← Chapters

ကြောက်စရာကောင်းသော စွမ်းအား....

Vol. 25 Ch. 378

ကြောက်စရာကောင်းသော စွမ်းအား....

Vol. 25 Ch. 378

မူလကမ္ဘာတွင် အဋ္ဌမအလွှာ တားဆီးမရသူအဆင့်ကို ရောက်လိုသူများ မရေတွက်နိုင်အောင် ရှိကြလေသည်။၎င်းက မယုံကြည်နိုင်စရာကောင်းလေသည်။ ထိုအချိန်များကို ပေါင်းစည်းနိယာမအတွက် အသုံးပြုလိုက်လျှင် နဝမအလွှာသို့ တက်လှမ်းရန် အခွင့်အရေး ပိုရှိနိုင်လေသည်။

အမှန်တော့ အဋ္ဌမအလွှာတွင် စကြာဝဠာစွမ်းအားတစ်ခုကို နားလည်ခဲ့လျှင် အနာဂတ်တွင် နဝမအလွှာသို့ တက်လှမ်းပြီးနောက် ပို၍ ဝေးဝေးလျှောက်နိုင်မည်ဖြစ်သောကြောင့် ဖြစ်သည်။

ကံမကောင်းစွာဖြင့် အဋ္ဌမအလွှာတွင် စကြာဝဠာစွမ်းအားကို နားလည်နိုင်သူက အလွန်ရှားပါးလေသည်။ ထို့အပြင် စကြာဝဠာစွမ်းအားကို နားလည်ထားသော အဋ္ဌမအလွှာများထဲတွင် နောက်ဆုံး နဝမအလွှာကို ရောက်ရှိသူအရေအတွက်ကလည်း ပို၍ပင် ရှားပါးလေသည်။

" ငါ့ရဲ့ ထိုက်ကျိစွမ်းအားက..." လင်းယွမ်က သူ၏ စကြာဝဠာစွမ်းအားကို သေချာခံစားလိုက်သည်။

ပြောင်းလဲသွားသော ထိုက်ကျိစွမ်းအားက ထိုက်ယန်နှင့် ထိုက်ယင်အဖြစ် ခွဲခြားထားခြင်းမရှိတော့ဘဲ မူလကတည်းက တည်ရှိနေသကဲ့သို့ ဖြစ်နေသည်။

" စကြာဝဠာစွမ်းအားကို အတုယူလို့မရဘူးလို့ လူတိုင်းပြောကြတယ်။ ငါ့ရဲ့ ထိုက်ကျိစွမ်းအားက..." လင်းယွမ်က စဉ်းစားပြီး ခေါင်းခါလိုက်သည်။

လင်းယွမ်၏ ထိုက်ကျိစွမ်းအားက ထိုက်ယင်နှင့် ထိုက်ယန်ကို ပေါင်းစပ်ခြင်းမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အနာဂတ်တွင် ထိုက်ယင်နှင့် ထိုက်ယန်တွင် အမြင့်ဆုံးပါရမီရှိသော သိုင်းတာအိုကျင့်ကြံသူတစ်ယောက် ထွက်ပေါ်လာလျှင် လင်းယွမ်ကဲ့သို့ ထိုက်ယင်နှင့် ထိုက်ယန် နှစ်ခုလုံးကို ကျွမ်းကျင်ပေလိမ့်မည်။

သူက ထိုက်ယင်နှင့် ထိုက်ယန်ကို ပေါင်းစပ်နိုင်မလားဆိုသည်မှာ စဉ်းစားစရာဖြစ်ပြီး ပေါင်းစပ်နိုင်ခဲ့လျှင်တောင် ဖြစ်ပေါ်လာသော စွမ်းအားက ထိုက်ကျိစွမ်းအား ဖြစ်နိုင်မည်မဟုတ်ပေ။

လင်းယွမ်၏ ထိုက်ကျိစွမ်းအားက ထိုက်ယင်နှင့် ထိုက်ယန်ကို အချိုးကျ ပေါင်းစပ်ခဲ့ခြင်းမဟုတ်ပေ။ သူ၏ ကိုယ်ပိုင်ချိန်ညှိမှုဖြင့် ဖန်တီးခဲ့ခြင်းဖြစ်သည်။ ထိုအခါမှသာ ထိုက်ကျိစွမ်းအား ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အနာဂတ်တွင် သိုင်းတာအိုကျင့်ကြံသူတစ်ယောက်က ထိုက်ယင်နှင့် ထိုက်ယန်စွမ်းအားတို့ကို ပေါင်းစပ်နိုင်လျှင်တောင် လင်းယွမ်၏ ထိုက်ကျိစွမ်းအား ဖြစ်ပေါ်လာမည်မဟုတ်ပေ။

" ငါ့ရဲ့ လက်ရှိခွန်အားကို အပြည့်အဝ အသုံးပြုရင် အဋ္ဌမအလွှာ တားဆီးမရသူတွေကို အလွယ်တကူ ဖိနှိပ်နိုင်ပေမယ့် အနိုင်ယူဖို့ ဒါမှမဟုတ် သတ်နိုင်ဖို့ဆိုရင်တော့..." လင်းယွမ်က ခဏစဉ်းစားပြီး ခေါင်းခါလိုက်သည်။

ထိုက်ကျိစွမ်းအားကို ဆုပ်ကိုင်ပြီးနောက် လင်းယွမ်က စကြာဝဠာစွမ်းအားအပေါ် နားလည်မှုက ပိုမိုနက်ရှိုင်းလာသည်။ လင်းယွမ်က သူ၏ ဝှက်ဖဲအားလုံး အသုံးပြုလျှင်တောင် အများဆုံး ဖိနှိပ်နိုင်ရုံသာ ဖြစ်ပေလိမ့်မည်။

ဥပမာ လင်းယွမ်၏ ထိုက်ကျိစွမ်းအားက ကာကွယ်မှုကို အပြည့်အဝ ထုတ်ဖော်လိုက်လျှင် နိယာမပေါင်းများစွာက ထိခိုက်အောင် လုပ်နိုင်မည်မဟုတ်ပေ။ တားဆီးမရသူ ဆယ်ယောက်ပင် ထိုကာကွယ်မှုကို ဖြတ်ကျော်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် မူလကမ္ဘာတွင် စကြာဝဠာစွမ်းအားတစ်မျိုးမျိုးကို နားလည်ထားသော အဋ္ဌမအလွှာများကို မရှုံးနိမ့်နိုင်သူဟုလည်း ခေါ်ကြလေသည်။

" ဖြည်းဖြည်းပေါ့။ ငါ့ရဲ့ ထိုက်ကျိစွမ်းအားမှာ ပြုပြင်ပြောင်းလဲရမယ့် နေရာတွေ ရှိသေးတယ်လို့ ခံစားမိနေတယ်။ " လင်းယွမ်က တွေးလိုက်သည်။

မူလကမ္ဘာမှ အဋ္ဌမအလွှာ တားဆီးမရသူများက စကြာဝဠာစွမ်းအားကို နားလည်ပြီးနောက် ဆက်လက်လေ့လာခြင်းထက် ပေါင်းစည်းနိယာမအပေါ် ပို၍ အာရုံစိုက်ကြလေသည်။

စကြာဝဠာစွမ်းအားကို နားလည်ရန် အချိန်များစွာ ကုန်ခဲ့သောကြောင့် ဆက်ပြီး အချိန်ဖြုန်းနေလျှင် နဝမအလွှာနှင့် ဝေးကွာသွားမည်ကို စိုးရိမ်ကြလေသည်။ နဝမအလွှာကို မတက်လှမ်းနိုင်လျှင် အဋ္ဌမအလွှာ တားဆီးမရသူများ၏ သက်တမ်းက အဋ္ဌမအလွှာ အထွတ်အထိပ်များထက် ပိုရှည်နိုင်မည်မဟုတ်ပေ။

ကောင်းကင်ကိုးခု၊ စတုတ္ထကောင်းကင်ဘုံ။

လင်းယွမ်၏ ထိုက်ယင်မူလစိတ်ဝိညာဉ်နှင့် ထိုက်ယန်မူလစိတ်ဝိညာဉ်တို့က တစ်ပြိုင်နက်တည်း ပေါ်လာသည်။ သူတို့က ချက်ချင်း ပေါင်းစည်းသွားကြသည်။

ဝုန်း....

ထိုက်ကျိမူလစိတ်ဝိညာဉ်က ဖြစ်ပေါ်လာသည်။ ယခုတစ်ခုနှင့် နှိုင်းယှဉ်လျှင် ယခု ထိုက်ကျိမူလစိတ်ဝိညာဉ်က ပို၍ သန့်စင်ပြီး လေဟာနယ်အပေါ် ပို၍ တည်ငြိမ်သော သက်ရောက်မှုရှိလာသည်။ လင်းယွမ်က အချိန်ကိုပင် အနည်းငယ် သက်ရောက်မှုရှိနေသည်ဟု ခံစားနေရသည်။

" ဒီခံစားချက်..." လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

ရှန်ယောင်မြို့တွင် လင်းယွမ်က ထိုက်ကျိစွမ်းအားကို နားလည်ထားသော်လည်း အနည်းငယ် မှားယွင်းသွားသည်နှင့် မြို့တစ်မြို့လုံး ပျက်ဆီးသွားနိုင်သောကြောင့် ၎င်းကို အသုံးမပြုရဲပေ။

သို့သော် ကောင်းကင်ကိုးခုတွင် ထိုကဲ့သို့ စိုးရိမ်စရာမလိုပေ။ ကောင်းကင်ကိုးခု၏ အလွှာတစ်ခုစီက စိတ်ဝိညာဉ်ကမ္ဘာတစ်ခုစာလောက် ကျယ်ဝန်းလေသည်။ ထို့အပြင် အစစ်အမှန်အင်မော်တယ်များသာ ကောင်းကင်ကိုးခုသို့ တက်ရောက်နိုင်ပြီး ပထမအလွှာနှင့် ဒုတိယအလွှာတို့ကိုသာ ရောက်နိုင်လေသည်။

ဝုန်း...

ကြောက်စရာကောင်းသော စွမ်းအားက အရပ်မျက်နှာအမျိုးမျိုးသို့ ပျံ့နှံ့သွားသည်။ ထိုက်ကျိစွမ်းအား၏ အပြည့်အဝ ပေါက်ကွဲမှုက စတုတ္ထကောင်းကင်ဘုံကိုပင် လှုပ်ခါသွားစေခဲ့သည်။

" စိတ်လှုပ်ရှားစရာပဲ။ " လင်းယွမ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး မူလကမ္ဘာရှိ အဋ္ဌမအလွှာ တားဆီးမရသူများ၏ ယုံကြည်မှုကို နားလည်သွားသည်။

" ငါ့ရဲ့ ထိုက်ကျိမူလစိတ်ဝိညာဉ်က အဋ္ဌမအလွှာ တားဆီးမရသူတွေအောက် မနိမ့်ကျဘူး။ ပြီးတော့ စွမ်းအားနဲ့ စိတ်ဝိညာဉ်ခန္ဓာဖြစ်တဲ့အတွက် သူတို့ထက် ပိုပြီး ဒုက္ခပေးနိုင်တယ်။ "

မူလစိတ်ဝိညာဉ်က ရုပ်ခန္ဓာမဟုတ်သောကြောင့် ဆန်းကြယ်သော ဘူးသီးခြောက်၏ အားဖြည့်မှုကို မရနိုင်သော်လည်း မူလစိတ်ဝိညာဉ်၏ အားသာချက်မှာ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုအများစုကို ခုခံနိုင်ခြင်းဖြစ်သည်။ မူလကမ္ဘာမှ အဋ္ဌမအလွှာ တားဆီးမရသူများထက် ပို၍ ကြောက်စရာကောင်းလေသည်။

" ထိုက်ကျိစွမ်းအားရဲ့ ကန့်သတ်ချက်ကို ထပ်ပြီးရှာဖွေရမယ်။ " လင်းယွမ်က ပြင်းထန်စွာ တိုက်ခိုက်လိုက်ရာ ကြောက်စရာကောင်းသော စွမ်းအားလှိုင်းက စတုတ္ထကောင်ကင်ဘုံကို လှုပ်ခတ်သွားစေပြီး အောက်ဘက်ရှိ တတိယနှင့် ဒုတိယကောင်းကင်ဘုံထိပါ သက်ရောက်သွားသည်။

ဒုတိယကောင်းကင်ဘုံတွင် တာအိုပေါင်းစည်းခြင်းအဆင့် အထွတ်အထိပ် အစစ်အမှန်အင်မော်တယ်တစ်ယောက်က သူ၏ မျိုးနွယ်ဝင်တစ်ယောက်ကို ခေါ်ပြီး လှည့်လည်သွားလာနေသည်။

စိတ်ဝိညာဉ်ကမ္ဘာ၏ ကောင်းကင်ကိုးခုက အလွန်ထူးခြားပြီး အစစ်အမှန်အင်မော်တယ်များက မကြာခဏ လာရောက်ကြလေသည်။

တစ်ခါတစ်ရံ သူတို့၏ မျိုးဆက်များကို ခေါ်လာတတ်ကြလေသည်။ အစစ်အမှန် အင်မော်တယ်အဆင့်အောက် ကျင့်ကြံသူများအတွက် ကောင်းကင်ကိုးခု၏ လျို့ဝှက်ဆန်းကြယ်မှုများကို ခံစားရခြင်းမှာ ကြီးမားသော အခွင့်အလမ်းနှင့် ကံကောင်းမှုပင် ဖြစ်သည်။

" ဒုတိယကောင်းကင်ဘုံမှာ ဆန်းကြယ်ဖြစ်ရပ်တွေနဲ့ မြင်ကွင်းတွေ မကြာခဏ ပေါ်လာတတ်တယ်။ သေချာကြည့်ပြီး လေ့လာထား။ အဲ့ဒါက မင်းရဲ့ အနာဂတ်ကျင့်ကြံခြင်းအတွက် အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်။ " အစစ်အမှန်အင်မော်တယ် အဘိုးအိုက မုတ်ဆိတ်မွေးများကို ပွတ်သပ်ပြီး ပြောလိုက်သည်။

" နားလည်ပါပြီ ဘိုးဘေး။ " လူငယ်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီး ပြောလိုက်သည်။

" ဘိုးဘေး ဒီကောင်းကင်ဘုံက တော်တော်ကြီးတာပဲနော်။ " လူငယ်က အံ့ဩနေသည်။

" စိတ်ဝိညာဉ်ကမ္ဘာရဲ့ ကောင်းကင်ဘုံကိုးခုက အရမ်းကျယ်ပြောလှတယ်။ ဒါက ဒုတိယကောင်းကင်ဘုံပဲရှိသေးတယ်။ အထက်မှာ တတိယနဲ့ စတုတ္ထကောင်းကင်ဘုံတွေ ရှိသေးတယ်။ " အဘိုးအိုက စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။

" ဒါပေမယ့် ကပ်ဘေးကျော်လွှားခြင်း တစ်ဝက်အဆင်ရှိသူတွေပဲ တတိယကောင်းကင်ဘုံကို တက်နိုင်ပြီး စတုတ္ထကောင်းကင်ဘုံကတော့ ကပ်ဘေးကျော်လွှားခြင်းအဆင့် အင်မော်တယ်ဘုရင်တွေရဲ့ နယ်မြေပဲ။ " အဘိုးအိုက သက်ပြင်းချလိုက်သည်။

သူက တာအိုပေါင်းစည်းခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်နေသော်လည်း ကပ်ဘေးကျော်လွှားခြင်းအဆင့်က သူ၏ လက်လှမ်းမမီသော နေရာတွင် ရှိနေဆဲ ဖြစ်သည်။ စိတ်ဝိညာဉ်ကပ်ဘေးနှင့် ရုပ်ခန္ဓာကပ်ဘေးတို့က အစစ်အမှန်အင်မော်တယ်များစွာပို ပိတ်ဆို့ထားသော အဓိကအတားအဆီးနှစ်ခု ဖြစ်လေသည်။

အဘိုးအိုက ခဏ စဉ်းစားပြီး စကားပြောရန် ပြင်လိုက်ချိန်တွင် သူ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။

" အဲ့ဒါ ဘာလဲ။ " အဘိုးအိုက တတိယကောင်းကင်ဘုံကို မော့ကြည့်လိုက်သည်။

ထိုအချိန်တွင် ကြောက်စရာကောင်းသော စွမ်းအားလှိုင်းတစ်ခုက တတိယကောင်းကင်ဘုံမှ ဒုတိယကောင်းကင်ဘုံသို့ ရွေ့လျားလာနေသည်။ ဒုတိယကောင်းကင်ဘုံမှ တိမ်တိုက်များက ပျောက်ကွယ်သွားကြပြီး လေဟာနယ်က အဆက်မပြတ် တုန်ခါသွားသည်။

" အဲ့ဒါက..." အဘိုးအိုက ထိတ်လန့်သွားသည်။

ကောင်းကင်ကိုးခုတွင် သူ့လို အစစ်အမှန်အင်မော်တယ်တစ်ယောက်ပင် အများဆုံး မိုင်တစ်သောင်းပတ်လည်ကိုသာ သက်ရောက်နိုင်လေသည်။ ယခုတော့ စွမ်းအားတစ်ခု၏ နောက်ဆက်တွဲတုန်ခါမှုက ဒုတိယကောင်းကင်ဘုံထိ ထိုးဖောက်ဆင်းသက်လာသည်။

" ဘိုးဘေး တတိယကောင်းကင်ဘုံမှာ ကပ်ဘေးကျော်လွှားခြင်း တစ်ဝက်အဆင့် လှုပ်ရှားနေတာလား။ " ဘေးမှ လူငယ်က တုန်ယင်နေသည်။

" တတိယကောင်းကင်ဘုံမဟုတ်ဘူး။ တတိယကောင်းကင်ဘုံထက် ပိုမြင့်တဲ့အလွှာကပဲ။ " အဘိုးအိုက သေချာခံစားကြည့်ပြီးနောက် သူ၏ မျက်နှာက အနည်းငယ် ဖြူဖျော့သွားသည်။

အစစ်အမှန်အင်မော်တယ်တစ်ယောက်အနေဖြင့် သူက တတိယကောင်းကင်ဘုံကို မတက်ရောက်နိုင်သော်လည်း စွမ်းအားလှိုင်း၏ ရင်းမြစ်ကိုတော့ ခန့်မှန်းနိုင်သေးသည်။

" တတိယကောင်းကင်ဘုံထက် ပိုမြင့်တဲ့အလွှာကလား။ " လူငယ်က စိတ်ရှုပ်သွား၏။

" အနည်းဆုံး ကပ်ဘေးကျော်လွှားခြင်း အင်မော်တယ်ဘုရင်တစ်ယောက် လှုပ်ရှားခဲ့တာပဲ။ " အဘိုးအိုက လေးနက်စွာ ပြောလိုက်သည်။

ထို့အပြင် စွမ်းအားတစ်ခု၏ နောက်ဆက်တွဲတုန်ခါမှုကို အခြားအလွှာများသို့ ရောက်အောင် လုပ်နိုင်သောကြောင့် သာမန်အင်မော်တယ်ဘုရင်တစ်​ယောက် မဖြစ်နိုင်ပေ။ အထွတ်အထိပ် အင်မော်တယ်ဘုရင်ပင် ဖြစ်နိုင်လေသည်။

" ငါ့ဘဝမှာ အထွတ်အထိပ်အင်မော်တယ်ဘုရင်တစ်ယောက် လှုပ်ရှားတာကို တွေ့လိုက်ရတာလား။ " အဘိုးအိုက စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။

All Chapters