← Chapters

ကျန်းမိသားစု၌ ညစာစားခြင်း

Vol. 1 Ch. 84

ကျန်းမိသားစု၌ ညစာစားခြင်း

Vol. 1 Ch. 84

အတန်းချိန်အားလုံး ပြီးသွားတော့ ချန်းဖန်လည်း အတန်းထဲမှ ထွက်ခဲ့သည်။ စီယင်းရှာကတော့ စာအုပ်ပုံထဲ ခေါင်းစိုက်နေဆဲပင်။

ချန်ဝမ်က စီယင်းရှာအနီးသို့ လျှောက်လာသည်။ သူမက စီယင်းရှာအား ကရုဏာသက်စွာ ကြည့်ရင်း ပြောလိုက်သည်။

“တစ်နေ့ခင်းလုံးလည်း စာပဲ လုပ်နေတာမလား ငါနဲ့အတူ ညစာ လိုက်စားရင်း ခဏလောက် နားလိုက်ပါလား”

နောက်ဆုံးတော့ စီယင်းရှာက စာအုပ်ကိုပိတ်လိုက်ပြီး လက်ထဲမှ ဘောပင်ကိုချသည်။ ထို့နောက် ညောင်းညာနေသော ခါး တစ်ဝိုက်အား လက်ဖြင့် နှိပ်နယ်လိုက်သည်။

ချန်ဝမ်က မေးသည်။

“ချန်းဖန် ပြန်လာပြီ နင်တွေ့လိုက်လား ”

“ချန်းဖန်”

စီယင်းရှာက ခေါင်းယမ်းသည်။

“သူပြန်လာတော့လည်း ဘာဖြစ်လဲလေ အခုဆို သူက ငါ့အတွက် ထိုက်တန်တဲ့ ပြိုင်ဘက် မဟုတ်တော့ပါဘူး ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို ငါ ကျေးဇူးတင်ရမယ် သူနဲ့ တွေ့ခဲ့တာကြောင့်သာ အရင်ကထက် ပိုပြီး ကြိုးစားဖို့ ဖိအားတွေရခဲ့တာ”

“အမှန်ပဲ”

ချန်ဝမ်က ခေါင်းညိတ်ပြီး ဆက်ပြောသည်။

“ချန်းဖန်၏ အရည်အချင်းက သူ့မိတ်ဆွေအပေါ် မှီခိုပြီး ရလာတာ နင်ကတော့ မတူဘူး နောင်ဆယ်နှစ် ဒါမှမဟုတ် နှစ်နှစ်ဆယ်အတွင်း နင်က ဝေ့ကျီချင်းနဲ့ ရင်ပေါင်တန်းနိုင်တဲ့ အဆင့်အတန်းတစ်ခုကို ရလာလိမ့်မယ် အဲဒီအခါကျရင် ချန်းဖန်လိုလူတွေက နင့်ကို အားကျနေရုံပဲ တတ်နိုင်တော့မှာ”

“ဝေ့ကျီချင်း”

စီယင်းရှာ၏ မျက်လုံးများက အရောင်တစ်ချက် လက်သွားပြီး နှာခေါင်းရှုံ့လိုက်သည်။

“‌ဝေ့မိသားစုရဲ့ အရှိန်အဝါသာ မရှိရင် ဝေ့ကျီချင်းဆိုတာ သာမန် ရုပ်ရည်ပဲရှိတဲ့ မိန်းကလေး တစ်ယောက်ထက် မပိုဘူး နောင်နှစ်ဆယ်အတွင်းမှာ ငါက သူ့အဖေထက် ပိုမြင့်တဲ့ အောင်မြင်မှုတွေကို ယူပြမယ်”

ချန်ဝမ်သည် စီယင်းရှာ၏ ဘေး၌ တိတ်ဆိတ်စွာ ရပ်လျက် သူမ ချစ်ရပါသော လူငယ်လေး၏ ရည်မှန်းချက် များအား မျက်ရည် ဝဲသည်အထိ ပီတိဖြစ်ရရင်း နားထောင်နေမိသည်။

ထိုအချိန်တွင် ချန်းဖန်သည် အိမ်သို့ ပြန်နေသော လမ်းတွင်ဖြစ်သည်။ သူက စီယင်းရှာ၏ ထူးချွန်မှုအကြောင်း မတွေးဘဲ မနေနိုင်ပေ။

‌ရာထောင်ပေါင်းများစွာသော ကျောင်းသားများကြားတွင် ထူးချွန်စွာနှင့် အမှတ်အများဆုံး ရနိုင်ဖို့ရာက ထင်သလောက် မလွယ်ပါချေ။ ပါရမီ အရင်းခံအပြင် မဆုတ်မနစ်သော လုံ့လ၊ ဝီရိယလည်း စိုက်ထုတ်ရန် လိုသေးသည်။

အတိတ်ဘဝက ချန်းဖန်သည် ပထမဆုံး အစမ်းစာမေးပွဲအား ကျတောင် ကျခဲ့တာ ဖြစ်သည်။

ချန်းဖန် မှတ်မိသလောက်ဆိုလျှင် စီယင်းရှာသည် နောင်ဆယ်နှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခု၏ မန်နေဂျင်း ဒါရိုက်တာ ဖြစ်လာပေလိမ့်မည်။

သို့သော်လည်း စီယင်းရှာ၏ အနာဂတ်က မည်မျှ တောက်ပနေပါစေ သေမျိုးလူသား တစ်ယောက်၏ အကန့်အသတ် အတွင်းသာ ရှိနေသးသည်။

နောင်ဆယ်နှစ်၊ နှစ်နှစ်ဆယ်ခန့်ကြာလျှင် ချန်းဖန်သည် မူလဝိညာဉ်အဆင့်သို့ ရောက်ရှိပြီး ကြယ်စုများ အကြား၌ လွတ်လပ်စွာ ပျံသန်းနေလောက်ပြီ ဖြစ်သည်။

ရုတ်တရက် ချန်းဖန်သည် သူ့အနောက်မှ တစ်‌စုံတစ်ယောက် လိုက်လာသလို ခံစားရသောကြောင့် ရပ်တန့်လိုက်သည်။

မိန်းကလေး  တစ်ယောက်၏ ဒေါက်ဖိနပ်သံသည်လည်း တုံ့ခနဲ ရပ်တန့်သွားသည်။

“ငါ့ကို ရှာနေတာလား”

ချန်းဖန်က နောက်သို့လှည့်ကာ မေးလိုက်သည်။ သူ့အနောက်တွင် ရှိနေသူကား ကျန်းချူယန် ဖြစ်သည်။

“အမေက နင့်ကို အိမ်မှာ ညစာ လာစားစေချင်နေတယ်”

“အင်း ကျေးဇူးပဲ”

“ခဏ”

ချန်းဖန်က လှည့်ထွက်သွားမည် ပြင်တော့ ကျန်းချူယန်က အော်လိုက်သည်။

“ငါ.. ငါနဲ့ လီရီချန်းက တွဲနေကြတာ မဟုတ်ဘူး ဟိုနေ့ကလည်း ဒီတိုင်း နေ့လယ်စာ အတူတူ စားကြရုံပါ”

ချန်းဖန်က လှည့်ကြည့်လိုက်သည်တွင် ကျန်းချူယန်၏ မျက်နှာပေါ်၌ ခေါင်းမာနေသော အရိပ်အယောင်များ တွေ့ရသည်။

“နင် သုံးလလုံးလုံး တခါမှ မဆက်သွယ်ဘဲ ပျောက်သွားတာ ငါတို့တွေ ဘယ်လို ခံစားနေရမလဲ ဆိုတာ တစ်ခါလောက်တောင် တွေးမကြည့်ဘူးလား”

ကျန်းချူယန်က ဝေ့တက်လာသော မျက်ရည်များ စီးကျမလာစေရန် သူမ နှုတ်ခမ်းအား ပြတ်ထွက်မတတ် ကိုက်ထားမိသည်။

“ငါတို့”

ချန်းဖန်က အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

“ငါနဲ့ ဖေးဖေး”

ကျန်းချူယန်က အားတင်း၍ ဆက်ပြောသည်။

“နင်က ဖေးဖေးကိုတောင် နှုတ်မဆက်ဘဲ ထွက်သွားတယ် သူ ဘယ်လောက်တောင် ဝမ်းနည်းနေရလဲ နင်မသိဘူးလား”

“နင် ဘယ်လို ထင်နေလဲ‌တော့ ငါလည်း မသိဘူး ဒါပေမဲ့ ဖေးဖေးနဲ့ ငါနဲ့က ရိုးရိုး သူငယ်ချင်းတွေပဲ”

ချန်းဖန်က သက်ပြင်းချလျက် ပြောလိုက်သည်။

“ရိုးရိုး သူငယ်ချင်း”

ကျန်းချူယန်က ယုံကြည်ဟန် မရပေ။

“ပြောရရင် ဖေးဖေးက နင်နဲ့တောင် မတန်ဘူး ဒီသုံးလအတွင်းမှာ သူက နင့်ကို စိုးရိမ်နေရတဲ့ အပြင် ဇာတ်လမ်းတွဲ တစ်ခုမှာလည်း ဝင်သရုပ်ဆောင်ရသေးတယ်။ ဒါရိုက်တာက ဖေးဖေး သရုပ်ဆောင်တာကို အရမ်း သဘောကျပြီး နောက်တစ်ခေါက်ကျရင် အဓိက ဇာတ်ဆောင်နေရာ ပေးမယ်လို့တောင် ပြောနေတာ..

စီယင်းရှာနဲ့ ချူမင်ဟွေ့ နှစ်ယောက်လုံးက ဖေးဖေးကို ကြိုက်နေကြတယ် ဒါပေမဲ့ ဖေးဖေးက အောင်မြင်တဲ့ မင်းသမီး တစ်ယောက် ဖြစ်လာတဲ့အခါ သူတို့နှစ်ယောက်လုံးတောင် ဖေးဖေးနဲ့ မတန်တော့ဘူး

နင်က လောလောဆယ်မှာ ဝေ့ကျီချင်းအပေါ် မှီခိုလို့ရတယ်ပဲ ထားဦး နောက်ကျ ချူကျိုးမြို့ကနေ ထွက်သွားရတဲ့ အခါကျရင်ရော နင် ဘယ်သူ့အပေါ် မှီခိုမလဲ ဖေးဖေးမှာတော့ နင့်ကို ကြိုက်လိုက်ရတာ နင်ကတော့ ဖေးဖေးရဲ့ ခံစားချက်တွေကို နည်းနည်းလေးတောင် ထည့်မစဉ်းစားဘူး ဖေးဖေးအတွက် ဝမ်းနည်းမိတယ်”

ကျန်းချူယန်သည် သူမ ထင်ရာမြင်ရာများကို စွတ်ရွတ် ပြောပြီးနောက် ချန်းဖန်၏ တုံ့ပြန်မှု‌ကိုပင် မစောင့်တော့ဘဲ ဒေါသတကြီး လှည့်ထွက်သွားတော့သည်။

ချန်းဖန်သည် နေရာတွင်ပင် ရပ်နေဆဲ ဖြစ်ပြီး အတန်ကြာတော့မှ သူက ပြုံးလိုက်မိသည်။

“တစ်‌စုံတစ်ယောက်က ငါ့ကို တကယ်ကြီး သတိရနေတယ် စိတ်ဝင်စားစရာပဲ”

... ... ...

ထိုနေ့ညနေတွင် ချန်းဖန်သည် ကျန်းချူယန်တို့အိမ်သို့ ညစာစားရန် ရောက်လာခဲ့သည်။ သို့သော် တံခါး လာဖွင့်ပေးသူမှာ လီရီချန်း ဖြစ်နေသောကြောင့် သူက အံ့ဩသွားရသည်။

“ကြိုဆိုပါတယ်”

လီရီချန်းက ချန်းဖန်အား ပြုံးလျက် နှုတ်ဆက်သည်။ သို့သော်လည်း သူ၏ အပြုံးမှာ အလွန် စိတ်မပါ လက်မပါ ဖြစ်နေ‌သောကြောင့် ချန်းဖန်ပင် စိတ်မသက်မသာ ဖြစ်သွားရသည်။

ချန်းဖန် အိမ်ထဲသို့ ဝင်လိုက်တော့မှ ရောက်ရှိနေသော ဧည့်သည်များမှာ လီရီချန်း  တစ်ယောက်တည်း မဟုတ်ဘဲ ကျန့်ယွီမုန့်၊ ယန်ချောင် နှင့် ရှုယုံဖေးတို့ပါ ဖြစ်ကြောင်း သိလိုက်ရသည်။ ရှုယုံဖေးသည် ချန်းဖန်အား မြင်လိုက်သည်နှင့် အလွန် ပျော်ရွှင်သွားပြီး ထိုင်ခုံမှပင် ခုန်ထလိုက်မိသည်။

“ရှောင်ဖန် ရောက်ပြီလား နောက်ကျတယ်နော်”

အန်တီထန်က မီးဖိုခန်းအတွင်းမှ ထွက်လာပြီး ချန်းဖန်အား နွေးထွေးစွာ ပြောသည်။ ထို့‌နောက် ကျန်းချူယန် ဘက်သို့ လှည့်လိုက်ပြီး..။

“ယန်ယန် ရှောင်ဖန့်အတွက် လက်ဖက်ရည် ပြင်ပေးလိုက်ဦးလေ”

“ဟုတ်ကဲ့”

ကျန်းချူယန်က အေးစက်စက် မျက်နှာထားနှင့် ခေါင်းညိတ်သည်။

ကျန်းဟိုင်ရှန်းသည်လည်း ဆိုဖာခုံတွင် ထိုင်နေပြီး အိမ်ထဲသို့ ချန်းဖန် ဝင်လာသည်ကို မြင်သောအခါ စိတ်ပျက်စွာ ခေါင်းယမ်းလိုက်မိသည်။

ချန်းဖန်သည် ထောင့်တထောင့်ရှိ ထိုင်ခုံတွင် ထိုင်ရန် ပြင်လိုက်သော်လည်း ရှုယုံဖေးက သူမနှင့် ကပ်လျက် ထိုင်ခုံဆီသို့ အတင်းဆွဲခေါ်သွားသည်။ ကျန်းချူယန်၏ မျက်နှာက အလိုမကျသည့်ဟန် ဖြစ်သွားသော်လည်း သူမက တိတ်ဆိတ်စွာနှင့် လက်ဖက်ရည်သာ ဆက်ပြင်နေ‌သည်။

ကျန်းဟိုင်ရှန်းက စကားစလိုက်သည်။

“ရှောင်ချောင် မင်းအဖေရဲ့ ဟိုတယ်က ကြယ်ငါးပွင့် အဆင့်အဖြစ် သတ်မှတ်ခံရတော့မယ်ဆို”

ယန်ချောင်ပင် ဘာမှ မပြောရသေးခင်တွင် ကျန့်ယွီမုန့်က ဝင်ဖြေလိုက်သည်။

“ဟုတ်တယ် ဦးလေးကျန်း ဟိုတစ်လောကပဲ တိုင်းကနေ စစ်ဆေးသူတွေ ရောက်လာကြတယ်‌ သူတို့ အထက်ကို ပြန်ပြီး အစီအရင် ခံရဦးမယ် ထင်တယ်”

ကျန့်ယွီမုန့်က မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း မေးလိုက်သည်။

“ဦးလေးကျန်းက မြို့ထဲမှာ အဆက်အသွယ် ကောင်းကောင်း ရှိပုံပဲနော် ဦးလေးကျန်း မသိတာ ဘာမှ မရှိသလောက်ပဲ”

ကျန်းဟိုင်ရှန်းက လက်ထဲရှိ လက်ဖက်ရည်ခွက်အား စားပွဲပေါ်ချရင်း ပြောသည်။

“စိတ်မပူပါနဲ့ မင်းအဖေဘက်မှာ တစ်မြို့လုံး ရှိပါတယ် ငါကြားတာတော့ တိုင်းက စစ်ဆေးတဲ့ သူတွေကလည်း မင်းတို့ဟိုတယ်ကို သဘောကျပါတယ် မကြာခင်မှာ ကြယ်ငါးပွင့်အဖြစ် အသိအမှတ်ပြုတဲ့စာ ရောက်လာမှာပါ “

“တကယ်ပဲလား ဦးလေးကျန်း”

ယန်ချောင်က ဝမ်းသာအားရ မေးလိုက်ပြီး ကျန့်ယွီမုန့်ဆိုလျှင် ထိုင်ခုံပေါ်မှ ပြုတ်ကျမတတ်ပင် ဖြစ်သွားသည်။

ကျန့်ယွီမုန့်သည် ယန်ချောင်၏ မိသားစု‌နောက်ခံကြောင့် သူငယ်ချင်းများ ကြား၌ အလွန် မျက်နှာပွင့်သည် ဖြစ်ရာ ယန်ချောင့် အဖေ ပိုင်ဆိုင်သော ဟိုတယ်၏ အောင်မြင်မှုက သူမ၏ အောင်မြင်မှုနှင့် မခြားနားပေ။

ကျန်းဟိုင်ရှန်းက ထပ်ပေါင်းပြောလိုက်သည်။

“ယန်ချောင် ဒီကိစ္စမှာ အဓိက ကူညီပေးခဲ့တာက လီရီချန်းရဲ့ အဖေပဲ ဘာပဲပြောပြော ငါတို့မြို့မှာ ကြယ်ငါးပွင့် အဆင့်ရှိတဲ့ ဟိုတယ် နောက်တစ်ခု တိုးလာတာကလည်း သတင်းကောင်းပဲလေ”

ယန်ချောင်လည်း ချက်ချင်းပင် မတ်တပ်ရပ်လိုက်ပြီး လီရီချန်းဖခင်၏ ကူညီမှုကြောင့် လီရီချန်းအား ‌ဦးညွှတ်လိုက်သည်။

လီရီချန်းက မတ်တတ်ရပ်လိုက်ပြီး နွေးထွေးသော အပြုံးတစ်ခုနှင့် ယန်ချောင့်အား ပြန်ထိုင်ရန် ပြောသည်။

ကျန်းဟိုင်ရှန်းကလည်း ယန်ချောင်၏ အလိုက်သိမှုကြောင့် အလွန် ကျေနပ်လို့နေသည်။ သူက သမီးဖြစ်သူ၏ သူငယ်ချင်းများသည် မြင့်မားသော အဆင့်အတန်းနှင့် နောက်ခံ တောင့်တင်းသော မိသားစုများမှ ဖြစ်နေခြင်းအပေါ် အမြဲတမ်း ဂုဏ်ယူခဲ့ရတာ ဖြစ်သည်။

သူက လီရီချန်းအား အလွန် စိတ်ကျေနပ်ပြီး သမီးဖြစ်သူနှင့် နေရာချထား ‌ပေးလိုသည်။ လီရီချန်းကလည်း သူ့သမီးအပေါ် လိုလိုလားလား ရိြှခင်းကြောင့် သူက ပို၍ မျှော်လင့်ချက် ထားမိသည်။

ထိုသို့အတွေးနှင့် ကျန်းဟိုင်ရှန်းသည် ချန်းဖန် ထိုင်နေသော ဘက်သို့ လှမ်းကြည့်ကာ စိတ်ပျက်လက်ပျက် ခေါင်းယမ်းမိသည်။

'ဒီလို အရှုံးသမား  တစ်ယောက်ကတော့ ယန်ချောင်နဲ့တောင် မယှဉ်နိုင်တာ လီရီချန်းကို မီဖို့ဆို အဝေးကြီးပဲ ဘယ်လိုလုပ်ပြီး ဒီလိုကောင်မျိုးကို ငါ့သမီးနဲ့ သဘောတူနိုင်ပါ့မလဲ'

***

All Chapters