အမြတ်ဝေစု မရှိ
Vol. 54 Ch. 796
“ဟယ်လို.. စတိဗ်.. ကျုပ် ဖုန်းပါ.. ဈေးကွက် သုတေသနလုပ်ဖို့ နောက်(၃)လလောက်နေမှ တရုတ်က ပြန်လာဖြစ်မယ်..”
ဘောလ်မာ အံ့ဩသွားမိသည်။ ဖုန်းယွီ တရုတ်သို့ ပြန်ချင်နေသည်ကို မသိဘူး ထင်နေသည်လော။ ဈေးကွက် သုတေသနလော။ မိမိတို့အား အရူးများဟု ထင်နေသည်လော။
“ကောင်းပြီလေ.. လိုအပ်ရင် မင်းဆီ အီးမေးလ် ပို့လိုက်မယ်လေ..”
ဒီဇင်ဘာလ ကုန်လုနီးဖြစ်ကာ ခရစ္စမန်လည်း နီးလာပေပြီ။ ခရစ္စမတ်သည် အမေရိကန်တွင် အရေးကြီးသည့် ပွဲတော် တစ်ခုဖြစ်သည်။ သို့ရာတွင် ဖုန်းယွီ စိတ်မဝင်စားချေ။ နှစ်သစ်ကူးနေ့ကို တရုတ်ပြည်တွင်သာ ကုန်ဆုံး ချင်ခဲ့သည်။
အင်ပါယာစတိတ် အဆောက်အအုံ ပိုင်ဆိုင်မှုမှာ အတည်မပြုနိုင်သေးချေ။ ဟီဒီခီ ယိုကိုသည် အဆောက်အုံကို ပြန်လည် ထိန်းချုပ်ရန် ဝှက်ဖဲများ ထုတ်သုံးခဲ့သည်။ နောက် (၁)လ၊ (၂)လ အတွင်း အဆောက်အုံ အရောင်းအဝယ် လုပ်ရန် အသင့်ဖြစ်ပေလိမ့်မည်။ ဒေါ်နယ်ထရမ့်သည် နှစ်ရှည်ငှားရမ်းသူ (၂)ယောက် တရားစွဲခံရလိမ့်မည် ဖြစ်ကြောင်း ဖုန်းယွီအား ပြောခဲ့သည်။ အိမ်ငှားသူများဘက်မှ အငှားစာချုပ် ရပ်တန့်ခိုင်မည် ဖြစ်သည်။
ဖုန်းယွီအနေဖြင့် ထိုကိစ္စများ၌ ဝင်ပါမည် မဟုတ်ချေ။ သူ့အနေဖြင့် အဆောက်အဦး ဝယ်ယူရန်သာ စိတ်ဝင်စား ပေသည်။ ပြုပြင်မွမ်းမံမှုများကိုလည်း ဒေါ်နယ်ထရမ့် လက်ထဲသို့သာ အပ်ထားလိုက်သည်။
ကီရီလန်ကိုသည် စီးပွားရေးလုပ်ငန်း အချို့ အခြေချရန် မော်စကိုသို့ ပြန်သွားရပေအုံးမည်။ ဆော့ဖ်ဝဲ ကုမ္ပဏီ အသစ်အတွက် ရန်ပုံငွေကိုလည်း ပြင်ဆင်ထားရန် လိုပေသည်။ အယ်လီနာသည်လည်း ကီရီလန်ကိုနှင့်အတူ မော်စကိုသို့ ပြန်လာခဲ့သည်။ ဖုန်းယွီမှာမူ ဟောင်ကောင်သို့ ပြန်သွားလိုက်သည်။
“အစ်ကိုဖုန်း.. နောက်ဆုံးတော့ မင်းပြန်လာပြီပေါ့.. အမေရိကန်မှာ တော်တော် ပျော်သွားလား..”
လီကျယ်ခိုင် ဖုန်းယွီအား ပွေ့ဖက်ထားပေသည်။
“အဲ့မှာ တော်တော် ပျင်းစရာပါကွာ.. ဒါပေမယ့် ငါအဲ့ကို ထပ်သွားပြီး စစ်တမ်းကောက်ရအုံးမယ်.. နောက်တောင်ကျ ရုံးခွဲတွေ စက်ရုံတွေ ထူထောင်မယ်လို့ ရည်မှန်းထားတယ်..”
ဤစကားမှာ ဖုန်းယွီ လိမ်ညာပြောခြင်း မဟုတ်ချေ။ ယခုအချိန်သည် အမေရိကန်ဈေးကွက်သို့ ဝင်ရောက်ရန် အကောင်းဆုံး အချိန်ဟု ထင်ထားပေသည်။ အိုက်ဝါသည် အမေရိကန်တွင် စက်ရုံတစ်ခုရှိပြီး လေနှင့်မိုး လျှပ်စစ်၊ အိမ်သုံးပစ္စည်းများ၊ စက်ရုံများကိုလည်း တည်ထောင် ထားရပေမည်။ ဖုန်းယွီသည် အမေရိကန်ရှိ ဖြန့်ဖြူးရေး လမ်းကြောင်းကို ပြန်လည် ထိန်းချုပ်လိုပေသည်။
ဖုန်းယွီသည် ဖူမိသားစုအား သူ၏ ထုတ်ကုန်များ ရောင်းချခြင်းအပေါ် အပြည့်အဝ ထိန်းချုပ်ခွင့်ပေးလိုက်ခြင်းမှာ အန္တရာယ် ရှိပေသည်။ ဖူမိသားစု၏ ဖြန့်ဖြူးရေးကွန်ယက်များတွင် ပြဿနာ တစ်ခုခုပေါ်ပေါက်ပါက ပြဿနာ ဖြေရှင်းရန် နည်းလမ်း မရှိပေ။
ဖုန်းယွီသည် ဖူမိသားစုနှင့် အလုပ်ဆက်လုပ်နေအုံးမည်မှာ သေချာပေသည်။ သို့ရာတွင် ဥရောပ၊ အမေရိကန်နှင့် အာရှဈေးကွက်များကို ပိုင်းခြားထားရန် လိုအပ်ပေသည်။
အမေရိကန်တွင် စက်ရုံများ တည်ထောင်ခြင်းသည် ဈေးကြီးသော်လည်း ဖုန်းယွီသည် သယ်ယူပို့ဆောင်ရေးနှင့် သွင်းကုန်ခွန်များ သက်သာစေလိမ့်မည်။
ဖုန်းယွီသည် ဖူကွမ်းကျန့်နှင့် ဆွေးနွေးခဲ့ပြီး ဖူကွမ်းကျန့်မှလည်း သူ့ဆုံးဖြတ်ချက်များကို နားလည် ထားပေသည်။ မည်သို့ပင်ဖြစ်စေ ဖူကွမ်းကျန့်သည် ဤကုမ္ပဏီများ၌ ရှယ်ယာများ ပိုင်ထားပြီး ငွေရှာနိုင်သေးပေသည်။
“ညီနောင်ဖုန်း.. မင်း အမေရိကန်မှာ ရွှေရောင် ဆံပင်လေးတွေ စမ်းကြည့်ဖူးလား..”
လီကျယ်ခိုင် တဏှာပြုံး ပြုံးရင်း မေးလိုက်သည်။
ဖုန်းယွီ လီကျယ်ခိုင်ကို တစ်ချက်ကြည့်လိုက်သည်။ ထိုလူမိုက်မှာ ကောလာဟလများအတိုင်းသာပင်။ ကမ္ဘာတစ်ဝှမ်းရှိ လူမျိုးပေါင်းစုံမှ အမျိုးသမီးများကို စမ်းကြည့်ချင်နေပေသည်။ လီကျယ်ခိုင် နောက်ရည်းစား ပြောင်းသွားပြန်ပြီဖြစ်ကြောင်း ဖူကွမ်းကျန့်ထံမှ ဖုန်းယွီကြားလိုက်ရသည်။
ဖုန်းကွမ်းကျန့်အနေဖြင့် လီကျယ်ခိုင်အား ဟားပိုင်ခွင့် မရှိချေ။ အတူတူနှင့် အနူနူများပင် မဟုတ်ပေလော။ အစ်ကိုကြီး တစ်ယောက် ရှိထားခြင်း၏ အကျိုးကျေးဇူးကြီးကြောင်းသာ ပြောပေသည်။ ၎င်းတို့ဖခင်များသည် အကြီးဆုံးသားကိုသာ တင်းကြပ်ကာ ၎င်းတို့အပေါ် ကန့်သတ်မထားချေ။
“အစ်ကိုဖုန်း.. မင်း ဘဝကို ဘယ်လိုမျိုး ပျော်ပျော်နေရမယ်ဆိုတာ တကယ်ပဲ မသိဘူးလား.. ဘယ်လို ပျော်ပျော် နေရမယ်မှန်းတောင် မသိဘဲ ငွေအများကြီး ရှာနေသေးတယ်..”
လီကျယ်ခိုင် ခေါင်းခါနေပေသည်။ ဖုန်းယွီသည် သူနှင့် ရင်းနှီးသူများနှင့် လုံးဝ မတူချေ။
ထိုသည်ကို လီကျယ်ခိုင် စဉ်းစားပေသည်။ အဘယ့်ကြောင့် ဟူမူ ၎င်းတို့အားလုံး လူချမ်းသာ မျိုးဆက်သစ်များ ဖြစ်ပြီး ဖုန်းယွီသည် ပထမမျိုးဆက် လူချမ်းသာ ဖြစ်ခြင်းကြောင့်ပင်။
“ငါ့ရည်မှန်းချက်က မင်းအဖေကို ကျော်တက်နိုင်ဖို့ပဲ…”
ဖုန်းယွီ ထိုစကားပြောပြီးနောက် လီကျယ်ခိုင် ငြိမ်သွားသည်။
မိမိအား လှောင်ဝံ့သည်လော။ ဘဝကို ပျော်ရွှင်ယုံသာ အာရုံစိုက်ထားပါက သူ့ဖခင်အား မည်သို့ ကျော်တက် နိုင်မည်နည်း။
“အာ.. ထိုင်ဟွာ ကုန်တိုက်က နောက်ထပ် ကုန်တိုက်တွေ ထပ်ဖွင့်ထားတယ်.. တစ်ချို့နေရာတွေမှာ ကုန်တိုက်ကြီးတွေ ဖွင့်ဖို့ မသင်တော်ဘူး.. ဒါကြောင့် ကုန်တိုက်တွေပဲ ဖွင့်လိုက်တယ်..”
လီကျယ်ခိုင် ခေါင်းစဉ်ပြောင်းလိုက်သည်။
လီကျယ်ခိုင်သည် ဖုန်းယွီ၏ စကားအပေါ် သိပ်မကြည်ချေ။ သူ့ဖခင်သည် မည်သူနည်း။ မဟာလူသားလီ။ အာရှတိုက်၏ အချမ်းသာဆုံး ပုဂ္ဂိုလ်။ ဖုန်းယွီသည် သူ့ဖခင်အား ကျော်တက်ချင်နေသည်လော။ ဖုန်းယွီ၏ ပိုင်ဆိုင်မှုများ တိုးလာသော်လည်း သူ့ဖခင်၏ ပိုင်ဆိုင်မှုများသည်လည်း တိုးလာနေပေသည်။
“အခု ငါတို့မှာ ကုန်တိုက်ကြီးတွေ ကုန်တိုက်တွေ ဘယ်လောက် ဖြစ်သွားပြီလဲ..”
“ကုန်တိုက်ကြီး (၃၆)ခုနဲ့ ကုန်တိုက် (၁၄)ခု.. နောက်လထဲဆို ကုန်တိုက်ကြီး (၂)ခု ထပ်ဖွင့်မယ်..”
ဖုန်းယွီ မျက်မှောင် ကြုတ်လိုက်သည်။ ချဲ့ထွင်မှုနှုန်းသည် သူမျှော်လင့်ထားသည်ထက် ပိုမြန်ပေသည်။ ဤနှုန်းထား ဖြင့်ဆိုပါက (၂)နှစ်အတွင်း ကုန်တိုက်ကြီး၊ ကုန်တိုက်ငယ် ပေါင်း (၁၀၀)ကျော်သွားပေလိမ့်မည်။
“ဒီနှစ်ထဲ အမြတ်ငွေ ရှိသေးလား..”
ဖုန်းယွီ၏ အမေကို လီကျယ်ခိုင် ခေါင်းခါပြရင်းဖြင့်..
“ငါတို့ အမြတ်ငွေတွေအားလုံး လုပ်ငန်းထဲ ပြန်မြုပ်နှံထားတယ်.. ဘဏ်မှာလဲ အကြွေးတင်တုန်းပဲ.. နောက်နှစ်.. မဟုတ်သေးဘူး.. နောက် (၃)(၄)(၅)နှစ်အတွင်း အမြတ်ဝေစု မရနိုင်လောက်သေးဘူး..”
ဖုန်းယွီ ခေါင်းညိတ်လိုက်သည်။ ချဲ့ထွင်ခြင်း ကနဦးအဆင့်တွင် ထိုသို့ ဖြစ်မည်ကို သိထားပေသည်။ ကုန်တိုက်ကြီး များ မဆိုထားနှင့် အချို့သော ကုန်တိုက်များသည်ပင် အမြတ်အစွန်း မရနိုင်ပေ။ ဘဏ်ချေးငွေ မရပါက တိုးချဲ့မှု နှေးကွေးသွားပေလိမ့်မည်။
သို့ရာတွင် စဦးပိုင်း နှစ်အနည်းငယ် ကြာပြီးနောက် ထိုင်ဟွာ ကုန်တိုက်လုပ်ငန်းစုသည် မြင့်မားသည့် အမြတ်အစွန်းများ ယူဆောင်လာမည် ဖြစ်သည်။
“တရုတ်မှာ ကာဖိုးနဲ့ ဝေါမာ့ခ် ဆိုင်ခွဲတွေ ထူထောင်ထားလား..”
ထိုကုမ္ပဏီ နှစ်ခုသည် ငွေကြေး အမြောက်အများရှိပြီး တရုတ်ဈေးကွက်သို့ ဝင်ရောက်လာပါက ထိုင်ဟွာ ကုန်တိုက်၏ တိုးချဲ့မျုများကို နှေးကွေးစေမည် ဖြစ်သည်။
“ကာဖိုးက ရုံးခွဲဖွင့်ထားတယ်.. ဝေါမာ့ခ်ကတော့ လပိုင်းအတွင်း ဆိုင်ခွဲဖါင့်နိုင်အောင် ပြင်ဆင်နေတယ်.. အဲ့ကုမ္ပဏီ (၂)ခုက ငါတို့ဆီကနေ ဆိုင်ခွဲနေရာတွေ ယူထားကြတာ.. ဒါပေမယ့် သူတို့ လေလံဈေးနှုန်းက ငါတို့ထက် တော်တော် မြင့်တယ်..”
လီကျယ်ခိုင်နှင့် ဖူကွမ်းကျန့်တို့သည် ထိုကုမ္ပဏီ (၂)ခုကို အနီးကပ် စောင့်ကြည့်နေပေသည်။
“ငါတို့ ဘာလုပ်ကြမလဲ.. ဒီကောင်တွေကို နောက်ထပ် အကိုင်းအခက်တွေ ပွားခွင့်ပေးမလား.. ဒါမှမဟုတ်…..”
“ဟုတ်တယ်.. ဒီကောင်တွေကို ဝိုင်းနှိမ်နင်းကြမယ်.. တစ်မြို့တည်းက ဆိုင်ခွဲတွေမှာ အရောင်းမြှင့်တင်ရေးတွေ တိုးလုပ်ရမယ်.. ငါတို့ အမှတ်တံဆိပ်ကို တရုတ်နိုင်ငံ ပြည်တွင်ဖြစ် အမှတ်တံဆိပ်အဖြစ် ဈေးကွက်တင်မယ်.. သူတို့ ဂုဏ်သိက္ခာနဲ့ အမှတ်တံဆိပ်တွေကို တိုက်ခိုက်ဖို့တော့ မီဒီယာတွေကို သုံးရမယ်.. စိတ်မပူနဲ့.. ဘာဇာတ်လမ်းမှ မဆင်ဘူး.. အမှန်တရားအတိုင်းပဲ သွားမယ်..”
ထိုအကြံမှာ ဖူကွမ်းကျန့်ထံမှ ဖြစ်သည်။ သူ့မိသားစု ကုန်တိုက်လုပ်ငန်းများသည် အရှေ့တောင်အာရှတွင် ယခုကဲ့သို့ တိုက်ခိုက်ခံရပြီး ဆုံးရှုံးမှု များစွာ ခံခဲ့ရသည်။ ကံကောင်းသည်မှာ သူ့ဖခင်မှ အမြန်ဆုံး တုန့်ပြန်နိုင်ခဲ့ပြီး ဆုံးရှုံးမှု ရပ်တန့်သွားရန် အရှေ့တောင်အာရှ ဈေးကွက်မှ အချိန်မီ ထွက်နိုင်ခဲ့သည်။
“တရုတ်က တခြားကုန်တိုက်တွေကရော.. ငါတို့ကို ခြိမ်းခြောက် သေးလား..”
“မရှိဘူး.. သူတို့တွေ သူတို့ဒေသမှာ ကောင်းကောင်း လုပ်နိုင်ကြတယ်ဆိုပေမယ့် တတိယအဆင့်၊ စတုတ္ထအဆင့် လောက်မှာပဲ ကန့်သတ်ထားတယ်.. ပထမနဲ့ ဒုတိယ မြို့တွေမှာ ကျန်တဲ့ ကုန်တိုက်တွေ ငါတို့နဲ့ မယှဉ်နိုင်ဘူး.. ပြည်တွင်း ကုန်တိုက် ကုမ္ပဏီတွေ ငါတို့ကို ဆန့်ကျင်ဖို့ သတ္တိမရှိကြဘူး..”
လီကျယ်ခိုင် ဂုဏ်ယူစွာ ပြန်ပြောလိုက်သည်။
ယခင်က ထိုင်ဟွာ ကုန်တိုက်ရှေ့တွင် တည်ထားသည့် ကုမ္ပဏီများအားလုံး ဆုံးရှုံးမှု ကြီးကြီးမားမား ခံစားလိုက်ကြ ရသည်။ ယခုအခါ ထိုင်ဟွာကုန်တိုက်သည် ပေကျင်းနှင့် ရှန်ဟိုင်းကဲ့သို့ ထိပ်တန်းမြို့ကြီးများနှင့် ဒုတိယအဆင့်မြို့များ၏ ဈေးကွက်များကို အခိုင်အမာ ရထားပေသည်။
ထိုင်ဟွာ ကုန်တိုက်၏ ရန်ပုံငွေရော ပမာဏတွင်ပါ ဆယ်ပုံတစ်ပုံပင် အခြားကုန်တိုက် ကုမ္ပဏီများ မယှဉ်နိုင်ချေ။ ထိုင်ဟွာကုန်တိုက်အား မည်သို့ ရင်ဆိုင်နိုင်မည်နည်း။
ဖုန်းယွီ၏ မျက်နှာတွင် အပြုံးတစ်ခု ပွင့်လာသည်။ ထိုင်ဟွာကုန်တိုက်သည် တရုတ်နိုင်ငံ ဈေးကွက်တစ်ခုလုံးကို သိမ်းပိုက်တော့ပေမည်။
--------**$$^$$**--------