ဆရာချန်း ပြန်လာပြီလား
Vol. 1 Ch. 86
"ရှောင်မုန့် ပြောတာကို စိတ်ထဲမထားပါနဲ့ သူက ဒီတိုင်း စလိုက်တာ အပြင်မှာ မှောင်နေပြီ ပြန်ကြတော့လေ"
ကိုးရိုးကားရား တိတ်ဆိတ်သွားသော အခြေအနေတွင် အန်တီထန်က စကားစလိုက်သည်။
ကျန့်ယွီမုန့်က ချန်းဖန်အား သရော်တော်တော် ကြည့်နေဆဲ ဖြစ်သည်။
လူတိုင်းက ကျန့်ယွီမုန့်၏ စကားအား မကြားချင်ယောင် ဆောင်လိုက်ဖို့ တွေးလိုက်စဉ်မှာပဲ ချန်းဖန်၏ အသံက ထွက်ပေါ်လာသည်။
"အန်တီထန် အရင်တည်းက အန်တီ့ကို အိမ်လည် ဖိတ်ချင်ခဲ့တာ အခု လူစုံတုန်းလေး ကျွန်တော့အိမ်ကို လိုက်လည်ကြရင်ရော ဘယ်လိုလဲ"
ထိုစကားများအား ကြားရသည့်နောက် လူတိုင်း ရှော့ခ်ရသွားကြသည်။
ကျန်းချူယန်သည် ချန်းဖန်အား အပြစ်တင်လိုစွာ လှမ်းကြည့်သည်။ သူမအမေက သူ့အတွက် အကျပ်အတည်း မဖြစ်ရအောင် ဝင်ပြောပေးသော်ငြား မထင်မှတ်ဘဲ ထိုအရူးကောင်ကား ကိုယ့်အရှက် ကိုယ်ပြန်ခွဲချင်နေသည်။
ရှုယုံဖေးသည်လည်း အန်တီထန်၏ ဖျန်ဖြေပေးမှုကြောင့် သက်ပြင်း ချပြီးရုံရှိသေး ချန်းဖန်၏ ဖိတ်ခေါ်မှုကြောင့် သူမ၏ နှလုံးသားလေးမှာ ဒိတ်ခနဲ ခုန်သွားရပြန်သည်။
လီရီချန်းကတော့ ချန်းဖန်၏ ရူးမိုက်မှုကြောင့် ခေါင်းသာ ယမ်းမိသည်။
အန်တီထန်လည်း ကြောင်အသွားပြီး ဘာပြောရမှန်းမသိ ဖြစ်နေစဉ်တွင် ကျန့်ယွီမုန့်က တလက်လက် တောက်ပနေသော မျက်လုံးများနှင့် ထအော်လိုက်သည်။
"အရမ်းကောင်းတယ် အန်တီထန် သူကတောင် ဖိတ်နေမှတော့ ကျွန်မတို့ မြန်မြန်လေး သွားကြရအောင်"
ပြောရင်းဆိုရင်းပင် ကျန့်ယွီမုန့်က အန်တီထန်၏ လက်မောင်း တစ်ဖက်အား ချိတ်၍ တံခါးဝသို့တိုင် အတင်း ဆွဲခေါ်သွားသည်။ ကျန်းချူယန်လည်း မတတ်နိုင်တော့ဘဲ သူမ အမေနောက်သို့ လိုက်ခဲ့ရတော့သည်။ သူမက ချန်းဖန်အနားမှ ဖြတ်သွားစဉ် သတိတရ မျက်စောင်း ထိုးခဲ့သေးသည်။
လီရီချန်းက နှုတ်ခမ်းတွန့်ရုံ ပြုံး၍ ချန်းဖန်အား တစ်ချက်လှမ်းကြည့်ပြီး ကျန်းချူယန်နှင့်အတူ ထွက်ခွာသွားသည်။ အထင်သေးမှုနှင့် လှောင်ပြောင်လိုမှုတို့က သူ့မျက်နှာ တပြင်လုံးတွင် ထင်ပေါ်နေသည်။
"ဒီနေ့ခေတ် ကလေးတွေက အသိဉာဏ် မရှိတဲ့ နွားတွေလို တယ်လည်း ခေါင်းမာကြတာပဲ"
ကျန်းဟိုင်ရှန်းလည်း တီးတိုး ရေရွတ်ပြီး သမီးဖြစ်သူနှင့် မိန်းမနောက်သို့ လိုက်ပါသွားသည်။
"အစ်ကိုချန်း"
ရှုယုံဖေးက ချန်းဖန်အနားသို့ လျှောက်လာပြီး နူးညံ့စွာ ခေါ်သည်။ သူမ မျက်နှာလေးက စိုးရိမ် ပူပန်မှုတို့ ပြည့်နှက်လျက် ရှိသည်။
"စိတ်မပူပါနဲ့ ဒီနေ့ အစ်ကို့ရဲ့ အိမ်အသစ်ကို မင်းကို လိုက်ပြပေးမယ်"
ချန်းဖန်က သူ၏ မူပိုင် နွေးထွေးသော အပြုံးတစ်ခုနှင့် ရှုယုံဖေး၏ ခေါင်းလေးအား တစ်ချက် ပုတ်ပေးကာ နှစ်သိမ့်လိုက်သည်။
ချန်းဖန်၏ တောက်ပသော အပြုံးနှင့် တည်ငြိမ်သော အမူအရာကြောင့် ရှုယုံဖေးက စိတ်သက်သာရာ ရသွားသည်။ ရုတ်တရက် သူမက လွန်ခဲ့သောလက သူမအဖေ ရှုအောင်းနှင့် ပြောခဲ့သော စကားဝိုင်းအား အမှတ်ရသွားသည်။ သူမအဖေက စိတ်ပြောင်းသွားပုံ ပေါ်ပြီး ချန်းဖန်အပေါ် သူမ၏ ခံစားချက်များအား တားဆီးခြင်း မပြုတော့ပေ။
သူမအဖေ နောက်ဆုံး ပြောခဲ့သော စကားတစ်ခွန်းက အနည်းငယ် ထူးဆန်းသည်။ 'ချန်းဖန်က သာမန်လူ မဟုတ်ဘူး'တဲ့။ ဖြစ်နိုင်သည်မှာ သူမအဖေက ချန်းဖန်နှင့် ပတ်သက်၍ သူမတို့အားလုံး မသိသေးသော လျှို့ဝှက်ချက် တစ်ခုအား သိနေပုံ ရသည်။
သုံးလအတွင်း ချန်းဖန်သည် အများကြီး ပြောင်းလဲ မသွားသော်လည်း အသေအချာ အနီးကပ် ကြည့်ပါက ချန်းဖန်၏ အသားအရည်မှာ ကျောက်စိမ်းကဲ့သို့ အပြစ်အနာအဆာ ကင်းလှပြီး အချို့နေရာများတွင် ဖောက်ထွင်း မြင်ရမတတ် ချောမွေ့လို့ နေသည်။ အနီးကပ် ကြည့်မိသောကြောင့် ရှုယုံဖေးမှာ ရုတ်တရက် အကြည့်မလွှဲနိုင်ဘဲ ရင်သပ်ရှုမော ဖြစ်သွားရသည်။
အနုပညာလမ်းအား လျှောက်လှမ်းမည့် တက်သစ်စ တစ်ယောက်အနေနှင့် ရှုယုံဖေးသည် သူမ၏ အသားအရည်အား အလွန် ဂရုစိုက်သော်လည်း ချန်းဖန်၏ ချောမွေ့လွန်းနေသော အသားအရည်ကြောင့် မနာလို ဖြစ်ရလောက်ပေသည်။
ချန်းဖန်နှင့် ရှုယုံဖေးတို့က ယှဉ်တွဲလျက် နောက်ဆုံးမှ ဖြည်းဖြည်းချင်း လျှောက်လာသည်။ သူမတို့နှစ်ယောက် ယွင်ဝူတောင်ထိပ်ရှိ စံအိမ်သို့ ရောက်သောအခါ အခြားလူများက စံအိမ်ရှေ့၌ ရပ်စောင့်နေသည်ကို တွေ့ရသည်။
"ဟေး သူဌေးကြီး လုပ်ပါဦး တံခါးလေး မြန်မြန် ဖွင့်ပြပါ အတွင်းပိုင်း အပြင်အဆင်က ဘယ်လိုလဲ ဆိုတာ ကြည့်ချင်လှပြီ"
ကျန့်ယွီမုန့်သည် ချန်းဖန်၏ အလိမ်ပေါ်သွားမည့် အချိန်အား မစောင့်နိုင်တော့ဘဲ ပီတိတဖွားဖွား ဖြစ်နေသော မျက်နှာနှင့် ပြောလာသည်။
"ဒီစံအိမ်က ယွင်ဝူတောင်ရဲ့ အမြင့်ဆုံးအပိုင်းမှာ ရှိပြီး ဒီနေရာက ကြည့်မယ်ဆိုရင် ချူကျိုး တစ်မြို့လုံးရဲ့ ရှုခင်းကို အကောင်းဆုံး အနေအထားကနေ ကြည့်နိုင်တယ် တည်နေရာ အရရော ဒီဇိုင်း အပြင်အဆင် အရရော ဒီစံအိမ်က အကောင်းတကာ့ အကောင်းဆုံးပဲ"
လီရီချန်းသည် ချန်းဖန်အား နည်းနည်းလေးမှ အရေးစိုက်ခြင်း မရှိဘဲ ဘောင်းဘီအိတ်ထဲသို့ လက်နှစ်ဖက်အား ဟန်ပါပါ ထည့်လျက် ဤစံအိမ်မှာ သူ့အပိုင် ဖြစ်သည့်အလား အားလုံးကို ရှင်းပြနေသည်။
"လူနည်းစုလောက်ပဲ ဒီလို အိမ်မျိုးကို ပိုင်ဆိုင်နိုင်ကြတယ် ဥပမာ- ရှန်းရုန်ဟွာ၊ အဘိုးကြီးကျန်းနဲ့ တတိယ သခင်ကြီးဝေ့တို့ လိုမျိုးပေါ့"
"ရှန်းရုန်ဟွာတို့ မိသားစုက ကျင်းမြို့တော်မှာပဲ နေကြတယ်မလား ငါကြားတာတော့ ရှန်းရုန်ဟွာက ကျင်းမြို့တော်ရဲ့ ဈေးအကြီးဆုံး နေရာတွေမှာ စံအိမ်တွေ အများကြီး ဝယ်ထားတယ်တဲ့လေ"
ကျန်းဟိုင်ရှန်းကလည်း လက်နှစ်ဖက် နောက်ပစ်လျက် ဖြည်းညင်းစွာ ပြောသည်။
"ကြည့်ရတာ သူဌေးရှန်းအတွက် ချူကျိုးမြို့လေးက ကျဉ်းလွန်းတယ် ထင်ပါရဲ့"
လီရီချန်းက အပြုံးတစ်ခုနှင့် ဟာသနှောလိုက်သည်။
"အမှန်ပဲ သူ့ရဲ့ပိုင်ဆိုင်မှုတွေက ချူကျိုးမြို့နဲ့ မဆန်အောင်ကို များလွန်းနေတယ်ပဲ ပြောရမလား"
ကျန်းဟိုင်ရှန်းက လေးစားခြင်း တစ်ဝက်၊ အားကျခြင်းတစ်ဝက်နှင့် ညည်းညူလိုက်သည်။
"ဝမ်ရုန်လုပ်ငန်းစုက ကျွန်တော်တို့ တစ်နယ်လုံးမှာတောင် ထိပ်ဆုံးကုမ္ပဏီ သုံးခုထဲ ပါတယ်လေ နောက်နှစ်တွေမှာဆို ပိုပြီးတောင် တိုးတက်လာဦးမှာ ဝမ်ရုန်လုပ်ငန်းစုရဲ့ ကြီးမားတဲ့ ရည်မှန်းချက်က ဒီလို မြို့လေးမှာတင် ဘယ်ရပ်တန့်သွားပါ့မလဲ"
ကျန်းချူယန်၊ ယန်ချောင်နှင့် ကျန့်ယွီမုန့်တို့က နံဘေးတွင် တိတ်ဆိတ်စွာ ရပ်၍ ထိုနှစ်ယောက်၏ စကားဝိုင်းအား လေးလေးနက်နက် နားထောင်နေကြသည်။
သူတို့သုံးယောက်က စကားဝိုင်းရှိ အကြောင်းအရာများအား အလုံးစုံ နားမလည်ကြသော်လည်း လီရီချန်း၏ အရွယ်နှင့်မလိုက် ဗဟုသုတ ကြွယ်ဝမှုအား လေးစားကြရသည်။
'လီရီချန်းက အထက်တန်း ကျောင်းသားပဲ ရှိသေးပေမဲ့ ဦးလေးကျန်းနဲ့ ရင်ဘောင်တန်းပြီး ဒီလို ရှုပ်ထွေးတဲ့ အကြောင်းအရာတွေကို ဆွေးနွေး နိုင်နေပြီ ငါဆိုရင် တစ်နေ့တစ်နေ့ ဈေးဝယ်ထွက်လိုက်၊ အလှပြင်လိုက်နဲ့ အချိန်ကုန်နေတုန်း'
ထိုသို့ တွေးမိသောကြောင့် ကျန့်ယွီမုန့်၏ လီရီချန်းအပေါ် လေးစားမှုမှာ ပို၍ တိုးလာရသည်။
အန်တီထန်ပင်လျှင် လီရီချန်း၏ အသိအမြင် ကြွယ်ဝမှုကြောင့် စတင် သဘောကျလာမိသည်။
"ရှောင်ဖန်က လီရီချန်းနဲ့ ယှဉ်နိုင်ပါ့မလား လီရီချန်းဆိုတဲ့ ကောင်လေးက အဖက်ဖက်က ပြည့်စုံလွန်းတယ်"
အန်တီထန် တစ်ယောက် တီးတိုး ရေရွတ်မိစဉ်တွင်ပဲ ကျန့်ယွီမုန့်က ချန်းဖန်အား အိမ်တံခါးဖွင့်ရန် လောဆော်လိုက်ပြန်သည်။ ချန်းဖန် တံခါးမဖွင့်ရသေးကြောင်း သတိထားမိ သွားသောကြောင့် လီရီချန်းနှင့် ကျန်းဟိုင်ရှန်းတို့လည်း စကားစ သတ်လိုက်ကြသည်။ ကျန်းဟိုင်ရှန်းက စိတ်ပျက်မှုကြောင့် ခေါင်းသာ ယမ်းနေတော့သည်။
"အချိန် ဖြုန်းနေတာကို ရပ်လိုက်ရအောင်လား မနက်ဖြန် ကျောင်းလည်း တက်ရဦးမယ်"
ကျန်းချူယန်က ဝင်ပြောလာသည်။ သူမ၏ အသံမှာ ကြိုတင် ခန့်မှန်းထားသည့်အလား တည်ငြိမ်နေပြီး ခပ်လှမ်းလှမ်းရှိ ချန်းဖန်အား မျက်လုံးဖြင့် စကားပြောရန် ကြိုးစားသည်။
လီရီချန်းကလည်း ပြုံးလိုက်ပြီး ပြောသည်။
"ဟုတ်တယ် ကျန့်ယွီမုန့်ကလည်း သူငယ်ချင်း အချင်းချင်း စနေတာပါ ချန်းဖန် မင်းက စိတ်ထဲမထားပါနဲ့"
လီရီချန်း၏ ယဉ်ကျေးသော စကားများက သူ့ပုံရိပ်အား ပိုမို လူကြီးလူကောင်း ဆန်သွားစေရုံ သာမက ကျန်းဟိုင်ရှန်းနှင့် အန်တီထန်ဆီမှ သဘောကျ နှစ်သက်သော အကြည့်များလည်း လက်ခံရရှိလိုက်သည်။
ကျန်းဟိုင်ရှန်း၏ လီရီချန်းအား သမက်တော်လိုမှုက ပိုမို ခိုင်မာသွားသည်။ လီရီချန်းကဲ့သို့ လူငယ်လေးကား နောက်တစ်ယောက် ရှာတွေ့ရန် မလွယ်ပေ။
"အစ်ကိုချန်း ကျွန်မတို့ ပြန်လှည့်ကြမလားဟင်"
ရှုယုံဖေးက တိုးညင်းစွာ မေးသည်။
ဘယ်သူကမှ ချန်းဖန်၏ အလိမ်အညာအား ဆက်လက် ဖော်ထုတ်ရန် အလိုမရှိကြောင်း တွေ့ရတော့ ကျန့်ယွီမုန့်က နှာခေါင်း ရှုံ့လိုက်သည်။ သူမသဘောကတော့ ထိုအကောင်အား လွယ်လွယ်နှင့် လွှတ်မပေးလို။ နောက်ဆုံးတော့ အများနှင့်တစ်ယောက် ဖြစ်နေသည်မို့ သူမက အတင်းကြီး တိုက်တွန်း မနေတော့ပေ။
ချန်းဖန်လည်း လည်ချောင်း ရှင်းလိုက်ပြီး တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ်မှာပဲ ရုတ်တရက် စံအိမ်တံခါးက ပွင့်သွားပြီး အတွင်းမှ သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးတစ်ဦး ထွက်ပေါ်လာသည်။
အမျိုးသမီးကြီးသည် စံအိမ်ဝင်ပေါက်၌ လူတစ်စု ရောက်ရှိနေခြင်းကြောင့် အံ့အား သင့်သွားသော်လည်း ချန်းဖန်အား မြင်သောအခါ ဝမ်းသာအားရနှင့် အော်လိုက်လေသည်။
"သခင်လေးချန်း ... ပြန်လာပြီပဲ"
"ဒါက ... အန်တီလျှိုပါ"
ချန်းဖန်က အမျိုးသမီးကြီးအား အားလုံးနှင့် မိတ်ဆက်ပေးလိုက်သည်။
အမျိုးသမီးကြီးက သကာရည် လောင်းထားသည့် အလား ပြုံးလိုက်ပြီး ပြောသည်။
"သခင်ကြီးဝေ့က သခင်လေးချန်း ပြန်ရောက်တာနဲ့ သူ့ကိုပြောဖို့ မှာထားတယ် ကျွန်မ သခင်ကြီးဝေ့ကို အကြောင်း ကြားလိုက်ဦးမယ်"
ပြောပြီးသည်နှင့် အမျိုးသမီးကြီးသည် အိမ်အတွင်း ဘက်သို့ လှစ်ခနဲ ပြေးဝင်သွားပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
အလွန် လျင်မြန်စွာ ဖြစ်ပျက်သွားသော အပြောင်းအလဲကြောင့် လူတိုင်း ဆွံ့အသွားကြသည်။
ချန်းဖန်သည် မယုံကြည်နိုင် ဖြစ်နေသော ကျန့်ယွီမုန့်အား တစ်ချက် လှမ်းကြည့်လိုက်ပြီး ရှုယုံဖေးနှင့်အတူ အိမ်အတွင်းသို့ ဝင်သွားသည်။
"အန်တီလျှိုက ငါမရှိတဲ့ အချိန်တွေမှာ အိမ်ကို သန့်ရှင်းထားပေးတယ် အထဲဘက်ကို သွားရအောင် အိမ်အသစ်ကို မင်းကို လိုက်ပြပေးမယ်"
ထို့နောက် ချန်းဖန်က နောက်သို့လှည့်၍ အန်တီထန့်အား ဝင်လာရန် လက်ဟန် ပြလိုက်သည်။
အန်တီထန်သည် ဖြစ်ရပ်ကြောင့် ပြောစရာ စကားမဲ့နေပြီး သူမကိုယ်တိုင် မသိလိုက်ခင်မှာပဲ တစ်မြို့လုံးတွင် ဈေးအကြီးဆုံးသော အိမ်အတွင်းသို့ ရောက်ရှိသွားသည်။
စံအိမ်မှာ သုံးထပ်ဖြစ်ပြီး အထပ်တိုင်း၌ အလွန် ကောင်းမွန်စွာ အလှဆင်ထားသည်။ ပရိဘောဂ အားလုံးမှာ သက်သောင့်သက်သာ ရှိ၍ ဈေးကြီးသော နိုင်ငံခြားဖြစ် ပစ္စည်းများ ဖြစ်ကြသည်။
"ရှောင် ... ရှောင်ဖန် ဒီအိမ်က တကယ်ပဲ မင်း ပိုင်တာလားဟင်"
အန်တီထန်က တုန်တုန်ယင်ယင် မေးမိသည်။
ထိုအချိန်တွင် ကျန်လူများ အားလုံးသည်လည်း အံ့ဩလွန်း၍ အပေါက်ဝ၌ မတ်တတ် ရပ်နေကြဆဲ ဖြစ်သည်။
"ဒီအိမ်က တစ်မြို့လုံးမှာ အကောင်းဆုံး ဇိမ်ခံအိမ်ပဲ ဈေးကွက်ထဲမှာ သူ့ရဲ့တန်ဖိုးက ယွမ်ယန်းရာချီတယ် ဒီလိုအိမ်မျိုးမှာ နေနိုင်တဲ့ ဘယ်သူမဆို ဘီလျှံနာပဲ ချန်းဖန်က အထက်တန်း ကျောင်းသားလေးပဲ ရှိသေးတာလေ သူက ဘယ်လိုလုပ်ပြီး ဒီလိုအိမ်မျိုးမှာ နေနိုင်တာတဲ့လဲ"
ထိုသို့ ရေရွတ်လိုက်ပြီး ယန်ချောင်တစ်ယောက် ဒယိမ်းဒယိုင် ဖြစ်သွားသည်။
ကြယ်ငါးပွင့် ဟိုတယ်ပိုင်ရှင် သူ့ဖခင်ပင် ဤကဲ့သို့သော အိမ်မျိုး ဝယ်ဖို့ရာ မတတ်နိုင်ပါချေ။
ကျန့်ယွီမုန့်သည် ပင့်သက်ရှိုက်ရင်း မယုံကြည်နိုင်မှုများနှင့် အိမ်ထဲသို့ ဝင်လာကာ ဟိုဟိုသည်သည် ကြည့်မိသည်။
ချန်းဖန် သခင်လေးချန်း ယွမ်သန်းပေါင်းများစွာ တန်တဲ့ စံအိမ် သခင်လေးချန်း ဆိုသည်က သူမ သိခဲ့ဖူးသော brand မရှိသည့် ဂျင်းဘောင်းဘီနှင့် တီရှပ်များကိုသာ ရိုးရှင်းစွာ ဝတ်လေ့ရှိသော လူငယ်လေးမှ ဟုတ်ပါလေစ။
ကမ္ဘာကြီးမှာ ဘာတွေ ဖြစ်ပျက်သွားတာလဲ။ အားလုံးထဲတွင် ကျန်းဟိုင်ရှန်းနှင့် လီရီချန်းသာလျှင် အပြင်ဘက်၌ တည်ငြိမ်နေကြပြီး စိတ်ထဲတွင်တော့ အသေအချာ တွေးနေကြသည်။
သူတို့က အန်တီလျှိုဟူသော အမျိုးသမီးကြီး၏ စကားများအား ကြားလိုက်ရသည်။
'သခင်လေးချန်း ပြန်လာရင် သူ့ကိုပြောဖို့ သခင်ကြီးဝေ့က မှာထားတယ်'
'မဟုတ်မှလွဲရော သခင်ကြီးဝေ့ ဆိုသည်မှာ တတိယ သခင်ကြီးဝေ့ များလား'
'တကယ်လို့ ချန်းဖန်က တတိယ သခင်ကြီးဝေ့နဲ့ သိတယ်ဆိုရင် သူ့ရဲ့ နောက်ခံက ဝေ့ကျီချင်းနဲ့ ပတ်သက်မှုလိုမျိုး မရိုးရှင်းတော့ဘူး'
ထိုသို့အတွေးနှင့် လီရီချန်းက အသက်ပြင်းပြင်း ရှူလိုက်မိသည်။ သူက ခြိမ်းခြောက်မှု တချို့အား ခံစားလာရသလို ရှိသည်။ ပြဿနာကား သူထင်ထားခဲ့သည်ထက် ပိုမို ကြီးမားနေသည်။
လီရီချန်းက ကျန်းချူယန်အား လှမ်းကြည့်လိုက်သည်တွင် သူမ၏ မျက်လုံးများထဲရှိ အထင်ကြီး လေးစားနေသော အရိပ်အယောင်များကြောင့် ပို၍ စိတ်မသက်မသာ ဖြစ်လာရသည်။
ကျန့်ဟိုင်းရှန်း၏ မျက်နှာကြီးမှာ အံ့ဩမှုကြောင့် တောင့်ခဲနေသည်။ တစ်စုံတစ်ယောက်က သူ့မျက်နှာအား အရှိန်ပြင်းပြင်း ဖြတ်ရိုက်လိုက်သကဲ့သို့ ခံစားရသည်။
"ကမ္ဘာကြီး ဇောက်ထိုး ဖြစ်သွားတာလား"
သူက တီးတိုး ရေရွတ်လိုက်မိသည်။
***