ခုရှိတယ် တောင်ပိုင်းဂိုဏ်းက အစီအရင်တွေ ဖန်တီးတဲ့နေရာမှာ လက်ချောင်း သင်္ကေတတွေကို အသုံးပြုကြပြီး အဲဒီပညာရပ်ကြောင့်ပဲ သူတို့က ကျော်ကြားတယ်
တစ်ဖက်မှာတော့ မြောက်ပိုင်းဂိုဏ်းက လူတွေက သဘာဝ စွမ်းအင်တွေကို လေ့ကျင့်ပြီး အုပ်စုလိုက် အစီအရင် ရေးဆွဲတဲ့ နေရာမှာ တော်တယ် ပြီးတော့ သဘာဝ စွမ်းအင်တွေကို လေ့ကျင့်တဲ့ အတွက် ကြမ်းတမ်းတဲ့ နယ်မြေတွေမှာ ရတနာတွေ ရှာဖွေနိုင်ကြတယ် အဲဒါကြောင့် မြောက်ပိုင်းဂိုဏ်းက ဖုန်းရွှေပညာရှင်တွေက နိုင်ငံရဲ့ အရေးကြီး ပုဂ္ဂိုလ်တွေဆီမှာ အမှုထမ်းကြပြီး တောင်ပိုင်းဂိုဏ်းက ပညာရှင်တွေကတော့ စီးပွားရေး လုပ်ငန်းရှင် သူဌေးတွေအတွက် အလုပ်လုပ်ပေးတာ များတယ်”
ဆရာဝူက ခဏမျှ ရပ်လိုက်ပြီးနောက် မသက်မသာ ပြုံးကာ ဆက်ပြောသည်။
“ဟွမ်းဝမ်ကျယ်က တောင်ပိုင်းဂိုဏ်းမှာ အကြီးအကဲ တစ်ယောက်ပဲ သူက တရုတ်တပြည်လုံးက ဖုန်းရွှေပညာရှင်တွေထဲမှာတောင် အတော်ဆုံးထဲက တစ်ယောက်လို့ ပြောလို့ရတယ်”
ဆရာဝူ စကားပြောနေစဉ်တွင်ပဲ ဆရာဟွမ်း၏ အစီအရင် ရေးဆွဲမှုက အဆုံးသတ်သွားပြီ ဖြစ်သည်။
ရုတ်တရက် အရပ်မျက်နှာ ပေါင်းစုံမှ လေအေးများ တိုက်ခတ်လာပြီး ဥယျာဉ်ခြံအတွင်းရှိ အပူချိန်မှာလည်း ဒီဂရီပေါင်းများစွာ ကျဆင်းသွားသည်။
“အိုး ကြည့်ပါဦး”
လူ တစ်ယောက်က အော်လိုက်သည်။
ကျန်လူများလည်း ထိုလူ ညွှန်ပြရာသို့ ကြည့်လိုက်ကြသည်တွင် ညှိုးခြောက်နေကြသော နှင်းပီအိုနီများမှာ မျက်တောင်တစ်ခတ်စာ အချိန်အတွင်း ပြန်လည် စိမ်းစိုလာပြီး ပွင့်လန်းလာသည်ကို တွေ့လိုက်ကြရသည်။
“ပန်းပွင့်နေပြီ ပန်းပွင့်ပြီ”
တုန်းတူမြို့သူ၊ မြို့သားများက ပျော်ရွှင်မှုကြောင့် အော်ဟစ်လိုက်ကြသည်။ ကျန်းကျားလျန်၏ မျက်နှာကြီးသည်လည်း ကျေနပ် အားရမှုတို့နှင့် ပြည့်နှက်သွားသည်။
ပန်းရောင်းဝယ်ခြင်း ဈေးကွက်သည် တုန်းတူမြို့ စီးပွားရေးဈေးကွက် တစ်ခုလုံး၏ ထောက်တိုင်သဖွယ် ဖြစ်ရာ ပန်းခင်းများသာ တစ်ခုခု ဖြစ်သွားပါက သူ့အနေနှင့် ရှယ်ယာရှင်များနှင့် ရင်ဆိုင်ရမည်သာမက ထောင်နှင့်ချီသော အလုပ်သမားများ အတွက်ပါ တာဝန်ယူရမှာ ဖြစ်သည်။
ထိုအချိန်တွင် လူတိုင်း၏ အာရုံမှာ ဆရာဟွမ်း အပေါ်တွင်သာ ကျရောက်နေပြီး ချန်းဖန်၏ တည်ရှိမှုအား သတိပြုမိသူ တစ်ယောက်မှ မရှိတော့သလောက်ပင်။
တုန်းတူ မြို့သူ၊ မြို့သားများက ဆရာဟွမ်း၏ အနီးတွင် ဝိုင်းအုံကာ ချီးကျူးနေကြသည်။ ဆရာဟွမ်းသည် ယခု တစ်ခေါက် အစီအရင်၌ သူ၏ အစွမ်း တစ်ဝက်ခန့် သုံးလိုက်ရပြီး နဖူးပြင်တွင် ချွေးစများပင် စို့နေကြသည်။ သို့သော်လည်း မြို့သူ၊ မြို့သား၏ အပျော်များက သူ့ထံသို့ ကူးစက်လာဟန်ရပြီး ခြေကုန်းလက်ပန်း ကျမှုကိုပင် မေ့လျော့သွားသည်။
သူက ဤအစီအရင်အား သူ၏ ထင်မြင်ချက် မှန်ကန်ကြောင်း သက်သေပြရန်သာ လုပ်ခဲ့ခြင်းဖြစ်ပြီး ပန်းခင်းတစ်ခုလုံးအား ဖုံးလွှမ်းနိုင်သော အစီအရင်တစ်ခု ရေးဆွဲနိုင်ရန်မူ အခြားသော ဖုန်းရွှေပညာရှင်များကို ဖိတ်ခေါ်ရပေမည်။ သူ့ တစ်ယောက်တည်းအားဖြင့် မရပေ။
“ဆရာ.. ကျွန်မတို့ ပြန်ကြမလား”
အားရှို့က ခါးသက်စွာ မေးလိုက်သည်။ သူမအတွက်မူ သူမ၏ ဆရာကသာ အတော်ဆုံး ဖြစ်ပြီး လူတိုင်း၏ အာရုံစိုက်မှုအား ရသင့်သည်။ ယခုကား ဆရာဟွမ်း ဆိုသူက သူမဆရာ၏ ကျော်ကြားမှုအား လုယူသွားသလို ခံစားရသောကြောင့် သူမက လုံးဝ မကျေနပ်ပေ။
“ကောင်းပြီ လောလောဆယ်တော့ ခဏ ပြန်ကြတာပေါ့”
ချန်းဖန်က သဘောတူလိုက်သည်။
သူက ဤဖြစ်ရပ်၏ လက်သည်အား သိထားပြီး ဖြစ်သော်လည်း ယခုက လူများစွာ ရှိနေသော နေ့အချိန် ဖြစ်နေလေရာ ညမှောင်ချိန်ကို စောင့်ပြီးမှ နောက်တစ်ခေါက် ပြန်လာရန် ဆုံးဖြတ်လိုက်သည်။
ဆရာလေးကျန်းသည် ချန်းဖန်နှင့် သူ့ဖခင်အကြား ဗျာများနေပြီး စိတ်ထဲ၌ ရှုပ်ထွေးနေသော ခံစားချက်များကြောင့် ထိုင်ငိုချင်စိတ်ပင် ပေါက်သွားရသည်။
သူက ယနေ့တွင် တစ်ချက်ခုတ်၊ နှစ်ချက်ပြတ် ကြံစည်ထားသော်လည်း အရာရာက လွဲချော်သွားခဲ့ကာ သူ့ဖခင်၏ ယုံကြည်မှုအား ဆုံးရှုံးခဲ့ရုံသာမက ဆရာချန်း၏ တပည့် ဖြစ်လာရန် အခွင့်အရေးကိုလည်း ဆုံးရှုံးသွားခဲ့သည်။
ချန်းဖန်က ဥယျာဉ်ခြံအတွင်းမှ ထွက်ခွာသွားနေသည့် အချိန်တွင် ဆရာဟွမ်းက အပြုံးကြီးတစ်ခုနှင့် လှမ်းခေါ်လိုက်သည်။
“လူငယ်လေး အခု မင်းယုံပြီလား”
ချန်းဖန်က လှည့်ကြည့်လိုက်သည်တွင် အထင်သေးစွာ ပြုံးလျက် ကြည့်နေသော ဆရာဟွမ်းအား တွေ့လိုက်ရသည်။ ဆရာဟွမ်းအနီးရှိ လူများကလည်း ချန်းဖန်အား အေးစက်စက် ကြည့်နေကြသည်။
“ကျွန်တော် ပြောပြီးပြီလေ ခင်ဗျား မှားနေပါတယ်လို့”
ချန်းဖန်က သူ၏ ယုံကြည်မှုအား ယခုချိန်အထိ လက်မလျှော့ သေးသည်ကို တွေ့ရတော့ လူတိုင်းက အံ့အားသင့်ကြရသည်။ လူငယ်လေးကား မဟုတ်သည့်နေရာတွင် ခေါင်းမာလွန်းနေသည်။
“ခင်ဗျားရဲ့ ကုသနည်းက မှန်ရင်တောင် အဓိက အကြောင်းအရင်းက မှားနေတုန်းပဲ ဘယ်လောက်ကြီးတဲ့ အစီအရင်ကြီးပဲ ရေးဆွဲပါစေ အဓိက အကြောင်းအရင်းကို မရှာဖွေနိုင်သ၍ ပန်းတွေက အချိန်မရွေး ပြန်ပြီး ညှိုးခြောက်သွားနိုင်တယ်”
“မင်းပါးစပ်ကို ပိတ်ထားစမ်း လုံခြုံရေး လုံခြုံရေးတွေ ဘယ်မလဲ ဒီကောင်ကို မောင်းထုတ်လိုက်ကြ”
ကျန်းကျားလျန်က ဒေါသတကြီးနှင့် အော်လိုက်သည်။
ဥယျာဉ်ခြံ အဝင်ဝတွင် စောင့်ကြပ်နေကြသော လုံခြုံရေးများ ရောက်ရှိလာကြပြီး ချန်းဖန်တို့အား အပြင်ဘက်သို့ ဆွဲထုတ်ရန် ပြင်လိုက်ကြသည်။
“အဖေ”
ဆရာလေးကျန်းက သူ့ဖခင်အား တားသော်လည်း ကျန်းကျားလျန်၏ မျက်နှာမှာ တင်းမာနေပြီး ဆုံးဖြတ်ချက်အား ပြင်မည့်ပုံ မပေါ်ပေ။
“ဆရာချန်း”
ဆရာဝူက ချန်းဖန်အား စိတ်ပူစွာ ကြည့်လိုက်သည်။ လုံခြုံရေးများအား ပြန်လည် တိုက်ခိုက်ပါက သူတို့ သုံယောက်လုံး ထောင်ထဲသို့ တန်းနေအောင် သွားရမည်မှာ သေချာသလောက် ရှိ၏။
အားရှို့သည် စကားတခွန်းမျှ မဆိုဘဲ ခန္ဓာကိုယ် အတွင်းရှိ အတွင်းအားများအား လက်နှစ်ဖက်သို့ ပို့ဆောင်လိုက်ကာ သူမ၏ ဆရာအား ကာကွယ်ပေးရန် အသင့်ပြင်လိုက်သည်။
“ဟား.. ဟား..”
ရုတ်တရက် ချန်းဖန်က ထရယ်လိုက်သဖြင့် အားလုံးက အံ့ဩသွားကြသည်။
“ကျန်းဟောက်ချန်းက အကူအညီတောင်းလာတော့ တခါလောက်လေး စိတ်ကောင်းထားပြီး ကူညီပေးလိုက်ဖို့ တွေးထားခဲ့တာ.. ဒါပေမဲ့ ဦးနှောက်မရှိတဲ့ လူတွေက စေတနာနဲ့ သတိပေးတာကိုတောင် နားမထောင်တဲ့အပြင် စော်ကားချင်နေကြတယ် အစတည်းက ခင်ဗျားတို့လို လူတွေကို မကူညီခဲ့သင့်ဘူး အခုတော့ ထွက်မသွားခင် မှားနေတာက ဘယ်သူလဲဆိုတာ ပြပေးမယ် သေချာကြည့်ထား”
ချန်းဖန်က မြေကြီးပေါ်တွင် ခြေတစ်ချက် ဆောင့်လိုက်ပြီး အော်လိုက်သည်။
“ပန်းပွင့်စမ်း”
မျက်တောင်တစ်ခတ်စာ အတောအတွင်း ဥယျာဉ်မြေ အတွင်းရှိ အပူချိန်မှာ ပြောင်းလဲသွားပြီး လေထုက စိုစွတ်လာသည်။
တရုတ် ဒဏ္ဍာရီထဲရှိ ပန်းပွင့်များအား ဖန်ဆင်းသော နွေဦးနတ်ဘုရား လူ့ပြည်သို့ ဆင်းသက် လာသကဲ့သို့ ချန်းဖန်၏ ပတ်ပတ်လည်ရှိ ပီအိုနီပန်းများမှာ မနက်ဖြန်ဆိုတာ မရှိတော့သည့်အလား အစွမ်းကုန် ဖူးပွင့်လာကြသည်။ နှင်းပီအိုနီများ၏ မျက်စိပဒဿ ဖြစ်ဖွယ် အရောင်အဆင်းက ဥယျာဉ်မြေ တစ်ခုလုံးအား ဖုံးလွှမ်းသွားပြီး ယစ်မူးဖွယ် မွှေးရနံ့က အလွန် သင်းပျံ့လာသည်။
“ဒါ.. ဒါက.. မယုံနိုင်စရာပဲ”
လူတိုင်းက မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အံ့ဩတုန်လှုပ် သွားကြသည်။ ဆရာဟွမ်း၏ တုန်ယင်နေသော လက်ညှိုးက လေထုထဲတွင် ရပ်တန့်နေပြီး မျက်လုံးများ ပြူးကျယ်နေကာ ဘာစကား တခွန်းမှ ထွက်မလာတော့ပေ။
အစွမ်းကုန် ဖူးပွင့်နေသည့် နှင်းပီအိုနီများ၏ ကြားတွင် ချန်းဖန်သည် သူ့အား လှောင်ပြုံးတစ်ခုနှင့် လှမ်းကြည့်နေသည်ကို မြင်လိုက်ရသည်။
***