ယွင်ဝူတောင်ထိပ်ရှိ စံအိမ်
Vol. 1 Ch. 85
မကြာမီတွင် ညစာစားပွဲက အသင့် ဖြစ်သွားသည်။ အန်တီထန်နှင့် ရှုယုံဖေးမှ လွဲ၍ ဘယ်သူမှ ချန်းဖန်အား စကား မပြောကြပါ။
ကျန်သည့် လူများမှာ အချင်းချင်း စကားစမြည် ပြောကြရင်း အကြောင်းအရာက မြို့တွင်း သတင်းများဆီ ဦးတည်သွားသည်။
"ဦးလေးကျန်း ဆရာချန်းဆိုတဲ့ လူအကြောင်း ကြားမိသေးလား"
ကျန့်ယွီမုန့်က မေးလိုက်သည်။
"ဆရာချန်း" ကျန်းဟိုင်ရှန်းက အံ့ဩသွားပြီး စားလက်စ တူအား လက်ထဲမှ ချကာ မေးသည်။
"မင်းတို့လည်း ဆရာချန်းအကြောင်း ကြားမိကြတယ်လား"
"သေချာတာပေါ့ အိမ်မှာဆိုလည်း အဖေက သူ့အကြောင်းပဲ ပြောနေတာ လူတိုင်း သူ့ကို သိကြတယ်"
ကျန့်ယွီမုန့်က ပြောသည်။
"အမှန်ပဲ ဆရာချန်းဆိုတဲ့ လူက အခုတလော အရမ်း နာမည်ကြီးနေတယ် လွန်ခဲ့တဲ့ နှစ်လကျော်လောက်စပြီး သူ့နာမည်က ဟိုးလေး တကျော်ကျော် ဖြစ်နေတယ်"
ယန်ချောင်ကပါ ခေါင်းညိတ်ရင်း ဝင်ပြောသည်။
"ကျွန်တော့် အဖေ ပြောတာတော့ ဒီတလော ဟိုတယ်မှာ တည်းတဲ့ ကျန်းပေ့တိုင်းက သူဌေးကြီးတွေ အကုန်လုံး ဆရာချန်း အကြောင်းပဲ ပြောနေကြတယ်တဲ့"
"ကောလာဟလတွေ ကြားတာတော့ အဲဒီလူက ရေပေါ်မှာ လမ်းလျှောက်နိုင်တယ် ကျည်ဆန်ကိုတောင် လေထဲမှာ ဖမ်းနိုင်တယ် ဆယ်ပေအကွာကနေ လူတစ်ယောက်ကို သတ်နိုင်တယ်တဲ့ ဝူရှဇာတ်လမ်းထဲက ထွက်လာတဲ့ ဇာတ်ကောင်အတိုင်းပဲ"
ကျန်းချူယန်ကလည်း မျက်မှောင်ကြုတ်လျက် ပြောလာသည်။
"ကျောင်းမှာလည်း အဲဒီ အကြောင်းတွေ ပြောနေကြတာ ကြားနေရတယ် အများစုကတော့ ယုံတမ်း ပုံပြင်တွေပဲ ဖြစ်မှာပါ"
"အဲဒါတော့ ဟုတ်တယ် လွန်ခဲ့တဲ့ လအနည်းငယ်ကမှ ဆရာချန်း ဆိုတဲ့လူက မှော်ဂါထာလေး နည်းနည်းပါးပါး တတ်တဲ့သူလို့ ပြောကြပြီး အခု ဘယ်လောက်မှတောင် မကြာသေးဘူး စကားတွေက ကားသွားပြန်ရော ယုတ္တိမရှိဘူး"
ယန်ချောင်ကလည်း ဝင်ထောက်ခံလိုက်သည်။
"ဆရာချန်းအကြောင်း သိချင်တယ် ဆိုရင်တော့ ရှောင်ဖေးကိုပဲ မေးရမယ်"
ကျန်းဟိုင်ရှန်းက အပြုံးတစ်ခုနှင့် ပြောသည်။
"ကျွန်မ"
ရှုယုံဖေးလည်း ရုတ်တရက် စကားဝိုင်းထဲ ဆွဲသွင်း ခံလိုက်ရသဖြင့် ကြောင်တောင်တောင်လေး ဖြစ်သွားသည်။
"အမှန်ပဲ ဆရာချန်းရဲ့ အကြောင်းကို ရှောင်ဖေး အဖေထက် ပိုပြီး ဘယ်သူမှ မသိနိုင်ဘူး"
ကျန်းဟိုင်ရှန်းက ခေါင်းညိတ်သည်။
ရှုယုံဖေး၏ မျက်နှာပေါ်ရှိ ဇဝေဇဝါ ဖြစ်နေသည့် အရိပ်အယောင်များကို မြင်ရသော် သူက စကားဆက်သည်။
"အဲဒီ ဆရာချန်းက တကယ်ပဲ အရမ်းကို အစွမ်းထက်လားတော့ မသေချာပေမဲ့ ကြားရတဲ့ သတင်းတစ်ခုအရ ကျန်းပေ့တစ်တိုင်းလုံးမှာ ရှိတဲ့ သူဌေးကြီးတွေ အားလုံး ဆရာချန်းရဲ့ လွှမ်းမိုးမှုအောက်ကို ရောက်သွားပြီတဲ့လေ"
ကျန်းဟိုင်ရှန်းက ခဏ ရပ်လိုက်ပြီးမှ ဖြည်းညင်းစွာ ဆက်ပြောသည်။
"ကျိုးထျန်ဟောက်နဲ့ ရှုအောင်းလည်း အပါအဝင်ပေါ့"
ကျန်းဟိုင်ရှန်း၏ စကားကို ကြားသော် လူတိုင်း၏ မျက်နှာများမှာ ဖြူဖျော့သွားကြသည်။
ကျိုးထျန်ဟောက်နှင့် ရှုအောင်း
ထိုနှစ်ယောက်လုံးကား သာမန်ညောင်ည သူဌေးများ မဟုတ်ကြပါ။ ကျိုးထျန်ဟောက်သည် ချူကျိုးမြို့၏ အာဏာရှင် သူဌေးများထဲမှ တစ်ယောက် ဖြစ်ပြီး ရှုအောင်းသည် ဟိုင်ကျိုတစ်မြို့လုံးအား ချုပ်ကိုင်ထားသောသူ ဖြစ်သည်။ ထိုနှစ်ယောက်ပင်လျှင် ဆရာချန်း၏ လက်အောက်သို့ ရောက်ရှိသွားသည် ဆိုပါက ဆရာချန်း ဆိုသူသည် ကျန်းပေ့ တစ်တိုင်းလုံး၏ အာဏာအား လက်ဝယ် ပိုင်ဆိုင်သွားပြီ ဟူသော အဓိပ္ပာယ်ပင် မဟုတ်ပါလား။
လီရီချန်းနှင့် ယန်ချောင်ကဲ့သို့ အင်အားကြီး မိသားစုများတွင် မွေးဖွားလာသူများ အနေနှင့် ဆရာချန်း လက်ရှိ ပိုင်ဆိုင်ထားသော အင်အားအား ကောင်းစွာ နားလည်ပါ၏။
အကယ်၍ ဆရာချန်း ဆိုသူသာ ကိုယ်ပိုင် အင်အားတစ်ခု ထူထောင်ချင်ပါက နေ့ချင်းညချင်းပင် မြစ်မြောက်ပိုင်းရှိ ဝေ့မိသားစုနှင့် တန်းတူရှိသော အင်အားစု တစ်ခုအား ထူထောင်နိုင်ပေလိမ့်မည်။
"လူတော်တော်များများက ဟူတုန်းနယ်က ထန်ယွမ်ချင်နဲ့ ဆရာချန်းကို နှိုင်းယှဉ်နေကြတာ မထူးဆန်းတော့ပါဘူး"
လီရီချန်းက တွေးဆဆနှင့် ပြောလာသည်။
"ငါက ဆရာချန်းဆိုတဲ့လူရဲ့ အကြောင်းတော့ မကြားဖူးဘူး ဒါပေမဲ့ ထန်ယွမ်ချင်ရဲ့ မကောင်းသတင်းတွေတော့ အများကြီး ကြားဖူးတယ်"
အန်တီထန်လည်း စကားဝိုင်းအတွင်း ရောက်ရှိလာသည်။
"အမေက ထန်ယွမ်ချင်ကို ဘယ်လို သိတာလဲ" ကျန်းချူယန်က သိလိုစွာ မေးသည်။
"သိတာပေါ့ သမီးရယ် အမေတို့က မျိုးရိုးနာမည် တူတယ်လေ" အန်တီထန်က ပြုံးရင်း ရှင်းပြသည်။
"ပြောရရင် အမေတို့က ဆွေမျိုးနီးစပ် တော်တယ် သမီးအဘိုး သက်ရှိထင်ရှား ရှိတုန်းကဆိုရင် အမေ့ကိုခေါ်ပြီး ကျင်းမြို့တော်က ထန်ယွမ်ချင်တို့အိမ်ကို သွားလည်တတ်တယ်"
"ထန်ယွမ်ချင်က လုပ်ငန်းတွေ အများကြီးကို ထိန်းချုပ်ထားတယ်"
လီရီချန်းက ပြောသည်။
"ထန်မိသားစုရဲ့ လုပ်ငန်းတွေက ဟူတုန်းနယ်နဲ့ ကျန်းတုန်းနယ် တစ်ဝိုက်မှာ အများကြီးကို ဖြန့်ကြက်ထားတာ ပြောကြတာတော့ ယန်ဇီမြစ်ထဲမှာ သွားလာနေကြတဲ့ သင်္ဘော တော်တော်များများက ထန်မိသားစု အပိုင်တဲ့ ချမ်းသာမှု သက်သက်ကိုပဲ ယှဉ်ရမယ် ဆိုရင် အဘိုးကြီးကျန်းတောင် ထန်ယွမ်ချင်နဲ့ မယှဉ်နိုင်ဘူး ရှန်းရုန်ဟွာ ဆိုရင်တော့ ယှဉ်နိုင်လောက်တယ်"
"ရှန်းရုန်ဟွာ"
ကြားလိုက်ရသော နာမည်ကြောင့် လူတိုင်းက ရှောခ့် ရသွားကြပြန်သည်။
ရှန်းရုန်ဟွာသည် ဝမ်ရုန်လုပ်ငန်းစု၏ ပိုင်ရှင်ဖြစ်ပြီး ချူကျိုး တစ်မြို့လုံးတွင်သာမက ကျန်းပေ့ တစ်တိုင်းလုံးတွင်ပါ အချမ်းသာဆုံးသူ ဖြစ်သည်။ ကောလာဟလများအရ ရှန်းရုန်ဟွာသည် မျိုးရိုးစဉ်ဆက် ချမ်းသာခဲ့ခြင်း မဟုတ်ဘဲ ဆောက်လုပ်ရေး လုပ်သား ဘဝမှ ယနေ့ အခြေအနေအထိ ကြိုးစား အောင်မြင်လာသည်ဟု ဆိုကြသည်။
ရှန်းရုန်ဟွာ၏ အဓိက လုပ်ငန်းအချို့မှာ ချူကျိုးမြို့တွင် ရှိနေသေးသော်လည်း လုပ်ငန်း အများစုမှာတော့ ကျင်းမြို့တော်တွင် ရှိသည်။ သို့သော်လည်း သူကား ချူကျိုးမြို့၏ အချမ်းသာဆုံးလူ အဖြစ် သတ်မှတ်ခြင်း ခံထားရဆဲပင်။
ရှန်းရုန်ဟွာ..။
ထိုအမည်ကား ချန်းဖန်အတွက် ရင်းနှီးလွန်းလှသည်။
ရှန်းရုန်ဟွာသည် ရှန်းကျွင်းဝမ်၏ အဖေဖြစ်ပြီး ဝမ်ရုန်လုပ်ငန်းစု၏ တည်ထောင်သူ ဖြစ်သည်။ အနာဂတ်တွင် သူသည် တရုတ်ပြည်၏ အချမ်းသာဆုံး သူဌေးဆယ်ယောက်ထဲမှ တစ်ယောက် ဖြစ်လာပေလိမ့်မည်။ ရှန်းသားအဖသည် ချန်းဖန်၏ အတိတ်ဘဝက အကြီးမားဆုံး ရန်သူနှစ်ယောက် ဆိုလည်း မမှားပါချေ။
"ဆရာချန်း၊ ထန်ယွမ်ချင်၊ ရှန်းရုန်ဟွာ သူတို့သုံးယောက်က တူညီတဲ့ အဆင့်အတန်းတွေ ရှိကြတယ်"
ယန်ချောင်က အလွန် အားကျနေသော မျက်လုံးများနှင့် ချီးကျူးလိုက်သည်။
"သူတို့တွေကို ဘယ်တော့များမှ အမီလိုက်နိုင်ပါ့မလဲ ဆိုတာ သိချင်မိတယ်"
ယန်ချောင်၏ ဖခင်သည် ကြယ်ပါးပွင့် အဆင့်ရှိ ဟိုတယ်ကြီးအား ပိုင်ဆိုင်သည် ဆိုသော်လည်း အထက် ဖော်ပြပါ သုံးယောက်နှင့်တော့ မယှဉ်သာသေးပါ။
"ရှောင်ချောင် စိတ်ဓာတ် မကျပါနဲ့ကွာ မင်းအဖေရဲ့ ဟိုတယ်ကို လက်လွှဲ ယူပြီးတဲ့အခါ တရုတ်ပြည်ရဲ့ အဓိကကျတဲ့ မြို့ကြီးတွေမှာ ဟိုတယ်အခွဲတွေ ဖွင့်နိုင်အောင် ကြိုးစားပေါ့ အဲဒီအခါကျရင် မင်းလည်း သူတို့တွေနဲ့ ယှဉ်နိုင်လာမှာပါ"
ကျန်းဟိုင်ရှန်းက အားပေး လိုက်သည်။ ထို့နောက် သူက လီရီချန်းဘက်သို့ လှည့်ကာ ပြောလိုက်ပြန်သည်။
"ရီချန်း ဦးလေးကြားတာတော့ မင်းက ပထမ အစမ်းစာမေးပွဲမှာ ထိပ်ဆုံး အယောက်ငါးဆယ်ထဲ ဝင်တယ်ဆို ဒီအဆင့်နဲ့ဆိုရင် ကျင်းမြို့တော် တက္ကသိုလ်ကို ဝင်ခွင့်ရလောက်တယ် တက္ကသိုလ် ရောက်တဲ့ အခါကျရင်လည်း ကျောင်းသား သမ္မဂမှာ ဥက္ကဌ ရာထူးအတွက် ဝင်ပြိုင်ပေါ့ကွာ မင်းရဲ့ အတွေ့အကြုံ၊ အရည်အချင်းတွေနဲ့ ဆိုရင် ဘွဲ့ရပြီး သိပ်မကြာခင် အစိုးရကောင်စီမှာ ရာထူးကောင်းကောင်း ရမှာ အသေအချာပဲ နောင်ဆယ့်ငါးနှစ်အတွင်း မင်းက ငါ့ကို ကျော်တက်သွားလိမ့်မယ်"
အနှစ်သာရ မရှိသော အပြုံးတစ်ခုက လီရီချန်း၏ မျက်နှာပေါ်၌ ဖြစ်ပေါ်လာသည်။
"ကျွန်တော်က ဦးလေးကျန်းနဲ့ မယှဉ်ရဲပါဘူးဗျာ အဖေက အိမ်မှာ အမြဲပြောတယ် တကယ်လို့ ဦးလေးသာ သူ့တစ်ဝက်လောက် ကံကောင်းရင် အခုချိန် ဦးလေးက သူ့ထက် ရာထူး မြင့်နေလောက်ပြီတဲ့"
ကျန်းဟိုင်ရှန်းက သဘောတကျနဲ့ ရယ်လိုက်သည်။
"ဟား ... ဟား ... မင်းအဖေက ငါ့ကို အထင်ကြီးလွန်း နေတာပဲ"
လီရီချန်းက စားပွဲတဖက်တွင် ထိုင်နေသော ကျန်းချူယန်အား တစ်ချက် လှမ်းကြည့်ကာ ပြုံးရင်း ပြောသည်။
"ကျွန်တော်က ကျင်းမြို့တော် တက္ကသိုလ်ထက် ကျုံးဟိုင်တက္ကသိုလ်မှာပဲ တက်ချင်တယ်"
"ဟုတ်လား"
ကျန်းဟိုင်ရှန်းကလည်း လီရီချန်း ဆိုလိုသော အဓိပ္ပာယ်အား သဘောပေါက်စွာနှင့် သမီးဖြစ်သူထံ လှမ်းကြည့်လာသည်။
"ကျုံးဟိုင်တက္ကသိုလ်က ယန်ယန် ငယ်ငယ်လေးတည်းက တက်ချင်ခဲ့တဲ့ တက္ကသိုလ်ပဲ မင်းအနေနဲ့ အခုထက် ပိုပြီး ကြိုးစားဖို့ လိုလိမ့်မယ်"
ကျန်းဟိုင်ရှန်း၏ စကားထဲရှိ အဓိပ္ပာယ်အား နားလည်စွာနှင့် လီရီချန်းက ခေါင်းညိတ်ကာ အခိုင်အမာ ပြောသည်။
"ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားမှာပါ"
"အဖေ"
ကျန်းချူယန်က ခပ်တိုးတိုး အော်လိုက်သည်။ ထို့နောက် သူမ ကိုယ်တိုင်ပင် မသိလိုက်ခင် သူမ၏ မျက်လုံးများက စကားတစ်ခွန်းမျှ မဆိုဘဲ အေးဆေးစွာ ထိုင်နေသော ချန်းဖန်ထံ ရောက်ရှိသွားသည်။
ခေါင်းငုံ့လျက် ရေတစ်ခွက်အား ခပ်ဖြည်းဖြည်း သောက်နေသော ချန်းဖန်အား မြင်လိုက်ရသောကြောင့် ကျန်းချူယန်၏ မျက်လုံးများထဲရှိ စိတ်အား ထက်သန်မှုလေးမှာ အရောင်မှိန်သွားသည်။
ကျန်းဟိုင်ရှန်းက ကျန်းချူယန် ရှက်သွားသည်ကို သဘောတကျ ရယ်လိုက်ရင်း ပြောလာသည်။
"ဟား ... ဟား ... ဖေးဖေးကတော့ သေချာ ဂရုစိုက်ရမယ်နော် အနုပညာလောကက ရှုပ်ထွေးလွန်းတယ် ဒါပေမဲ့လည်း သမီးအဖေရဲ့ ကာကွယ်မှုနဲ့ ဆိုရင် စိတ်ပူစရာတော့ မရှိပါဘူးလေ"
"ဟုတ်ကဲ့ ကျေးဇူးပါ ဦးလေးကျန်း"
ရှုယုံဖေးက ချစ်စဖွယ် အပြုံးလေးနှင့် တုံ့ပြန်လိုက်သည်။
နောက်ဆုံးတွင် ကျန်းဟိုင်ရှန်း၏ မျက်လုံးများက ချန်းဖန်ထံ ရောက်ရှိလာသည်။ သို့သော်လည်း သူက စိတ်ပျက်စွာသာ ခေါင်းယမ်းလိုက်ပြီး ဘာမှ မပြောတော့ပေ။
ကျန်းဟိုင်ရှန်း၏ အပြုအမူအား သတိထားမိသော လီရီချန်းနှင့် ယန်ချောင်တို့က စိတ်ထဲတွင် ရယ်လိုက်မိကြသည်။ ကျန်းဟိုင်ရှန်းက ချန်းဖန်သည် သူ၏ ဆုံးမမှုအား ခံယူရန် မထိုက်တန်ဟု တွေးပုံရသည်။ မှန်တော့လည်း မှန်ပေသည်။ ချန်းဖန်အနေနှင့် အဆင့်နိမ့် တက္ကသိုလ် တစ်ခုအား ဝင်ခွင့်ရပြီး လစာနည်းနည်းနှင့် အလုပ်တစ်ခု ရလျှင်ပင် ကံကောင်းလှပြီ ဖြစ်သည်။
ညစာ စားပြီးကြသည့်နောက် ဧည့်သည်များလည်း တစ်ယောက်ပြီးတစ်ယောက် ပြန်လည် ထွက်ခွာရန် နှုတ်ဆက်ကြတော့သည်။ ချန်းဖန်က မပြန်ခင်တွင် ကျန်းချူယန်အား စံအိမ်သော့အကြောင်း မေးလိုက်သည်။ ကျန်းချူယန် ခဏမျှ ရပ်သွားပြီးနောက် သော့ယူရန် အိမ်အပေါ်ထပ်သို့ တက်သွားသည်။
"သော့ ဘာသော့လဲ"
ကျန့်ယွီမုန့်က စပ်စပ်စုစု မေးလိုက်သည်။
"စံအိမ်သော့ "
စိတ်ရှုပ်ထွေးမှုက အန်တီထန်၏ မျက်နှာပေါ် အထင်းသား ပေါ်နေပြီး သူမက ရေရွတ်လိုက်သည်။
"ရှောင်ဖန်က ခရီးသွားနေတုန်း ယန်ယန့်ကို အပ်ခဲ့တယ် ဆိုတာ အမှန်ပဲလား"
အမှန်တော့ ကျန်းချူယန်သည် ထိုသော့အကြောင်း အန်တီ့ထန်အား ပြောခဲ့သော်လည်း အန်တီထန်က သမီးဖြစ်သူ နောက်နေသည်ဟုသာ ထင်ခဲ့တာ ဖြစ်သည်။
"ယွင်ဝူတောင်ထိပ်က စံအိမ် အဲဒါက ဝမ်ရုန်လုပ်ငန်းစုက ဆောက်ထားတဲ့ နံပါတ်တစ်စံအိမ် မဟုတ်လား"
လီရီချန်းက အံ့ဩသွားပြီး မေးသည်။
"အင်း ဟုတ်တယ် အဲဒီအိမ်"
အန်တီထန်က ပြန်ဖြေလိုက်သော်လည်း သူမ မျက်နှာမှာ ရှက်ရွံ့မှုကြောင့် နီရဲသွားသည်။ သူမကိုယ်တိုင်ပင် ထိုစံအိမ်အား ချန်းဖန် ပိုင်ဆိုင်ကြောင်း မယုံကြည်နိုင်ပေ။
"ကျွန်တော် ကြားတာတော့ အဲဒီစံအိမ်ရဲ့ ဆောက်လုပ်ရေး စရိတ်ကတင် ယွမ်ဆယ်သန်း ကျော်တယ်တဲ့ ရောင်းဈေးသာဆိုရင် နှစ်ဆလောက် ရှိမယ်"
လီရီချန်းက မျက်မှောင်ကြုတ်လျက် ပြောသည်။ သူက ချန်းဖန်အား သံသယမျက်လုံးဖြင့် တစ်ချက် လှမ်းကြည့်လိုက်ရင်း..။
"အဲဒီအိမ်ကို ဆောက်ပြီးသွားတော့ ရှန်းရုန်ဟွာကိုယ်တိုင် တတိယ သခင်ကြီးဝေ့ကို လက်ဆောင် ပေးလိုက်တယ်တဲ့ မင်းက အဲဒီအိမ်ကို ဘယ်က ရတာလဲ"
အနည်းငယ် ကိုးရိုးကားရား ဖြစ်သွားသော အခြေအနေ၌ အန်တီထန်လည်း လူငယ်လေး နှစ်ယောက်ကြား ရပ်ရင်း ဘာပြောရမှန်းမသိ ဖြစ်လို့နေသည်။
ကျန်းဟိုင်ရှန်းကလည်း ချန်းဖန်အား အေးစက်စက် လှမ်းကြည့်နေရင်း ခေါင်းယမ်းသည်။
ချန်းဖန်က အေးအေးဆေးဆေး ပြန်ပြောသည်။
"သူက ငါ့ကို ပေးတာ"
"မင်းကိုပေးတာ"
လီရီချန်း၏ အသံက အထင်သေးမှုနှင့် မယုံကြည်မှုတို့ ပြည့်နှက်နေသည်။
ထိုစံအိမ်၏ တန်ဖိုးအရ တတိယသခင်ကြီး အနေနှင့် တစ်စုံတစ်ယောက်အား ဤမျှ လွယ်လွယ်ကူကူ ပေးပစ်ဖို့ကား မဖြစ်နိုင်ချေ။
သို့သော်လည်း လီရီချန်းက ချန်းဖန်၏ အလိမ်အညာအား လူအများရှေ့တွင် ထုတ်ဖော် မပြောတော့ပေ။ ချန်းဖန်ကား သူ့အနေနှင့် ထိုမျှအထိ အာရုံစိုက်ရလောက်အောင် မတန်ဟု သူက ယူဆသည်။ ထိုအချိန်တွင် ကျန်းချူယန်က အပေါ်ထပ်မှ ပြန်ဆင်းလာပြီး သော့အား ချန်းဖန်လက်ထဲသို့ ထည့်ပေးလိုက်သည်။
ချန်းဖန်လည်း သော့အားယူပြီး ပြန်ထွက်သွားရန် ပြင်လိုက်စဉ်တွင်ပဲ ရုတ်တရက် ကျန့်ယွီမုန့်၏ အသံက ထွက်ပေါ်လာသည်။
"ချန်းဖန် ငါတို့အားလုံးကို နင့်အိမ်ဆီ အလည် မခေါ်ချင်ဘူးလား ချူကျိုးမြို့ရဲ့ နံပါတ်တစ် စံအိမ်က အတွင်းဘက်မှာ ဘယ်လိုပုံစံ ရှိမလဲ ဆိုတာ ငါတို့လည်း သိချင်တယ်"
ကျန့်ယွီမုန့်၏ အသံကြောင့် အခန်းတစ်ခုလုံး တိတ်ဆိတ်ကျသွားသည်။
ချန်းဖန်က လှည့်ကြည့်လိုက်သည်တွင် မရိုးရှင်းစွာ ပြုံးနေသော ကျန့်ယွီမုန့်အား မြင်လိုက်ရသည်။ အခြားသူများ၏ မျက်နှာပေါ်တွင် ရှိနေသော လှောင်ပြုံးများမှာလည်း သူ့အတွက်တော့ ဟာသ တစ်ခုထက် မပိုပေ။
***
T/N - တစ်ခုလောက် တောင်းပန်ချင်ပါတယ်။ အပိုင်း (၆၀)မှာ ကျန်းချူယန်က စံအိမ်သော့ကို လွှင့်ပစ်လိုက်တယ်လို့ ရေးခဲ့ပါတယ်။ ဒီနေ့ ပြန်ကြည့်လိုက်တော့ 'လွှင့်ပစ်လိုက်မယ်လို့ တွေးပြီးမှ သိမ်းထားလိုက်တာ' ဖြစ်နေတယ်။ ညီမရဲ့ အယူအဆ အနည်းငယ် လွဲသွားလို့ပါ။ အဲဒါလေး ဖြည့်စွက်ပြီး ဖတ်ပေးပါနော်။ ကျေးဇူးတင်ပါတယ်။
***