လီ'ရွှေရောင်မီးမျက်လုံး
Vol. 1 Ch. 80
ချန်းဖန်သည် ဥယျာဉ်မြေမှ ထွက်လာခဲ့ပြီးနောက် ယင်နဂါး ရေကန်ဆီသို့ တန်းတန်းမတ်မတ် ပြန်လာခဲ့သည်။
သာမန်လူများအတွက် ဆိုလျှင် တောင်ခြေမှ ယင်နဂါးရေကန်သို့ ရောက်ရှိရန် နှစ်ရက်၊ သုံးရက်ခန့် ကြာမည် ဖြစ်သော်လည်း ချန်းဖန်တို့ သုံးယောက်သည် လေးနာရီတည်းနှင့် ရေကန်ဆီသို့ ရောက်ရှိခဲ့သည်။ ချန်းဖန်သည် ရေကန်သို့ ပြန်ရောက်သည်နှင့် ပုံရိပ်ယောင် မြူအကာအကွယ် အစီအရင်တစ်ခုအား ချီတောင် ဝန်းကျင်၌ ပြုလုပ်လိုက်သည်။ တုန်းတူမြို့မှ လူများ သူ့နောက်သို့ လိုက်လာလျှင် ကာကွယ်နိုင်ရန် ဖြစ်သည်။
ကံကောင်းထောက်မစွာပင် သူ့တွင် ယင်နဂါးရေကန်မှ ရသော ယင်ကျောက်တုံးများ အလုံအလောက် ရှိပြီး ယင်မိစ္ဆာ ဂိုဏ်းသားများ ထံမှလည်း ကျောက်စိမ်းတချို့ ရရှိခဲ့ရာ ချီတောင်၏ တောင်ထိပ်ခုနစ်ခု၌ အစီအရင် ခုနစ်ခုအား အစဉ်လိုက် ပြုလုပ်နိုင်ခဲ့သည်။ ထိုအစီအရင် ခုနစ်ခုက ယင်နဂါးရေကန်အား ဗဟိုထား၍ ချီတောင်တန်း တစ်ခုလုံးအား ဖုံးအုပ်ထားသည်။
ဆရာဝူနှင့် အားရှို့တို့သာမက ယင်မိစ္ဆာဂိုဏ်းသားများပင် အစီအရင်၏ စွမ်းအားကြောင့် အံ့အားသင့်ကြရသည်။
“ခင်ဗျားတို့ကို ကျောက်စိမ်းအဆောင် တစ်ခုစီ ပေးထားမယ် ဒီအဆောင် ရှိနေသ၍ ပုံရိပ်ယောင်မြူထဲမှာ စိတ်တိုင်းကျ သွားလာနိုင်တယ် ဒါပေမဲ့ ဂရုစိုက်ပါ အဆောင် ပျောက်သွားရင်တော့ ခင်ဗျားတို့ကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး”
ချန်းဖန်က ယင်မိစ္ဆာဂိုဏ်းသားများအား သတိပေးလိုက်သည်။
“ဟုတ်ကဲ့ပါ ဆရာချန်း”
မုဟုန်ရှန်းနှင့် ယန်ကျန့်ကျယ်တို့က လေးလေးစားစားနှင့် ပြောလိုက်ကြသည်။
စီစဉ်စရာ ရှိသည်များ စီစဉ်ပြီးသည့်နောက် ချန်းဖန်က စတင်၍ ကျင့်ကြံရန် ပြင်လိုက်သည်။
ချန်းဖန်သည် အနက်ရောင် ကျောက်တုံးလေးအား ရလိုက်သည့် အချိန်တည်းက အာကာသ သန့်စင်မွမ်းမံခြင်း ကျင့်စဉ်၏ စတုတ္ထအဆင့် ဖြစ်သော ရွှေရောင်မျက်လုံး အဆင့်သို့ ရောက်ရှိအောင် ကြိုးစားရန် သန္နိဋ္ဌာန်ချလိုက်တာ ဖြစ်သည်။
အာကာသ သန့်စင်မွမ်းမံခြင်း ကျင့်စဉ်တွင် အဆင့်ငါးဆင့် ရှိသည့်အနက် ပထမဆုံး သုံးဆင့်က လူ့ခန္ဓာကိုယ်၏ ရုပ်ပိုင်းဆိုင်ရာပေါ်တွင် သက်ရောက်သော်လည်း နောက်ဆုံးအဆင့် ဖြစ်သော 'တာအိုခန္ဓာကိုယ်'က ဝိညာဉ်အပေါ်တွင်ပါ သက်ရောက်မှုရှိပြီး ချီသန့်စင်ခြင်း အဆင့်မှ မူလဝိညာဉ်အဆင့်သို့ ရောက်ရှိရန် အခွင့်အလမ်း များလာစေသည်။
သို့သော် စတုတ္ထအဆင့် (ရွှေရောင်မျက်လုံး)သည် ပထမဆုံး သုံးဆင့်နှင့်ရော နောက်ဆုံးအဆင့်နှင့်ပါ မတူညီဘဲ ကွဲပြားသည်။
ရွှေရောင်မျက်လုံးအား တစ်နည်းအားဖြင့် နတ်ဘုရားအလင်း ဟူ၍လည်း ခေါ်သည်။
မည်သို့သော မှော်တိုက်ကွက်မျိုး၌ မဆို အသုံးပြုသူ အနေနှင့် လက်သင်္ကေတများ ပြုလုပ်ရန် သို့မဟုတ် မန္တန် ရွတ်ဖတ်ရန် အချိန်တစ်ခုတော့ လိုသည်။ သို့သော်လည်း အလွန် ပြင်းထန်သော တိုက်ပွဲမျိုး၌ အရာရာက အလင်းအလျင်နှုန်းနှင့် ဖြစ်ပွားနေပြီး အရှားပါးဆုံးသော အရာမှာ အချိန်ဖြစ်သည်။
ထိုအတွက်ကြောင့် မှော်ရတနာများသည် ကျင့်ကြံသူများအတွက် အလွန် အရေးပါနေခြင်း ဖြစ်သည်။ မှော်ရတနာများနှင့် ဆိုပါက အတွေးတစ်ချက်နှင့်တင် ပြင်းထန်သော မှော်တိုက်ကွက်များကို ထုတ်ဖော်နိုင်သည်။ ပြင်ဆင်ရန် အချိန် မပေးရသောကြောင့် မှော်တိုက်ကွက်များအား ပိုမို ထိရောက်မှုရှိစွာ အသုံးပြုနိုင်သည်။
သို့သော်လည်း ရွှေရောင်မျက်လုံးက မှော်ရတနာများကို အသုံးပြုခြင်းထက် ပိုမို ထိရောက်သည်။
ချီသန့်စင်ခြင်းအဆင့်သည် ကျင့်ကြံခြင်း လမ်းစဉ်၏ ပထမဆုံးအဆင့် ဖြစ်ပြီး အဆင့်ခွဲ သုံးခုဖြင့် ပိုင်းခြားထားသည်။ အခြေခံအဆင့်၊ အလယ်အလတ်အဆင့်နှင့် ချီပြည့်စုံအဆင့်တို့ ဖြစ်ကြသည်။ ထိုအဆင့်ခွဲ သုံးခုလုံးအား ဖြတ်ကျော်ပြီးသည့်နောက် မူလဝိညာဉ်အဆင့်သို့ ရောက်ရှိမည် ဖြစ်သည်။ ထို့နောက်တွင်တော့ ရွှေအမြုတေအဆင့်၊ အခြေတည်အဆင့်၊ ဝိညာဉ်ဖြစ်တည်ခြင်းအဆင့်၊ အာကာသအဆင့်၊ တာအိုဖွဲ့စည်းခြင်း အဆင့်နှင့် အတိဒုက္ခအဆင့်တို့ ဖြစ်ကြသည်။
ချီသန့်စင်ခြင်း အလယ်အလတ် အဆင့်နှင့် ချီပြည့်စုံအဆင့်က တစ်ဆက်တည်း ဖြစ်ပြီး ထိုနှစ်ဆင့်အား ပေါင်း၍ 'ဉာဏ်အလင်း ရရှိခြင်း ' အဆင့်ဟုလည်း ခေါ်သည်။
ပြောကြတာတော့ အလွန် အင်အားကြီးသော ဂိုဏ်းများမှ အတော်ဆုံး ပါရမီရှင် လက်တစ်ဆုပ်စာခန့်သာ ချီသန့်စင်ခြင်း အခြေခံအဆင့်တည်းက ရွှေရောင်မျက်လုံးအား အောင်အောင်မြင်မြင် ကျင့်ကြံနိုင်ကြသည်။
မီးအဆီအနှစ် ပါဝင်သော ကျောက်တုံးလေးအား ပိုင်ဆိုင်ထားသောကြောင့် ချန်းဖန်က 'မဟာတာအိုဂိုဏ်း'ရှိ မျက်လုံး ကျင့်စဉ်များအနက် 'လီရွှေရောင်မီးမျက်လုံး' ဟူသော ကျင့်စဉ်အား လေ့ကျင့်ရန် ရွေးချယ်လိုက်သည်။
မျက်လုံး ကျင့်စဉ်များအနက် လီရွှေရောင်မီးမျက်လုံးကျင့်စဉ်သည် အကောင်းဆုံး ဖြစ်သည်။ ထိုကျင့်စဉ်အတွက် အဓိကလိုအပ်သော ဒြပ်စင်မှာ မီးဖြစ်ပြီး ချန်းဖန်အနေနှင့် မီးစွမ်းအင် ပမာဏများစွာ စုပ်ယူရန် လိုအပ်သည်။
ချန်းဖန်၏ အတိတ်ဘဝတွင် 'မဟာတာအိုဂိုဏ်း'မှ တပည့် တစ်ယောက်သည်လည်း 'လီရွှေရောင်မီးမျက်လုံး' ကျင့်စဉ်အား ကျင့်ကြံခဲ့သည်။ ထိုလူသည် တာအိုဖွဲ့စည်းခြင်း အဆင့်သို့ပင် ရောက်ရှိနေသော ကျင့်ကြံသူ တစ်ယောက် ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် ကျင့်ကြံနေစဉ် အလှည့် အပြောင်းတစ်ခု ဖြစ်သွားခဲ့ပြီး မိမိကိုယ်ကို ရှင်လျက်နှင့် မီးမြှိုက်သလို ဖြစ်သွားခဲ့သည်။ နောက်ဆုံးတွင် ထိုလူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ပြာကျသွားပြီး မျက်လုံးနှစ်လုံးကသာ အနီရောင် နေနှစ်စင်းအလား လေထဲ၌ ပေါလောမျောလျက် ကျန်နေခဲ့သည်။
“ရွှေရောင်မျက်လုံးကို ကျင့်ကြံဖို့ နောက်နှစ်ဝက်လောက်အထိ စောင့်ရဦးမယ်လို့ ထင်ထားခဲ့တာ မထင်မှတ်ဘဲ ယင်မြွေကြီးရဲ့ မျက်လုံးအပြင် မီးအဆီအနှစ်ပါ ရလာခဲ့တော့ အားလုံး အဆင်ပြေသွားတယ်”
အရင်ဆုံး ချန်းဖန်သည် ချိုင့်ဝှမ်း ဝင်ပေါက်၌ အကာအကွယ် အစီအရင်တစ်ခု ထပ်မံ ပြုလုပ်လိုက်ပြီး ဖြတ်သန်းခွင့် ကျောက်စိမ်းအဆောင်အား အားရှို့နှင့် ဆရာဝူ နှစ်ယောက်ကိုသာ ပေးထားသည်။
ထို့နောက်တွင် ချန်းဖန်သည် ယင်နဂါးရေကန်ထဲသို့ ခုန်ချလိုက်ပြီး ရေကန်အောက်ခြေ၌ ကြာပန်းသဏ္ဌာန် ထိုင်ကာ စတင် ကျင့်ကြံလိုက်သည်။
မီးသဘာဝ ပြင်းထန်သော ကျင့်စဉ်တစ်ခုအား ကျင့်ကြံရန် သူက ထူးခြားသော ပတ်ဝန်းကျင် အနေအထားအား လိုအပ်သည်။ ယင်နဂါးရေကန်၏ အောက်ခြေ၌ သိပ်သည်းသော ယင်ချီများနှင့် ရေဖိအားလည်း ရှိသောကြောင့် အထောက်အကူ အများကြီး မဖြစ်လျှင်ပင် အနည်းဆုံးတော့ 'မဟာတာအိုဂိုဏ်း'မှ ကျင့်ကြံသူလို ခန္ဓာကိုယ် တစ်ခုလုံး ပြာကျသွားခြင်း မဖြစ်စေရန် ကာကွယ်နိုင်သည်။
အချိန်က တရွေ့ရွေ့ ကုန်ဆုံးလာနေသည်။ ချန်းဖန်သည် ရေကန် အောက်ခြေ၌ ကျင့်ကြံနေသည်မှာ နှစ်လကျော်သွားပြီ ဖြစ်သည်။
နှစ်လ အတောအတွင်း ချန်းဖန်သည် တလက်မပင် မလှုပ်ရှားခဲ့။ သူက အထူးပညာရပ် တစ်ခုအား အသုံးပြု၍ ရေထဲမှ အောက်စီဂျင်အား စုပ်ယူပြီး ဆာလောင်လာသည့်အခါ စွမ်းအင်စုစည်း ဆေးလုံးကို စားသည်။
တဖြည်းဖြည်းနှင့် ချန်းဖန်၏ မျက်လုံးများသည် မှိန်ဖျော့ဖျော့ ရွှေရောင်လေးများ လင်းလက်လာကြသည်။
“ဆရာက ရေကန်အောက်မှာ လေ့ကျင့်နေတာ နှစ်လတောင် ကြာသွားပြီ နောက်ဆုံးတစ်ခေါက် လေ့ကျင့်တုန်းကတောင် ဒီလောက် မကြာဘူး”
အားရှို့က စိတ်ပူစွာ ရေရွတ်လိုက်သည်။
ဆရာဝူသည်လည်း အားရှို့၏ ဘေး၌ ထိုင်လျက်ရှိသည်။ များသောအားဖြင့် ဆရာဝူက တချို့ ကိစ္စများကို စိတ်ထဲတွင်သာထား၍ ထုတ်မပြောသော်လည်း ထိုမိန်းမငယ်လေး၏ စွဲလမ်းနေမှုအား ရိပ်စားမိပေသည်။
ဆရာချန်း လေ့ကျင့်ရန်အတွက် ရေကန်အတွင်း ဝင်သွားစဉ် ကတည်းက အားရှို့သည် ရေကန်ဘေးမှ တစ်မိနစ်မျှပင် မခွာခဲ့ပါ။ လက်ဝါးကွက်များ လေ့ကျင့်နေလေ့ ရှိသော်လည်း ကျန်သည့် အချိန်များတွင်မူ ငြိမ်သက်နေသော ရေမျက်နှာပြင်ကိုသာ ထိုင်ကြည့်နေတတ်သည်။
'ရူးမိုက်တဲ့ မိန်းကလေးပဲ ဆရာချန်းက ငါတို့လို သာမန်လူတွေကို ဘယ်မှာသာ စိတ်ဝင်စားပါ့မလဲ'
ဆရာဝူက စိတ်မကောင်းစွာဖြင့် တွေးလိုက်မိသည်။
နှစ်လအတွင်း အားရှို့သည် ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ပြီး အတွင်းအားပညာ ထူးကဲသော အောင်မြင်မှုအဆင့်သို့ ရောက်ရှိရန် နီးစပ်လာပြီ ဖြစ်သည်။ ထို့ပြင် အစစ်အမှန်သိုင်း သုံးဆယ့်ခြောက်ကွက်၏ ပထမအကွက် 'ကောင်းကင်ပြိုတူ'အား ပိုင်ပိုင်နိုင်နိုင် တတ်မြောက်သွားပြီ ဖြစ်ပြီး ဒုတိယအကွက် 'တိမ်လက်ဝါး'အား စတင် လေ့ကျင့်နေတာ ဖြစ်သည်။
သို့သော်လည်း ချန်းဖန်ကတော့ ရေအောက်တွင်သာ လေ့ကျင့်နေဆဲ ဖြစ်ရာ အားရှို့နှင့် ဆရာဝူတို့က စတင် ပူပန်လာကြသည်။
ဆရာချန်း၏ အံ့မခန်း အစွမ်းထက်မှုအား မယုံကြည်၍ မဟုတ်သော်လည်း ရေအောက်တွင် လေမရှိ၊ စားစရာမရှိနှင့် ဆရာချန်း တစ်ယောက် အဆင်မှပြေပါ့မလား။
“ကျွန်မတို့ ရေအောက်ကိုဆင်းပြီး တစ်ချက်လောက် ကြည့်ကြည့်ရင်ရော”
မနေနိုင်သည့်အဆုံး အားရှို့က မေးလာသည်။
ဆရာဝူက ခဏမျှ စဉ်းစားပြီးနောက် သက်ပြင်းချကာ ပြောသည်။
“ကောင်းပြီလေ ရေအောက်ကို ငါဆင်းကြည့်မယ် ငါက နှစ်ပေါင်းများစွာ ယင်ချီတွေနဲ့ လေ့ကျင့်လာတာ ဆိုတော့ ကန်အောက်ခြေက ယင်ချီ သိပ်သည်းမှုကို ခံနိုင်ရည်ရှိတယ် မင်းမဆင်းခဲ့နဲ့ အန္တရာယ်များတယ်”
ဆရာဝူသည် အသက်ဝဝ ရှူလိုက်ပြီးနောက် ရေအောက်သို့ ဆင်းကြည့်တော့မည့် ဆဲဆဲတွင် အားရှို့၏ အော်သံအား ကြားလိုက်ရသည်။
“ဆရာဝူ ကြည့်ပါဦး”
ဆရာဝူလည်း လှည့်ကြည့်လိုက်သည်တွင် ရွှေရောင်အလင်းလုံး နှစ်ခုက ရေအောက်မှ တဖြည်းဖြည်း လင်းလက်လာသည်ကို တွေ့လိုက်ရသည်။
“ဒါက .. ”
ဆရာဝူ တစ်ယောက် အလွန် ရှောခ့်ရသွားသည်။
ထိုရွှေရောင်အလင်းလုံး နှစ်ခုက ယင်မြွေကြီး၏ မျက်လုံးများနှင့် အလွန် ဆင်တူသည်။
ဆရာဝူနှင့် အားရှို့တို့ နှစ်ဦးလုံး ရေကန်မျက်နှာပြင်အား အကြည့်တစ်ချက် မလွှဲဘဲ ကြည့်နေမိကြသည်။ ရုတ်တရက် ရေကန် မျက်နှာပြင်က ဆူပွက်လာပြီး မရေမတွက်နိုင်သော အမြှုပ်များထလျက် ရေလှိုင်းများ ဖြစ်ပေါ်လာသည်။
“ဘာတွေ ဖြစ်နေတာလဲ”
ထူးဆန်းသော ဖြစ်ရပ်ကြောင့် ဆရာဝူတို့ နှစ်ယောက်လုံး ကြက်သေ သေနေကြသည်။
ဖြစ်နိုင်တာက မီးတောက်တစ်ခု ရေအောက်တွင် ရှိနေသည်များလား။ အဓိပ္ပာယ် မရှိပေ။ ယင်နဂါးရေကန်ရှိ ရေများမှာ အလွန် အေးစက်လှပြီး ယင်ချီများလည်း သိပ်သည်းနေလေရာ မည်သို့သော မီးတောက်က ရေအောက်တွင် ရှိနေနိုင်ပါမည်နည်း။
ရုတ်တရက် ကန်ရေပြင်က နှစ်ခြမ်းကွဲသွားပြီး ရေလှိုင်းများကြားမှ လူတစ်ယောက် ထွက်ပေါ်လာသည်။
“ဆရာ”
အားရှို့က အံ့ဩတကြီး ရေရွတ်လိုက်သည်။
ဆရာဝူ ပထမဆုံး သတိထားမိသည်မှာ ရွှေရောင်အဆင်း ဖြာထွက်နေသော ချန်းဖန်၏ မျက်လုံးများကို ဖြစ်သည်။
“အား”
ဆရာဝူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ထိတ်လန့်မှုကြောင့် နောက်ပြန်လန်ကျသွားသည်။
ဆရာဝူသည် ချန်းဖန်၏ မျက်လုံးနှစ်လုံးအား အလွန် နီးကပ်စွာ ကြည့်မိသွားသည်။ ထို့ကြောင့် ရွှေရောင်လက်နေသော မျက်လုံးများထဲရှိ ကခုန်နေသော မီးတောက်များအား အသေအချာ မြင်လိုက်ရသည်။ ထိုမီးတောက်များက ဆရာဝူ၏ မြင်လွှာ အတွင်းထဲထိပါ လောင်ကျွမ်းသွားဟန် ရပြီး ဆက်၍ မကြည့်နိုင်တော့ပေ။
“ဆရာ.. ဆရာ ဘာဖြစ်သွားတာလဲဟင်”
အားရှို့သည် ဆရာဝူ၏ ဖြစ်ရပ်ကြောင့် ချန်းဖန်အား တည့်တည့် မကြည့်ရဲတော့ဘဲ ခေါင်းငုံ့လျက် မဝံ့မရဲ မေးလိုက်သည်။
ချန်းဖန်က အားရှို့အား မတုံ့ပြန်ဘဲ မြူဆိုင်းနေသော ကောင်းကင်အား မော့ကြည့်လိုက်သည်တွင် သူ၏ မျက်လုံးများမှ ရွှေရောင် အလင်းတန်းနှစ်ခု ပြေးထွက်သွားပြီး ထူထဲလှသော မြူထုထဲ၌ အပေါက်ကြီးနှစ်ပေါက် ဖြစ်ပေါ်လာသည်။
“နတ်ဘုရားအလင်းရဲ့ အစွမ်းက တကယ်ကျေနပ်စရာပဲ နောက်ဆုံးတော့ 'လီ' ရွှေရောင်မီးမျက်လုံးကို အောင်မြင်သွားခဲ့ပြီ”
ချန်းဖန်က ကျေနပ်စွာနှင့် အော်လိုက်ပြီးနောက် မျက်လုံးများအား ပိတ်လိုက်သည်။ ထို့နောက် နောက်တကြိမ် ပြန်ဖွင့်လိုက်သည်တွင် သူ၏ မျက်လုံးများထဲရှိ ကခုန်နေသော မီးတောက်မှာ ပျောက်ကွယ်သွားသည်။
“ဂုဏ်ပြုပါတယ် ဆရာချန်း”
ဆရာဝူသည် လောလောလတ်လတ် မြင်ခဲ့ရသော ချန်းဖန်၏ မျက်လုံးများထဲရှိ မီးတောက်ကြောင့် ခေါင်းထဲ မူးဝေနေသေးသော်လည်း အလျင်အမြန် ဂုဏ်ပြုလိုက်သည်။
အားရှို့ကတော့ ပျော်ရွှင်မှု၊ ဂုဏ်ယူလေးစားမှုတို့နှင့် ပြည့်နှက်နေသော အကြည့်များနှင့် ချန်းဖန်အား စူးစူးစိုက်စိုက် ကြည့်လျက်ရှိသည်။
ချန်းဖန်က လက်နှစ်ဖက်အား ကျောနောက်တွင် ချိတ်လျက် ဖြည်းညင်းစွာ ပြောလိုက်သည်။
“အခု နတ်ဘုရားအလင်းကိုလည်း ရပြီးသွားပြီ ဆိုတော့ အချိန်ထပ်ဖြုန်းစရာ မလိုတော့ဘူး ယင်နဂါးရေကန်ကို ရောက်နေတာတောင် အတော်ကြာပြီ အခုက အိမ်ပြန်ရမဲ့ အချိန်ပဲ”
အားရှို့၏ မျက်နှာပေါ်ရှိ အပြုံးလေးမှာ ရုတ်ခြည်း မှေးမှိန်သွားသည်။ သူမက အလျင်အမြန်ပဲ မေးလိုက်သည်။
“ဆရာ.. ချူကျိုးမြို့ကို ပြန်တော့မလို့လား တပည့်ကိုပါ ခေါ်သွားမယ် မလားဟင်”
ချန်းဖန်သည် ရေကန်အစပ်တွင် ရပ်နေရာမှ ကုန်းပေါ်သို့ တက်လိုက်ပြီးနောက် ချိုင့်ဝှမ်း၏ ဝင်ပေါက်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားရင်း ပြောသည်။
“ဘာလို့ မင်းကိုပါ ခေါ်သွားရမှာလဲ ငါက မင်းရဲ့ဆရာလေ ကလေးထိန်းမှ မဟုတ်တာ အခုကစပြီး ဝူရှန့်ဟယ်ရဲ့ နောက်ကို လိုက်ပါ ငါသင်ပေးထားတဲ့ လက်ဝါးကွက်တွေ အကုန်လုံး ကျွမ်းကျင်သွားတဲ့ အခါကျမှ ငါ့ကို လာရှာလှည့်”
ထို့နောက်တွင် ချန်းဖန်၏ ပုံရိပ်မှာ ထူထဲလှသော မြူမှုန်များကြားထဲ ဝေဝါးသွားတော့သည်။ အားရှို့ခမျာ တုံ့ပြန်ချိန်တောင် မရလိုက်ပေ။
ဆရာဝူလည်း အားရှို့နားသို့ လျှောက်လာပြီးနောက် သူမ၏ ပခုံးလေးကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။
“ဆရာချန်းက နတ်ဘုရားလို အစွမ်းထက်တဲ့ သူပဲ ငါတို့အနေနဲ့ ဆရာချန်းရဲ့ သင်ပြမှုကို အချိန် အတိုင်းအတာ တစ်ခုအထိ ရတာတောင် ကံကောင်းလွန်းလှပြီ “
ဆရာဝူက ခဏမျှ ရပ်လိုက်ပြီးနောက် သက်ပြင်းချကာ ဆက်ပြောသည်။
“တကယ်လို့ မင်းက ဆရာချန်းအနားမှာ အမြဲ ရှိနေချင်တယ်ဆိုရင် အခုထက်ပိုပြီး ကြိုးစားဖို့လိုတယ်”
“ဟုတ်ကဲ့ ကျွန်မ နားလည်ပါပြီ”
အားရှို့၏ မျက်လုံးများထဲ၌ ဆုံးဖြတ်ချက် ခိုင်မာသော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး ဝေ့တက်လာသော မျက်ရည်စများအား မသိကျိုးကျွန် ပြုကာ လက်သီးတင်းတင်း ဆုပ်လိုက်လေသည်။
***