← Chapters

ချူကျိုးမြို့ရဲ့ နံပါတ်တစ်

Vol. 1 Ch. 83

ချူကျိုးမြို့ရဲ့ နံပါတ်တစ်

Vol. 1 Ch. 83

ကျန်းထန်ချိုးသည် ချန်းဖန်ကဲ့သို့ နှစ်ဘဝ အတွေ့အကြုံမျိုးလည်း မရှိ ကျင့်ကြံသူလည်း မဟုတ်လေရာ နေ့တိုင်း gym ဆော့သည်က လွဲ၍ သိုင်းသင်တန်းတွေ ဘာတွေ တက်ခြင်းပင် မရှိပါ။

ကံမ‌ကောင်းပါက သူ့အနေနှင့် 'အတွင်းအားပညာ' ဆိုသည့် အရာကိုပင် တစ်သက်လုံး သိသွားရလိမ့်မည် မဟုတ်။

အတန်းချိန် ပြီးလုနီးနီး အချိန်ရောက်မှ ချန်းဖန်လည်း ဟိုဟိုသည်သည် ကြည့်ရင်း လူတစ်ယောက် ပျောက်နေသည်ကို သတိထားမိလိုက်သည်။

“စီယင်းရှာ ဘယ်မှာလဲ”

လေလံပွဲအိမ်က ဖြစ်ရပ် ပြီးကတည်းက စီယင်းရှာသည် ကျောင်းစာကိုသာ အသေအကြေ ဖိကြိုးစားနေပြီး အတန်းချိန် တစ်ချိန်မှ မပျက်ခဲ့ဖူးပါ။ အထူးသဖြင့် သင်္ချာချိန် ဖြစ်သည်။

ချန်းဖန်၏ မေးခွန်းကြောင့် ကျန်းထန်ချိုး၏ မျက်နှာကြီးမှာ မည်းမှောင်သွားသည်။ ကျန်းထန်ချိုးက ပြန်ဖြေတော့မည့် ဆဲဆဲတွင်ပဲ အသံတသံအား ကြားလိုက်ကြရသည်။

“တောင်းပန်ပါတယ် ဆရာ ကျွန်တော် နောက်ကျသွားတယ်”

လွန်ခဲ့သော သုံးလ ချန်းဖန် ထွက်မသွားခင်က စီယင်းရှာ၏ ပုံစံမှာ တစ်ချိန်လုံး စိတ်ဓာတ်ကျနေသည့်ပုံ ဖြစ်နေခဲ့သည်။ သို့သော်လည်း ယခုမူ စီယင်းရှာသည် တလက်လက် တောက်ပနေသော မျက်လုံးများနှင့် ယုံကြည်မှုရှိစွာ မတ်တပ်ရပ်နေသည်။

ထိုသို့သော ယုံကြည်မှုတို့နှင့် တလက်လက် တောက်ပနေသော မျက်လုံးများမှာ ချန်းဖန်အတွက် အလွန် ရင်းနှီးသည်။ စီယင်းရှာ၏ မျက်လုံးများထဲရှိ ယုံကြည်မှုမျိုးက နယ်ပယ်အသီးသီးတွင် အောင်မြင်နေကြသော အမျိုးသား၊ အမျိုးသမီးများ၏ ယုံကြည်မှုမျိုး ဖြစ်သည်။

“ရပါတယ် ဝင်ခဲ့”

ယနေ့ သင်္ချာချိန်တွင် အတန်းဝင်သော ဆရာမှာ ချူကျိုးတက္ကသိုလ်မှ ပင်စင်ယူထားသော သင်္ချာ ပါမောက္ခဟောင်း ဆရာတင်း ဖြစ်သည်။ ပါမောက္ခတင်းသည် တစ်ကျောင်းလုံးတွင် စည်းကမ်းအကြီးဆုံး ဆရာဖြစ်ပြီး ကျောင်းသားများ၏ မိသားစု နောက်ခံကို မထောက်ထားဘဲ အပြစ်ပေးတတ်သောကြောင့် နာမည်ကြီးသည်။

စီယင်းရှာက ပါမောက္ခတင်းအား ယဉ်ကျေးစွာ ခေါင်းညိတ်ပြပြီး အခန်းထဲသို့ ဝင်လာသည်။ မျက်လုံးပေါင်းများစွာက စီယင်းရှာအား မနာလိုစွာ၊ အားကျစွာ၊ ချစ်ခင်စွာ ဝိုင်းကြည့်နေကြသည်။

စီယင်းရှာသည် သူ့ထိုင်ခုံသို့ လျှောက်လာရင်း အခန်းထဲအား တစ်ချက် ဝေ့ကြည့်လိုက်သည်တွင် ချန်းဖန်အား မြင်သွားသည်။ စီယင်းရှာ၏ လှုပ်ရှားမှုများက ခေတ္တ ရပ်တန့်သွားပြီးနောက် ချန်းဖန်အား လုံးဝ မမြင်ခဲ့သည့်အလား မျက်နှာလွှဲသွားသည်။

စီယင်းရှာ ထိုင်ခုံတွင် ထိုင်ပြီးသည်နှင့် ပါမောက္ခတင်းက လက်ထဲမှ စာအုပ်ကိုချကာ ကြေငြာလိုက်သည်။

“မင်းတို့ထဲက တချို့က စီယင်းရှာ အတန်းနောက်ကျတာကို မဆူတဲ့အတွက် မနာလို ဖြစ်နေကြတယ်ဆိုတာ ငါသိတယ် ဒီတော့ ဒါက ရှင်းလင်းအောင် ပြောပြထားမယ် တကယ်လို့ မင်းတို့ထဲက  တစ်ယောက်ယောက် ကသာ ချူကျိုး တစ်မြို့လုံးမှာ နံပါတ်တစ် အတော်ဆုံးကျောင်းသား ဖြစ်လာခဲ့ရင် ငါက စာသင်ခန်းထဲမှာတောင် ပါတီပွဲ လုပ်ပေးလိုက်ဦးမယ်”

ပါမောက္ခတင်း၏ တည်ကြည် လေးနက်လှသော အသံကိုကြားသော် အတန်းတွင်းရှိ ကျောင်းသားများမှာ စကားတခွန်းမှ မဟရဲကြပေ။

နောက်ဆုံးတော့ ချန်းဖန်လည်း စီယင်းရှာ၏ မယိမ်းမယိုင် ခိုင်မာလှသော ယုံကြည်မှုများ မည်သည့်နေရာမှ လာသည်ကို နားလည်သွားသည်။

မကြာမီပဲ အတန်းချိန် ပြီးဆုံးသွားသည်။

ကျိရှင်းယွိ တစ်ယောက် ဤသုံးလအတွင်း ဖြစ်ပျက်ခဲ့သည်များအား ချန်းဖန် မကြားကြား‌အောင် ပြောပြရန် မစောင့်နိုင်တော့ပေ။

“နောက်ဆုံးတော့ ပြီးသွားခဲ့ပြီ ယင်းရှာ မင်းကတော့ တမြို့လုံးရဲ့ အတော်ဆုံး ဖြစ်နေတုန်းပဲ”

“သေချာတာပေါ့”

ဝမ့်ချန်ချန်ဟု အမည်ရသော မိန်းကလေးက အော်လိုက်သည်။

“ငါတို့ယင်းရှာက ချူကျိုးတမြို့လုံးမှာ နံပါတ်တစ်ပဲ ချူကျိုးမြို့ရဲ့ နံပါတ်တစ် အထက်တန်း ကျောင်းက ကျူးရှောင်ဖန်တောင် ယင်းရှာကို မယှဉ်နိုင်ဘူး ဟမ့် ပြောတော့ဖြင့် နံပါတ်တစ် အထက်တန်းကျောင်းက ဆိုပြီး ငါတို့ အိုင်ဗွီ အထက်တန်းကျောင်းက မင်းသားလေးကိုများ လာယှဉ်ချင်သေးတယ်”

ချန်ဝမ်က ချန်းဖန်အား မသိမသာ တစ်ချက်လှမ်းကြည့်ပြီးနောက် စီယင်းရှာအား နူးညံ့စွာ ပြောသည်။

“အစတည်းက ယင်းရှာက တစ်မြို့လုံးမှာ အတော်ဆုံးပဲ အခုဆိုရင် ယင်းရှာရဲ့ ပြိုင်ဖက်တွေက တစ်နယ်လုံးမှာ အဆင့်တစ်ဆယ်အတွင်း ဝင်ထားတဲ့ ကျင်းမြို့တော်နဲ့ ဟိုင်ကျိုးမြို့က ကျောင်းသားတွေပဲ ရှိတော့မှာ ဘာနေနေ နောက်နှစ်ဝက်အတွင်း ယင်းရှာက သူတို့တွေနဲ့ တန်းတူ ယှဉ်နိုင်လာလိမ့်မယ်”

“နောက်နေတာ မဟုတ်ဘူး အခုချိန်မှာ ယင်းရှာက အထက်တန်း ဆက်မတက်ဘဲ ရပ်လိုက်ရင်တောင် ကျင်းမြို့တော် တက္ကသိုလ်ကို ဝင်ခွင့်ရဖို့ အာမခံချက် ရှိနေပြီ”

ဝမ့်ချန်ချန်က ပြောလိုက်သည်။

“စာမေးပွဲက အမှတ်တွေ ထွက်လာတဲ့နေ့ကို ငါမှတ်မိနေသေးတယ် ကျုံးဟိုင် သယ်ယူပို့ဆောင်ရေး တက္ကသိုလ်တို့၊ ကျင်းမြို့တော် တက္ကသိုလ်တို့၊ နည်းပညာတက္ကသိုလ်တို့ အကုန်လုံးက ယင်းရှာရဲ့ အကြောင်းကိုပဲ ပြောနေကြာတာ.. ဒါပေမဲ့ ငါထင်တယ် ယင်းရှာက အဲဒီ တက္ကသိုလ်တွေ အကုန်လုံးကို စိတ်ဝင်စားမယ် မထင်ဘူး သူက ချင်းဟွာ တက္ကသိုလ် ဒါမှမဟုတ် ပေကျင်း တက္ကသိုလ်ကိုပဲ တက်မှာပေါ့”

“ငါ့အထင် ချင်းဟွာတက္ကသိုလ်က ပိုကောင်းမလားလို့”

ကျောင်းသား တစ်ယောက်က ဝင်ပြောလာသည်။

“ချင်းဟွာတက္ကသိုလ်ရဲ့ ကွန်ပျူတာသိပ္ပံဌာနနဲ့ အင်ဂျီနီယာဌာနက အရမ်းကောင်းတယ် အဲဒီကနေ ဘွဲ့ရပြီးရင် အမေရိကမှာတောင် ဆက်ပြီး ပညာသင်လို့ ရတယ်”

အခြား ကျောင်းသား တစ်ယောက်ကပါ ဝင်ပြောလာပြန်သည်။

“မင်းက ယင်းရှာကို သစ္စာဖောက် ဖြစ်စေချင်နေတာလား ချင်းဟွာ တက္ကသိုလ်က ဘွဲ့ရတဲ့ သူတွေကို လူတွေ ဘယ်လို ခေါ်နေကြလဲ မသိဘူးလား အမေရိကန်ရဲ့ နောက်လိုက် ခွေးတွေတဲ့လေ ငါကတော့ ပေကျင်းတက္ကသိုလ်ကိုပဲ သဘောကျတယ် 'တရုတ်ပြည်ကြီးကို နောက်တကြိမ် ကြီးကျယ်ခမ်းနားအောင် ကြိုစားကြပါစို့'“

ထိုကျောင်းသားက ပြောရင်းဆိုရင်း ပေကျင်းတက္ကသိုလ်၏ ဆောင်ပုဒ်ကိုပင် ရွတ်ပြလိုက်သေးသည်။

“ငါကတော့ ချင်းဟွာတက္ကသိုလ်ပဲ ကြိုက်တယ်”

“တစ်ခုမှ မကြိုက်ဘူး ငါသာ ယင်းရှာနေရာမှာဆို နိုင်ငံခြားမှာပဲ သွားပြီး ကျောင်းတက်တော့မှာပေါ့”

သို့နှင့် ကျောင်းသားများကြားမှ အငြင်းအခုံ စကားဝိုင်းမှာ ပို၍ ကြီးကျယ်လာပြီး ကျောင်းသား တိုင်းလိုလို ဝင်ရောက် ပြောဆိုကြတော့သည်။

အိုင်ဗွီအထက်တန်းကျောင်းရှိ ကျောင်းသား ကျောင်းသူများမှာ ချမ်းသာသော မိသားစုများမှ ဖြစ်ကြသော်လည်း ချင်းဟွာနှင့် ပေကျင်းတက္ကသိုလ်ကဲ့သို့ ထိပ်တန်းတက္ကသိုလ်များသို့ တက်ရောက်ရန်မူကား မတတ်နိုင်ကြပါ။ စာသင်နှစ် တနှစ်တွင် အလွန် ထူးချွန်သော ကျောင်းသား အနည်းငယ်သာ ထိပ်တန်း တက္ကသိုလ်များသို့ တက်ရောက်နိုင်ကြသည်။

ချန်းဖန်၏ အတန်းထဲရှိ ကျောင်းသားအများစုမှာ တရုတ်ပြည်တွင် တက္ကသိုလ် ကောင်းကောင်း မတက်ရလျှင် နိုင်ငံခြားသို့ ထွက်ကြမည့် သူက များသည်။

သို့သော်လည်း ထိုကျောင်းသားများက ဟားဗတ်တက္ကသိုလ် ကဲ့သို့သော အရည်အချင်းရှိသူ များကိုသာ လက်ခဲ့သည့် တက္ကသိုလ်များသို့ သွားတက်ကြခြင်းတော့ မဟုတ်။ ပိုက်ဆံပုံပေးရသော ကိုယ်ပိုင် တက္ကသိုလ်များသို့သာ သွားကြသည်။

ကျန်းထန်ချိုးက မသက်မသာ ပြုံး၍ ပြုံးသည်။

“ငါမင်းကို ပြောချင်နေတာလည်း အဲဒါပဲ ပြီးခဲ့တဲ့ အပတ်က ငါတို့တမြို့လုံးက အထက်တန်းကျောင်းတွေမှာ အစမ်း စာမေးပွဲ စစ်တယ်လေ ရမှတ်တွေ ထွက်လာတော့ စီယင်းရှာက တစ်မြို့လုံးမှာ အမှတ် အများဆုံးပဲ ငါတို့နယ်  တစ်ဝိုက်က တက္ကသိုလ်တွေ အကုန်လုံးတောင် သူ့ကို စည်းရုံးချင်နေကြတယ်”

ချန်းဖန်လည်း ခေါင်းညိတ်မိသည်။

ကြည့်ရသည်မှာ စီယင်းရှာသည် ကျောင်းပွဲတော်ညက ဖြစ်ရပ်အား မမေ့နိုင်သေးပုံ ပေါ်သည်။ မည်သို့ပင်ဆိုစေ စီယင်းရှာသည် အရင်တည်းက တစ်မြို့လုံးတွင် အတော်ဆုံး ဆယ်ယောက်ထဲ ပါဝင်သူ ဖြစ်ရာ ယခုကဲ့သို့ အရူးအမူး ကြိုးစားပုံမျိုးနှင့် အမှတ်အများဆုံး ရသည်မှာ မထူးဆန်းပါချေ။

တရုတ်တပြည်လုံး ဆိုင်ရာ တရားဝင် တက္ကသိုလ် ဝင်ခွင့် စာမေးပွဲ မစခင်တွင် အထက်တန်း ကျောင်းများ၌ အစမ်းစာမေးပွဲ သုံးကြိမ် စစ်လေ့ရှိသည်။

ထိုအစမ်းစာမေးပွဲ သုံးခုအနက် ပထမဆုံး အစမ်းစာမေးပွဲမှာ အခက်ဆုံးနှင့် အရေးအကြီးဆုံး ဖြစ်ပြီး ရမှတ်များမှာ တကယ့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် ရမည့် အမှတ်များနှင့် အမြဲလိုလို မတိမ်းမယိမ်း ရှိတတ်သည်။

ထို့ကြောင့် ကျောင်းသားများသာမက တက္ကသိုလ်များကလည်း ပထမဆုံး အစမ်းစာမေးပွဲ၏ ရမှတ်များအား ဂရုတစိုက် စောင့်ကြည့်တတ်ကြသည်။

ဒုတိယနှင့် တတိယ အစမ်းစာမေးပွဲများမှာမူ သိပ်အရေးမကြီးဘဲ ကျောင်းသားများအား အလေ့အကျင့် ဖြစ်အောင် စစ်ပေးခြင်းသာ ဖြစ်သည်။

စီယင်းရှာသည် ချူကျိုး တစ်မြို့လုံးတွင် နံပါတ်တစ် ရသည် ဆိုကတည်းက ချင်းဟွာ သို့မဟုတ် ပေကျင်း တက္ကသိုလ်သို့ ဝင်ခွင့်ရရန် သေချာသလောက် ရှိပေသည်။

“စီယင်းရှာက သူ့ရဲ့ မိဘတွေအတွက် ဂုဏ်ယူရအောင် လုပ်ပေးလိုက်တာပဲ”

ချန်းဖန်က စိတ်ရင်းဖြင့် ချီးကျူးမိသည်။

အကယ်၍ ချန်းဖန်လာခဲ့သော စီကျွေးမြို့နယ်လေးရှိ  တစ်ယောက်ယောက်ကသာ ချင်းဟွာ ကဲ့သို့သော တက္ကသိုလ်သို့ ဝင်ခွင့်ရပါက မြို့တော်ဝန် ကိုယ်တိုင်ပင် ဂုဏ်ပြုပေးရလောက်အောင် ကြီးကျယ်ခမ်းနားပေသည်။

စီယင်းရှာက ချူကျိုးမြို့သား ဖြစ်သော်လည်း ချင်းဟွာ တက္ကသိုလ် ဝင်ခွင့်ရခြင်းက အလွန် ဂုဏ်ယူစရာ ကောင်းသော ကိစ္စတရပ် ဖြစ်နေဆဲပင်။

ဆိုလိုသည်မှာ စာမေးပွဲ ရလဒ်များ ထွက်လာသည့် နေ့မှစ၍ စီယင်းရှာသည် ချူကျိုးမြို့အတွက် ဂုဏ်ယူစရာ ပြယုဂ်တစ်ခု ဖြစ်လာခဲ့လေပြီ။

ယခုခေတ်အခါကြီးတွင် ကိုယ်ပိုင်ပါရမီနှင့် စွမ်းရည်ကသာ အောင်မြင်မှုရရှိရန် လမ်းစဖြစ်သည်။ မိသားစု၏ ချမ်းသာ ကြွယ်ဝမှု အရှိန်အဝါများက ကြာရှည်ခံသော အရာများ မဟုတ်ပါ။ မိသားစုတစုသည် အတိတ်က မည်မျှ ချမ်းသာကြွယ်ဝခဲ့ပါစေ ဒုတိယမျိုးဆက်၊ သို့မဟုတ် တတိယမျိုးဆက်သို့ ရောက်သည့်အခါ တဖြည်းဖြည်း မှေးမှိန် ဆုတ်ယုတ် သွားရသည်သာ ဖြစ်သည်။

အတန်းထဲရှိ ကျောင်းသားများ ငြင်းခုံနေကြစဉ်တွင် စီယင်းရှာသည် လွယ်အိတ်ထဲမှ စာအုပ်ကိုထုတ်ကာ စာကြည့်နေလိုက်သည်။

သူက အောင်မြင်မှု၏ လမ်းစအား ရှာဖွေ တွေ့ရှိသွားပြီ ဖြစ်ရာ ချန်းဖန်အပါအဝင် အခြားအရာများအား ဆက်ပြီး ဂရုစိုက်မနေတော့ပါ။

***

All Chapters