ကန်ချင်းအင်မော်တယ်၏ ကြောက်ရွံ့မှု....
Vol. 25 Ch. 380
" ကောင်းကင်ရေအနှစ်သာရက မြေကြီးသွေးကြောမှာ အမြစ်တွယ်နေပြီးတော့ ရွှေ့လို့လည်းမရဘူး။ ဖျက်ဆီးပစ်လို့လည်း မရဘူး။ " ကန်ချင်းအင်မော်တယ်က သက်ပြင်းချလိုက်သည်။
သူက ရတနာတစ်ခုနှင့် ကောင်းကင်ရေအနှစ်သာရကို အင်အားသုံး၍ ဖျက်ဆီးနိုင်လျှင်တောင် မြေကြီးသွေးကြောများ ရှိနေသရွေ့ နှစ်ထောင်အနည်းငယ်အတွင်း ကောင်းကင်ရေအနှစ်သာရ အသစ်တစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။
" ဟွမ်းလုံနန်းတော်က အဆုံးအဖြတ်တိုက်ပွဲကို စတင်ရဲရင် သူတို့မှာ အာမခံချက်တစ်ခုခုရှိလိမ့်မယ်။ ဟွမ်းလုံနန်းတော်သခင်မက ရုပ်ခန္ဓာကပ်ဘေးကို ကျော်လွှးပြီးသွားပြီလား။ " ကန်ချင်းအင်မော်တယ်က စိတ်ထဲမှ ခန့်မှန်းလိုက်သည်။
တာအိုအင်မော်တယ်ဂိုဏ်းက ဟွမ်းလုံနန်းတော်နှင့် နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သောကြောင့် သူတို့၏ ပြိုင်ဘက်အကြောင်း ကောင်းကောင်းသိကြလေသည်။
ဟွမ်းလုံနန်းတော်သခင်မက ကန်ချင်းအင်မော်တယ်နှင့် နောက်ဆုံးတိုက်ပွဲတွင် ရုပ်ခန္ဓာကပ်ဘေးကို ကျော်လွှားမည့်အရိပ်အယောင်များ ထွက်ပေါ်ခဲ့သည်။
" ရုပ်ခန္ဓာကပ်ဘေးကို ကျော်လွှားပြီးတဲ့ အစစ်အမှန်နဂါးတစ်ကောင်.... ငါတစ်ယောက်တည်း ရင်ဆိုင်နိုင်မှာမဟုတ်ဘူး။ ရွှမ်ဝမ်နန်းတော်ရဲ့ ရည်ရွယ်ချက်ကို မေးကြည့်ရမယ်။ " ကန်ချင်းအင်မော်တယ်က အရူးမဟုတ်ပေ။ ဟွမ်းလုံနန်းတော်၏ ဖိအားကို သူတစ်ယောက်တည်း ခံယူမည်မဟုတ်ပေ။
ရွှမ်ဝမ်နန်းတော်နှင့် ဆက်သွယ်ပြီးနောက် ကန်ချင်းအင်မော်တယ်က ပို၍ မျက်မှောင်ကြုတ်သွားသည်။
" ရွှမ်ဝမ်နန်းတော်သခင်က တံခါးပိတ်ကျင့်ကြံနေလို့ အချိန်တိုအတွင်း ဝင်ရောက်စွက်ဖက်နိုင်မှာမဟုတ်ဘူးလား။ "
" အဲ့ဒီ နဂါးမကို ငါဘယ်လိုရင်ဆိုင်ရမှာလဲ။ " ကန်ချင်းအင်မော်တယ်က အခြေအနေ၏ ခက်ခဲမှုကို နားလည်လိုက်သည်။
" အခြားနယ်မြေတွေက တာအိုပေါင်းစည်းခြင်းအဆင့် အင်အားစုတွေကို ဆက်သွယ်ကြည့်ရမယ်။ "
" အို့ ကျွင်းဝူကျိ အဲ့ဒီကောင်လေး ပြန်ရောက်လာပြီလား။ " ကန်ချင်းအင်မော်တယ်၏ မျက်လုံးများက တောက်ပသွား၏။
သူက ကျွင်းဝူကျိကို အချိန်အတော်ကြာသည်အထိ စောင့်ဆိုင်းခဲ့သည်။ အစတွင် ထိုလူငယ်က နှစ်အနည်းငယ်အတွင်း စိတ်ဝိညာဉ်ကမ္ဘာသို့ တက်လှမ်းလာလိမ့်မည်ဟု ထင်ခဲ့သော်လည်း နှစ်ပေါင်းများစွာတိုင်အောင် သူက အရိပ်အယောင်ပင် မတွေ့ခဲ့ရပေ။
သို့သော် ကန်ချင်းအင်မော်တယ်က တာအိုကို တိုင်တည်ခဲ့သောကြောင့် သူ၏ ကတိကို မဖျက်ခဲ့ပေ။ တာအိုကတိတစ်ခုကို ဖျက်ခြင်းက မဖြစ်နိုင်ခြင်းမဟုတ်သော်လည်း ပြင်းထန်သော အကျိုးဆက်များရှိလေသည်။
" နှစ်ပေါင်းသိန်းချီကြာခဲ့ပြီ။ အဲ့ဒီကောင်လေးက အသက်ရှင်နေတာဆိုရင် အနည်းဆုံး တာအိုပေါင်းစည်းခြင်းအထွတ်အထိပ်မှာ ရှိမှာပဲ။ အင်မော်တယ်ဘုရင် တစ်ဝက်အဆင့်တောင် ဖြစ်နိုင်တယ်။ " ကန်ချင်းအင်မော်တယ်က တွေးလိုက်သည်။
သူက လင်းယွမ်၏ အလားအလာကို ကောင်းစွာ သိလေသည်။ လင်းယွမ်က အောက်ဘုံတွင် တာအိုပေါင်းစည်းခြင်းအဆင့်ကို အတင်းအကျပ် ချိုးဖျက်ခဲ့သောကြောင့် သူက အနည်းဆုံး အင်မော်တယ်ဘုရင်လောင်းဖြစ် သတ်မှတ်နိုင်လေသည်။ အင်မော်တယ်ဘုရင်လောင်းလျာများပင် အင်မော်တယ်ဘုရင်အဆင့်ကို ရောက်ရန် ခက်ခဲလေသည်။
သို့သော် ကန်ချင်းအင်မော်တယ်က လင်းယွမ်ကို အင်မော်တယ်ဘုရင် တစ်ဝက်အဆင့် ဖြစ်နေပြီဟု မယုံကြည်ခဲ့ပေ။ ကပ်ဘေးကျော်လွှားခြင်းအဆင့်သို့ ရောက်ရန် မည်မျှခက်ခဲသည်ကို သူ အသိဆုံးဖြစ်လေသည်။
သူက စိတ်ဝိညာဉ်ကပ်ဘေးကို ကျော်လွှားပြီး အင်မော်တယ်ဘုရင်တစ်ဝက်အဆင့်ကို ရောက်နေသော်လည်း အင်မော်တယ်ဘုရင်ဖြစ်လာရန် အခွင့်အရေးမရှိသည်ကို သူ၏ အတွင်းစိတ်က သိနေခဲ့သည်။ အနည်းဆုံးတော့ ကန်ချင်းအင်မော်တယ်က သက်တမ်းမကုန်မီ ရုပ်ခန္ဓာကပ်ဘေးကို ရင်ဆိုင်နိုင်လေသည်။ သူက ကျရှုံးခဲ့လျှင်တောင် မျှော်လင့်ထားသည့်အတိုင်း ဖြစ်သည်။
" ဒါပေမယ့် သူက အင်မော်တယ်ဘုရင် တစ်ဝက်အဆင့် ရောက်နေပြီဆိုရင် ဟွမ်းလုံနန်းတော်ကို ရင်ဆိုင်ဖို့ လုံလောက်သွားပြီမဟုတ်လား။ " ကန်ချင်းအင်မော်တယ်က ရုတ်တရက် အကြံတစ်ခုကို စဉ်းစားမိလိုက်သည်။
သူက လင်းယွမ်နှင့် ညှိနှိုင်းချိန်တွင် အောက်ဘုံတွင် သိုင်းတာအိုကို ဖြန့်ကျက်ခွင့်ပြုရန်နှင့် သိုင်းတာအို ဆဋ္ဌမအလွှာ ရောက်သူတိုင်းကို တက်လှမ်းခြင်းစင်မြင့်မှ စိတ်ဝိညာဉ်ကမ္ဘာသို့ တက်လှမ်းခွင့်ပေးရန် သဘောတူညီခဲ့သည်။
အပြန်အလှန်အနေဖြင့် လင်းယွမ်က သူ၏ စွမ်းဆောင်ရည်အတွင်း တာအိုအင်မော်တယ်ဂိုဏ်းကို တစ်ကြိမ်ကူညီပေးမည်ဖြစ်သည်။ သို့သော် လင်းယွမ်ကလည်း ငြင်းပယ်ပိုင်ခွင့်ရှိလေသည်။
" အင်း အပြင်မထွက်တာတောင် ကြာပြီပဲ။ ဒီတစ်ခါ အဲ့ဒီကောင်လေးက ဘယ်လိုဖြစ်နေလဲဆိုတာ သွားကြည့်ရမယ်။ " ကန်ချင်းအင်မော်တယ်က မတ်တပ်ရပ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်က ချက်ချင်း ပျောက်ကွယ်သွားသည်။
ရှန်ယောင်မြို့၊ သိုင်းဘုရားကျောင်း။
ကန်ချင်းအင်မော်တယ်၏ ပုံရိပ်က တိတ်ဆိတ်စွာ ပေါ်လာသည်။
" သိုင်းတာအိုက ကန့်သတ်ချက်တွေ ရုတ်သိမ်းလိုက်ပြီလား။ " ကန်ချင်းအင်မော်တယ်က ရှန်ယောင်မြို့အတွင်း မကြာသေးမီက အဖြစ်အပျက်များကို သိလိုက်ရသည်။
ကန်ချင်းအင်မော်တယ်က တစ်လှမ်းချင်း သိုင်းဘုရားကျောင်း၏ အနက်ပိုင်းသို့ လျှောက်သွားလိုက်သည်။ စိတ်ဝိညာဉ်ကပ်ဘေးကို ကျော်လွှားပြီးသော အင်မော်တယ်ဘုရင် တစ်ဝက်အဆင့်အနေဖြင့် ကန်ချင်းအင်မော်တယ်က ဆန္ဒရှိလျှင် လီချင်းကဲ့သို့ သိုင်းတာအို သတ္တမအလွှာ အထွတ်အထိပ်တစ်ယောက်ပင် သူ၏ တည်ရှိမှုကို သိနိုင်ရန် ခက်ခဲလေသည်။
" ဘာမှမပြောင်းလဲပါဘူး။ အဲ့ဒီကောင်လေး တကယ်ပြန်လာတာလား။ " ကန်ချင်းအင်မော်တယ်က သိုင်းဘုရားကျောင်းခန်းမသို့ ရောက်လာပြီး လှည့်ပတ်ကြည့်ရှုလိုက်ရာ မည်သည့်ထူးခြားမှုမှမရှိသည်ကို တွေ့လိုက်ရသည်။
ကန်ချင်းအင်မော်တယ်က သူ့ကိုသူ ဖော်ထုတ်ပြီး လီချင်းကို မေးရန် ပြင်လိုက်ချိန်တွင် ပတ်ဝန်းကျင်ရှိ ကောင်းကင်က ဝေဝါးသွားသည်။
မြင်ကွင်းများက အလွှာလိုက် ပေါ်ပေါက်လာပြီး ကန်ချင်းအင်မော်တယ်က ရှန်ယောင်မြို့၏ အပြင်ဘက်တွင် ပြန်ပေါ်လာသည်။ သူကြုံတွေ့သမျှ အရာအားလုံးက ပုံရိပ်ယောင်နယ်ပယ်တစ်ခုကဲ့သို့ ဖြစ်နေသည်။
" ဘာ..." ကန်ချင်းအင်မော်တယ်က သူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး သူ၏ စိတ်က တုန်လှုပ်သွားသည်။
ပုံရိပ်ယောင်နယ်ပယ်လား။
စိတ်ဝိညာဉ်ကပ်ဘေးကို ကျော်လွှားပြီး အင်မော်တယ်ဘုရင် တစ်ဝက်အဆင်သို့ ရောက်နေသော သူလိုလူက သူကိုယ်တိုင်ပင် မသိဘဲ ပုံရိပ်ယောင်နယ်ပယ်ထဲ ကျရောက်သွားတာလား။
တိုက်ခိုက်ရေးစွမ်းအားအရ စိတ်ဝိညာဉ်ကပ်ဘေးကို ကျော်လွှားခဲ့သူက ရုပ်ခန္ဓာကပ်ဘေးကို ကျော်လွှားခဲ့သူလောက် မသန်မာသော်လည်း စိတ်ဝိညာဉ်ပုံရိပ်ယောင်ကို ကျွမ်းကျင်သော နေရာတွင် ရုပ်ခန္ဓာကပ်ဘေးကို ကျော်လွှားခဲ့သူက စိတ်ဝိညာဉ်ကပ်ဘေးကို ကျော်လွှားခဲ့သူကို မယှဉ်နိုင်ပေ။
သို့သော် ယခု ကန်ချင်းအင်မော်တယ်က ပုံရိပ်ယောင်နယ်ပယ်ထဲသို့ ကျရောက်သွားခဲ့သည်။ တစ်ဖက်က ပုံရိပ်ယောင်နယ်ပယ်ကို မဖျက်သိမ်းခဲ့လျှင် ကန်ချင်းအင်မော်တယ်က ထိုထဲတွင် နစ်မြှုပ်နေပေလိမ့်မည်။
" တကယ်ကြောက်စရာပဲ။ ဒါဘယ်လိုပုံရိပ်ယောင်နယ်ပယ်မျိုးလဲ။ " ကန်ချင်းအင်မော်တယ်က စိတ်ဝိညာဉ်ပင် တုန်ယင်သွား၏။
သူ့လို အင်မော်တယ်ဘုရင် တစ်ဝက်အဆင့်ကို ကစားနိုင်ရန်...
ကန်ချင်းအင်မော်တယ်၏ စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ပေါ်လာသည်။
" ဖြစ်နိုင်တာက..." ကန်ချင်းအင်မော်တယ်က သူ၏ စိတ်ကို ထိန်းချုပ်ပြီး ရှန်ယောင်မြို့ထဲသို့ တစ်ဖန် ပြန်ဝင်လာသည်။
သူက ယခုတစ်ခါ မည်သည့်စွမ်းရည်မှမသုံးဘဲ လမ်းအတိုင်း လျှောက်လာပြီး သိုင်းဘုရားကျောင်း ဂိတ်တံခါးသို့ ရောက်လာသည်။
ခဏတွေဝေသွားပြီးနောက် ကန်ချင်းအင်မော်တယ်က ဂိတ်စောင့်အား ပြောလိုက်သည်။ " ငါ့နာမည်က ကန်ချင်းပါ။ သိုင်းဘိုးဘေးဆီကို လာရောက်လည်ပတ်တာပါ။ "
" ကြွပါ " ဂိတ်စောင့်က အမိန့်ရထားပုံရပြီး ကန်ချင်းအင်မော်တယ်ကို သိုင်းဘုရားကျောင်းခန်းမသို့ ခေါ်လာသည်။
ကန်ချင်းအင်မော်တယ်က ခဏရပ်တန့်ပြီး ခန်းမထဲသို့ ဝင်သွားသည်။ သိုင်းဘုရားကျောင်းခန်မက ယခင်တစ်ကြိမ်ကဲ့သို့ ဘာမှပြောင်းလဲခြင်းမရှိပေ။
တစ်ခုတည်းသော ပြောင်းလဲမှုမှာ အဓိကထိုင်ခုံတွင် လူတစ်ယောက်ထိုင်နေခြင်းပင် ဖြစ်၏။ ထိုလူက လူငယ်တစ်ယောက်ဖြစ်သည်။
" အချိန်တွေကြာခဲ့ပြီ..." လင်းယွမ်က ကန်ချင်းအင်မော်တယ်ကို ကြည့်ပြီး ပြုံးလိုက်သည်။
" မင်း မင်း တကယ်ပဲ ကျွင်းဝူကျိလား။ " ကန်ချင်းအင်မော်တယ်က ခဏအံ့အားသင့်သွားသည်။
ယခင် သူက သိုင်းဘုရားကျောင်းထဲတွင် အင်မော်တယ်ဘုရင်တစ်ယောက် ရှိနေသည်ဟု ထင်ခဲ့သည်။ ထိုအင်မော်တယ်ဘုရင်ကပင် သူ့ကို ပုံရိပ်ယောင်နယ်ပယ်ထဲသို့ ကျရောက်စေခဲ့သည်ဟု တွေးခဲ့သည်။
ယခု လင်းယွမ်ကို မြင်လိုက်ရသောအခါ ကန်ချင်းအင်မော်တယ်က သူထင်ခဲ့သော အင်မော်တယ်ဘုရင်မှာ ထိုလူငယ်သာ ဖြစ်သည်ကို သိလိုက်ရသည်။
" အဲ့လိုပြောလို့ရပါတယ်။ " လင်းယွမ်က ပြုံး၍ ခေါင်းညိမ့်လိုက်သည်။
ခန္ဓာကိုယ်က မတူသော်လည်း စိတ်အသိကတော့ အတူတူပင်ဖြစ်သည်။ အင်မော်တယ်လမ်းစဉ်၏ ပြန်လည်မွေးဖွားခြင်းနှင့် ဆင်တူလေသည်။
" ကျွင်းဝူကျိ..." ထိုနာမည်က ကန်ချင်းအင်မော်တယ်၏ စိတ်ကို တုန်လှုပ်စေလေသည်။
သူက ကျွင်းဝူကျိကို အင်မော်တယ်ဘုရင်ဖြစ်နိုင်သော ပါရမီရှင်အဖြစ် အချိန်ကြာ သတ်မှတ်ခဲ့သော်လည်း ယခု ကျွင်းဝူကျိက တကယ် အင်မော်တယ်ဘုရင်ဖြစ်နေသည်ကို မြင်ရသောအခါ ကန်ချင်းအင်မော်တယ်က စိတ်လှုပ်ရှားနေရဆဲ ဖြစ်သည်။
အင်မော်တယ်ဘုရင်... ၎င်းက ကပ်ဘေးကျော်လွှားခြင်းအဆင့် ဖြစ်လေသည်။
" ထိုင်ပါ။ " လင်းယွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ကန်ချင်းအင်မော်တယ်က ရှန်ယောင်မြို့သို့ ချဉ်းကပ်လာချိန်ကတည်းက လင်းယွမ်က အာရုံခံမိခဲ့သည်။ နောက်ပိုင်း ကန်ချင်းအင်မော်တယ်က သိုင်းဘုရားကျောင်းထဲသို့ ခိုးဝင်ရန် ပြင်နေသောကြောင့် သူ့ကို ပုံရိပ်ယောင်နယ်ပယ်ထဲသို့ ဆွဲခေါ်ခဲ့ခြင်းဖြစ်သည်။
" အင်း..."
" ဟင့်အင်း မထိုင်ပါဘူး။ ရပ်နေပါမယ်။ " ကန်ချင်းအင်မော်တယ်က ထိုင်ရန် မဝံ့ရဲခဲ့ပေ။
ဘယ်လောက်တောင်ရယ်စရာကောင်းလဲ။ ကပ်ဘေးကျော်လွှားခြင်းအဆင့် အင်မော်တယ်ဘုရင်တစ်ယောက်နဲ့ အတူ ထိုင်ရမှာလား။
ကန်ချင်းအင်မော်တယ်က သူ၏ အဆင့်အတန်းကို သိလေသည်။ သူက လင်းယွမ်၏ ဂျူနီယာတစ်ယောက်မဟုတ်သကဲ့သို့ လင်းယွမ်အပေါ် ကြီးမားသော အကျိုးကျေးဇူးလည်း မရှိခဲ့ပေ။ သူလုပ်သင့်လုပ်ထိုက်သော သူ၏ ကတိကို တည်ခဲ့ခြင်းသာ ဖြစ်သည်။
ယခုအချိန်တွင် ကန်ချင်းအင်မော်တယ်က စိတ်သက်သာရာ ရနေသည်။ ကျွင်းတုန်ကျင်းနှင့် အခြားသူများ စိတ်ဝိညာဉ်ကမ္ဘာသို့ တက်လာချိန်တွင် သူတို့ကို အရင်းအမြစ်များ ထောက်ပံ့ပေးရန် တာအိုအင်မော်တယ်ဂိုဏ်းထဲမှ အချို့လူများက သဘောမတူခဲ့ပေ။ သို့သော် ကန်ချင်းအင်မော်တယ်က သူတို့ကို တိုက်ရိုက်ငြင်းပယ်ခဲ့သည်။
ပထမအချက်မှာ ကျွင်းမိသားစုကို ခွဲဝေပေးသော အရင်းအမြစ်များက တာအိုအင်မော်တယ်ဂိုဏ်းအတွက် ပင်လယ်ထဲမှ ရေတစ်စက်လောက်သာ ဖြစ်သည်။
ဒုတိယအနေဖြင့် ကန်ချင်းအင်မော်တယ်က ကျွင်းဝူကျိ တက်လှမ်းလာမည်ကို မျှော်လင့်နေခဲ့သည်။