ဝိညာဉ်မြူ
Vol. 1 Ch. 87
စံအိမ်မှ ပြန်လည် ထွက်ခွာလာချိန်တွင် ကျန့်ယွီမုန့်သည် အိမ်မက်ယောင်နေသူ တစ်ယောက်လို ခံစားနေရဆဲ ဖြစ်သည်။
ချန်းဖန်သည် သူမတို့ အားလုံးအား စံအိမ် တစ်ခုလုံးသို့ လိုက်လံ ပြသခဲ့သည်။ အကယ်၍ ထိုစံအိမ်၏ ပိုင်ရှင်သည် ချန်းဖန်သာ မဟုတ်ပါက သူမသည် ဓာတ်ပုံတစ်ပုံလောက် ရိုက်ကာ အင်တာနက်တွင် တင်၍ သူမ သူငယ်ချင်းများအား ကြွားမိမှာ ဖြစ်သည်။
သို့သော်လည်း သူမသည် ဓာတ်ပုံရိုက်ဖို့ နေနေသာသာ တစ်စုံတစ်ယောက်မှ သူမပါးအား ဖြတ်ရိုက်လိုက်သကဲ့သို့ ခံစားနေရပြီး မျက်နှာတပြင်လုံး ရဲနေခဲ့သည်။
အန်တီထန်နှင့် ရှုယုံဖေးတို့ နှစ်ယောက်သာ အမှန်တကယ် ပျော်ပျော်ရွှင်ရွှင်နှင့် လည်ပတ်ခဲ့ရသူများ ဖြစ်သည်။ အန်တီထန်သည် စံအိမ်တွင် တစ်ညခန့် အိပ်ချင်သေးသော်လည်း သူမယောက်ျား၏ တရွတ်တိုက် ဆွဲခေါ်မှုကြောင့် ပြန်လိုက်လာရသည်။
တောင်ပတ်လမ်းအတိုင်း ပြန်ဆင်းလာကြချိန်တွင် ဘယ်သူကမှ စကားတစ်ခွန်း မဆိုကြချေ။
လီရီချန်း၏ ယခင်က ဝံ့ကြွားမှုများ နေရာတွင် အရှက်နှင့် ဒေါသတို့က နေရာယူသွားသည်။ သူက တစ်မြို့လုံးတွင် ဈေးအကြီးဆုံးသော စံအိမ်၏ ပိုင်ရှင်ကိုပင် သတိမမူမိသော မိမိကိုယ်ကို ဒေါသထွက်၍ မဆုံးပေ။ တိတ်ဆိတ်နေမှုအား ကျန့်ယွီမုန့်က ဖြိုခွင်းလိုက်သည်။
"မဟုတ်မှလွဲရော ဒီစံအိမ်ကို ဝေ့ကျီချင်းက ချန်းဖန်ကို ခဏ ငှားထားတာရော မဖြစ်နိုင်ဘူးလား သူတို့နှစ်ယောက်က ရင်းနှီးတယ်မလား ချန်းဖန်က ဝေ့ကျီချင်းရဲ့ သက်တော်စောင့်တွေထဲက တစ်ယောက်များလား"
ကျန့်ယွီမုန့်က စကားဆက်လေလေ သူမ၏ ခန့်မှန်းချက်များမှာ မဖြစ်နိုင်သော ဘက်သို့ ဦးတည်လေလေ ဖြစ်သည်။ သူမ၏ ရည်းစား ယန်ချောင်မှလွဲ၍ ဘယ်သူကမှ သူမစကားအား အာရုံမရှိပေ။
ဘယ်သူကများ ယွမ်သန်းရာကျော်တန်တဲ့ စံအိမ်ကို တစ်ယောက်ယောက်ဆီ ငှားမှာတဲ့လဲ။ ငှားတယ်ပဲ ထားဦး အဲဒီနှစ်ယောက်ကြားက ဆက်ဆံရေးက သာမန်ထက်ကို ပိုတယ်လို့ ဆိုလိုတာပဲ မဟုတ်ဘူးလား။
အကယ်၍ ချန်းဖန်သာ ဝေ့ကျီချင်းနှင့် လက်ထပ်ခဲ့ပါက ဤနေရာတွင် ရှိနေသော လူအားလုံးထက် မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်သွားမှာ ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဝေ့ကျီချင်းကား တရုတ်ပြည်ရှိ အင်အားကြီး မိသားစုများထဲမှ တစ်ခုဖြစ်သော ဝေ့မိသားစု၏ မင်းသမီးလေး ဖြစ်သည်။ သာမန် မိန်းကလေး မဟုတ်ပေ။
ချန်းဖန်နှင့် ဝေ့ကျီချင်းကြားရှိ ဆက်နွယ်မှုကို ခန့်မှန်းရင်း အန်တီထန်က ချန်းဖန်အတွက် ဝမ်းသာရသည်။ သို့သော်လည်း သူမသည် သမီးဖြစ်သူ ကျန်းချူယန်အား အပြစ်တင်လိုစွာ လှမ်းမကြည့်ဘဲ မနေနိုင်ပေ။
ကျန်းချူယန်သည် စံအိမ်သော့အား သုံးလလုံးလုံး ပိုင်ဆိုင်ထားပြီး တစ်ကြိမ်လေးတောင် သွားကြည့်ဖို့ စိတ်မကူးခဲ့။ အကယ်၍ ကျန်းချူယန်သာ ပုံစံကျပါက ယနေ့ညကဲ့သို့ အထင်လွဲမှုမျိုးလည်း ဖြစ်ရလိမ့်မည် မဟုတ်။
ထိုအချိန်တွင် ကျန်းချုယန်သည် သူမ အမေ၏ အကြည့်အား သတိမထားမိပေ။ ရှုပ်ထွေးနေသော သူမ၏ ခံစားချက်များက ယခင်ကထက် ပို၍ ရှုပ်ထွေးလာနေသည်။
သံသယ၊ အမုန်း၊ မျှော်လင့်ချက်မဲ့ခြင်း၊ ကြည်နူးမှု၊ နောင်တ ... စသည့် ခံစားချက် မျိုးစုံတို့က သူမ နှလုံးသားထဲတွင် ရောယှက်နေသည်။
ချန်းဖန်သည် သူမအမေအပေါ် ပေးခဲ့ဖူးသော ကတိအား သတိတရနှင့် ဖြည့်ဆည်းပေးခဲ့သည်။ ရူးမိုက်လှသော သူမကတော့ အခွင့်အရေးကို ငြင်းပယ်ခဲ့သည်။
သို့သော်လည်း သူ၏ သရုပ်မှန်အား သူမအပေါ် ဖုံးကွယ်ထားသည်ဟု ခံစားရသောကြောင့် ထိုအကောင်အား မုန်းမိပြန်သည်။
"တကယ်လို့ နင်သာ ငါ့ကို စံအိမ်ဆီ ခေါ်သွားပေးရင် နင်ပြောတာတွေက အမှန်ပါလို့ ငါယုံခဲ့မှာပေါ့ အခုတော့ နင်က သော့ကို ငါ့လက်ထဲ ပြီးပြီးရော ပေးထားခဲ့ပြီး ငါခေါ်တာကိုတောင် တစ်ချက်လေးမှ နောက်ပြန် လှည့်မကြည့်ဘဲ ထွက်သွားခဲ့တာ"
ကျန်းချူယန်သည် မလုံမလဲ ဖြစ်စွာနှင့် လီရီချန်းအား တစ်ချက် လှမ်းကြည့်လိုက်သည်။
လီရီချန်း ... ထိုလူကား သူမ အမြဲ အထင်ကြီး လေးစားခဲ့ရသော အဖက်ဖက်က ပြည့်စုံသည့်လူ။ လူတိုင်းကလည်း သူမတို့ နှစ်ယောက်အား လိုက်ဖက်သော စုံတွဲများအဖြစ် သတ်မှတ်ထားကြပြီး တစ်နေ့နေ့တော့ အတည်တကျ တွဲကြဖို့ သူမကိုယ်တိုင် စဉ်းစားထားသည့်လူ။ သို့သော် ချန်းဖန် ထွက်ပေါ်လာမှုက သူမ နှလုံးသားအား ဝေဝါးပြီးရင်း ဝေဝါးစေပြီး ကိစ္စအားလုံးက တဖြည်းဖြည်း လွဲချော်လာခဲ့သည်။
"လွန်ခဲ့တဲ့ သုံးလမှာ သူ့ကို မမြင်ရတော့ မေ့နိုင်ပြီလို့ ထင်ခဲ့တာ ဘယ်သူသိမှာလဲ သူပြန်ရောက်လာတာနဲ့ ငါ့ခံစားချက်တွေက အရင်လိုပဲ ရှုပ်ထွေးသွားဦးမယ်လို့"
ကျန်းချူယန်သည် ခေါင်းငိုက်စိုက်ကျရင်း သူမဘဝထဲသို့ ချန်းဖန် ရောက်လာသည်မှစ၍ အဖြစ်အပျက် အားလုံးအား ပြန်ပြောင်း တွေးတောနေမိသည်။
ပြောရလျှင် ကျန်းချူယန်သည် ဉာဏ်ရည် ထက်မြက်ပြီး လက်တွေ့ကျသော မိန်းကလေးတစ်ယောက် ဖြစ်သည့်အလျောက် လီရီချန်းအား ဦးနှောက်ဖြင့်သာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ မထင်မှတ်ထားသော အရာတစ်ခုမှာ သူမ၏ မသိစိတ် အတွင်းတစ်နေရာမှ အသံတစ်ခုက ချန်းဖန်အား လက်မလွှတ်သင့်ကြောင်း သူမကို ပြင်းပြင်းထန်ထန် သတိပေးနေသလို ခံစားရသည်။
ကျန်လူများထဲတွင်တော့ ရှုယုံဖေးလောက် ပျော်ရွှင်နေသည့်သူ ရှိမည် မထင်ပေ။ သူမက နောက်ဆုံးတွင်တော့ သူမအဖေ၏ စကားအား အပြည့်အဝ ယုံကြည်သွားပြီ ဖြစ်သည်။ အစ်ကိုချန်းက တကယ့်ကိုပဲ သာမန်လူ တစ်ယောက် မဟုတ်ဘူး။
ဧည့်သည်များ ပြန်လည် ထွက်ခွာသွားပြီးနောက် ချန်းဖန်က ဝိညာဉ်ဆက်သွယ်ခြင်း အစီအရင်အား အသက်သွင်းလိုက်သည်။
သူက လုပ်ငန်းမစခင် အန်တီလျှိုအား ခွင့်ရက်ရှည် ယူလိုလျှင် ယူနိုင်ကြောင်း ခွင့်ပေးပြီး ဖြစ်သည်။
"ဒါက ယင်နဂါး ရေကန်ကနေ ငါရခဲ့သမျှ ယင်ကျောက်တုံးတွေပဲ"
ချန်းဖန်၏ ရှေ့တွင် ဖွင့်ဟထားသော အနက်ရောင် ခရီးဆောင်အိတ်ကြီး တစ်လုံး ရှိနေသည်။ ထိုအထဲ၌ သေးငယ်သော အနက်ရောင် ကျောက်တုံးလေးများ ပြည့်လျှံနေသည်။ သာမန်ဆန်သော အနက်ရောင် ကျောက်တုံးလေးများ၏ မျက်နှာပြင်၌ အဖြူရောင် မြူပါးပါးလေးများ ဖုံးအုပ်နေပြီး လက်ဖြင့် ထိကိုင်ကြည့်ပါက ဆောင်းလယ်တွင် ရေခဲတုံးတစ်တုံး ကိုင်မိသကဲ့သို့ ခံစားရပေမည်။
'ယင်ကျောက်တုံးတွေက ဝိညာဉ်ကျောက်တုံးတွေရဲ့ ပုံစံတစ်မျိုးပဲ မြူအစီအရင်လုပ်ဖို့ သုံးနိုင်ရုံတင် မကဘူး ရေသဘာဝရှိတဲ့ ကျောက်တုံးကြီးတွေရဲ့ အစားထိုး ပစ္စည်းအဖြစ်လည်း သုံးနိုင်တယ် ဝိညာဉ် ဆက်သွယ်ခြင်း အစီအရင် အတွက် အခြေခံ ပစ္စည်းကောင်းပဲ'
ချန်းဖန်က တွေးလိုက်သည်။
ထို့နောက် ချန်းဖန်သည် ခရီးမထွက်ခင်က ပြုလုပ်ခဲ့သော နှင်းတောင် အစီအရင်အား အသက်သွင်းလိုက်သည်။ ယင်နဂါးရေကန်တွင် တူညီသော အစီအရင် တစ်ခု ပြုလုပ်ခဲ့ပြီးနောက် စံအိမ်ရှိ နှင်းတောင် အစီအရင်မှာ မည်မျှ အားနည်းကြောင်း နားလည်လာရသည်။ ယင်နဂါးရေကန်၌ ယင်ချီများက အလွန် ပေါများပြီး သဘာဝအလျောက် ဖြစ်ပေါ်နေသော မြူများကလည်း ရှိနေသေးရာ စံအိမ်ရှိ နှင်းတောင် အစီအရင်ထက် အဆများစွာ အစွမ်းထက်ပေသည်။ ထိုနေရာတွင် ပမာဏများစွာ ရှိနေသော အငြိုးအတေး ချီများ၏ အန္တရာယ်ကြောင့်သာ မဟုတ်လျှင် ချန်းဖန် ထိုရေကန်၌ ချီသန့်စင်ခြင်း အလယ်အလတ် အဆင့်သို့ ရောက်သည်အထိ ကျင့်ကြံနေခဲ့မှာ ဖြစ်သည်။
"အာကာသ သန့်စင် မွမ်းမံခြင်း ကျင့်စဉ်က ဘယ်လို ချီအမျိုးအစားကို မဆို စုပ်ယူ သန့်စင်နိုင်တယ် ဆိုပေမဲ့လည်း ပမာဏ အရမ်း များလာတဲ့အခါ ဘေးထွက်ဆိုးကျိုးတော့ ရှိနေသေးတာပဲ"
ချန်းဖန်က ရေရွတ်ရင်း ခေါင်းယမ်းမိသည်။
အာကာသ သန့်စင်မွမ်းမံခြင်း ကျင့်စဉ်သည် အလွန် အစွမ်းထက်သည် ဆိုသော်လည်း အုတ်မြစ်ထူထောင်ခြင်း ကျင့်စဉ် တစ်ခုသာ ဖြစ်သည်။ ထိုကျင့်စဉ်က ယင်ချီ၊ မကောင်းဆိုးဝါးချီနှင့် အငြိုးအတေးချီများအား စုပ်ယူနိုင်သော်လည်း ရာနှုန်းပြည့် ဘေးကင်းသည်တော့ မဟုတ်။ စကြဝဠာ တစ်ခုလုံးတွင် ကျင့်ကြံသူများအတွက် ဘေးအကင်းဆုံးနှင့် အသန့်စင်ဆုံးမှာ ဝိညာဉ်ချီသာ ဖြစ်သည်။
အတွေးတို့ကို ရပ်ပြီး ချန်းဖန်သည် ဝိညာဉ်ဆက်သွယ်ခြင်း အစီအရင်အား ပြန်လည် ပြင်ဆင်လိုက်သည်။ ပထမဆုံး တစ်ခေါက် အစီအရင် ပြုလုပ်စဉ်က အခက်ခဲဆုံး အပိုင်းများအား ပြုလုပ်ပြီးဖြစ်ရာ ယခုတစ်ခေါက်တွင်တော့ လုပ်ငန်းစဉ်က ပိုမြန်လာသည်။
ချန်းဖန်သည် ယင်ကျောက်တုံးများအား မူလအစီအရင်၏ ရေသဘာဝ ကျောက်တုံးကြီး ဆယ့်ခြောက်တုံး အပေါ်၌ ထပ်လျက် နေရာချလိုက်သည်။ ထို့နောက် ကျောက်တုံးကြီးများပေါ်တွင် ရေးထွင်းပြီး ဖြစ်သော မှော်သင်္ကေတများနှင့် ယင်ကျောက်တုံးများအား ချိတ်ဆက် လိုက်သောအခါ အစီအရင် ပြင်ဆင်ခြင်းက ပြီးမြောက်သွားသည်။
ချန်းဖန်က အစီအရင်အား အသက် သွင်းလိုက်သည်နှင့် နောက်ဆုံး အကြိမ်ကထက် ဆယ်ဆ ပိုမို များပြားသော ဝိညာဉ်ချီများက စံအိမ်အတွင်းသို့ ပြေးဝင်လာကြသည်။
ရုတ်တရက် စံအိမ်ထဲတွင် ရှိနေသော ဝိညာဉ်စုဆောင်းခြင်း အစီအရင်၏ အများဆုံး သိုလှောင်နိုင်သော စွမ်းအင် ပမာဏသို့ ရောက်ရှိသွားပြီး ထောင့်ငါးထောင့်တွင် နေရာချထားသော ကျောက်စိမ်းအဆောင် ငါးခုမှာ နို့နှစ်ရောင် အလင်းတန်းများနှင့်အတူ လေထဲသို့ ဝဲပျံလာတော့သည်။ မကြာမီတွင် အလင်းတန်းများက ပိုမို တောက်ပလာပြီး စံအိမ်တစ်ခုလုံးအား လွှမ်းခြုံသွားတော့သည်။
စံအိမ်အတွင်း၌ အဖြူရောင် မြူမှုန်လေးများ စတင် ဖြစ်ပေါ်လာကြပြီး မျက်တောင်တခတ်စာ အချိန်အတွင်း မြူများမှတစ်ဆင့် ဖောက်ထွင်း မြင်ရမတတ် ကြည်လင်နေသော တိမ်စိုင်လေးများသဖွယ် ဖြစ်သွားသည်။ စံအိမ်အတွင်းဘက်ရှိ မြင်ကွင်းသည် နေရာတိုင်းတွင် မြူတိမ်တိုက်များနှင့် နတ်ဘုရားတို့၏ ဘုံဗိမ္မာန်နှင့်ပင် ဆင်တူနေတော့သည်။
ချန်းဖန်က အသက်ပြင်းပြင်း ရှူလိုက်လျှင် သန့်စင်သော ဝိညာဉ်ချီများက ခန္ဓာကိုယ်အတွင်းသို့ အလုံးအရင်းနှင့် တိုးဝင်လာကြသည်။ ဆဲလ်များ၊ အရိုးများနှင့် ကြွက်သားများမှာ သန့်စင်သော ဝိညာဉ်ချီများကြောင့် ကျေနပ်အားရစွာဖြင့် တဖြောက်ဖြောက် အသံများပင် ထွက်ပေါ်နေကြသည်။
တဖြည်းဖြည်းနှင့် ဝိညာဉ်ချီများက ချန်းဖန်အား အထပ်ထပ် ရစ်လွှမ်းသွားပြီး မြင့်မြတ်သော အရှိန်အဝါများ ထုတ်လွှတ်လျက် ရှိသည်။ ချီခမ်းခြောက်နေသော ကမ္ဘာမြေ၌ ယခုကဲ့သို့ သန့်စင်သော ချီပမာဏ များစွာနှင့် ထိတွေ့ရခြင်းက ချန်းဖန်အတွက် နွေခေါင်ခေါင် ပင်လယ်ထဲတွင် ကူးခတ်နေသော ငါးတစ်ကောင်အလား ခံစားရစေသည်။
' ဒါကြောင့်လည်း ကျင့်ကြံသူတွေ အားလုံးက သေမျိုးလောကကို မနှစ်သက်ကြတာပဲ သေမျိုးလောကက ကျင့်ကြံသူတွေ အတွက်တော့ အကျိုးမရှိတဲ့ ကျတ်တီးမြေ တစ်ခုလိုပဲ'
ချန်းဖန် ခေါင်းယမ်းမိသည်။
ဟိုးအရင် အချိန်များကပင် ကျင့်ကြံသူများသည် သေမျိုးလူသားများနှင့် တတ်နိုင်သလောက် ဝေးဝေးနေကြသည်။ လူသားများက ရေဆိုလျှင် ကျင့်ကြံသူများက ဆီဖြစ်သည်။ ဆီနှင့်ရေသည် မရောယှက် နိုင်သကဲ့သို့ ဆီသည် အမြဲတမ်း ရေ၏ အပေါ်တွင်သာ နေသည်။
ကျင့်ကြံခြင်း၏ သဘော သဘာဝကလည်း သေခြင်း၊ ရှင်ခြင်း သံသရာ စက်ဝန်းမှ ရုန်းထွက်၍ မြင့်မားသော ဖြစ်တည်မှု တစ်ခုသို့ တက်လှမ်းရန် ဖြစ်သည်။
ချန်းဖန်သည် မျက်လုံးများ မှိတ်လိုက်ပြီးနောက် စတင် ကျင့်ကြံလိုက်သည်။
နောက်တစ်ကြိမ် သူ မျက်လုံးများ ဖွင့်လိုက်ချိန်တွင်တော့ တစ်နေကုန်၍ မိုးလင်းနေပြီ ဖြစ်သည်။
သူ မျက်လုံး ဖွင့်လိုက်ရသည့် အကြောင်းမှာ စံအိမ်ရှေ့၌ လူတစ်စုအား အာရုံခံမိလိုက်၍ ဖြစ်သည်။ ထိုလူများမှာ အခြားမဟုတ်။ တတိယ သခင်ကြီးဝေ့၊ ကျိုးထျန်ဟောက်နှင့် ၎င်းတို့ မိတ်ဆွေများ ဖြစ်ကြသည်။
ချန်းဖန်လည်း ခေါင်းယမ်းရင်း လက်ဝှေ့ယမ်းကာ တံခါးမကြီးအား ဖွင့်ပေးလိုက်သည်။
"ဝင်ခဲ့"
တတိယသခင်ကြီးဝေ့သည် အလိုအလျောက် ပွင့်သွားသော တံခါးကြောင့် ထိတ်လန့် သွားစဉ်တွင် ဩရှသော အသံတစ်သံအား သူ့စိတ်ထဲ၌ ကြားလိုက်ရသောကြောင့် ကြက်သေ သေသွားသည်။
ကျိုးထျန်ဟောက်က တိုးတိုးလေး ကပ်မေးလာသည်။
"သခင်ကြီးဝေ့ အသံတစ်သံ ကြားလိုက်ရလား"
"မင်းလည်း ကြားလိုက်တာလား ငါရောပဲ အသံက ရင်းနှီးနေသလိုပဲ ဘယ်လိုဖြစ်ပြီး ငါတို့ စိတ်ထဲမှာ တူညီတဲ့ အသံတစ်သံကို ကြားရတာလဲ"
တတိယသခင်ကြီးဝေ့က မယုံနိုင်ဟန်နှင့် ပြန်မေးလိုက်သည်။
ဤသို့နှင့် ထိုအုပ်စုမှာ သူ့မျက်နှာ ငါကြည့်လိုက် ငါ့မျက်နှာသူကြည့်လိုက် လုပ်နေကြပြီး ဘယ်သူမှ အိမ်ထဲသို့ မဝင်ရဲကြပေ။
တတိယ သခင်ကြီးဝေ့သည် အန်တီလျှို့ထံမှ ချန်းဖန် ပြန်ရောက်နေကြောင်း သတင်းရပြီး အပြေးအလွှား လာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း စံအိမ်ဝင်ပေါက်တွင်ပင် ယခုကဲ့သို့ ထူးထူးဆန်းဆန်း ကြုံရမည်ဟု မျှော်လင့်မထားပေ။
"ကျွန်တော်ပါ အချိန်ဖြုန်းနေတာ ရပ်ပြီး တတိယထပ်ကို တက်လာခဲ့"
ချန်းဖန်၏ အသံက အားလုံး၏ စိတ်ထဲ၌ ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာသည်။
"အဲ ... အဲဒါ ... ဆရာချန်းလား"
အားပျောင်သည် ခက်ခက်ခဲခဲ တံတွေး မြိုချလိုက်ပြီးနောက် မယုံနိုင်စွာ မေးလိုက်သည်။
"ဆရာချန်းက ကျုပ်တို့ စိတ်ထဲကို တိုက်ရိုက် စကားပြောနိုင်တဲ့ အဆင့်ကိုတောင် ရောက်နေပြီ မယုံနိုင်စရာပဲ"
တတိယ သခင်ကြီးဝေ့က ချီးကျူးလိုက်သည်။
ထို့နောက် ထိုလူစုသည် သတ္တိမွေးလိုက်ကြပြီး တတိယထပ်သို့ ကုပ်ချောင်းကုပ်ချောင်းနှင့် တက်သွားလိုက်ကြသည်။
ထိုလူများသည် အိမ်ထဲသို့ ဝင်လိုက်သည်နှင့် ရေနွေးငွေ့ လွှတ်ထားသော ရေချိုးကန်တစ်ခု အတွင်း ရောက်ရှိသွားသလို ခံစားလိုက်ရပြီး တောင်ပတ်လမ်း တလျှောက် လမ်းလျှောက်ခဲ့ရသမျှ မောပန်းမှုများပင် ပြေပျောက်သွားသည်။
"ဆရာချန်းရဲ့ အိမ်ထဲက အစီအရင်က ကျုပ်ကို ပေးထားတဲ့ မှော်ရတနာထဲက အစီအရင် ထက်တောင် အစွမ်းထက်တာပဲ"
တတိယ သခင်ကြီးဝေ့က အားကျစွာ ရေရွတ်လိုက်သည်။
တတိယ သခင်ကြီးဝေ့၏ စကားကို ကြားသော် ကျိုးထျန်ဟောက်နှင့် အခြားဧည့်သည်များမှာ တတိယ သခင်ကြီးဝေ့အား မသိမသာ မျက်စောင်း ထိုးလိုက်ကြသည်။ အနည်းဆုံးတော့ တတိယ သခင်ကြီးဝေ့က မှော်ရတနာတစ်ခု လက်ဆောင် ရသေးသည်လေ၊ သူတို့အားလုံးမှာတော့ ဘာတစ်ခုမှ မရချေ။
"ဒီနေရာမှာ ကျုပ်ကို နှစ်တစ်ရာလောက် အကျဉ်းချထားမယ် ဆိုရင်တောင် ပျော်ပျော်ကြီး နေပါတယ်ဗျာ"
အားပျောင်က စိတ်အားထက်သန်စွာ ရေရွတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်တွင် ရှိနေသော ဒဏ်ရာဟောင်းများပင် အစီအရင်၏ သက်ရောက်မှုကြောင့် တဖြည်းဖြည်း ကောင်းမွန်လာနေသည်။
ထိုလူစုက တတိယထပ်သို့ ရောက်သည်တွင် လသာဆောင်၌ ကြာပန်းသဏ္ဍာန် ထိုင်နေသော ချန်းဖန်အား မြင်လိုက်ရသည်။ ချန်းဖန်သည် ချူကျိုးမြို့၏ မနက်ခင်း ရှုခင်းများအား အပေါ်စီးမှ စီးကြည့်နေဟန် ရပြီး တဖြည်းဖြည်း မြင့်တက်လာသော နေရောင်က သူ၏ ချောမောလှသော မျက်နှာပေါ်သို့ ဖြာကျနေလေရာ အလွန် ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။ နေရောင်အောက်ရှိ လူငယ်လေးအား ငေးကြည့်မိရုံနှင့် လူအပေါင်းမှာ တည်ငြိမ်အေးချမ်းသော ခံစားချက်အား ခံစားမိကြသည်။
"ဆရာချန်း"
လူတိုင်းက ချန်းဖန်အား လေးစားစွာဖြင့် တညီတညွှတ်တည်း ဦးညွှတ် နှုတ်ဆက်လိုက်ကြသည်။
***