မီးကျောက်
Vol. 1 Ch. 79
“စိတ်စွမ်းအင် အစီအရင် ဒါက စိတ်စွမ်းအင် အစီအရင်ပဲ”
ဆရာဟွမ်းက မယုံကြည်နိုင်စွာ ရေရွတ်လိုက်မိသည်။
“ဆရာဟွမ်း စိတ်စွမ်းအင် အစီအရင်ဆိုတာ ဘာလဲ”
လူ တစ်ယောက်က အံ့ဩမှုများကြားမှ မေးလိုက်သည်။
“စိတ်စွမ်းအင် အစီအရင် ဆိုတာက ကျုပ်တို့ ဖုန်းရွှေနယ်ပယ်မှာ ဒဏ္ဍာရီလာ နည်းစနစ်တစ်ခုပဲ တောင်ပိုင်းဂိုဏ်း၊ လက်ချောင်းပညာရပ်ရဲ့ အမြင့်ဆုံး အဆင့်လို့လည်း ပြောလို့ရတယ် ”
ဆရာဟွမ်းက ခေါင်းယမ်းရင်း ပြောသည်။
“ပြောကြတာတော့ တကယ့် ဆရာ့ဆရာကြီးတွေသာ စိတ်စွမ်းအား တစ်ခုတည်းကို အသုံးပြုပြီး အစီအရင် ရေးဆွဲနိုင်တာတဲ့ ကျုပ်ရဲ့ လက်ချောင်းပညာရပ်နဲ့ ယှဉ်ရင် ဆရာချန်းရဲ့ စိတ်စွမ်းအား အစီအရင်က လက်သင်္ကေတတွေလည်း လုပ်စရာ မလိုသလို စိတ်ရှိတဲ့အတိုင်း ချက်ချင်း အသုံးပြုနိုင်တယ် ဆရာချန်းရဲ့ အစွမ်းက တကယ့်ကို အံ့မခန်းပါပဲ”
ပန်းတစ်ပင်တည်းကိုသာ ပွင့်လန်းစေနိုင်သော ဆရာဟွမ်း၏ အစီအရင်နှင့် နှိုင်းယှဉ်ရသော် ပန်းခင်းတစ်ခင်းလုံးအား ပွင့်လန်းစေသည့် ချန်းဖန်၏ အစီအရင်က ပို၍ ရင်သပ်ရှုမောဖွယ် ကောင်းပေသည်။
“ဖြစ်ရပ်ဆန်း ဒါက တကယ့်ကို ဖြစ်ရပ်ဆန်းပဲ”
လူအများစုက တီးတိုး ရေရွတ်မိကြသည်။
“တကယ်လို့ ဆရာချန်းနေရာမှာ ဂိုဏ်းတူအစ်ကိုကျိုး ဆိုရင်ရော ဒီလို လုပ်နိုင်မလား သိချင်မိတယ်”
ဆရာဟွမ်းက တွေးလိုက်သည်။ ကျိုးတောက်ကျီးသည် အလွန် ကျော်ကြားသော ဖုန်းရွှေ ပညာရှင် တစ်ဦးဖြစ်ပြီး တောင်ပိုင်းဂိုဏ်းသား တစ်ဦးလည်း ဖြစ်သည်။ သံသယ ဖြစ်စရာ မလိုအောင်ပင် ကျိုးတောက်ကျီးသည် တောင်ပိုင်းဂိုဏ်း တစ်ခုလုံး၌ အစွမ်းအထက်ဆုံးသူ ဆိုလည်း မမှားပေ။
သို့သော်လည်း ဆရာဟွမ်း သိသလောက်ဆိုလျှင် ကျိုးတောက်ကျီးသည် 'စကားခုနစ်လုံး အစီအရင်'ကို ကျွမ်းကျင်သော်လည်း စိတ်စွမ်းအင် အစီအရင်တစ်ခု ရေးဆွဲနိုင်ရန်မူကား အဝေးကြီး လိုနေသေးတာ ဖြစ်သည်။
“ခဏလေး ဆရာချန်း ဘယ်ရောက်သွားတုံး”
ရုတ်တရက် ပရော်ဖက်ဆာ မုရှို့ချုံးက မေးလိုက်သည်။
ထိုမေးခွန်းက နှင်းပီအိုနီများ၏ အလွန်လှပသော ရှုခင်းတွင် နစ်မျောနေသော လူအပေါင်းအား လှုပ်နှိုးလိုက်သကဲ့သို့ ရှိသည်။ လူတိုင်းက ဘေးပတ်ပတ်လည်၌ လှည့်လည် ရှာဖွေမိချိန်တွင် ချောမောသော လူငယ်လေးနှင့် သူ၏ နောက်လိုက်နှစ်ယောက်မှာ အစအန ရှာမရအောင် ပျောက်သွားကြသည်ကို သတိထားမိလိုက်သည်။
“အာ.. သူတို့ ဘယ်ရောက်သွားကြတာလဲ ခုနလေးတင် ဒီနေရာမှာပါ”
လုံခြုံရေးများက ခေါင်းကုတ်ရင်း ဇဝေဇဝါ ရေရွတ်လိုက်ကြသည်။
“ဘယ်လိုဖြစ်ပြီး သူတို့ကိုလွှတ်ပေးလိုက်ရတာလဲ”
ပရော်ဖက်ဆာမုက ဒေါသနှင့် အော်လိုက်သည်။
“အခု ပန်းခင်းထဲက ပန်းတွေ အကုန်လုံး ပွင့်လာတာ ဘာအဓိပ္ပာယ်လဲ သိကြရဲ့လား”
ပြောပြောဆိုဆိုနှင့် သူက အနီးရှိ ပန်းတစ်လက်အား ချိုးကာ ပြောလိုက်သည်။
“ဒီပန်းက ပန်းဘုရင်မပဲ သူက ဧပရယ်လမှာပဲ ပွင့်တယ် ဒါပေမဲ့ အခုက ဒီဇင်ဘာ လလယ်ကြီး နောက်ပြီး ဒီပန်း အစိမ်းရောင်နဂါးပန်းလို့ ခေါ်တယ် ပုံမှန်ဆို မေလမှာပဲ ပွင့်တယ် နောက်ထပ် ပန်းတစ်မျိုး နှင်းမက်မွန်ပန်းလို့ ခေါ်တယ် သူကလည်း ပုံမှန်ဆို ဇန်နဝါရီလမှာပဲ ပွင့်တယ် ဒီပန်းတွေ အားလုံးက နှစ်တစ်နှစ်ရဲ့ မတူညီတဲ့ အချိန်တွေမှာပဲ ပွင့်ကြပေမဲ့ အခုတော့ တစ်ပြိုင်နက်တည်း ပွင့်လာကြတယ် ဒါ ဘာအဓိပ္ပာယ်လဲ ဆိုတာ ခင်ဗျားတို့ နားမလည်ကြသေးဘူးလား”
လူတိုင်းက ပရော်ဖက်ဆာမု၏ ဒေါသတကြီး ရှင်းပြမှုကြောင့် အံ့ဩနေကြသော်လည်း ပရော်ဖက်ဆာမု ဆိုလိုချင်သော အဓိပ္ပာယ်ကို နားမလည်ကြပေ။
ပရောဖက်ဆာမုသည် တနိုင်ငံလုံး ဆိုင်ရာ သုတေသန ကောင်စီမှ ဖြစ်ပြီး တုန်းတူမြို့၌ ကျန်းကျားလျန်ထက် ပို၍ လွှမ်းမိုးနိုင်စွမ်း ရှိသည်။
“ဘိုးဘိုး”
မုချင်းချင်းက ဒေါသနှင့် တုန်ယင်နေသော အဘိုးဖြစ်သူအား စိတ်ထိန်းရန် သတိပေးလိုက်သည်။
“တကယ်လို့ သူက နှင်းပီအိုနီတွေကိုတောင် ပြန်ပြီး ရှင်လာအောင် လုပ်ပေးနိုင်ရင် မျိုးသုဉ်းသွားတဲ့ တခြား အပင်တွေကိုရော လုပ်ပေးနိုင်မယ် မထင်ဘူးလား စဉ်းစားကြည့်ကြစမ်း ဒါက စိုက်ပျိုးရေး နယ်ပယ်ကြီး တစ်ခုလုံးကို လုံးလုံးလျားလျား ပြောင်းလဲပစ်လိုက်နိုင်တယ် နည်းနည်းလေး ပိုပြီး ကြိုးစားလိုက်ရင် အဲဒီ လူငယ်လေးက စိုက်ပျိုးရေးနိုဘယ်ဆုတောင် ရနိုင်တယ်”
ပရော်ဆာမု၏ စကားကြောင့် လူတိုင်း မှင်တက်သွားကြသည်။
ရုက္ခဗေဒ ပညာရှင် အနည်းစုမှ လွဲ၍ သာမန် စိုက်ပျိုးရေးသမားများက သိပ္ပံပညာနှင့် ဇီဝဗေဒအကြောင်း အများကြီး နားမလည်ကြပေ။ သို့သော်လည်း သူတို့က နိုဘယ်ဆု အကြောင်းကိုတော့ ကြားဖူးကြသည်။
နိုဗယ်ဆုရှင် တစ်ယောက်က နိုင်ငံအတွက် ဂုဏ်ဆောင်ပေးနိုင်သော နိုင်ငံ့ရတနာတစ်ခု ဆိုလည်း မမှားပေ။
ကျန်းကျားလျန်လည်း သတိပြန်ဝင်လာ ပြီးနောက် ကျယ်လောင်စွာ အော်၍ အမိန့်ပေးလိုက်သည်။
“သူ့ကိုရှာ အခု ”
“ဒါပေမဲ့.. “
လုံခြုံရေးများက နေရာတွင်ပင် တောင့်ခဲနေကြဆဲ ဖြစ်ပြီး ချန်းဖန်တို့ လူစုအား မည်သည့်နေရာမှစ၍ ရှာဖွေရမည်မှန်း စဉ်းစားမရပေ။
ချန်းဖန်ကဲ့သို့ အလွန် အစွမ်းထက်သူ တစ်ယောက်ကသာ ပုန်းနေရန် ဆန္ဒရှိပါက သူတို့အနေနှင့် မည်သို့ ရှာနိုင်ပါမည်နည်း။ အကယ်၍ ကံကောင်း ထောက်မလွန်းစွာ ရှာတွေ့ခဲ့လျှင်ပင် ချန်းဖန်၏ ဆန္ဒမပါဘဲ ပြန်လိုက်ခဲ့ရန် မည်သို့ တွန်းအားပေးရပါမည်နည်း။
သေနတ်ကဲ့သို့သော လက်နက်များကပင် ချန်းဖန်အား ခြိမ်းခြောက်နိုင်စွမ်း မရှိမည်ကို စိုးရိမ်မိပါ၏။
“သူနေတဲ့ နေရာကို တစ်ယောက်ယောက်များ သိကြလား ဒီလိုဆို သူ့ကို သွားတွေ့လို့ ရမယ်”
အဘိုးကြီး တစ်ယောက်က အကြံပေးလိုက်သည်။
အဘိုးကြီး၏ စကားကို ကြားသော် လူတိုင်းက တစ်နေရာသို့ လှမ်းကြည့်လိုက်မိကြသည်။
ဥယျာဉ်မြေ၏ ထောင့်တစ်နေရာတွင် ဆရာလေးကျန်းက ကုပ်ကုပ်လေး ရပ်လို့နေပြီး လူတိုင်းက သူ့အား ကြည့်လာသည်ကို ခံစားမိသော်လည်း သူကိုယ်တိုင်ပင် ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်နေတာ ဖြစ်သည်။
တစ်ဖက်တွင်တော့.. လူတိုင်းက ပန်းပင်လယ်ထဲ၌ နစ်မျောနေကြစဉ် ချန်းဖန်၊ အားရှို့နှင့် ဆရာဝူတို့က ဥယျာဉ်မြေထဲမှ တိတ်တဆိတ် ထွက်ခွာလာကြခြင်း ဖြစ်သည်။
“ဆရာချန်း.. ကျုပ်တို့ ဒီတိုင်း ထွက်လာတာ အကြံကောင်း ဖြစ်ပါ့မလား”
ဆရာဝူက သတိကြီးစွာ မေးလိုက်သည်။
“ဘာလဲ ခင်ဗျားက ကျွန်တော့်ကို ပန်းပင်တွေကို ကယ်ပေးစေချင်သေးတာလား”
ချန်းဖန်က အပြုံးတစ်ဝက်နှင့် မေးလိုက်သည်။
ဆရာဝူလည်း ထိတ်လန့်သွားသည်။ အစတည်းက ဆရာချန်း၏ ဆုံးဖြတ်ချက်အပေါ် မေးခွန်း မထုတ်သင့်ပေ။
“မဟုတ်ဘူး မဟုတ်ပါဘူး လျစ်လျူရှုထားတာပဲ ကောင်းတယ် သူတို့နဲ့ တန်တယ်”
ချန်းဖန်က လက်နှစ်ဖက်အား ကျောနောက်တွင် ချိတ်လျက် ခပ်ဖြည်းဖြည်း ဆက်၍ လျှောက်နေသည်။ ချန်းဖန်သည် အလွန် သက်သောင့်သက်သာ ဖြစ်စွာ လျှောက်နေဟန် ရသော်လည်း ဆရာဝူနှင့် အားရှို့မှာတော့ မပြေးရုံတမယ် လျှောက်၍ အမီလိုက်နေရသည်။
ချန်းဖန်က ပြောသည်။
“သူတို့ကို မကူညီဘူးလို့ ကျွန်တော် မပြောပါဘူး ပြောရရင် ကျွန်တော်က သူတို့ကို ကူညီခဲ့ပြီးနေပြီ ကျန်တာကတော့ သူတို့ပေါ်မှာပဲ မူတည်တယ်”
ချန်းဖန်၏ စကားကြောင့် ဆရာဝူတို့ နှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။
ထိုအချိန်တွင် ချန်းဖန်က အနက်ရောင် ကျောက်တုံးတစ်ခုအား ထုတ်ယူလာသည်။ ထိုအနက်ရောင် ကျောက်တုံးမှာ အမှတ်တမဲ့ ကြည့်လျှင် အလွန် သာမန်ဆန်သော်လည်း သေချာကြည့်ပါက ကျောက်တုံး၏ အလယ်ဗဟို၌ ရွှေရောင် မီးတောက်လေး တစ်ခုအား တွေ့ရပေမည်။
“အဲဒါက ဘာလဲဟင်”
အားရှို့က မေးလိုက်သည်။
“ဒါက ပန်းခင်းကို ညှိုးခြောက်စေတဲ့ အဓိက အကြောင်းအရင်းပဲ”
ချန်းဖန်က ရှင်းပြသည်။
“ဒီကျောက်တုံးထဲက မီးတောက်က သေးသေးလေးရယ် ပန်းခင်းတစ်ခုလုံးကို ညှိုးခြောက်စေနိုင်တယ်လား”
ဆရာဝူက မေးလိုက်သည်။ တုန်းတူမြို့၏ ဥယျာဉ်မြေကား ဧက ထောင်ပေါင်းများစွာ ကျယ်ဝန်းပြီး ကျောက်တုံး သေးသေးလေး တစ်ခုကြောင့် ညှိုးခြောက်သွားရခြင်း ဆိုသည်ကား ဆရာဝူ၏ စဉ်းစားနိုင်စွမ်းထက် ကျော်လွန်နေပေသည်။
“ကျောက်တုံးရဲ့ အရွယ်အစားကို ကြည့်ပြီး အထင်မသေးလိုက်နဲ့ သူ့မှာ မီးအဆီအနှစ် ပါတယ်”
ချန်းဖန်သည် ဥယျာဉ်မြေတွင် နတ်ဘုရား စိတ်အာရုံအား ဖြန့်ကြက်ကြည့်စဉ်က မြေအောက်တွင် မည်သည့် ရေပူစမ်းမှ မတွေ့ခဲ့သော်လည်း တစ်ခုခု လွဲချော်နေသည်ကိုတော့ ခံစားမိခဲ့သည်။ သို့နှင့် အကြောင်းအရင်းကို ရှာဖွေရင်း အနက်ရောင် ကျောက်တုံးလေးအား တွေ့ခဲ့ရသည်။
ပန်းခင်း၏ အောက်၌ မီးအဆီအနှစ် ပါဝင်သော မီးကျောက်တုံးကြီး ရှိနေခြင်း ဖြစ်သည်။ မီးကျောက်တုံး၏ သက်ရောက်မှုအောက်တွင် ပန်းခင်းအတွင်းရှိ ပီအိုနီများက ညှိုးခြောက်လာခဲ့ခြင်း ဖြစ်သည်။
မီးကျောက်တုံးကား အလွန် ကြီးမားသဖြင့် လူအများရှေ့တွင် တူးယူရန် အဆင်မပြေပေ။ ထို့ကြောင့် ချန်းဖန်က ညအချိန်မှ နောက်တစ်ကြိမ် ပြန်လာကြည့်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ဆရာဟွမ်း၏ ရန်စမှုကြောင့် သူက အနည်းငယ် စိတ်အချဉ်ပေါက်သွားပြီး မီးကျောက်တုံး၏ အလယ်ဗဟို အစိတ်အပိုင်းကိုသာ ဖောက်ယူလာခဲ့တာ ဖြစ်သည်။
မီးကျောက်တုံး၏ ကျန်သည့် အပိုင်းအစများက မြေအောက်တွင် ကျန်ရှိနေဆဲ ဖြစ်သော်လည်း ယန်ချီများ စဉ်ဆက်မပြတ် ထုတ်လွှတ်ပေးနေသော အလယ်ဗဟို မီးအဆီအနှစ်အား ချန်းဖန်က ယူလာခဲ့ရာ မီးကျောက်တုံးသည် ပန်းခင်းထဲရှိ ပန်းများအတွက် အန္တရာယ် အများကြီး မရှိတော့ပေ။
“ဆရာ ဒါက ဘာလို့ မပူတာလဲ”
အားရှို့က သိလိုစွာ မေးလိုက်သည်။
ချန်းဖန်က ခေါင်းယမ်းသည်။
“ကျောက်တုံးအပေါ်မှာ ငါက မှော်စွမ်းအင် တစ်လွှာနဲ့ ကာထားတယ် အဲ့လိုမှ မဟုတ်ရင် မင်းတို့ နှစ်ယောက်စလုံး ပြာဖြစ်နေလောက်ပြီ”
ယင်ကျောက်တုံးကဲ့သို့ပင် မီးကျောက်တုံးများသည်လည်း မီးဒြပ်စင် ပေါများ သန့်စင်သော နေရာများတွင်သာ ရှိတတ်ကြသည်။ တုန်းတူမြို့ကဲ့သို့ သာမန်နေရာ၌ မရှိသင့်ပေ။ ထို့ကြောင့် ထိုမီးအဆီအနှစ် ပါဝင်သော ကျောက်တုံးအား တစ်စုံတစ်ယောက်က ပန်းခင်း မဆောက်လုပ်ခင်ကပင် မြှုပ်နှံခဲ့ခြင်း ဖြစ်နိုင်ပေသည်။ ယခုနှစ်၊ ယခုလတွင်မှ မီးကျောက်တုံး အတွင်းရှိ မီးဒြပ်စင်များက အလွန် အားကောင်းလာပြီး ပန်းခင်းအပေါ် သက်ရောက်မှု ရှိလာခြင်း ဖြစ်ရမည်။
“မီးအဆီအနှစ်နဲ့ ဆိုရင် အရင်တုန်းက မလုပ်နိုင်ခဲ့တ့ အရာတချို့ကိုတောင် လုပ်နိုင်လာလိမ့်မယ်”
ထိုသို့အတွေးနှင့် ချန်းဖန်သည် ယင်နဂါးရေကန်ဆီသို့ ချက်ချင်းပြန်ရန် ဆုံးဖြတ်လိုက်သည်။
ချန်းဖန်နှင့် ပတ်သက်သမျှအား ဆရာလေးကျန်းထံတွင် စုံစမ်းပြီးနောက် ပရော်ဖက်ဆာမုတို့ လူစုသည် ချန်းဖန်ရှိလောက်သော ယင်နဂါးရေကန်သို့ ချက်ချင်းသွားရန်သာ စိုင်းပြင်းနေကြလေသည်။
ဆရာလေးကျန်း တစ်ယောက်သာ စိတ်ဓာတ်ကျနေသော အသွင်နှင့် တည်ငြိမ်နေသည်။
“ဆရာချန်းက ထွက်သွားပြီဆိုမှတော့ ကျွန်တော်တို့ ပြန်သွားခေါ်လည်းရမယ် မထင်ဘူး ကျွန်တော်တို့ အတွက် အရေးကြီးတာက ပန်းခင်းတွေကို ကယ်တင်ဖို့ပဲလေ အခု ဆရာချန်း မရှိတော့ပေမဲ့ ဆရာဟွမ်း ရှိနေသေးတာပဲ ဆရာချန်းကိုယ်တိုင်တောင် ဆရာဟွမ်းရဲ့ ကုသနည်းက မှန်ကန်ပြီး အကြောင်းအရင်းကို ခန့်မှန်းတဲ့ နေရာပဲ မှားတာလို့ ပြောခဲ့တယ်လေ”
လူတိုင်း၏ တွန်းအားပေးမှုအောက်တွင် ဆရာဟွမ်းသည် သူ၏တပည့် ဖုန်းရွှေ ပညာရှင်များအား စုစည်းလိုက်ပြီး ဖုန်းရွှေ အစီအရင်အား နှစ်ပတ်အတွင်း အပြီးသတ်ခဲ့သည်။ ထို့နောက် ဆရာဟွမ်းသည် ပရော်ဖက်ဆာမုနှင့် သွားရောက် ပူးပေါင်းပြီး ယင်နဂါးရေကန်ဆီသို့ ခရီးထွက်ခဲ့ကြသည်။
သူတို့က ရဟတ်ယာဉ်တစ်စီးနှင့် ချီတောင်ရှိရာသို့ ထွက်ခွာခဲ့ကြသည်။
သို့သော်လည်း ၎င်းတို့ စီးနင်းလာသော ရဟတ်ယာဉ်က ချီတောင်ကြားနှင့် နီးလာသည့် အချိန်တွင်ပဲ ထူထဲသော နှင်းမြူထုကြီးက လမ်းကြောင်းအား ပိတ်ဆို့ထားသည်ကို မြင်လိုက်ကြရသည်။
“ပရော်ဖက်ဆာမု ကျုပ်တို့ မြူတောထဲကို ဆက်သွားရမလား”
ရဟတ်ယာဉ်အား မောင်းနှင်လာသော ပိုင်းလော့က မေးလိုက်တာ ဖြစ်သည်။
ပရော်ဖက်ဆာမု မတုံ့ပြန်နိုင်သေးခင်မှာပဲ ဆရာဟွမ်းက ဝင်ပြောလာ၏။
“မဝင်နဲ့ မဖြစ်ဘူး ဒါက သာမန် မြူတွေ မဟုတ်ဘူး အန္တရာယ် များလွန်းတယ်”
ဆရာဟွမ်းသည် ရဟတ်ယာဉ်၏ ပြတင်းပေါက်မှ တစ်ဆင့် ထူထဲလှသော မြူပင်လယ်ကြီးအား ကြည့်မိသည်တွင် လေးစားခြင်းနှင့် အံ့ဩထိတ်လန့်ခြင်းတို့က သူ၏ မျက်နှာ တစ်ပြင်လုံး၌ ပြည့်နှက်လို့ နေသည်။
ရဟတ်ယာဉ်ပေါ်ရှိ အခြားလူများက ထိုမြူထုအား သဘာဝအတိုင်း ဖြစ်တည်နေသော မြူများဟု ထင်နေကြသော်လည်း သူကတော့ ထိုမြူများသည် မှော်အစီအရင်တစ်ခု ဖြစ်ကြောင်း အသေအချာ နားလည်ထားသည်။ အကယ်၍ သူတို့ ရဟတ်ယာဉ်သာ သတိမထားဘဲ ထိုမြူထုထဲသို့ အတင်းကာရော တိုးဝင်သွားပါက ပုံရိပ်ယောင် ဝင်္ကပါထဲ ဝင်ရောက်သွားသကဲ့သို့ ဦးတည်ရာမဲ့ ဖြစ်သွားပေလိမ့်မည်။
“တောင်အကာအကွယ် မှော်အစီအရင် ဆိုတာက နားထောင်ကောင်းရုံ ဒဏ္ဍာရီတွေလို့ ထင်ထားခဲ့တာ ဒီနေ့တော့ ကိုယ်တိုင် မြင်တွေ့ခွင့် ရခဲ့ပြီ”
ဆရာဟွမ်း၏ အသံက အလွန် နက်ရှိုင်းလှသော လေးစားမှုတို့နှင့် ပြည့်နှက်လျက် ရှိသည်။
နောက်ဆုံးတွင်တော့ ဆရာဟွမ်းသည် လူငယ်လေး၏ မယုံကြည်နိုင်ဖွယ် စွမ်းရည်များအပေါ် အလွန် လေးစားမိသွားပြီ ဖြစ်သည်။ လူငယ်လေး ချန်းဖန်၏ သွင်ပြင် ရုပ်ရည်မှာ ဆယ်ကျော်သက် အရွယ်မျှသာ ရှိသော်လည်း ထိုလူငယ်လေး၏ အတွင်းစိတ်ထဲ၌ နှစ်ရာပေါင်းများစွာ ကျင့်ကြံလာသော လူအိုကြီး တစ်ယောက် ရှိနေသလား ဟူ၍ပင် သူက သံသယ ဝင်မိ၏။
ပရော်ဖက်ဆာမုလည်း ချန်းဖန်အား ဆက်လက် ရှာဖွေရန် စိတ်ကူးအား လက်လျှော့လိုက်ရသည်။ သို့သော် ရဟတ်ယာဉ် ပြတင်းပေါက်မှ တစ်ဆင့် မြင်နေရသော သာမန် မဟုတ်သည့် နှင်းမြူထုများ၏ မြင်ကွင်းသည် သူ့အဖို့ တဘဝလုံး အမှတ်ရနေစေဖို့ လုံလောက်ပေသည်။
***