ချူကျိုးမြို့သို့ ပြန်လည်ရောက်ရှိခြင်း
Vol. 1 Ch. 81
သုံးရက်ကြာပြီးနောက်၊ အိုင်ဗွီအထက်တန်းကျောင်း ရှေ့၌။
ချန်းဖန်သည် ကျောင်းဝင်ပေါက်၏ မျက်နှာချင်းဆိုင်ရှိ သစ်ပစ်တစ်ပင်အား မှီလျက် လူးလာခေါက်တုံ့ သွားလာနေကြသော ကျောင်းသူ၊ ကျောင်းသားများအား ကြည့်နေမိသည်။
သူက ချူကျိုးမြို့မှ ထွက်လာခဲ့သည်မှာ သုံးလကျော်ခန့် ရှိပြီ ဖြစ်သည်။
ထိုသုံးလသည် သာမန် ကျောင်းသားများ အတွက်မူ အတန်းတက်လိုက်၊ စာကျက်လိုက်၊ စာမေးပွဲဖြေလိုက်နှင့် ကုန်ဆုံးသွားနိုင်သော်လည်း ချန်းဖန်သည် သုံးလအတွင်း အများကြီး တိုးတက်ခဲ့သည်။ ချီသန့်စင်ခြင်း အခြေခံအဆင့်၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီး မှော်စွမ်းအင်များကိုလည်း အသုံးပြုနိုင်နေပြီ ဖြစ်သည်။
သူသည် 'ဖန်းရှဲ့ရယ်' အပင်များကို အသုံးပြု၍ ဝိညာဉ်ဖွဲ့စည်း ဆေးလုံးများ ဖော်စပ်နိုင်ခဲ့ပြီး ဝိညာဉ်စွမ်းအင် မှတစ်ဆင့် နတ်ဘုရား စိတ်အာရုံကို ရရှိခဲ့သည်။ ထို့ပြင် စွမ်းအင် စုစည်းဆေးလုံးများလည်း ဖော်စပ်နိုင်ခဲ့ပြီး မှော်ရတနာတစ်ခုလည်း ပြုလုပ်ခဲ့သေးသည်။ နောက်ဆုံးအနေနှင့် မီးအဆီအနှစ် ပါဝင်သော ကျောက်တုံးလေးအား အမှတ်မထင် ရရှိခဲ့ပြီး နတ်ဘုရားအလင်း (ရွှေရောင်မျက်လုံး) အား အောင်အောင်မြင်မြင် ကျင့်ကြံနိုင်ခဲ့သည်။
ပြန်လည် မွေးဖွားလာသည့် အချိန်မှစ၍ သူသည် ပြင်းပြင်းထန်ထန် ကြိုးစား လေ့ကျင့်ခဲ့ပြီး ယခုအခြေအနေအထိ ရောက်အောင် မနည်းလုပ်ယူခဲ့ရသည်။ တချိန်က 'မြောက်အရပ်၏ ကောင်းကင်ဘုံ နတ်ဘုရား' ဟူ၍ ကျော်စောခဲ့သူက ပြန်လည် မွေးဖွားလာချိန်၌ သာမန် လက်နက်လေးနှင့်ပင် သတ်၍ သေနိုင်သော ဆယ်ကျော်သက် ကောင်လေး ဖြစ်နေခြင်းက နည်းနည်းတော့ ကသိကအောက် ဖြစ်စရာပင်။
'လီ'ရွှေရောင်မီးမျက်လုံးနှင့် ဆိုလျှင် သူ့အနေနှင့် ဟုန်ဂိုဏ်းမှ လက်စားချေလာမည်ကိုလည်း ကြောက်ရွံ့နေစရာ မလိုတော့ပေ။
ယုံကြည်မှုအသစ်တို့ဖြင့် ချန်းဖန်လည်း ခါးကို မတ်မတ်ဆန့်လိုက်ပြီး ကျောင်းဝင်ပေါက်ဆီသို့ ဦးတည်ကာ လျှောက်လှမ်း သွားလိုက်သည်။
ထိုအချိန်တွင်ပဲ ချန်းဖန်နှင့် မလှမ်းမကမ်း၌ မိန်းကလေး သုံးယောက် လျှောက်လှမ်းလာနေပြီး အလယ်မှ တစ်ယောက်မှာ ဆွဲဆောင်မှုရှိသော မိန်းမငယ်လေး တစ်ယောက် ဖြစ်သည်။
ချန်းဖန်အား မြင်သော် မိန်းကလေး၏ မျက်လုံးများမှာ ဝိုင်းစက်သွားပြီး သူမက ရေရွတ်လိုက်မိသည်။
“ချန်းဖန် သူ ဘယ်တုန်းက ပြန်ရောက်နေတာလဲ”
ထိုမိန်းကလေးကား ကျန်းချူယန် ဖြစ်သည်။ သုံးလကျော်သာ ရှိသေးသော်လည်း သူမက အရင်ကထက် အများကြီး ရင့်ကျက်သွားပုံ ပေါ်သည်။
ကျန်းချူယန်၏ ဘေးရှိ မိန်းကလေးနှစ်ယောက်က ချန်းဖန်အား စပ်စုလိုစွာ လှမ်းကြည့်နေကြသည်။ လှပသော မိန်းကလေး တစ်ယောက်က မေးလိုက်သည်။
“ချန်းဖန်ဆိုတဲ့ နာမည်က ရင်းနှီးနေသလိုပဲ ယန်ယန် အဲ့ဒါ နင့်ရဲ့ ကောင်လေးလား”
“ဒါမှမဟုတ် သူငယ်ချင်းလား”
ရဲတင်းဟန်ရသော နောက်ထပ် မိန်းကလေး တစ်ယောက်ကလည်း သူမ မျက်နှာပေါ်ရှိ မျက်မှန်အား ပင့်တင်ရင်း ဝင်မေးလိုက်သည်။
“ယန်ယန့်မှာ လီရီချန်းအပြင် နောက်ထပ် ယောက်ျားလေး သူငယ်ချင်း ရှိလိမ့်မယ်လို့ ထင်မထားဘူး”
အလုပ်ရှုပ်လှသော အိုင်ဗွီ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ အတွက်မူ သုံးလ ဟူသော အချိန်က တချို့ကိစ္စများအား မေ့ပျောက်သွားရန် လုံလောက်ပေသည်။
လွန်ခဲ့သော သုံးလခန့်က ချန်းဖန်သည် စီယင်းရှာအား တိုက်ခိုက် အနိုင်ယူခြင်း၊ ရှုယုံဖေးနှင့် တွဲနေသည်ဟု ကောလဟာလ ထွက်ခဲ့ခြင်းတို့ကြောင့် ကျောင်းသားများအကြား အလွန် နာမည်ကြီးခဲ့သည်။
သို့သော်လည်း သုံးလအတွင်း အိုင်ဗွီ အထက်တန်းကျောင်း၌ အခြားသော နာမည်ကြီး ဖြစ်ရပ်များက အလားတူ ဖြစ်ပွားခဲ့ရာ လူနည်းစုလောက်သာ ချန်းဖန်အား မှတ်မှတ်ရရ ရှိနေတော့သည်။
ကျန်းချူယန်လည်း ချန်းဖန်ထံသို့ လျှောက်သွားကာ မေးလိုက်သည်။
“နင်မရှိတဲ့ အတောအတွင်း ကိစ္စ တော်တော်များများ ပြောင်းလဲသွားခဲ့တယ် ပြန်ရောက်တာ ကြာပြီလား ငါ့အမေကိုရော အကြောင်းကြား ပြီးပြီလား”
ချန်းဖန်က အေးဆေး တည်ငြိမ်စွာဖြင့် ပြန်ဖြေသည်။
“ငါ ဒီနေ့မှ ပြန်ရောက်တာ အန်တီထန့်ကို အသိမပေး ရသေးဘူး အန်တီထန်နဲ့ တွေ့ဖို့ ငါ့ကို ခေါ်သွားပေးနိုင်မလား”
“နင်က သူ့ကိုတောင် လာမတွေ့ဘဲ ထွက်သွားတော့ အမေ စိတ်မကောင်း ဖြစ်နေတယ် အခု ငါ့မှာ သွားစရာလေး ရှိနေသေးလို့ အမေ့ဆီကို နင့်ဘာသာပဲ သွားလိုက်လို့ရမလား”
“ဟုတ်လား ဘယ်သွားမလို့လဲ”
ချန်းဖန်က ဘာရယ်မဟုတ် မေးလိုက်သည်။
ထိုစဉ် အနက်ရောင်အူဒီ ကားတစီးက ကျောင်းဂိတ်ဝ၌ ရပ်တန့်လာပြီး ကားအတွင်းမှ ရင်းနှီးနေပြီးသော လူတစ်ယောက် ထွက်ပေါ်လာသည်။
လီရီချန်းပင်။
လီရီချန်းသည်လည်း ချန်းဖန်ကို မြင်လိုက်ရသောကြောင့် အံ့ဩသွားပြီး ခဏကြာမှ သူက ပြုံးရင်း ပြောသည်။
“ဘယ်သူများလဲလို့ ကျောင်းသားသစ်လေး ချန်းဖန်ပဲ”
ထို့နောက် သူက ကျန်းချူယန်အတွက် ကားတံခါး ဖွင့်ပေးရင်း ပြောလိုက်သည်။
“ယန်ယန် သွားရအောက်လေ ခုလောက်ဆို စားဖိုမှူးက 'မြူနှင်းကမ်းခြေ'မှာ အလုပ်စ နေလောက်ပြီ မြန်မြန်မသွားရင် ကိုယ်တို့ လွဲသွားလိမ့်မယ်”
ကျန်းချူယန်လည်း အသာအယာ ခေါင်းညိတ်လိုက်ရင်း ချန်းဖန်ကိုပင် နှုတ်ဆက်စကား မဆိုတော့ဘဲ ကားအတွင်းသို့ ဝင်သွားလေသည်။ လီရီချန်းသည်လည်း ချန်းဖန်အား တစ်ချက်မျှ စွေမကြည့်တော့ပေ။ သူက မာန်တက်နေသော အပြုံးတစ်ခုနှင့် ကားထဲသို့ ဝင်သွားပြီး မောင်းထွက်သွားတော့သည်။
အနက်ရောင် အူဒီကားလေးက အဝေးသို့ ရောက်ရှိသွားပြီး ချန်းဖန်အား ဖုန်လုံးကြီးထဲ၌ ထားရစ်ခဲ့သည်။
အဖြစ်အပျက်အား အစအဆုံး ကြည့်ရှုနေသော ကျန်းချုယန်၏ သူငယ်ချင်း မိန်းကလေး နှစ်ယောက်ထဲမှ တစ်ယောက်က အလန့်တကြားနှင့် ပြောလိုက်သည်။
“မြူနှင်းကမ်းခြေ အဲဒါ ငါတို့မြို့က ဈေးအကြီးဆုံး စားသောက်ဆိုင်မလား ဟင်းတစ်ပွဲကို ယွမ်ထောင်ချီ ပေးရတယ် ဆိုတဲ့ဆိုင်လေ ငါကြားတာတော့ အဲ့ဆိုင်က စာဖိုမှူးက ပြင်သစ်လူမျိုး ဆိုပဲ အား မိုက်လိုက်တာနော် ငါ့ကောင်လေးကသာ ငါ့ကို အဲ့လို စားသောက်ဆိုင်ကို ခေါ်သွားကြည့်ပါလား ချက်ချင်းကို လက်ထပ်ခွင့် ပေးပစ်လိုက်မယ်”
“အိပ်မက် ဆက်မက်နေ”
အခြားသော မိန်းကလေး တစ်ယောက်က မျက်လုံးလှန်ပြရင်း ပြောသည်။
“လီရီချန်းက ယန်ယန့်ကို လိုက်နေတာဖြင့် ကြာလှပြီ ယန်ယန်ကလည်း မကြာခင်မှာ အဖြေ ပြန်ပေးတော့မှာ”
မိန်းကလေး နှစ်ယောက်က စရင်းနောက်ရင်းနှင့် ချန်းဖန် အနီးသို့ ရောက်ရှိလာသည်။ နှစ်ယောက်ထဲမှ တစ်ယောက်က ချန်းဖန်အား သနား ကရုဏာ သက်ဟန်ဖြင့် ပြောလာသည်။
“နင်လည်း ယန်ယန့်ကို လိုက်နေတာလား မေ့လိုက်တော့ 'လီရီချန်းနဲ့ ကျန်းချူယန်' သင်္ဘောကြီးက ရွက်လွှင့်နေပြီ”
ရယ်သံများနှင့် အတူ မိန်းကလေးနှစ်ယောက်က ကျောင်းအတွင်းသို့ ဝင်ရောက် ပျောက်ကွယ် သွားသည်။
ချန်းဖန်သည် နေရာတွင်သာ မလှုပ်မယှက် မတ်တတ်ရပ်နေမိသည်။
“ကျန်းချူယန်က လီရီချန်းနဲ့ တရားဝင် တွဲနေကြပြီလား မထူးဆန်းပါဘူး ဒါက အရင်ဘဝက ဖြစ်ခဲ့တာနဲ့ တစ်ပုံစံတည်းပဲ သူတို့နှစ်ယောက်က တက္ကသိုလ် အတူတူတက်ပြီး ပျော်ပျော်ရွှင်ရွှင် ပေါင်းစည်း သွားကြလိမ့်မယ်”
ချန်းဖန်က သက်ပြင်း အရှည်ကြီး ချလိုက်မိသည်။
“ငါက ပြန်လည်မွေးဖွား လာပေမဲ့လည်း ကံတရားကိုတော့ ပြောင်းလဲလို့ မရနိုင်ဘူး အရာအားလုံးက အရင်ဘဝက ဖြစ်ခဲ့တာနဲ့ တစ်ထပ်တည်း တူညီနေတုန်းပဲ”
ချန်းဖန်၏ နှလုံးသားက ရှုပ်ထွေး နက်ရှိုင်းလှသော ခံစားချက်များနှင့် ပြည့်နှက်လို့နေသည်။ သို့သော် ထိုခံစားချက်များက ကျန်းချူယန်ကြောင့် မဟုတ်တာတော့ သေချာပါ၏။ သူက ပြောင်းလဲ၍ မရနိုင်သော ကံတရားကြောင့် ရင်လေး နေမိခြင်းသာ ဖြစ်သည်။
တကယ်လို့ ကျန်းချူယန်က သူ၏ အတိတ်ဘဝကအတိုင်း တစ်ထပ်တည်း တူညီသော လမ်းအား လျှောက်ခဲ့သည် ဆိုပါက ရှုယုံဖေးကရော ရှောင်ချုံးကရော သူ၏အမေကရော။ အရာအားလုံးက လွန်ခဲ့သော နှစ်ငါးရာကအတိုင်း တစ်ထပ်တည်း ပြန်လည် ဖြစ်ပျက်လာမည်လား။
“ကြည့်ရတာ ငါ့အနေနဲ့ ပြောင်းလဲမှု တချို့ စတင်ဖို့ လိုနေပြီပဲ”
ချန်းဖန်သည် ကျောင်းတက်ရန် စိတ်ကူးအား ပယ်ဖျက်လိုက်ပြီး ဂိတ်ပေါက်ဝမှ လှည့်ထွက်လာခဲ့သည်။
သူက ပြန်လည် မွေးဖွားလာသည်မှာ ငါးလခန့် ရှိပြီ ဖြစ်သော်လည်း နှစ်လခန့်ကိုသာ ချူကျိုးမြို့၌ ကုန်ဆုံးခဲ့သည်။ ထိုနှစ်လ အတောအတွင်း သူက ကိစ္စတချို့ကိုသာ ပြောင်းလဲခဲ့သည်။
အဘိုးဝေ့၊ ကျိုးထျန်ဟောက်၊ အားရှို့၊ ဆရာဝူ .. ထိုလူငါးယောက်၏ ကံကြမ္မာကိုသာ သူက ပြောင်းလဲပေးခဲ့သည်။
ကျန်းချူယန်က မအားမှတော့ သူက အန်တီထန့်အား ကိုယ်တိုင် သွားတွေ့ရန် ဆုံးဖြတ်လိုက်သည်။
သူက ကျန်းချူယန်အား ယွင်ဝူတောင်ထိပ်ရှိ အပန်းဖြေအိမ်ကြီး၏ သော့အကြောင်း မေးရန် သတိရသော်လည်း နောက်ဆုံးတွင် မမေးဖြစ်ခဲ့ပါ။ သော့ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူ့အတွက် အိမ်ထဲသို့ ဝင်ရန် မခဲယဉ်းသောကြောင့်လည်း ဖြစ်သည်။
ချန်းဖန်သည် ရေကန်ပတ်လမ်းအတိုင်း လမ်းလျှောက်လာရင်း ဖုန်းကိုထုတ်ကာ အန်တီထန့်ဆီသို့ ဖုန်းခေါ်လိုက်သည်။
အန်တီထန်က ချက်ချင်းလိုလိုပင် ဖုန်းကိုင်ပြီး သူမအား လူချင်းတွေ့ကာ အကြောင်းမကြားဘဲ သုံးလလုံးလုံး ပျောက်ခြင်းမလှ ပျောက်နေမှုအား ဆူပူတော့သည်။ သူမက ဒေါသနှင့် ဆူပူနေသော်လည်း သူမ၏ အသံများထဲ၌ စိုးရိမ်ပူပန်မှုတို့ ကိန်းဝပ်လျက် ရှိသည်။
အန်တီထန့်၏ သူ့အပေါ် စိုးရိမ် ပူပန်ပေးမှုကြောင့် ချန်းဖန်၏ နှလုံးသားမှာ နွေးထွေးသွားရသည်။
အန်တီထန့်အား နှစ်ရက်အတွင်း လာတွေ့ကာ ညစာ အတူစားမည် ဖြစ်ကြောင်း ကတိပေးပြီးနောက် ချန်းဖန်သည် ရေကန်နံဘေး အိမ်ရာရှိ အန်တီထန် ငှားရမ်းပေးထားသော တိုက်ခန်းသို့ အရင်ဆုံး ပြန်ရန် ဆုံးဖြတ်လိုက်သည်။
တိုက်ခန်းရှေ့သို့ ရောက်သည့်အချိန်တွင် ချန်းဖန်က တစ်ခုခု လွဲချော်နေသလို ခံစားလိုက်ရသည်။
နတ်ဘုရား စိတ်အာရုံအား တိုက်ခန်းအတွင်းသို့ ဖြန့်ကြက် ကြည့်လိုက်သည်တွင် ဘယ်သူမှ ရှိမနေသင့်သော အခန်းထဲ၌ လူတစ်ယောက် ရှိနေသည်ကို တွေ့လိုက်ရသည်။
“သူက ဘာလို့ ဒီကို ရောက်နေတာလဲ”
ချန်းဖန်က တံခါးမကြီးအား ဖွင့်လိုက်သည်တွင် ဆိုဖာပေါ်၌ လဲလျောင်းနေသော မိန်းကလေး တစ်ယောက်အား တွေ့လိုက်ရသည်။ သူမက အိမ်နေရင်း အင်္ကျီတစ်ထည်နှင့် ဘောင်းဘီတိုတစ်စုံအား ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားပြီး ဖြူဖွေး ချောမွတ်နေသော ခြေတံလေးများအား လှစ်လှပ် ပြသထားသကဲ့သို့ ရှိသည်။ သူမသည် ဆိုဖာနှင့် မျက်နှာချင်းဆိုင်ရှိ တီဗွီအား စိတ်ဝင်တစား ကြည့်နေရင်း လက်ထဲတွင် ကိုင်ထားသော အာလူးကြော်ထုပ်ထဲမှ အာလူးကြော် လက်တစ်ဆုပ်အား ပါးစပ်ထဲသို့ ပစ်ထည့်ကာ အားရပါးရ ဝါးစားလို့နေသည်။
“အား”
မိန်းကလေးသည် တီဗွီ ကြည့်နေရာမှ ချန်းဖန်အား သတိထားမိသွားပြီး ထိတ်လန့်သွားကာ မတ်တတ်ထရပ်ရန် ကြိုးစားလိုက်သည်။
သူမ၏ ထိတ်ထိတ်ပျာပျာ ထရပ်လိုက်မှုကြောင့် ခြေချော်ကာ ဆိုဖာပေါ်မှ ပြုတ်ကျသွားပြီး နဖူးနှင့် ကြမ်းပြင် မိတ်ဆက်သွားတော့သည်။
“အား”
မိန်းကလေးက သူမ၏ နဖူးပြင်အား ပွတ်ရင်း ညည်းညူလိုက်သည်။
ချန်းဖန်တွင် မေးစရာ မေးခွန်း များစွာ ရှိနေသော်လည်း ဘယ်ကစ မေးလို့ မေးရမှန်းပင် မသိတော့ချေ။
“ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေတာလဲ အစ်မကျီချီ”
ကြောင်တောင်တောင်နှင့် ထိုမိန်းကလေးကား အခြားသူ မဟုတ်ပါ။ CoCo ဘားတွင် ချန်းဖန်နှင့် လုပ်ဖော်ကိုင်ဖက် ဖြစ်ခဲ့ဖူးသော အမကျီချီပါပင်။
“အာ.. လက်စသတ်တော့ နင်ပဲ”
ကျီချီသည် ချန်းဖန်အား ကြည့်ရင်း ဇဝေဇဝါ ဖြစ်နေပုံ ရသည်။
“ငါက ဒီမှာ နေတာလေ ဘယ်လိုဖြစ်လို့ နင့်မှာ ငါ့အိမ်ရဲ့သော့ ရှိနေတာလဲ”
“အမက ဒီမှာနေတယ်”
ချန်းဖန်က မယုံနိုင်စွာ ပြန်မေးလိုက်မိသည်။
သုံးလအတွင်း ချူကျိုးမြို့၌ ပြောင်းလဲသွားသော အရာများအား ချန်းဖန် တစ်ယောက် လိုက်မမှီတော့သလိုပင် ခံစားလိုက်ရသည်။
***