သူတို့ကို တိုက်ရိုက်ဖမ်းလိုက်ရုံပေါ့...
Vol. 25 Ch. 381
" ဒီနှစ်တွေမှာ မင်းက ကောင်းကောင်းလုပ်ခဲ့တာပဲ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
အနည်းဆုံးတော့ ကန်ချင်းအင်မော်တယ်က ကျွင်းမိသားစုကို ပစ်ပယ်ခဲ့ခြင်းမရှိသကဲ့သို့ သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကိုလည်း ကာကွယ်ပေးခဲ့သည်။
" ဒါက ကျုပ်ရဲ့ တာဝန်ပါ၊ ကျုပ်ရဲ့ တာဝန်ပါ။ " ကန်ချင်းအင်မော်တယ်က ချက်ချင်း ပြန်ဖြေလိုက်သည်။
လင်းယွမ်က သူလုပ်ခဲ့သည့် အကြောင်းအရာများအား သိနေသည်ကို နားလည်လိုက်သည်။ ထို့ကြောင့် ကန်ချင်းအင်မော်တယ်က ပို၍ ထိတ်လန့်သွားမိသည်။ ထိုအချိန်က သူ အနည်းငယ် အမှားအယွင်းလုပ်ခဲ့လျှင် ယခုအချိန်တွင် အင်မော်တယ်ဘုရင်တစ်ယောက်၏ ဒေါသကို ရင်ဆိုင်နေရလောက်ပြီဖြစ်သည်။ အမှန်တွင် ထိုဒေါသကို ရွှမ်ဝမ်နယ်မြေသာမက တုန်ယွင်တာအိုပြည့်နယ်တစ်ခုလုံးပင် ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
" ပြောပါ။ ဘာကူညီပေးရမလဲ။ " လင်းယွမ်က တိုက်ရိုက်မေးလိုက်သည်။
တာအိုအင်မော်တယ်ဂိုဏ်းက ကျွင်းမိသားစုကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့ပြီး သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကိုလည်း ကာကွယ်ပေးခဲ့သည်။ သဘောတူညီချက်အရ သူ၏ စွမ်းအားအတွင်းကဖြစ်လျှင် ကူညီပေးရမည်ဖြစ်သည်။
" ဘယ်လိုကူညီပေးရမလဲ။ " ၎င်းကို ကြားသောအခါ ကန်ချင်းအင်မော်တယ်က စိတ်လှုပ်ရှားသွားသည်။ သူက ရုပ်ခန္ဓာကပ်ဘေးကို ကျော်လွှားရန်အတွင်း လင်းယွမ်ကို အကူအညီ တောင်းရန် စဉ်းစားလိုက်သည်။
သို့သော် ကန်ချင်းအင်မော်တယ်က ထိုအတွေးကို ငြင်းပယ်လိုက်သည်။ ရုပ်ခန္ဓာကပ်ဘေးဖြစ်စေ စိတ်ဝိညာဉ်ကပ်ဘေးဖြစ်စေ ပြင်ပအကူအညီများ သက်ရောက်ခြင်းမရှိဘဲ မိမိကိုသာ အားကိုးရလေသည်။ မဟုတ်လျှင် ကပ်ဘေးကျော်လွှားခြင်းအဆင့် အင်မော်တယ်ဘုရင်များ ယခုလောက်ထိ ရှားပါးနေမည်မဟုတ်ပေ။
အခြားသူများမပြောနှင့် အင်မော်တယ်ဘုရင်များ၏ သားသမီးများ၊ မိတ်ဆွေများပင် အင်မော်တယ်ဘုရင်အဆင့်သို့ အလွယ်တကူ မရောက်နိုင်ပေ။
ကန်ချင်းအင်မော်တယ်၏ စိတ်ထဲတွင် အတွေးပေါင်းများစွာ လင်းလက်နေသည်။ သူ၏ ဘဝတွင် သူကိုယ်တိုင်မှလွဲ၍ ဂရုအစိုက်ဆုံးမှာ တာအိုအင်မော်တယ်ဂိုဏ်းဖြစ်၏။ လက်ရှိတွင် တာအိုအင်မော်တယ်ဂိုဏ်းရင်ဆိုင်နေရသော အကြီးမားဆုံး အခက်အခဲမှာ ဟွမ်းလုံနန်းတော်ဖြစ်လေသည်။ ကန်ချင်းအင်မော်တယ်က ရုပ်ခန္ဓာကပ်ဘေးကျော်လွှားထားသော ဟွမ်းလုံနန်းတော်ကို ရင်ဆိုင်နိုင်မည်မဟုတ်ပေ။
" သိုင်းဘိုးဘေးက ဟွမ်းလုံနန်းတော်ရဲ့ ကိစ္စမှာ ဝင်ရောက်စွက်ဖက်ပေးဖို့ မျှော်လင့်ပါတယ်။ " ကန်ချင်းအင်မော်တယ်က သူ၏ စိတ်ကို ထိန်းချုပ်ပြီး ပြောလိုက်သည်။
" ဟွမ်းလုံးနန်းတော်..." လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ကန်ချင်းအင်မော်တယ် အကူအညီမတောင်းခဲ့လျှင်တောင် လင်းယွမ်က ဟွမ်းလုံနန်းတော်ကို လွှတ်ပေးမည်မဟုတ်ပေ။ လီချင်း၏ ပြောပြချက်အရ ထိုအချိန်က ကျွင်းတုန်ကျင်းကို အပြင်းအထန် ဒဏ်ရာရစေသူများမှာ ဟွမ်းလုံနန်းတော်မှာ အင်အားကြီးသူများဖြစ်ပြီး ၎င်းကပင် နောက်ပိုင်း အဆင့်တက်မှု ကျရှုံးခြင်း၏ အကြောင်းရင်း ဖြစ်လာခဲ့သည်။
လင်းယွမ်က မတ်တပ်ရပ်ကာ သိုင်းဘုရားကျောင်းခန်းမမှ ထွက်လာသည်။ ကန်ချင်းအင်မော်တယ်ကလည်း ချက်ချင်း နောက်ကလိုက်လာသည်။
" သိုင်းဘိုးဘေး ဟွမ်းလုံနန်းတော်က နဂါးမျိုးနွယ်ဖြစ်ပြီး နန်းတော်သခင်မက အစစ်အမှန်နဂါး သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတယ်။ အခု သူမက ရုပ်ခန္ဓာကပ်ဘေးကို ကျော်လွှားပြီးလောက်ပြီ။ ပြီးတော့ ကျိုးကျန်းနယ်မြေလည်း ရှိသေးတယ်။ အဲ့ဒါက ကပ်ဘေးကျော်လွှားခြင်းအဆင့် နဂါးဘုရင်နဲ့ ပက်သက်တယ်လို့ ကြားတယ်။ " ကန်ချင်းအင်မော်တယ်က လင်းယွမ်ကို ဟွမ်းလုံနန်းတော်အကြောင်း လျင်မြန်စွာ ရှင်းပြနေသည်။
သို့သော် လင်းယွမ်က သူ၏ စကားကို ဖြတ်ပြီး တိုက်ရိုက်မေးလိုက်သည်။
" ဟွမ်းလုံနန်းတော်က ဘယ်မှာလဲ။ ငါ့ကို နေရာပြောပြ။ "
" ဟွမ်းလုံနန်းတော်က ဘယ်မှာလဲ..." ကန်ချင်းအင်မော်တယ်က လင်းယွမ်၏ စကားကြောင့် ခဏ မှင်သက်သွား၏။
သူကိုယ်တိုင် ဟွမ်းလုံနန်းတော်ကို သွားမလို့လား။ အင်မော်တယ်ဘုရင်တစ်ယောက်အနေဖြင့် သူက ဟွမ်းလုံနန်းတော်သို့ သွားသည်နှင့် ထိုနန်းတော်သခင်မက ခေါင်းမာနေလျှင်တောင် နာခံစွာ ခေါင်းငုံ့ရပေလိမ့်မည်။
ကျယ်ပြောလှသော စိတ်ဝိညာဉ်ကမ္ဘာတွင် မည်သည့်အစစ်အမှန်အင်မော်တယ်မှ အင်မော်တယ်ဘုရင်တစ်ယောက်၏ စကားကို မဆန့်ကျင်ရဲပေ။
ကန်ချင်းအင်မော်တယ်နှင့် ဟွမ်းလုံနန်းတော်သခင်မတို့လို အစစ်အမှန်အင်မော်တယ်များက အင်မော်တယ်ဘုရင် တစ်ဝက်အဆင့်ဟု ဆိုသော်လည်း အမှန်တကယ် အင်မော်တယ်ဘုရင်ဖြစ်ရန် ဝေးကွာလွန်းလှသည်။
ကန်ချင်းအင်မော်တယ်က စိတ်ဝိညာဉ်ကပ်ဘေးကို ဖြတ်ကျော်ထားသော်လည်း လင်းယွမ်က သူ့ကို သက်သောင့်သက်သာဖြင့် ပုံရိပ်ယောင်နယ်ပယ်ထဲတွင် ပိတ်မိစေခဲ့သည်။
လင်းယွမ်ကလည်း သာမန် အင်မော်တယ်ဘုရင်တစ်ယောက် မဟုတ်သောကြောင့် ဖြစ်သည်။ သို့သော် သာမန်အင်မော်တယ်တစ်ယောက်ပင် အစစ်အမှန်အင်မော်တယ်တစ်ယောက်ကို အသာအယာ ကိုင်တွယ်နိုင်လေသည်။
" ဟိုဘက်မှာပါ။ " ကန်ချင်းအင်မော်တယ်က ဦးတည်ရာတစ်ခုသို့ ညွှန်ပြလိုက်သည်။
ဟွမ်းလုံနန်းတော်နှင့် နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သောကြောင့် သူက သဘယဝအတိုင်း သူတို့၏ တည်နေရာကို သိနေခဲ့သည်။
တစ်ခုတည်းသော ပြဿနာမှာ ဟွမ်းလုံနန်းတော်က ကျိုးကျန်းနယ်မြေ၏ အဓိကရေလမ်းကြောင်းများကို မှီခိုနေခြင်းဖြစ်ပြီး အင်မော်တယ်ဘုရင် တစ်ဝက်အဆင့် အုပ်စုတစ်စု တိုက်ခိုက်လျှင်တောင် အနိုင်ယူနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ကန်ချင်းအင်မော်တယ်က သူတို့၏ လျို့ဝှက်နေရာကို သိသော်လည်း ဘာမှလုပ်နိုင်ခဲ့ခြင်းမရှိပေ။
သူတို့၏ တိုက်ပွဲများတွင် တာအိုအင်မော်တယ်ဂိုဏ်းက ရွှမ်ဝမ်နန်းတော်၏ အကူအညီနှင့် ဟွမ်းလုံနန်းတော်ကို တွန်းလှန်နိုင်ခဲ့သော်လည်း သူတို့ကို ကြီးမားစွာ ထိခိုက်စေရန် ခက်ခဲလေသည်။ အကြောင်းမှာ ထိုအစစ်အမှန်အင်မော်တယ်နဂါးများက သူတို့ရှုံးနိမ့်ခါနီးသည်နှင့် ဟွမ်းလုံနန်းတော်ထဲသို့ ပြန်ဆုတ်သွားကြသောကြောင့် ဖြစ်သည်။
" သိုင်းဘိုးဘေး ကိုယ်တိုင်သွားစရာမလိုပါဘူး။ အင်မော်တယ်ဘုရင်ရဲ့ အမိန့်စာတစ်စောင်ပေးလိုက်ရုံနဲ့ ကျုပ် ဟွမ်းလုံနန်းတော်ကို ယူသွားနိုင်ပါတယ်။ " ကန်ချင်းအင်မော်တယ်က ခဏတွေဝေပြီးနောက် ပြောလိုက်သည်။
အင်မော်တယ်ဘုရင်၏ အမိန့်တွင် အင်မော်တယ်ဘုရင်၏ အော်ရာပါဝင်ပြီး အတုလုပ်၍ မရပေ။ အမိန့်ရောက်လာသည်နှင့် အင်မော်တယ်ဘုရင် ကိုယ်တိုင်ရောက်သကဲ့သို့ဖြစ်ပြီး ဟွမ်းလုံနန်းတော်က သတ္တိကောင်းနေလျှင်တောင် အင်မော်တယ်ဘုရင်၏ အမိန့်ကို ဆန့်ကျင်ရဲမည်မဟုတ်ပေ။
ကျိုးကျန်းနယ်မြေက လွန်ခဲ့သော နှစ်ပေါင်းများစွာက ကပ်ဘေးကျော်လွှားခြင်းအဆင့် နဂါးဘုရင်၏ အသွင်ပြောင်းလဲရာမြေ ဖြစ်ခဲ့ပြီး ထိုနယ်မြေအတွင်းရှိ နဂါးမျိုးနွယ်အားလုံးက နဂါးဘုရင်၏ မျိုးဆက်များ ဖြစ်ကြလေသည်။
သို့သော် နဂါးဘုရင်ရှိနေလျှင်တောင် သေးငယ်သော ကိစ္စတစ်ခုအတွက် အင်မော်တယ်ဘုရင်တစ်ယောက်နှင့် အတိုက်အခံ လုပ်မည်မဟုတ်ပေ။
" အဲ့လောက်ဒုက္ခခံစရာမလိုပါဘူး။ " လင်းယွမ်က ကန်ချင်းအင်မော်တယ်ကို တစ်ချက်ကြည့်လိုက်သည်။ " သူတို့ကို တိုက်ရိုက်ဖမ်းလိုက်ရုံပေါ့။ "
ထိုသို့ပြောပြီး လင်းယွမ်က သူ၏ ညာလက်ကို မြှောက်လိုက်သည်။ အဖြူအနက် ထိုက်ကျိစွမ်းအားများက သူ၏ လက်ချောင်းထိပ်တွင် စုစည်းလာပြီး လေဟာနယ်ကို ပုံပျက်သွားစေသည်။
လင်းယွမ် လက်မြှောက်လိုက်ရုံနှင့် ကန်ချင်းအင်မော်တယ်က သူဘဝတစ်လျှောက်လုံး နားလည်ခဲ့သော လေဟာနယ်အသိအမြင်များအားလုံးက ထိုထဲတွင် ပါဝင်နေသည်ဟု ခံစားလိုက်ရသည်။
" သိုင်းဘိုးဘေးက လေဟာနယ်ကို ကျွမ်းကျင်တဲ့ အဆင့်ကို ရောက်နေပြီလား။ " ကန်ချင်းအင်မော်တယ်က အံ့အားသင့်နေပြီး သူ၏ အကြည့်က လင်းယွမ်မြှောက်ထားသော ညာလက်ပေါ်တွင် ရှိနေသည်။
ကန်ချင်းအင်မော်တယ်၏ အကြည့်အောက်တွင် လင်းယွမ်၏ ညာလက်က သူညွှန်ပြရာဘက်သို့ ရွေ့လျားသွားပြီး ရှေ့သို့ ဆုပ်ကိုင်လိုက်သည်။
ကျိုးကျန်းနယ်မြေက မြစ်ကိုးကိုးစင်းဖြင့် ဖွဲ့စည်းထားပြီး မြစ်တစ်စင်းစီက နယ်မြေများစွာကို ဖြတ်သန်းစီးစည်းပြီးနောက် ကျိုးကျန်းနယ်မြေထဲသို့ စုစည်းသွားကြသည်။ ထို့ကြောင့် ကျိုးကျန်းနယ်မြေက ထူးခြားသော အားသာချက်တစ်ခုကို ပိုင်ဆိုင်ပြီး ရေမျိုးနွယ်စုများ၏ နယ်မြေဖြစ်လာခဲ့သည်။
ဟွမ်းလုံနန်းတော်က နဂါးမျိုးနွယ်များနှင့် ဖွဲ့စည်းထားပြီး အဓိကရေလမ်းကြောင်းနှင့် ဆက်သွယ်ထားသည်။ ဟွမ်းလုံနန်းတော်ကို ကျူးကျော်ရန် ကျိုးကျန်းနယ်တစ်ခုလုံး၏ အဓိကရေလမ်းကြောင်းကို ဖြတ်ကျော်ရပေလိမ့်မည်။ ထိုအားသာချက်ကြောင့် ဟွမ်းလုံနန်းတော်က နှစ်ပေါင်းများစွာ တည်ရှိခဲ့ခြင်းဖြစ်သည်။
ဟွမ်းလုံနန်းတော်။
နန်းတော်သခင်မက သူမ၏ ရှေ့မှ ဦးချိုတစ်ချောင်းပါသော လူတစ်ယောက်ကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။
" ကောင်းကင်နဂါးအသိုက်ကလည်း ကောင်းကင်ရေအနှစ်သာရကို လိုချင်တာလား။ "
ကောင်းကင်နဂါးအသိုက်က ကျိုးကျန်းနယ်မြေတွင် ဟွမ်းလုံနန်းတော်နှင့် အဆင့်တူ အင်အားစုတစ်ခု ဖြစ်သည်။ ထို့အပြင် နန်းတော်သခင်မက ရုပ်ခန္ဓာကပ်ဘေးကို မဖြတ်ကျော်မီ ဟွမ်းလုံနန်းတော်က ကောင်းကင်နဂါးအသိုက်ထက် အနည်းငယ် အားနည်းလေသည်။
" မှန်တယ်။ "
" နဂါးသခင်က ကောင်းကင်ရေအနှစ်သာရကို မင်း အပြည့်အဝ သိမ်းပိုက်နိုင်အောင် ကူညီပေးမယ်။ ဒါပေမယ့် ကောင်းကင်နဂါးအသိုက်ကလည်း တစ်ဝက် လိုချင်တယ်။ " ဦးချိုတစ်ချောင်းနှင့်လူက ပြောလိုက်သည်။
" တစ်ဝက်..." ဟွမ်းလုံ နန်းတော်သခင်မ၏ အမူအရာက ပြောင်းလဲခြင်းမရှိပေ။
သူမက ရုပ်ခန္ဓာကပ်ဘေးကို ကျော်လွှားပြီးနောက် အလွန်သန်မာလာခဲ့သည်။ တာအိုအင်မော်တယ်ဂိုဏ်းကို ချေမှုန်းနိုင်မည့်အပြင် နောက်ကွယ်မှ ရွှမ်ဝမ်နန်းတော်ကိုလည်း တွန်းလှန်နိုင်လိမ့်မည်ဟု ယုံကြည်လေသည်။
သို့သော် သတိထားခြင်းက ပိုကောင်းလေသည်။ ကောင်းကင်ရေအနှစ်သာရ၏ အရေးပါပုံကို ဟွမ်းလုံနန်းတော်၊ တာအိုအင်မော်တယ်ဂိုဏ်းနှင့် ရွှမ်ဝမ်နန်းတော် အားလုံးက နားလည်ကြသည်။
ရွှမ်ဝမ်နယ်မြေ၏ အဓိကအင်အားစုသုံးခုက မည်သည့်နည်းဖြင့်မဆို တားဆီးကြပေလိမ့်မည်။ သူတို့က အခြားနယ်မြေများမှ အင်မော်တယ်ဘုရင် တစ်ဝက်အဆင့် မိတ်ဆွေများကိုပင် ဖိတ်ခေါ်ထားနိုင်လေသည်။
ယခင် ကောင်းကင်နဂါးအသိုက်က ပူးပေါင်းရန် ချဉ်းကပ်ခဲ့ပြီး ကောင်းကင်ရေအနှစ်သာရ၏ တစ်ဝက်ကို တောင်းခဲ့သော်လည်း သူမက ပြတ်သားစွာ ငြင်းဆိုခဲ့သည်။
အကြောင်းမှာ ထိုအချိန်က သူမ ရုပ်ခန္ဓာကပ်ဘေးကို ကျော်လွှာနိုင်ခြင်းမရှိသေးဘဲ သူမ၏ တိုက်ခိုက်ရေးစွမ်းအားက နဂါးသခင်ထက် နိမ့်ကျသောကြောင့် ဖြစ်သည်။ သူမက သတိမထားဘဲ ပူးပေါင်းခဲ့လျှင် သူတို့က သူမ၏ နန်းတော်ကို ဝါးမျိုသွားနိုင်လေသည်။
သို့သော် ယခု အခြေအနေက မတူတော့ပေ။ သူမက ရုပ်ခန္ဓာကပ်ဘေးကို ကျော်လွှားခဲ့ပြီး ဖြစ်သဖြင့် နဂါးဘုရင်ထက် နိမ့်ကျခြင်းမရှိတော့ပေ။