← Chapters

စွမ်းအား

Vol. 1 Ch. 82

စွမ်းအား

Vol. 1 Ch. 82

ကျီချီနှင့် သေချာ စကားပြောကြည့် ပြီးတော့မှ နှစ်ယောက်လုံးမှာ တိုက်ခန်းပိုင်ရှင်၏ လိမ်လည်ခြင်း ခံလိုက်ရကြောင်း သိလိုက်ရသည်။

အန်တီထန်လည်း သိမည် မထင်ပါ။ ချန်းဖန်က ဤတိုက်ခန်းသို့ မလာဖြစ်သည်မှာ ကြာပြီဖြစ်ရာ တိုက်ခန်းပိုင်ရှင်က ကျီချီအား ထပ်မံ ငှားရမ်းလိုက်ခြင်း ဖြစ်ပေမည်။

ရေကန်ပတ်လမ်း ဘေးရှိ တိုက်ခန်း အိမ်ရာများမှာ အလတ်အလတ်တန်းစား တိုက်ခန်းများ ဖြစ်သောကြောင့် ငှားရမ်းလိုသူများက အမြဲ‌လိုလို တန်းစီနေတတ်သည်။

တိုက်တစ်ထပ်လုံးအား ငှားရမ်းလျှင် အလွန် ဈေးကြီးသော်လည်း တစ်ခန်းစာလောက် အတွက်မူကား အရမ်းကြီး မများလှရာ ကျီချီအတွက် ငှားရမ်းရန် တတ်နိုင်သော ပမာဏ ဖြစ်သည်။

“တိုက်ခန်းပိုင်ရှင် ဘယ်မလဲ”

ချန်းဖန်က မေးလိုက်သည်။

“သူက အမေရိကမှာလေ သူ့သားက အမေရိကန် နိုင်ငံသားအဖြစ် ခံယူထားတာ ဆိုတော့ သူကလည်း အဲ့မှာပဲ လိုက်နေတယ် တိုက်ခန်းခတွေ သိမ်း‌ဖို့အတွက် တစ်နှစ်မှာ နှစ်ကြိမ်လောက်ပဲ ပြန်လာတတ်တယ်”

ကျီချီက ချန်းဖန်အား ကြည့်နေရင်း ပြန်ဖြေလိုက်သည်။

သူမတို့ မတွေ့ဖြစ်သည်မှာ သုံးလကျော်ပြီ ဖြစ်သော်လည်း သူမက ချန်းဖန်အား ရှင်းရှင်းလင်းလင်းပင် အမှတ်ရနေဆဲ ဖြစ်သည်။

ချန်းဖန်ဟူသော လူငယ်လေးကား သူဌေးယန်ကိုပင် CoCoဘားမှ ကန်ထုတ်နိုင်ခဲ့ပြီး အကိုတုန်းပင်လျှင် ကြောက်ရွံ့ရသူ ဖြစ်သည်။ ကောလာဟလများကတော့ ချန်းဖန်သည် ကျိုးထျန်ဟောက်၏ မိတ်ဆွေ ဖြစ်သည်ဟု ဆိုကြသည်။

CoCoဘား၌ အပြောင်းအလဲများစွာ ဖြစ်ခဲ့ပြီးနောက် အကိုတုန်းသည် အစ်မရင်အား မချေမငံ မဆက်ဆံရဲတော့ပါ။ ကျီချီသည်လည်း ဘား၌ တဖြည်းဖြည်း နေရာရလာခဲ့သည်။ ထို့ကြောင့် အရင်နေခဲ့သော ဈေးပေါပေါ တိုက်ခန်းတွင် မနေတော့ဘဲ ပို၍ ဈေးကြီးသော တိုက်ခန်းသို့ ရွှေ့ပြောင်းနိုင်ခဲ့သည်။

အမှန်တကယ်တွင်တော့ သူမအနေနှင့် ယခုကဲ့သို့ အဆင့်အတန်းရှိသော တိုက်ခန်းမျိုး၌ နေထိုင်နိုင်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပါ။ သို့သော်လည်း ချန်းဖန်ကြောင့် ထိုအရာများက လက်တွေ့တွင် ဖြစ်လာခဲ့ရသည်။

“အမေရိကကို သွားတယ်”

ချန်းဖန်က စိတ်ပျက်သွားရသည်။

အကယ်၍ တိုက်ခန်းပိုင်ရှင် အမျိုးသမီးသာ ကျန်းပေ့တိုင်းအတွင်း ရှိနေသေးပါက ချန်းဖန်သည် လတ်တလော ပိုင်ဆိုင်ထားသော သူ၏ နောက်လိုက်နောက်ပါများ အဆက်အသွယ်ဖြင့် ရှာဖွေနိုင်ဦးမှာ ဖြစ်သည်။

“ရှောင်ဖန် နင် ငါ့ကို မောင်းထုတ်မလို့လားဟင်”

ချန်းဖန်၏ မျက်နှာ အမူအရာ မကောင်းသည်ကို တွေ့တော့ ကျီချီက သနားစဖွယ် မျက်နှာလေးနှင့် မေးလိုက်သည်။

“ငါက တိုက်ခန်းခကို တစ်နှစ်စာတောင် ပေးထားရတာ ပြီးတော့ အဲဒီအထဲက တချို့တစ်ဝက်က အမရင်ဆီက ချေးထားတာ တကယ်လို့ နင်သာ ငါ့ကို မောင်းထုတ်ရင် ငါ ကျူရှင်တောင် တက်နိုင်တော့မယ် မထင်ဘူး”

“ဟုတ်ပါပြီ ဟုတ်ပါပြီ”

ချန်းဖန်သည် ကျီချီ၏ စိုးရိမ် ပူပန်နေမှုကြောင့် ရယ်ချင်သွားရသည်။

“ကျွန်တော် အမကို မောင်းမထုတ်ပါဘူး”

ချန်းဖန်နေရာတွင် အခြားလူသာ ဆိုပါက ကျီချီအနေနှင့် အိမ်ငှားခ ပေးထားသည် ဖြစ်စေ၊ မပေးထားသည် ဖြစ်စေ ဂရုစိုက်နေမည် မဟုတ်ပါ။ သူမတွင် အိမ်ငှားစာချုပ် လက်ဝယ် ရှိမနေခြင်းကြောင့် ဤတိုက်ခန်းတွင် သူမ ‌နေခြင်းက တရားမဝင်ပေ။

ချန်းဖန်က မတ်တတ်ရပ်ရင်း ပြောလိုက်သည်။

“ကျွန်တော့်မှာ တခြား နေစရာနေရာ ရှိပါတယ် ဒီကို ပြန်လာတာက ကျန်ခဲ့တဲ့ ပစ္စည်းတချို့ လာသိမ်းတာ ဒါနဲ့ အမကျီချီ စားပြီးပြီလား ကျွန်တော် အချိန်ရသေးတယ် တစ်ခုခု သွားစားကြမလား”

“တကယ်လား”

အပြုံးတစ်ခုက ကျီချီ၏ မျက်နှာပေါ်၌ ဖြစ်ပေါ်လာသည် သူမက စိတ်လှုပ်ရှားစွာနှင့် အော်လိုက်သည်။

“အရမ်းကောင်းတယ် အစ်မရင်ကိုပါ ခေါ်လိုက်ရမလား”

“ကောင်းပြီလေ”

ချန်းဖန်လည်း ခွင့်ပြုလိုက်သည်။

ချန်းဖန်သည် ယွင်ဝူတောင်ထိပ်ရှိ အိမ်၌သာနေရန် စိတ်ကူးထားသောကြောင့် ဤတိုက်ခန်းအား အမှန်တကယ် လိုအပ်နေသော ကျီချီကိုသာ ပေးနေလိုက်ရန် တွေးထားလိုက်သည်။

သို့နှင့် ချန်းဖန်၊ ကျီချီနှင့် အမရင်တို့ သုံးယောက်သား ဆုံမိကြသည်။

ချန်းရင်သည် ရှုပ်ထွေး တွေဝေနေသော အတွေးများနှင့် ချန်းဖန်အား ကြည့်လာသည်။

ချန်းရင်က အစပိုင်း ချန်းဖန်အား ကူညီခဲ့ခြင်းမှာ သူမ ဒုက္ခရောက်နေစဉ် ချန်းဖန်က ကယ်တင်ပေးခဲ့ သောကြောင့် ‌ထိုကျေးဇူးကြွေးအား ဆပ်လို၍သာ ဖြစ်သည်။ သို့သော်လည်း နောက်ပိုင်းတွင် သူမက ချန်းဖန်အပေါ် သံယောဇဉ်တွယ်ခဲ့ပြီး ထိုလူငယ်လေးအား တစ်သက်လုံး ကြည့်ရှု စောင့်ရှောက်ပေးရန် တွေးခဲ့မိသည်။

သို့သော်လည်း လွန်ခဲ့သော သုံးလခန့်က CoCoဘားတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များက ချန်းဖန်သည် သူမ၏ ကာကွယ်မှုအား လုံးဝ မလိုအပ်ကြောင်း ‌သက်သေပြလျက် ရှိသည်။

'ရှောင်ဖန်က စည်းစိမ်ချမ်းသာတွေကို စိတ်ကုန်နေတဲ့ သူဌေးသားလေး  တစ်ယောက်ပဲ သူက လက်တွေ့လောကထဲက စိတ်လှုပ်ရှားစရာ အတွေ့အကြုံတွေကို သင်ယူချင်လို့ ဇာတ်မြှုပ်နေတာ ဖြစ်ရမယ်'

အစ်မရင်သည် ထိုကဲ့သို့သော အတွေးအား အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တွေးခဲ့ဖူးသည်။

ထိုအချိန်မှစ၍ အစ်မရင်သည် ချန်းဖန်အား အဆက်အသွယ် ဖြတ်ခဲ့တာ ဖြစ်သည်။ သူမတို့ နှစ်ယောက်သည် မတူညီသော ကမ္ဘာနှစ်ခု၌ နေထိုင်ကြသူများ ဖြစ်ပြီး သူမတို့ကြားမှ ရင်းနှီးမှုကလည်း ကြာရှည်ခံလိမ့်မည် မဟုတ်ဟု တွေးမိခဲ့သည်။ အကယ်၍ သူမက ဤပတ်သက်မှုအား တစ်ဖက်သတ် ဆွဲထားမိပါက နောက်ဆုံး အမှန်တရား ပေါ်ပေါက်လာချိန်၌ နာကျင်ရမည့်သူမှာ သူမသာ ဖြစ်သည်။

ချန်းဖန်တို့သုံးယောက်လည်း တိုက်ခန်းနှင့် နီးသော စားသောက်ဆိုင်တစ်ခုသို့ သွားလိုက်ကြသည်။

ချန်းဖန်သည် ဟင်းပွဲပေါင်း များစွာအား မှာခဲ့သော်လည်း အများစုမှာ ကျီချီ၏ အကြိုက်များ ဖြစ်သည်။ သူကိုယ်တိုင်ကမူ တူတစုံကို လက်ထဲတွင် ကိုင်ထားသော်လည်း မယ်မယ်ရရ သိပ်မစားပေ။

စွမ်းအင်စုစည်း ဆေးလုံးအား စားထားသောကြောင့် ချန်းဖန်အတွက် ပြင်ပအစားအစာများကား အမှန်ပင် မလိုအပ်တာ ဖြစ်သည်။

“ရှောင်ဖန် ဘားကို ပြန်မလာတော့ဘူးလား လီလီ နန်နန်နဲ့ ကျန်တဲ့သူတွေ အားလုံး မင်းကို သတိရနေကြတယ်”

ချန်းရင်က ပြောသည်။

ချန်းရင်သည် ဤအတောအတွင်း၌ ချန်းဖန်၏ နောက်ခံ ဘဝအစစ်အမှန်အား သိရှိရန် စုံစမ်းနေခဲ့သော်လည်း အရာမထင်ခဲ့ပေ။ ချန်းဖန်၏ အလွန် သိုသိပ်လှသော နေပုံထိုင်ပုံကြောင့် ဘယ်သူကမှ သူ့အား သူဌေးအိမ်တော်မှ သခင်လေး တစ်ယောက်ဟု ထင်ကြမည် မဟုတ်။

“တကယ် ငါလည်း နင့်ကို အရမ်း သတိရနေတာ”

ကျီချီက စားသောက်နေရင်း ဝင်ပြောလာသည်။

“အင်း.. ကျွန်တော် လာလည်ဖြစ်မှာပါ”

ချန်းဖန်က နူးညံ့စွာ ပြောလိုက်သည်။ CoCoဘားရှိ လုပ်ဖော်ကိုင်ဖက် အစ်ကို၊အစ်မများက သူ့အပေါ် အမှန်တကယ် စိတ်ရင်းဖြင့် ခင်မင်ကြခြင်း ဖြစ်ရာ သူကလည်း အနည်းနှင့်အများတော့ သံယောဇဉ် ရှိပေသည်။

နေ့လယ်စာ စားပြီးနောက် သုံးယောက်သား အသီးသီး လမ်းခွဲလိုက်ကြသည်။

ချန်းဖန်သည်လည်း အိုင်ဗွီ အထက်တန်းကျောင်း သို့သာ ပြန်လာခဲ့သည်။

ဂရိတ်12၊ တန်းခွဲ9ကတော့ ဘာမှ ထွေထွေ‌ထူးထူး ပြောင်းလဲမသွားပေ။ လူနည်းစုက ချန်းဖန်အား အံ့ဩစွာ ကြည့်လာသော်လည်း အများစုကမူ သတိပင် မထားမိကြ။

ထိုအထဲတွင် ကျန်းထန်ချိုးတော့ သေချာပေါက် မပါဝင်ပေ။

“ဟေ့ကောင် မင်း နောက်ဆုံးတော့ ပြန်လာပြီပေါ့ ငါက မင်းကို သေပြီ ထင်နေတာ ‌ဆရာတွေ ပြောကြတာတော့ မင်းက ချန်ကန်း အထက်တန်းကျောင်းကို ပြောင်းသွားပြီတဲ့လေ”

ကျန်းထန်ချိုးက မျက်နှာကြီး ရှုံ့မဲ့လျက် ပြောသည်။

“ငါကြားတာတော့ အဲဒီကျောင်းက တင်းကျပ်လိုက်တာမှ ထောင်ကျနေသလိုပဲတဲ့ အဲဒါကြောင့် ငါက မင်းကို သေပြီထင်တာ”

“ငါအခု အလတ်ကြီးပါ”

ချန်းဖန်သည် အဘိုးကြီးကျန်းအား ခွင့်တိုင်ခိုင်းစဉ်က ထိုအဘိုးကြီးက ဘာတွေ ပြောသွားသည် မသိသောကြောင့် ရေလိုက်ငါးလိုက်သာ ပြန်ဖြေလိုက်သည်။

နေ့လယ်ခင်း အတန်းချိန်တွင် ဆရာဝင်လာကာမှ ချန်းဖန်လည်း နောက်ဆုံး စာမေးပွဲမှာ နီးကပ်နေပြီ ဖြစ်ကြောင်း သတိထားမိတော့သည်။ အစမ်းစာမေးပွဲ သုံးခုအနက် ပထမဆုံး တစ်ခုပင် စစ်ပြီးသွားပြီ ဖြစ်သည်။

ကျန်းထန်ချိုးသည် အားလပ်ချိန် အတော်များများ၌ ဆဲလ်ဖုန်းနှင့်သာ အလုပ်ရှုပ်နေသည်ကို ချန်းဖန် တွေ့လိုက်ရသည်။

“ဘယ်သူနဲ့ စကားပြောနေတာလဲ ကောင်မလေး အသစ်လား”

ချန်းဖန်က စလိုက်သည်။

“ပေါက်ကရတွေကွာ မင်းနဲ့ CoCoဘားမှာ တွေ့ခဲ့တဲ့ ကောင်မလေးလေ မှတ်မိလား အခု သူက ငါနဲ့ဒိတ်ဖို့ သဘောတူလိုက်ပြီ”

ကျန်းထန်ချိုးက ဂုဏ်ယူနေသော အပြုံးကြီးနှင့် ပြောလာသည်။ ထိုမိန်းကလေးကား ငယ်စဉ်ကပင် သူ စိတ်ကူးယဉ်ခဲ့ရသော မိန်းကလေး ဖြစ်သည်။

“ရှောင်ချန်ဆိုတဲ့  တစ်ယောက်လား”

ချန်းဖန် တစ်ယောက် ရှော့ခ်ရသွားသည်။ ထို့နောက် သူ့မျက်နှာမှာ မည်းမှောင်သွားတော့သည်။ နောက်ဆုံးတစ်ခေါက် ဘားတွင် တွေ့စဉ်ကတည်းက ထိုမိန်းမသည် စီနီယာ အကိုချီ ဆိုသူနှင့်လည်း မရှင်းမရှင်း ဖြစ်နေကြောင်း သိသာလှသည်။ အတိတ်ဘဝကကဲ့သို့ သူ့သူငယ်ချင်း ကျန်းထန်ချိုး၏ ဘဝအား ထိုမိန်းမက ဖျက်ဆီးပစ်မည်ကို သူ့အနေနှင့် လုံးဝ လက်မခံနိုင်ပါ။

'ကံတရားများလား'

ချန်းဖန်က စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

'ဆိုလိုတာက ကျန်းထန်ချိုးကလည်း ကျန်းချူယန်လိုပဲ အတိတ်ဘဝကနဲ့ တစ်ထပ်တည်း တူညီတဲ့ လမ်းကြောင်းကို လျှောက်ရမယ်ပေါ့  ဒါဆို ငါကရော နောင်နှစ်အနည်းငယ်အတွင်း ငါ့ဘဝကရော စုတ်ပြတ်သတ်သွားပြီး ဆရာထန်ချင်ရဲ့ နောက်ကို နောက်တစ်ကြိမ် ပြန်လိုက်သွားရမှာလား'

ထိုသို့ တွေးလိုက်မိသောကြောင့် ချန်းဖန်က ရုတ်တရက် ထရယ်လိုက်သည်။

“ဘာတွေ ရယ်နေတာလဲ”

ကျန်းထန်ချိုးက ချန်းဖန်အား သိလိုစွာ မေးလာသည်။

“ဘာမှ မဟုတ်ပါဘူး စိတ်ကူးယဉ် ဆန်နေတဲ့ ငါ့ကိုယ်ငါ ရယ်ချင်လို့ပါ ကြည့်ရတာ ငါ့ရဲ့ ကိုယ်ထဲက ‌ဆယ်ကျော်သက် ဟော်မုန်းတွေကြောင့် စိတ်ကူးယဉ် ဆန်တာတွေ တွေးမိနေပုံပဲ”

ချန်းဖန်က ကျန်းထန်ချိုး၏ ဇဝေဇဝါ ဖြစ်နေသော ပုံစံအား လျစ်လျူရှုလျက် ဆက်ပြောလိုက်သည်။

“ကံတရားဆိုတာကြီးက သောက်ကျိုးနည်းကို မကောင်းတဲ့အရာပဲ”

'ငါက ကျင့်ကြံခြင်းလမ်းစဉ်ကို စပြီး လျှောက်ပြီ ဆိုကတည်းက လူသား တစ်ယောက်ရဲ့ ကံကြမ္မာကို ပြောင်းလဲပြီး မသေမျိုး တစ်ယောက်ရဲ့ လမ်းကြောင်းကို စတင်တာပဲ ကံတရားက အရာရာကို အဆုံးအဖြတ် မပေးဘူး အရာရာက ရွေးချယ်မှုနဲ့ပဲ သက်ဆိုင်တယ် တကယ်လို့ငါက ရှောင်ချန်ကိုသာ သတ်လိုက်မယ်ဆိုရင် သူနဲ့ ကျန်းထန်ချိုးရဲ့ ကြားက ကံတရားကလည်း အလိုလို ပြတ်တောက်သွားမှာပဲ'

ချန်းဖန်က တိုးညှင်းစွာ ရေရွတ်လိုက်သည်။

“ဒါ့ကြောင့် ကံတရား ဆိုတာက တရားသေ မရှိဘူး လုံလောက်တဲ့ စွမ်းအားသာ ရှိရင် ကံတရားကိုလည်း လိုသလို ပြောင်းလဲနိုင်တယ်”

ရုတ်တရက် ချန်းဖန်က ကျန်းထန်ချိုးဘက်သို့ လှည့်ကာ အလေးအနက် မေးလိုက်သည်။

“ရှောင်ချိုး.. ကမ္ဘာပေါ်မှာ အရေးအကြီးဆုံး အရာက ဘာလဲ သိလား”

“ဘာလဲ”

ကျန်းထန်ချိုးလည်း အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားပြီး ပြန်မေးလိုက်သည်။

“စွမ်းအားပဲ ကျန်တာတွေက ဘာမှ အရေးမပါဘူး”

ချန်းဖန်က  ဖြည်းညင်းစွာဖြင့် အခိုင်အမာ ပြောလိုက်သည်။

“ဒီစကြဝဠာ တစ်ခုလုံးမှာ စွမ်းအားကသာ လူ တစ်ယောက်ကို သန်မာအောင် လုပ်ပေးနိုင်ပြီး နတ်ဘုရားတပါး ဖြစ်လာစေလိမ့်မယ်”

***

All Chapters