တူကလေး
Vol. 54 Ch. 809
“ဦးလေး.. ဦးလေး.. ပုံပြင်ပြောပြအုံး..”
ဖုန်းယွီ၏ တူဖြစ်သူ လီကျစ်ရှင်းသည် အသက်(၅)နှစ်ရှိပေပြီ။ ယခု သူငယ်တန်း တက်နေပြီး ကျောင်းပိတ်ရက် ဖြစ်၍ အိမ်သို့ ရောက်နေပေသည်။ ထိုကလေးမှာ အကန့်အသတ်မရှိသော စွမ်းအားနှင့် စူးစမ်းလိုစိတ်ရှိသည့် အရွယ်ဖြစ်သည်။ လီကျစ်ချင်း၏ မိဘများသည် သူ့ကို မဆုံးလိုကြသဖြင့် ကလေးငယ်မှာ အလွန်ရက်စက် ကြမ်းကြုတ်ကာ စိတ်တိုစရာ ဖြစ်လာသည်။
ဖုန်းယွီ အိမ်ပြန်ရောက်လာပြီးနောက် ထိုကလေး၏ ဒုက္ခပေးမှု ခံရတော့သည်။ ဖုန်းယွီအား အပြင်ဘက်သို့ အလည်ထွက်ခိုင်းခြင်း၊ ပုံပြင်ပြောပြခိုင်းခြင်းများ လုပ်တော့သည်။ ဖုန်းယွီအနေဖြင့် သူ့ဇာတ်လမ်းများ ပြန်ပြောရ၌ အဆင်ပြေသော်လည်း ပုံပြင်ပြောစဉ် မေးလာသည့် မေးခွန်းပေါင်းစုံကြောင့် ဒုက္ခရောက်နေရသည်။
“နှင်းလူ လုပ်ဖို့ မင်းကို အပြင်ခေါ်သွားပေးရမလား..”
“နှင်းလူလုပ်ရတာ ပျင်းစရာကြီး.. ဦးလေး လုပ်ထားတဲ့ နှင်းလူတောင် တစ်ချက်တည်းနဲ့ ပြိုသွားတာ.. နည်းနည်းမှ မခိုင်ဘူး..”
ကလေးမှ ပြန်ဖြေလာသည်။
ထိုကလေးအတွက် နှင်းလူရုပ်များသည် ကန်စရာတစ်ခုသာပင်။
“ဗီဒီယိုဂိမ်း ဆော့မလား..”
“ဖုန်းယွီ.. ကလေးကို ဗီဒီယိုဂိမ်းတွေ မဆော့ခိုင်းနဲ့..”
မီးဖိုချောင်အတွင်း ချက်ပြုတ်နေသည့် ဖုန်းယွီ၏ အစ်မမှ လှမ်းအော်ပြောလာသည်။
“ကောင်းပြီလေ.. ငါမင်းကို ပုံပြင်တစ်ပုဒ် ပြောပြမယ်.. ကြားဖြတ်မမေးရဘူးနော်..”
ဖုန်းယွီ သူ့တူနား ထိုင်ကာ ပြောပြမည့် ဇာတ်လမ်း စဉ်းစားနေသည်။
“သားကို မလိမ်ရဘူးနော်.. ပုံပြင်တွေ အများကြီး ကြားဖူးတယ်.. မကြားဖူးတာ ကြားချင်တယ်..”
“အေးပါကွာ.. မင်းတခါမှ မကြားဖူးသေးတဲ့ ပုံပြင်တစ်ပုဒ် ပြောပြမယ်.. ဘူးသီးနဲ့ အစွန်းရောက်သူ အကြောင်း ပြောပြမယ်..”
ဖုန်းယွီသည် သူ့တူအား ပုံပြင်အရှည်ကြီး မပြောချင်ပေ။ သို့မဟုတ်ပါက ထိုကောင်လေး နောက်ရက်များတွင်ပါ ပူဆာနေလိမ့်မည်။ ဖုန်းယွီ မပြောပါက လီကျစ်ရှင်းမှ အဘိုးအဘွားများကို တိုင်ကြားပေလိမ့်မည်။
ထိုကောင်လေးသည် ငိုချင်ယောင်လဲ ဆောင်တတ်သေးသည်။ ဖုန်းယွီပင်လျှင် အဖေဖြစ်သူ အရိုက်ခံရသည်အထိ ထိုသို့ လုပ်ရမည်မှန်း မသိခဲ့ချေ။
ထိုသို့သော အကြောင်းများကြောင့် ဖုန်းယွီသည် ထိုကလေးကို ထိန်းရန် ဝတ္ထုတိုများဖန်တီးရတော့သည်။
“ဦးလေး.. ဘူးသီးနဲ့ အစွန်းရောက်သူက ဘာလို့ ရန်ဖြစ်ကြတာလဲ.. ဘူးသီးက တရုတ်ကလေ.. အစွန်းရောက်သူက တခြားကပါ..”
“သူတို့က တစ်ယောက်နဲ့ တစ်ယောက် မဝေးဘူးကွ.. လေယာဉ်ပျံနဲ့ သွားလို့ရတယ်.. ပြီးတော့ အစွန်းရောက်သူက ပျံနိုင်တယ်လေ..”
“ဘူးသီးက ရှေးရှေးတုန်းကလူလေ.. သူတို့မျာ လေယာဉ်မှ မရှိသေးတာ..”
“ဘူးသီးတွေ ဟိုးရှေးရှေးကနေ အခုထိ အသက်ရှင်နေတုန်းပဲ.. ဒါဆို မေးစရာမရှိတော့ဘူးမို့လား..”
“ဒါဆို ဘယ်သူက လူကောင်းလဲ..”
ဖုန်းယွီ စကားများ ဆွံ့အသွားမိသည်။ ထိုကလေး၌ မည်သည့်အတွက် ဤမျှ မေးခွန်းများနေရသနည်း။
“ပုံပြင် နားထောင်မှာလား နားမထောင်ဘူးလား.. ငါမပြောတော့ဘူး..”
“ဟုတ်ကဲ့ပါ.. သားအခု ဘာမှ လုပ်စရာမရှိလို့ ပုံပြင်ပဲ ပြောပြ..”
ဖုန်းယွီ ထပ်မံ ဆွံ့အသွားသည်။ ထိုကောင်လေး သူ့ကို အသုံးချ၍ အချိန်ဖြုန်းနေသည်လော။
“…… နောက်ကျ အစွန်းရောက်သူက လေဆာရောင်ခြည်နဲ့ ပစ်လိုက်တာပေါ့.. ဖြီး.. ဖြီး.. ဖြီး.. ဆိုပြီးလေ.. ဘူးသီးက အလင်းတန်းကို ရှောင်ပြီး အစွန်းရောက်သူကို သေတဲ့အထိ မှော်မီးနဲ့ မှုတ်ပစ်လိုက်တယ်.. အဲ့လိုနဲ့ ပုံပြင်လေး ပြီးသွားရော..”
ဖုန်းယွီ သူ့ပုံပြင်သူ သဘောကျနေပေသည်။
“မဟုတ်သေးဘူး.. အဲ့လိုမဟုတ်ဘူး.. အစွန်းရောက်သူက အာကာသထဲကလေ.. မီးကို ဘာလို့ ကြောက်ရမှာလဲ..”
“ဘာဖြစ်လို့လဲဆိုတော့ ဘူးသီးရဲ့ မှော်မီးက ပုံမှန်မီးတွေထက် ပိုပူလို့ပေါ့..”
“မှော်မီးဆိုတာ ဘာလဲ..”
ငရဲကို မည်သို့ ဖန်တီးထားမှန်း မသိသကဲ့သို့ မှော်မီးဟုသာ ကြားဖူးထားသည်။ ဘယ်လိုလဲဆိုသည်ကိုတော့ မည်သူမှ မပြောကြချေ။ ထိုကလေး မည်သည့်အတွက် ဤမျှ အမေးအမြန်းထူနေရသနည်း။ နတ်ဆိုး ပုံပြင်ကိုပင် ဆက်ပြော၍ ရတော့မည် မဟုတ်တော့ချေ။
ဖုန်းယွီ ထိုကလေးနှင့်မှ တွေ့နေရပေသည်။ နိုင်ငံရေးသမားများ၊ စီးပွားရေးသမားများ၊ သိပ္ပံပညာရှင်များ၊ အင်ဂျင်နီယာများ စသည်တို့ကို ကိုင်တွယ်နိုင်သော်လည်း ထိုကလေးကို မည်သည့်အတွက် မကိုင်တွယ် နိုင်ရသနည်း။
“ကဲ.. ညစာ အသင့်ဖြစ်ပြီ.. စားဖို့ လက်ဆေးကြစို့..”
လီကျစ်ရှ်း ခွေးခြေခုံပေါ်တွင်ရပ်ကာ လက်ဆေးလိုက်သည်။ ထို့နောက် လှည့်၍..
“ဦးလေး.. မှော်မီးဆိုတာ ဘာလဲ.. မဖြေသေးဘူးနော်.. မီးက ဘာလို့ အစွန်းရောက်သူကို သတ်နိုင်ရတာလဲ..”
ထိုစဉ် တံခါးဖွင့်သံကြားလိုက်ရသဖြင့် အလွန်ဝမ်းသာသွားသည်။
“မြန်မြန်.. မြန်မြန်.. အဘပြန်လာပြီ..”
ဖုန်းယွီ သူ့တူလေး ပြေးထွက်သွားမှ သက်သာရာရသွားသည်။ ထိုကောင်လေး ကျောင်းတွင်လည်း ထိုသို့ အမေးအမြန်း ထူနေသည်လော။ သူငယ်တန်း ဆရာမတော့ မေးခွန်းများဖြင့် ရူးသွားလောက်ပေမည်။
“ရှောင်ဖုန်း.. ကလေးတွေက ချစ်စရာကောင်းတယ် မထင်ဘူးလား.. လီနနဲ့ လက်ထပ်ပြီး မြန်မြန် ကလေးယူလိုက်တော့..”
လီရှစ်ချန်းသည် လီကျစ်ရှန်းကို ပွေ့ခေါ်လာသည်။
“ဟား… ဟား…”
ချစ်စရာလော။ ချစ်စရာဟူ၍ တစက်ကလေးမှ မမြင်မိချေ။
ဖုန်းယွီသည် လီကျစ်ရှန်းနှင့် လီဂို ကစားရန် ကြိုးစားဖူးသော်လည်း ပျံ့ကျဲနေအောင် လုပ်ပစ်လိုက်သည်။ ဖုန်းယွီ နှင်းလူ လုပ်ပေးထားသော်လည်း ကန်ကျောက်ပစ်လိုက်သည်။ ပုံပြင် ပြောသည့်အခါ မေးခွန်းများ မဆုံးနိုင်အောင် ပေါ်လာလိမ့်မည်။
မည်သို့ပင်ဖြစ်စေ ဖုန်းယွီသည် ထိုကောင်လေးသည် အကျင့်စာရိတ္တကောင်းကြောင်း သတိထားမိသည်။ ဖုန်းယွီနှင့် ရှိနေစဉ်သာ ထိုသို့ လုပ်နေခြင်းလော။
ဖုန်းယွီသည် ကလေးများနှင့် ပတ်သက်၍ အတွေ့အကြုံမရှိချေ။
ညစာ စားနေစဉ် လီကျစ်ရှန်း အသံတိတ်နေပေသည်။ ထမင်းတစ်စေ့မကျန် စားလိုက်သည်။
နေ့လည်က တွေ့ခဲ့ မြင်ခဲ့ရသည်ကိုပင် ထင်ယောင်ထင်မှားလောဟု ဖုန်းယွီ ထင်နေမိသည်။ သို့ရာတွင် အချိန် မကြာဘဲ ဖုန်းယွီအား မျက်မှောက် အဖြစ်အပျက်ဟု သက်သေပြသွားသည်။
“ဦးလေး.. စားပြီးသွားပြီ.. နောက်ထပ် ပုံပြင် တစ်ပုဒ် ပြောပြ..”
“အာ.. ငါမပြီးသေးဘူးလေ.. မင်းအရင် သွားအိပ်လိုက်..”
“ထမင်းစားပြီးတာနဲ့ တမ်းမအိပ်ရဘူးလို့ မမေပြောထားတယ်.. ပုံပြင်ပဲပြောပြ..”
“အရင်ဆုံး တစ်ယောက်ထဲ သွားကစားလိုက်အုံး.. စားပြီးမှ ပြောပြမယ်..”
“ဦးလေး ပန်းကန်ထဲမှာ ထမင်း မရှိတော့ဘူးလေ.. ပန်းကန်တွေတောင် ချထားပြီးပြီကို..”
ယနေ့ခေတ် ကလေးများ အလွန်သိနေကြသည်လော။
“ကောင်းပြီ.. ကောင်းပြီ.. အစွန်းရောက်သူနဲ့ စက်ရုပ်လူသား ပုံပြင် ပြောပြမယ်..”
ထိုဇာတ်ကောင် (၂)ခုစလုံး အာကာသထဲမှ ဖြစ်၍ ပြဿနာ မရှိလောက်ချေ။
“ဦးလေး.. အစောက မေးခွန်းမပြီးသေးဘူး.. မှော်မီးဆိုတာ ဘာလဲ..”
ထိုကလေး မည်သည့်အတွက် မှော်မီးကို တမ်းတမ်းစွဲ နေသနည်း။
“အရုပ်တွေသွားဝယ်မယ်လေ.. မင်းကို ဘယ်လိုမျိုးဝယ်ပေးရမလဲ.. ကုန်တိုက်ကြီးကို လိုက်ပို့ပေးမယ်.. အဲ့မှာ အရုပ်တွေမှ အများကြီးပဲ.. မင်းကြိုက်တာရွေးလို့ရတယ်..”
“အရုပ်ကား ရောရလား..”
“ပြဿနာမရှိဘူး.. မင်း ဘယ်လိုကားမျိုး လိုချင်လဲ..”
ဖုန်းယွီ ထိုမေးခွန်း မေးပြီးမှ နောင်တရသွားမိသည်။ ထိုကောင်လေးအတွက် ဖုန်းယွီအလွန် ခေါင်းကိုက်ရပေသည်။
“အဖေစီးတဲ့ကားလိုမျိုး လိုချင်တယ်..”
လီကျစ်ရှင်း စိတ်လှုပ်ရှားစွာ ပြန်ဖြေလာသည်။
“အဲ့ဒါ အရုပ်မဟုတ်ဘူးလေ.. မင်းမောင်းလို့မှ မရတာ..”
“ဦးလေး သေးသေးလေး ဖြစ်အောင် လုပ်ပေးလို့ရတယ်လေ.. သားတောင်သိတယ်.. ဦးလေး ဘာမှမသိဘူး..”
ဤကလေး ထိုစကားများ မည်သို့တတ်နေသနည်း။ ထိုစကားလေးဖြင့် မိမိအရှုံးပေးရမည်လော။
“ဒါဆို မင်းခနစောင့်လိုက်.. နှစ်ကူး မရောက်ခင် မင်းကြိုက်တဲ့ အရုပ်ကား ငါလုပ်ပေးမယ်..”
“မောင်းလို့ရတဲ့ ကားလား..”
“ဒါပေါ့.. သေချာပေါက် မောင်းလို့ရတယ်..”
ဖုန်းယွီ သူ့ကားစက်ရုံကြီးမှ အရုပ်ကား မလုပ်နိုင်ဟု မယုံချေ။
အရုပ်ကားတစ်စီးဆောက်ရန် အင်ဂျင်နီယာများကို ပြောခြင်းသည် အာဏာ အလွဲသုံးစား ပြုလုပ်ခြင်း တစ်ခု ဖြစ်သော်လည်း သူ့ကို မည်သူ ပြန်ပြောရဲမည်နည်း။
“ဦးလေး.. ဦးလေး ကားလုပ်ဖို့ အကူတစ်ယောက် ခေါ်ပေးရမလား.. နေအုံး.. သားမှာ ပုံတစ်ပုံရှိတယ်.. သားဆွဲထားတဲ့ပုံအတိုင်း လုပ်ရမယ်..”
ဖုန်းယွီ ကားပုံကိုကြည့်ကာ စကား မပြောနိုင်တော့ချေ။ ထိုကလေး ကားပုံစံကိုပင် ရေးဆွဲထားသေးသည်။ ထိုသို့ ဖြစ်ရန် ယခင်ကတည်းက စီစဉ်ထားသည်လော။ ယနေ့ ထိုဂြိုကောင်လေး စိတ်ရှည်နေသည်မှာ အံ့ဩစရာ မဟုတ်တော့ချေ။ ရည်ရွယ်ချက် ရှိရှိ လုပ်ခဲ့ခြင်းပင်။
မည်သို့ပင်ဖြစ်စေ ကလေးကို စိတ်ပျက်စေမည် မဟုတ်ချေ။ သို့ရာတွင် ထိုသို့သော အရုပ်ကားမျိုး အမြဲပူဆာနေပါက ခွင့်ပြုနိုင်မည် မဟုတ်ချေ။
--------**$$^$$**--------